05/09/2026
“ဓမ္မကို ပိုသိလာလေလေ… နှလုံးသားက ပိုနူးညံ့လာလေ ဖြစ်ရပါမယ်” 🍀🩵
◾ဒီနေရာမှာ အဓိက ပြောလိုတဲ့ ဓမ္မကိုသိတယ်ဆိုတာက တရားစာအုပ်တွေ အများကြီးဖတ်ထားတာနဲ့ မပြီးပါဘူး။ တရားတော်အကြောင်း ပြောတတ်တာ၊ ပါဠိစကားလုံးတွေ သိတာ၊ တရားနာပွဲတွေ မကြာခဏ တက်ရောက်တတ်တာ၊ ကိုယ့်အသိအမြင်ကို သူတစ်ပါးထက် ပိုမြင့်တယ်လို့ ထင်တာတွေကလည်း ဓမ္မအသိရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး။
ဓမ္မအသိရဲ့ တန်ဖိုးက ကိုယ့်စိတ်ကို ဘယ်လောက် နူးညံ့လာစေသလဲ ဆိုတဲ့အထဲမှာသာ ရှိပါတယ်။ တရားသိလာပြီး စိတ်ကပိုမာလာရင်၊ ပိုကြမ်းလာရင်… အဲဒီအသိဟာ ကိုယ့်ဘဝကို အလင်းပေးဖို့ မရောက်သေးဘူးလို့ ပြောရပါမယ်။ တရားတော်ကို နားလည်လာပြီး သူတစ်ပါးကို ပိုအပြစ်မြင်လာရင်… ကိုယ်ဖတ်ထားတဲ့စာတွေ များလာတာနဲ့အမျှ နှလုံးသားကတော့ ကျဉ်းမြောင်းလာနိုင်ပါတယ်။ ဒါဟာ အနည်းငယ် ထူးဆန်းပါတယ်။ "Dhamma should make us softer, not superior." ပါ။ “ဓမ္မဟာ ကျွန်ုပ်တို့ကို ပိုနူးညံ့လာစေသင့်တာပါ၊ ပိုအထက်စီးဆန်လာစေဖို့ မဟုတ်ပါဘူး။”
◾ဓမ္မဆိုတာ သူတစ်ပါးကို တိုင်းတာဖို့ သုံးရတဲ့ ပေတံတစ်ချောင်းလည်း မဟုတ်ပါဘူး။ ဒါက ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ဖို့ ကိုယ့်အတွင်းက မသန့်ရှင်းသေးတဲ့နေရာတွေကို မြင်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မာန၊ မောဟတွေကို တဖြည်းဖြည်း လျော့ပါးစေဖို့အတွက်ပါ။
တစ်ခါတလေ “ငါတရားသိတယ်” ဆိုတဲ့စိတ်ကတောင် အလွန်ပါးလွှာတဲ့ မာနတစ်မျိုးပါ။ ကိုယ်က တရားသိတယ်။ သူက မသိဘူး။ ကိုယ်က မှန်တယ်။ သူက မှားတယ်။ ကိုယ်က ဓမ္မနဲ့နေတယ်။ သူက ဓမ္မမသိဘူး— ဒီလိုစိတ်ကွဲပြားမှုတွေ ပေါ်လာပြီဆိုရင် တရားကို သိနေပေမယ့် တရားရဲ့အနှစ်သာရနဲ့တော့ အနည်းငယ် ဝေးကွာနေပြီလို့ ဆိုနိုင်ပါတယ်။
◾တကယ်တော့ ဓမ္မအသိဟာ လူတစ်ယောက်ကို ပိုပြီး နှိမ့်ချစေသင့်တာပါ။ ပိုပြီး သည်းခံတတ်စေသင့်တာပါ။ သူတစ်ပါးရဲ့ အားနည်းချက်ကို မြင်တဲ့အခါ အပြစ်တင်ချင်စိတ်ထက် နားလည်ပေးချင်စိတ် ပိုများလာသင့်တယ် မဟုက်ပါလား။
အရင်က ချက်ချင်းဒေါသထွက်ခဲ့တဲ့နေရာမှာ အခု ခဏလောက် ရပ်တန့်နိုင်လာရင် အဲဒါဟာ ဓမ္မအသိရဲ့ အကျိုးတစ်ခုပါ။ အရင်က ပြန်ပြောချင်ခဲ့တဲ့စကားကို အခု မပြောတော့နိုင်ရင် အဲဒါလည်း တိုးတက်မှုပါပဲ။ အရင်က ကိုယ့်အနိုင်ကိုပဲ လိုချင်ခဲ့ပေမယ့် အခု ဆက်ဆံရေးတစ်ခု အေးချမ်းဖို့အတွက် တစ်ခါတလေ ကိုယ်ပဲ နောက်ဆုတ်ပေးနိုင်လာရင်— အဲဒီအချိန်မှာ
တရားဟာ စာအုပ်ထဲကနေ ဘဝထဲကို ရောက်လာပြီ လို့ ပြောလို့ရလာပါတယ်။
◾သူက တရားနာပြီးတဲ့နောက် စကားပြောပုံ ပိုနူးညံ့လာသလား။ တရားထိုင်ပြီးတဲ့နောက်မှာ လူတွေကို ပိုနားလည်လာသလား။ အနိစ္စကို နားလည်လာပြီး ဆုံးရှုံးမှုတွေကြားမှာ အနည်းငယ် ပိုတည်ငြိမ်လာသလား။ မေတ္တာအကြောင်း နားလည်လာပြီး မကြိုက်တဲ့သူကိုတောင် အနည်းဆုံး မနာကျင်စေဖို့ ကြိုးစားလာသလား။ စသည်ဖြင့်ပေါ့။
ဒီမေးခွန်းတွေက “ငါဘယ်လောက်တရားသိပြီလဲ” ထက် ပိုအရေးကြီးပါတယ်။ "Because wisdom is not measured by what we know, but by how we live." ပါ။ တကယ်တော့ “ပညာဉာဏ်ဆိုတာ ကိုယ်ဘာတွေ သိထားသလဲဆိုတာနဲ့ တိုင်းတာခြင်းမျိုး မဟုတ်ပါဘူး။ သိထားတဲ့အရာတွေကို ဘဝမှာ ဘယ်လိုနေထိုင်ကျင့်သုံးသလဲဆိုတာနဲ့ တိုင်းတာခြင်းပါ။”
ဓမ္မအသိက ကိုယ့်အိမ်ကြီး ပိုကြီးလာစေဖို့ မဟုတ်ပါဘူး။ သူက ကိုယ့်နှလုံးသားကို ပိုကျယ်လာစေဖို့ပါ။ ပိုင်ဆိုင်မှုတွေ များလာတာထက် စွန့်လွှတ်နိုင်စွမ်း ပိုရှိလာဖို့။ စကားများလာတာထက်
တိတ်ဆိတ်ရမယ့်အချိန်ကို သိလာဖို့။ သူတစ်ပါးရဲ့အမှားကို ရှာဖွေခြင်းထက် ကိုယ့်စိတ်ထဲက အမှားကို အရင်မြင်လာဖို့။
◾ဒါဟာ ဓမ္မရဲ့ အလှတရား စစ်စစ်ပါပဲ။ ပန်းတစ်ပွင့်ဟာ ပွင့်လာလေလေ အော်ဟစ်ပြောဆိုဖို့ မလိုသလိုပဲ၊ ဓမ္မအသိ ရင့်ကျက်လာတဲ့ သူတစ်ယောက်ဟာလည်း ကိုယ့်တရားကို အမြဲတမ်း ထုတ်ဖော်ပြသနေဖို့ မလိုတော့ပါဘူး။ သူ့ရဲ့အပြောအဆိုမှာ သိသာလာမယ်။ သူ့ရဲ့အပြုအမူမှာ မြင်ရမယ်။ သူ့ရဲ့သည်းခံမှုထဲမှာ ထင်ရှားမယ်။ သူ့ရဲ့ မေတ္တာထဲမှာ ရနံ့သင်းပျံ့ပါလိမ့်မယ်။
"Dhamma is not a decoration for the mind. It is a transformation of the heart." တဲ့။ “ဓမ္မဆိုတာ စိတ်ကို အလှဆင်ဖို့အတွက်သာ မဟုတ်ပါဘူး။ နှလုံးသားကို ပြောင်းလဲပေးဖို့အတွက်လည်း ဖြစ်ပါတယ်။” ဒါကြောင့် ဓမ္မအသိရှိရင်း စိတ်ထားမကောင်းရင် အဲဒီအသိက ဘဝကို တန်ဖိုးမတိုးစေနိုင်ဘူးလို့ ဆိုရမှာပါ။
◾တချို့လူတွေက ငွေရှိနိုင်တယ်။ ရာထူးရှိမယ်။ ပညာရှိနိုင်တယ်။ နာမည်ရှိကြတယ်။ အောင်မြင်မှုတွေလည်း ရှိကြတယ်။ ဒါပေမယ့် သူတို့က သူတစ်ပါးအပေါ် စိတ်မကောင်းနိုင်ကြဘူး။ ကိုယ့်အမှားကို ဝန်မခံနိုင်ဘူး။ အနည်းငယ်လောက်တောင် ခွင့်မလွှတ်နိုင်ဘူး။ ကိုယ့်ထက်နိမ့်သူကို မလေးစားနိုင်ဘူးဆိုရင်— အဲဒီအရာတွေ အားလုံးရှိနေသော်လည်း ဘဝရဲ့ အတွင်းပိုင်းကတော့ ဆင်းရဲနေဆဲ ဖြစ်နိုင်ပါတယ်။
လောကမှာ အပြင်က ချမ်းသာပြီး အတွင်းက ဆင်းရဲနေတဲ့ဘဝတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အပြင်ပန်းမှာ ပြည့်စုံနေပေမယ့် နှလုံးသားထဲမှာ မေတ္တာမရှိရင် ဘဝဟာ ခြောက်သွေ့နေမှာပါပဲ။ ဓမ္မက ကိုယ့်ဘဝထဲကို အလှဆင်ပေးဖို့ လာတာမဟုတ်ဘူး။ အတွင်းက မီးကို ငြိမ်းပေးဖို့ လာတာပါ။
◾လောကမှာ ဒေါသမီး။ မာနမီး။ မနာလိုမှုမီး။ မကျေနပ်မှုမီး။ အဲဒီမီးတွေကို တဖြည်းဖြည်း ငြိမ်းလာတဲ့အခါ ဘဝဟာ ရိုးရိုးလေးဖြစ်ပေမယ့် အေးချမ်းလာပါတယ်။ အဲဒီအေးချမ်းမှုဟာ ငွေနဲ့ ဝယ်လို့မရဘူး။ ရာထူးနဲ့လည်း အာဏာပြပြီး တောင်းယူလို့မရဘူး။ လူအများရဲ့ ချီးကျူးမှုနဲ့လည်း မရနိုင်ပါဘူး။ "It grows quietly within." “အဲဒီအရာက ကိုယ့်အတွင်းမှာ တိတ်တိတ်လေး ကြီးထွားလာတာမျိုးပါ။”
ဒါကြောင့် တရားသိသူ ဖြစ်ဖို့ထက် တရားနဲ့ နေတတ်သူ ဖြစ်အောင် ကြိုးစားကြရအောင်ပါ။ ဓမ္မကို ပြောနိုင်ဖို့ထက် ဓမ္မကို ခံစားနိုင်အောင် ကြိုးစားကြရအောင်ပါ။ သူတစ်ပါးကို ပြင်ပေးဖို့ထက်
ကိုယ့်စိတ်ကို ကိုယ်ပြန်ပြင်ကြည့်ကြရအောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တရားတော်ဟာ လူတွေရဲ့အမှားကို ရှာဖို့ အလင်းပေးထားတာ မဟုတ်ဘဲ ကိုယ့်လမ်းကို ကိုယ်မြင်ဖို့ အလင်းပေးထားတာ ဖြစ်လို့ပါ။
◾တကယ်တော့မှာ လူတစ်ယောက်ရဲ့ ဓမ္မအသိကို သူဘယ်လောက်တရားပြောနိုင်သလဲနဲ့ မတိုင်းချင်ပါဘူး။ သူဘယ်လောက် မေတ္တာထားနိုင်သလဲ၊ သည်းခံနိုင်သလဲ၊ ခွင့်လွှတ်နိုင်သလဲ၊ နားလည်ပေးနိုင်သလဲ၊ စိတ်ကို ငြိမ်းချမ်းအောင် ထားနိုင်သလဲ ဆိုတာနဲ့ပဲ တိုင်းချင်ပါတယ်။
တရားသိလာလို့ လူတွေနဲ့ ဝေးကွာသွားတာ မဟုတ်ဘဲ လူတွေရဲ့ နာကျင်မှုကို ပိုနားလည်လာနိုင်ကြပါစေ။ ဓမ္မကို လေ့လာလာလို့ ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ်လို့ မထင်ဘဲ ကိုယ့်ရဲ့ မပြည့်စုံမှုတွေကို ပိုမြင်လာပါစေ။ အသိပညာတွေ တိုးလာသလို နှလုံးသားလည်း နူးညံ့လာပါစေ။
အဲဒီအခါမှသာ ဓမ္မအသိဟာ စာအုပ်ထဲမှာ ရှိနေတဲ့အသိမဟုတ်တော့ဘဲ— ကိုယ့်စိတ်ထဲမှာ ပွင့်လာတဲ့ အလင်းတစ်စင်း ဖြစ်လာနိုင်မှာမို့ပါ။
ချစ်ခြင်းများစွာဖြင့်။
— Professor Dr Sai Naw Jar
Saturday. 5. September. 2026
"ဓမ္မကို ပိုသိလာလေလေ… နှလုံးသားက နူးညံ့လာရပါမယ်”