Online Physio Care

Online Physio Care Physiotherapist with 14+ years of experience in hospital, clinic, rehabilitation, NGO and home-based care settings, including independent clinical practice.

Providing Physiotherapy & Rehabilitation services through Online/In-person & Home visit service

👵🦴 အရိုးတစ်ခါကျိုးပြီးနောက် အသက်ကြီးနေလို့ဆိုပြီး “မလှုပ်နဲ့” လို့ပဲ ထားလိုက်ရင် ပိုလုံခြုံသွားမလား?ဒီရက်ပိုင်း ကျွန်မကု...
31/08/2026

👵🦴 အရိုးတစ်ခါကျိုးပြီးနောက် အသက်ကြီးနေလို့ဆိုပြီး “မလှုပ်နဲ့” လို့ပဲ ထားလိုက်ရင် ပိုလုံခြုံသွားမလား?

ဒီရက်ပိုင်း ကျွန်မကုသပေးနေတဲ့ လူနာ‌ေတွထဲကလူနာတစ်
ယောက်အကြောင်းကို Sharing လုပ်ရင်း ကျန်းမာရေးဗဟုသုတလေးလည်း မျှဝေပေးချင်ပါတယ်။
လူနာက အသက် ၈၀ ကျော် ရှိပြီး သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ဆိုင်ရာ ပြဿနာများလည်း ရှိပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဘယ်ဘက်ပေါင်ရိုးကျိုးပြီး ခွဲစိတ်ကုသထားခဲ့ပါတယ်။
အသက်အရွယ်ကြီးလာတဲ့အတွက် နောက်တစ်ကြိမ် ထပ်မလဲဖို့ ဆရာဝန်များက အထူးဂရုစိုက်ရန် မှာကြားထားခဲ့ပါတယ်။
ဒါကြောင့် မိသားစုကလည်း စိုးရိမ်ပြီး Caregiver ငှားကာ လူနာရဲ့ Daily Activities အများစုကို Caregiver ကပဲ လုပ်ပေးခဲ့ပါတယ်။
အိပ်ရာထဲက ဘေးစောင်းလှည့်တာ၊ ထထိုင်တာ၊ နေရာပြောင်းတာအထိ သူများက အကုန်လုပ်ပေးရတဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။
🦯 နောက်ထပ် သတိထားစရာတစ်ချက်က Assistive Devices တွေပါ။
လူနာအတွက် လိုအပ်နိုင်တဲ့ Assistive Devices တွေကို မိသားစုက အစုံအလင် ဝယ်ထားပေမယ့် ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်အချိန်မှာ အသုံးပြုသင့်လဲဆိုတာ မသိရှိတာကြောင့် အမှန်တကယ် အသုံးမပြုဖြစ်ခဲ့ပါဘူး။
💡 Assistive Device ရှိထားရုံနဲ့ မလုံလောက်ပါဘူး။ လူနာရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ Device ကို ရွေးချယ်ပြီး မှန်ကန်တဲ့အသုံးပြုနည်းကို သိရှိဖို့လည်း အရေးကြီးပါတယ်။
❗ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ…
လူနာက ပိုပြီး တောင့်တင်းလာတယ်၊ နာကျင်လာတယ်၊ လှုပ်ရှားနိုင်စွမ်းတွေ လျော့နည်းလာတယ်။
အသက်ကြီးလို့၊ ခြေတစ်ဖက်မကောင်းလို့ဆိုပြီး မလှုပ်မယှက်နေခဲ့ရာကနေ—
➡️ ကျန်တဲ့ လက်နှစ်ဖက်
➡️ ကောင်းတဲ့ခြေတစ်ဖက်
ကိုပါ ကောင်းကောင်းအသုံးမပြုနိုင်တော့တဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။
တစ်ယောက်ယောက်က လက်ကနေ ဆွဲထူပေးတာမျိုးကိုလည်း သတိထားရပါတယ်။ မမှန်ကန်တဲ့နည်းလမ်းနဲ့ ဆွဲခြင်း၊ ထောက်ပံ့ခြင်းတွေက အဆစ်နဲ့ Soft tissues တွေအပေါ် ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။
ဒီလို လှုပ်ရှားနိုင်စွမ်းတွေ တဖြည်းဖြည်း လျော့နည်းလာတာနဲ့အတူ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာလည်း စိတ်ကျဆင်းမှုတွေ ဖြစ်လာခဲ့ပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေ လျော့လာပြီး သူများကို အားကိုးနေရတာက လူနာအတွက် စိတ်ပိုင်းဆိုင်ရာအရလည်း မလွယ်ကူပါဘူး။
💡 အဓိကအချက်ကတော့—
“မလဲအောင် ကာကွယ်ပေးခြင်း” ဆိုတာ “လုံးဝမလှုပ်ခိုင်းခြင်း” မဟုတ်ပါဘူး။
လူနာရဲ့ လုံခြုံမှုအခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ Assistance နဲ့ လှုပ်ရှားခွင့်ပေးဖို့ လိုပါတယ်။

🌱 ဒီလိုနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းများနဲ့ လှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်ပေးခဲ့ပြီးနောက်…
အခုဆိုရင် လူနာက—
✅ ကိုယ်တိုင် အိပ်ရာကနေ ထထိုင်နိုင်လာပါတယ်
✅ လေးချောင်းထောက်ဖြင့် မတ်တပ်ရပ်နိုင်လာပါတယ်
✅ Assistance ရှိနေစဉ် လမ်းလျှောက်နိုင်လာပါတယ်
✅ အရင်ကထက် နာကျင်မှုနဲ့ တောင့်တင်းမှုတွေ လျော့လာပါတယ်
✅ လှုပ်ရှားနိုင်စွမ်းလည်း တဖြည်းဖြည်း ပြန်ကောင်းလာပါတယ်
✅ အရေးကြီးဆုံးကတော့— အရင်ကထက် စိတ်တက်ကြွလာပြီး အခုဆို ပြုံးပြုံးပျော်ပျော်နဲ့ ကုသမှုကို ကျေနပ်စွာ လက်ခံလာပါတယ်။ 😊💚
👏 ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်စွမ်း ပြန်ကောင်းလာတာနဲ့အတူ လူနာရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ အပြောင်းအလဲကောင်းတွေ မြင်လာရပါတယ်။
ဒါပေမယ့် Fall Risk ရှိနေသေးတဲ့အတွက် တစ်ယောက်တည်း လွှတ်ထားလို့တော့ မရသေးပါဘူး။
အဲဒီအစား—
👤 ဘေးမှာ လူတစ်ယောက်က အရံသင့်ရှိပေးခြင်း
👀 လမ်းလျှောက်တဲ့အခါ စောင့်ကြည့်ပေးခြင်း
🛏️ အန္တရာယ်ကင်းအောင် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခြင်း
🤝 လိုအပ်တဲ့အချိန်မှာသာ Assistance ပေးခြင်း
🦯 သင့်တော်တဲ့ Assistive Device ကို မှန်ကန်စွာ အသုံးပြုခြင်း
ဒီလို “Safe but Active” ဖြစ်အောင် Care ပေးဖို့က အရေးကြီးပါတယ်။
💚 အသက်ကြီးလာတာကြောင့် လှုပ်ရှားမှုကို လုံးဝရပ်ပစ်ဖို့ မဟုတ်ပါဘူး။
လုံခြုံစွာ လှုပ်ရှားနိုင်အောင် ကူညီပေးဖို့ပါ။
⚠️ မှတ်ချက် — လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှုအခြေအနေ၊ Fall Risk နဲ့ လှုပ်ရှားနိုင်စွမ်းတွေ မတူညီနိုင်တာကြောင့် လေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်းနဲ့ Assistive Device အသုံးပြုခြင်းတွေကို သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်ရဲ့ Assessment နှင့် အကြံပြုချက်အတိုင်း ပြုလုပ်သင့်ပါတယ်။

🔒လူနာရဲ့ privacy ကို ကာကွယ်ရန်အတွက် ပုံအစစ်အစား သက်ဆိုင်ရာ ပုံကိုသာ အသုံးပြုထားပါတယ်။


အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှုက ဘာကြောင့် ပိုအရေးကြီးလာတာလဲ?အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ သဘာဝအလျောက် ...
27/08/2026

အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှုက ဘာကြောင့် ပိုအရေးကြီးလာတာလဲ?

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ သဘာဝအလျောက် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကြွက်သားထုထည်နဲ့ အားအင် လျော့လာနိုင်သလို Balance နဲ့ လှုပ်ရှားနိုင်စွမ်းတွေလည်း ကျဆင်းလာနိုင်ပါတယ်။

အဲဒီအချိန်မှာ လှုပ်ရှားမှုနည်းလာပြီး အချိန်အများစုကို ထိုင်နေခြင်း၊ အိပ်ရာထဲမှာ နေခြင်း တွေ များလာမယ်ဆိုရင် ကြွက်သားအားနည်းမှုနဲ့ လှုပ်ရှားနိုင်စွမ်းကျဆင်းမှုတွေ ပိုမြန်လာနိုင်ပါတယ်။
လှုပ်ရှားမှုနည်း → ကြွက်သားအားနည်း → လှုပ်ရှားရခက် → ပိုမလှုပ်ရှားဖြစ်
ဆိုတဲ့ cycle တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီလိုနဲ့—
🔹 ကြွက်သားအားနည်းလာခြင်း
🔹 ကြွက်သားအရွယ်အစား လျော့လာခြင်း
🔹 အဆစ်တွေ တောင့်တင်းလာခြင်း
🔹 လှုပ်ရှားရခက်လာခြင်း
🔹 Balance ကျဆင်းလာခြင်း
🔹 နေ့စဉ်လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ဆောင်ရခက်လာခြင်း
🔹 လဲကျနိုင်ခြေ တိုးလာခြင်း
စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှုကို လုံးဝရပ်ထားဖို့ မသင့်ပါဘူး။ သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကြွက်သားအား၊ Balance၊ Mobility နဲ့ နေ့စဉ်ဘဝလုပ်ဆောင်နိုင်စွမ်းတွေကို ထိန်းသိမ်းဖို့ အထောက်အကူပြုနိုင်ပါတယ်။
ဒါပေမယ့် “လေ့ကျင့်ခန်းလုပ်ရင်ပြီးရော” ဆိုပြီး နည်းစနစ်မကျတဲ့ Exercise တွေကို ကိုယ့်သဘောနဲ့ ပြင်းပြင်းထန်ထန် လုပ်တာမျိုးတော့ မသင့်တော်ပါဘူး။
အထူးသဖြင့် အသက်အရွယ်ရလာသူတွေမှာ—
• ကိုယ့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ
• Muscle Strength
• Balance
• Mobility
• နာကျင်မှုရှိ/မရှိ
• လှုပ်ရှားနိုင်တဲ့အဆင့်
တွေကို ထည့်သွင်းစဉ်းစားပြီး လူတစ်ယောက်ချင်းစီနဲ့ ကိုက်ညီတဲ့ Exercise ကို မှန်ကန်တဲ့နည်းစနစ်နဲ့ တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
အချို့သူတွေမှာ ဆီးချို၊ ကျောက်ကပ်ပြဿနာ၊ နှလုံးနဲ့ အခြားကျန်းမာရေးအခြေအနေတွေ ရှိနိုင်တာကြောင့် Exercise မစတင်ခင် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဖို့လည်း လိုအပ်နိုင်ပါတယ်။

Physiotherapy မှာတော့ လူနာတစ်ဦးချင်းစီရဲ့ Strength, Balance, Mobility နဲ့ Functional Ability တွေကို Assessment ပြုလုပ်ပြီး သင့်တော်တဲ့ Rehabilitation Programme ကို စီစဉ်ပေးနိုင်ပါတယ်။
💙 အသက်အရွယ်ရလာတာကို တားလို့မရပေမယ့် လှုပ်ရှားနိုင်စွမ်း ကျဆင်းလာတာကိုတော့ သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ အချိန်မီ Rehabilitation ပြုလုပ်ခြင်းအားဖြင့် လျှော့ချနိုင်ပါတယ်။

လှုပ်ရှားမှုကို ရပ်မထားပါနဲ့။
ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လေ့ကျင့်ခန်းကိုလည်း မလုပ်ပါနဲ့။

“Stay Strong. Stay Active. Age Well.” 💪


တခါတလေမှာ ဒူးနာခြင်းနဲ့ ခါးနာခြင်း ဆက်စပ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ?ဒူးနာလာတဲ့အခါ လူအများစုက“ဒူးမှာပဲ ပြဿနာရှိတာဖြစ်မယ်”လ...
26/08/2026

တခါတလေမှာ ဒူးနာခြင်းနဲ့ ခါးနာခြင်း ဆက်စပ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ?

ဒူးနာလာတဲ့အခါ လူအများစုက
“ဒူးမှာပဲ ပြဿနာရှိတာဖြစ်မယ်”
လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေက နေရာတစ်ခုတည်း သီးခြားဖြစ်နေတာ မဟုတ်ပါဘူး။

ခါး၊ တင်ပါး၊ ဒူးနဲ့ ခြေကျင်းဝတ်တို့ဟာ လမ်းလျှောက်ခြင်း၊ ထိုင်ထခြင်း၊ လှေကားတက်ခြင်းလို နေ့စဉ်လှုပ်ရှားမှုတွေမှာ တစ်ခုနဲ့တစ်ခု ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။
ဥပမာ— ခါး ဒါမှမဟုတ် တင်ပါးမှာ နာကျင်မှု၊ အားနည်းမှု၊ လှုပ်ရှားမှုပုံစံ ပြောင်းလဲမှုတွေ ရှိလာတဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားပုံကို မသိမသာ ပြောင်းလဲသွားနိုင်ပါတယ်။

အဲဒီလို လှုပ်ရှားမှုပုံစံ ပြောင်းလဲမှုတွေ ကြောင့် ဒူးပေါ်မှာ သက်ရောက်တဲ့ ဝန်အားနဲ့ လှုပ်ရှားမှုပုံစံတွေ ပြောင်းလဲလာနိုင်ပြီး ဒူးမှာ မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာလည်း ဒူးနာလာတဲ့အခါ နာကျင်မှုကို ရှောင်ရှားဖို့ လမ်းလျှောက်ပုံ၊ ရပ်ပုံ၊ ထိုင်ထပုံတွေကို မသိမသာ ပြောင်းလဲတတ်ပါတယ်။
အဲဒီလို ပြောင်းလဲထားတဲ့ လှုပ်ရှားမှုပုံစံတွေကြောင့် ခါးနဲ့ တင်ပါးဘက်မှာ ဝန်အားတွေ မညီမျှလာပြီး ခါးမအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်—
“ဒူးနာတာဆို ဒူးကိုပဲ ကြည့်ရမယ်”
“ခါးနာတာဆို ခါးကိုပဲ ကြည့်ရမယ်”
လို့ အမြဲတမ်း မဆိုနိုင်ပါဘူး။

တခါတလေမှာ ခါး၊ တင်ပါးနဲ့ ဒူးတို့ကို သီးခြားခွဲမကြည့်ဘဲ တစ်ခုနဲ့တစ်ခု ဘယ်လိုသက်ရောက်နေသလဲ၊ လှုပ်ရှားမှုပုံစံနဲ့ အားအသုံးပြုပုံတွေကိုပါ စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

ဒါပေမယ့် ဒူးနာတိုင်း ခါးကြောင့် ဖြစ်တာမျိုး/ခါးနာတိုင်း ဒူးကြောင့်ဖြစ်တာမျိုးလည်း မဟုတ်ပြန်ပါဘူး။
ဒူး/ခါးအဆစ်ကိုယ်တိုင်ရဲ့ ပြဿနာများ၊ ထိခိုက်ဒဏ်ရာများနဲ့ အခြားအကြောင်းရင်းတွေကြောင့်လည်း ဒူး/ခါး နာနိုင်ပါတယ်။
ဒါကြောင့် နာတဲ့နေရာတစ်ခုတည်းကိုပဲ အာရုံစိုက်မယ့်အစား ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လှုပ်ရှားမှုပုံစံကို စမ်းစစ်ပြီး အကြောင်းရင်းကို ရှာဖွေဖို့က ပိုအရေးကြီးပါတယ်။
နာကျင်မှုရှိနေတဲ့အခါ ကိုယ့်ဘာသာ အကြောင်းရင်းသတ်မှတ်ပြီး လေ့ကျင့်ခန်းတွေ အလျင်လို မလုပ်ဘဲ၊ ကိုယ့်အခြေအနေနဲ့ သင့်တော်တဲ့ အကဲဖြတ်မှုနဲ့ လမ်းညွှန်မှုကို ရယူပါ။

ဘာကြောင့်လဲ ဆိုတော့

တချို့လှုပ်ရှားမှုတွေဟာ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုအတွက် အထောက်အကူဖြစ်နိုင်ပေမယ့်၊ အခြားနေရာတစ်ခုမှာ ရှိနေတဲ့ ပြဿနာများ သို့မဟုတ် လှုပ်ရှားမှုပုံစံများကြောင့် မသက်မသာဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နာတဲ့နေရာတစ်ခုတည်းကိုပဲ အာရုံစိုက်မယ့်အစား ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အခြေအနေကို အကဲဖြတ်ပြီး ကိုယ့်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ လမ်းညွှန်မှုကို ရယူဖို့ အရေးကြီးပါတယ်။

နာတဲ့နေရာကိုပဲ မကြည့်ပါနဲ့။
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လှုပ်ရှားပုံကိုလည်း ကြည့်ကြရအောင်။ 💪



 #နာကျင်မှုတွေကြောင့် စိတ်ပူပန်နေရပါသလား?  #စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်နိုင်လဲ?နာကျင်မှုတစ်ခု ဖြစ်လာတဲ့အခ...
25/08/2026

#နာကျင်မှုတွေကြောင့် စိတ်ပူပန်နေရပါသလား? #စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်နိုင်လဲ?

နာကျင်မှုတစ်ခု ဖြစ်လာတဲ့အခါ လူအများစုမှာ—
“ငါ့ရောဂါက ပျောက်ပါ့မလား?”
“ဘာလို့ အခုထိ မသက်သာသေးတာလဲ?”
“ဒါက တခြားပြဿနာတစ်ခုခုများ ဖြစ်နေမလား?”
ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်လာတတ်ပါတယ်။

မြန်မြန်ကောင်းချင်တဲ့စိတ်ကြောင့် လေ့ကျင့်ခန်းကို အလျင်လိုပြီး ပိုလုပ်မိတာ၊ အချိန်တိုအတွင်း မသက်သာသေးရင် စိတ်ပျက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒီလိုနဲ့ နာကျင်မှုကြောင့် စိတ်ဖိစီးမှုတွေ ပိုများလာနိုင်သလို၊ နေ့စဉ်ဘဝမှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေကလည်း ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေအပေါ် သက်ရောက်နိုင်ပါတယ်။

Stress များလာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ?
Stress များလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ stress response တက်ကြွလာပြီး ခန္ဓာကိုယ်က အမြဲအသင့်အနေအထားလို ဖြစ်နေတတ်ပါတယ်။
ဒီအခြေအနေမှာ ခန္ဓာကိုယ်ရဲ့ physiological changes တွေ ဖြစ်လာနိုင်ပြီး ကြွက်သားတွေကို မသိမသာ တင်းထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဲဒီလို ကြွက်သား‌ေတာင့်တင်းမှုတွေကြောင့်—

• လည်ပင်းတင်းခြင်း
•ပခုံးတင်းခြင်း
• ခါးတင်းနာခြင်း
• ခန္ဓာကိုယ်တစ်ခုလုံး တင်းကျပ်သလို ခံစားရခြင်း
စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် Stress နဲ့ စိုးရိမ်ပူပန်မှုတွေက နာကျင်မှုကို ပိုသတိထားမိစေခြင်း၊ နာကျင်မှုကို ပိုပြင်းထန်သလို ခံစားရခြင်း စတာတွေအပေါ်မှာလည်း သက်ရောက်နိုင်ပါတယ်။
ဒါကြောင့် တစ်ခါတလေ—
Pain → Stress → Muscle Tension → Pain ကို ပိုသတိထားမိခြင်း
ဆိုတဲ့ cycle တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် “နာကျင်မှုက စိတ်ထဲကပဲ” လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
နာကျင်မှုက အမှန်တကယ်ရှိနေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက နာကျင်မှုကို ခံစားရပုံနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုကို ပြောင်းလဲစေနိုင်တာပါ။
ထို့အပြင်
တခြား မိသားစုအရေး၊ အလုပ်အကိုင်ဖိအား၊ စီးပွားရေးအခက်အခဲ၊ လူမှုရေးဆိုင်ရာ ပြဿနာတွေကြောင့်လည်း စိတ်ပင်ပန်းမှုတွေ ရှိနေနိုင်ပါတယ်။
ဒါကြောင့် နာကျင်မှုကို ဖြေရှင်းတဲ့အခါ နာတဲ့နေရာတစ်ခုတည်းကိုပဲ မကြည့်ဘဲ လူတစ်ယောက်လုံးရဲ့ အခြေအနေကို နားလည်ပေးဖို့ လိုပါတယ်။

ကိုယ့်ကျန်းမာရေးကို မမေ့ပါနဲ့။
ကျန်းမာရေးက ကိုယ့်ဘဝရဲ့ အခြေခံအင်အားပါ။
ကိုယ်ကျန်းမာနေမှ မိသားစု၊ အလုပ်နဲ့ ဘဝရဲ့ အခြားအခက်အခဲတွေကို ပြန်လည်ရင်ဆိုင်ဖို့ အားရှိလာမှာပါ။
အရာအားလုံးကို တစ်ခါတည်း ဖြေရှင်းဖို့ မလိုပါဘူး။
ခဏလေး ကိုယ့်ကိုယ်ကို ဦးစားပေးပါ။
စိတ်ကို အနည်းငယ်ပေါ့ပါးအောင်ထားပါ။
“ငါ ပြန်ကောင်းမှာပါ”
“ငါ့ခန္ဓာကိုယ်ကို ငါဂရုစိုက်ပေးမယ်”
လို့ ကိုယ့်ကိုယ်ကို အားပေးပါ။
ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ အချိန်၊ မှန်ကန်တဲ့နည်းလမ်းနဲ့ စိတ်ရှည်မှု လိုအပ်ပါတယ်။

💪 ဖိစီးနေတဲ့စိတ်ကို နည်းနည်းလျှော့ချပြီး..... တင်းမာနေတဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပေးကြပါစို့ 💪

23/08/2026

Tensor Fascia Latae (TFL)

"တင်ပါး/ ပေါင်နာလို့ X-ray ရိုက်လိုက်တယ်…
ဒါပေမယ့် ဘာပြဿနာမှ မပေါ်ဘူး 😳”
နာတော့ နာနေတယ်။
ဒါဆို ဘာကြောင့်ဖြစ်နိုင်သေးလဲ?
တင်ပါးနဲ့ ပေါင်နာတာတိုင်းက
အရိုးအဆစ်ပြဿနာကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူး။
X-ray မှာ မပေါ်နိုင်တဲ့ ကြွက်သား၊ အရွတ် (tendon) နဲ့ အခြား soft-tissue ပြဿနာတွေ လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ TFL muscle ရဲ့ overload/irritation လည်း အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။
ဒါကြောင့် X-ray မှာ မတွေ့ဘူးဆိုရင် နာကျင်မှုကို လျစ်လျူမရှုဘဲ၊ ဘယ် tissue/ဘယ် movement က ပြဿနာဖြစ်စေတာလဲဆိုတာ ဆက်ပြီး စစ်ဆေးဖို့ လိုပါတယ်။
ဒါကြောင့် X-ray ရလဒ်တစ်ခုတည်း နဲ့ ပြသနာကို မတွေ့ရင် နာကျင်တဲ့နေရာ၊ movement နဲ့ muscle function တွေကိုပါ စစ်ဆေးဖို့ လိုပါတယ်။

🍀“ဆေးရုံ ဆေးခန်းပြတာ စုံနေပြီ… ခါးနာတာ ဘာကြောင့် မသက်သာသေးတာလဲ🤔?"တချို့လူနာတွေက—“ဆေးသောက်လည်း မသက်သာဘူး”“ဆေးထိုးလည်း နာန...
22/08/2026

🍀“ဆေးရုံ ဆေးခန်းပြတာ စုံနေပြီ… ခါးနာတာ ဘာကြောင့် မသက်သာသေးတာလဲ🤔?"

တချို့လူနာတွေက—
“ဆေးသောက်လည်း မသက်သာဘူး”
“ဆေးထိုးလည်း နာနေတုန်းပဲ”
“လေ့ကျင့်ခန်းလုပ်တာတောင် မကောင်းလာဘူး”
လို့ ပြောကြပါတယ်။

တချို့ဆိုရင် ဆရာဝန်အမျိုးမျိုးနဲ့ ပြသပြီး၊ ကုသမှုတွေ အများကြီး လုပ်ပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခါတလေ သတိမထားမိတဲ့ အချက်တစ်ခုရှိပါတယ်…
ခန္ဓာကိုယ်ကို ကုသနေသလို၊ နာကျင်မှုဖြစ်စေနိုင်တဲ့ နေ့စဉ်အလေ့အကျင့်တွေကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။
ဥပမာ—
👉 တစ်နေ့လုံး စက်ချုပ်ရင်း အချိန်ကြာကြာ ထိုင်နေရခြင်း
👉 Computer ရှေ့မှာ အလုပ်လုပ်ချိန်များခြင်း
👉 Online စာသင်ရင်း ထိုင်နေချိန်ကြာခြင်း
👉 အနားယူချိန်နည်းပြီး လှုပ်ရှားမှုနည်းခြင်း
👉 အလုပ်လုပ်ပုံ၊ ထိုင်ပုံ၊ လှုပ်ရှားပုံ မမှန်ခြင်း
စတဲ့ Daily activities (နေ့စဉ်လုပ်ရိုးလုပ်စဉ်များ) ကလည်း ခါးပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။

အဲတော့ လူနာ တွေဘက်က—
“အလုပ်မလုပ်ရ‌တော့ဘူးလား?”
“ဘယ်တော့ အလုပ်ပြန်လုပ်လို့ရမလဲ?”
“ဒီအလုပ်ကို ဆက်လုပ်လို့ မရတော့ဘူးလား?”
လို့ စိုးရိမ်တတ်ကြပါတယ်။

အမှန်တကယ်တော့ ခါးနာတာကြောင့် အမြဲတမ်း အလုပ်ရပ်ထားရမယ်ဆိုတာ မဟုတ်ပါဘူး။
အရေးကြီးတာက—
✅ ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် အလုပ်လုပ်ပုံ ပြင်ဆင်ခြင်း
✅ ကြာကြာထိုင်ရတဲ့အချိန်မှာ လှုပ်ရှားပေးခြင်း
✅ မှန်ကန်တဲ့ posture နဲ့ movement habit ရှိခြင်း
✅ သင့်တော်တဲ့ exercise နဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်း
တို့ ဖြစ်ပါတယ်။

Position မှန်မှန်နဲ့ အလုပ်ပြန်လုပ်နိုင်မယ့်အချိန်ကတော့ လူတိုင်းတူညီမှာ မဟုတ်ပါဘူး။
နာကျင်မှုအခြေအနေ၊ ဖြစ်ရတဲ့အကြောင်းရင်း၊ လုပ်ရတဲ့အလုပ်ပုံစံအပြင် ကြွက်သားအား (strength)၊ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှု (body control) နဲ့ ခန္ဓာကိုယ်ရဲ့ ပြန်လည်တုံ့ပြန်မှုအပေါ် မူတည်ပါတယ်။
Position မှန်ဖို့သာမက အဲဒီ position ကို ထိန်းထားနိုင်တဲ့ အားနဲ့ စွမ်းရည်လည်း လိုအပ်ပါတယ်။

ခါးနာခြင်းအများစုတွေမှာ ကုသမှုခံယူနေရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်‌ေနထိုင်ပုံ၊ အလုပ်လုပ်ပုံ၊ လှုပ်ရှားမှုပုံစံတွေကိုပါ ပြန်ကြည့်ဖို့လိုပါတယ်

💪Physiotherapy မှာ နာကျင်မှုသက်သာဖို့အတွက် လေ့ကျင့်ခန်းပေးရုံတင်မဟုတ်ဘဲ လူနာရဲ့ အလုပ်၊ နေထိုင်မှုပုံစံနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ထည့်သွင်းစဉ်းစားပြီး သင့်တော်တဲ့ care plan ကို ရွေးချယ်ပေးပါတယ်။ ကုသခြင်းရဲ့ရည်ရွယ်ချက်ကလည်း အလုပ်ကို ရပ်ပစ်ဖို့ မဟုတ်ပါဘူး။
နာကျင်မှုကို လျှော့နည်းလာပြီး ကိုယ့်ဘဝနဲ့ အလုပ်ကို ပိုကောင်းအောင် ပြန်ညှိနိုင်ဖို့ ဖြစ်ပါတယ်။

22/08/2026

🩺 Physiotherapy In-person Consultation
နာကျင်မှုတွေကို ခဏသက်သာစေရုံသာမက
ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းများကို စစ်ဆေးပြီး
သင့်အခြေအနေနှင့် ကိုက်ညီတဲ့ Assessment & Rehabilitation Plan ကို ဆွေးနွေးပေးနေပါပြီရှင်။
📌 Sat / Sunday တွင်
Physiotherapy အခန်းတွင်း In-person Consultation အတွက် လာရောက်တွေ့ဆုံနိုင်ပါတယ်။
ခါးနာ၊ လည်ပင်းနာ၊ ကျောရိုးစောင်း၊အဆစ်အမြစ်နာကျင်မှုများ၊ လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြဿနာများအတွက်
သင့်အခြေအနေကို သေချာအကဲဖြတ်ပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းနှင့် ပြန်လည်သန်စွမ်းရေး အစီအစဉ်များကို ဆွေးနွေးပေးပါတယ်။
📩 Appointment အတွက် Messenger မှ ကြိုတင်ဆက်သွယ်နိုင်ပါတယ်ရှင်။

👉လေ့ကျင့်ခန်းဆက်လုပ်ရမလား? ရပ်လိုက်ရမလား?👉နာမှာကြောက်လို့ Exercise မလုပ်တော့ဘူးလား?👉လေ့ကျင့်ခန်းစလုပ်တဲ့ ပထမရက်တွေမှာ ဘာ...
21/08/2026

👉လေ့ကျင့်ခန်းဆက်လုပ်ရမလား? ရပ်လိုက်ရမလား?
👉နာမှာကြောက်လို့ Exercise မလုပ်တော့ဘူးလား?
👉လေ့ကျင့်ခန်းစလုပ်တဲ့ ပထမရက်တွေမှာ ဘာကြောင့် ကိုယ်ခန္ဓာက တုံ့ပြန်တတ်လဲ?
👉လေ့ကျင့်ခန်းလုပ်ပြီး ကိုက်လာတာက အမြဲမကောင်းတဲ့လက္ခဏာလား?

✋Physiotherapy မှာ လေ့ကျင့်ခန်းဆိုတာ
နာကျင်မှုကို အတင်းခံပြီး လုပ်ရတဲ့အရာ မဟုတ်ပါဘူး။
လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေ၊ လှုပ်ရှားနိုင်မှုနဲ့ ခံနိုင်ရည်ကို အကဲဖြတ်ပြီး
Pain limit အတွင်း (ခံနိုင်ရည်ရှိတဲ့အတိုင်းအတာအတွင်း)
သင့်တော်တဲ့ လေ့ကျင့်ခန်းအမျိုးအစား၊ ပမာဏ (Dose) နဲ့ အဆင့်ကို Physiotherapist က ရွေးချယ်ပေးပါတယ်။
ဒါပေမယ့်—
လေ့ကျင့်ခန်းကို ပထမဆုံး စတင်တဲ့ရက်တွေမှာ
လေ့ကျင့်ခန်းအဆင့် (သို့မဟုတ်) Dose ကို တိုးတဲ့အချိန်တွေမှာ
ခန္ဓာကိုယ်က အသစ်ရလာတဲ့ movement နဲ့ load ကို လိုက်လျောညီထွေဖြစ်အောင် ပြန်ညှိယူရတဲ့အတွက်—
✅ ကြွက်သားနည်းနည်းတင်းတတ်ခြင်း
✅ နည်းနည်းကိုက်ခဲခြင်း
✅ မအီမသာဖြစ်ခြင်း
တွေ ခဏတာ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီလိုဖြစ်တာက အမြဲတမ်း အခြေအနေဆိုးလာတာကို ဆိုလိုတာ မဟုတ်ပါဘူး။
အများအားဖြင့် ဒီလိုတုံ့ပြန်မှုတွေက
24–48 နာရီအတွင်း တဖြည်းဖြည်း ြပန်လျော့သွားတတ်ပါတယ်။

❌အရေးကြီးတာက—
“နာလာပြီဆို ရပ်လိုက် → ကြာမှ ပြန်လုပ် → ပြန်နာ → ထပ်ရပ်”
ဆိုတဲ့ cycle ထဲ မဝင်မိဖို့ပါ။❌

လေ့ကျင့်ခန်းကို ရပ်လိုက်ပြီး အချိန်ကြာမှ ပြန်စတဲ့အခါ ခန္ဓာကိုယ်က အရင်ခံနိုင်ရည်အဆင့်ကို ပြန်ရောက်သွားနိုင်တာကြောင့်—
❌ အရင်လုပ်ခဲ့တဲ့ exercise ကိုပဲ ပြန်စရခြင်း
❌ Exercise dose တိုးဖို့ ခက်ခဲခြင်း
❌ တိုးတက် မှုရဖို့ အချိန်ပိုကြာခြင်း/နှောင့်နှေးခြင်း
တွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို မှန်ကန်စွာ စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။
ဥပမာ—
✅ လုပ်ပြီးနောက် နည်းနည်းတင်းတာ၊ ကိုက်တာရှိပေမယ့် နောက်နေ့တွေမှာ ပြန်လျော့လာခြင်း
က >>ခန္ဓာကိုယ်က လေ့ကျင့်ခန်းနဲ့ လိုက်လျောညီထွေဖြစ်နေတဲ့ အဆင့် ဖြစ်နိုင်ပါတယ်။

⚠️ နေ့တိုင်း ပိုပိုဆိုးလာခြင်း၊ နာကျင်မှု တိုးလာခြင်း၊ လှုပ်ရှားရခက်လာခြင်း ဆိုရင်တော့
>>လေ့ကျင့်ခန်းအမျိုးအစားနဲ့ Dose ကို ပြန်လည်စစ်ဆေးဖို့ လိုအပ်ပါတယ်။
နောက်ပြီး တိုးတက်မှုဆိုတာ နာကျင်မှု လုံးဝပျောက်သွားခြင်းတစ်ခုတည်း မဟုတ်ပါဘူး။
တိုးတက်မှုဆိုတာ—
✅ လှုပ်ရှားနိုင်မှု (Mobility) ပိုကောင်းလာခြင်း
✅ ကိုယ်ခန္ဓာကို ပိုထိန်းချုပ်နိုင်လာခြင်း
✅ နေ့စဉ်လုပ်ငန်းတွေ ပိုအဆင်ပြေလာခြင်း
✅ လေ့ကျင့်ခန်းကို ပိုကောင်းကောင်း ခံနိုင်လာခြင်း
တို့လည်း ပါဝင်ပါတယ်။
Exercise ဆိုတာ “နာလေလေ ကောင်းလေလေ” မဟုတ်ပါဘူး။
နာကျင်မှုကို အတင်းကျော်ပြီး လုပ်ခြင်းလည်း မဟုတ်သလို၊ နည်းနည်းတုံ့ပြန်မှုရှိတာနဲ့ ချက်ချင်းရပ်လိုက်ခြင်းလည်း မဟုတ်ပါဘူး။
သင့်တော်တဲ့ Dose နဲ့ မှန်မှန်ဆက်လုပ်ပြီး ခန္ဓာကိုယ်ကို တဖြည်းဖြည်း တိုးတက်အောင် လေ့ကျင့်ပေးခြင်းက အရေးကြီးပါတယ်။

ဆွေးနွေးမေးမြန်းလိုပါက page messenger သို လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။


🤔ခါးကြောညှပ်တယ်” ဆိုတာ… ဘာတွေက Nerve (အာရုံကြော) ကို ဖိထားလို့လဲ🤔?(လူနာများအတွက် နားလည်လွယ်စေရန် ဆေးဘက်ဆိုင်ရာ အသုံးအနှု...
20/08/2026

🤔ခါးကြောညှပ်တယ်” ဆိုတာ… ဘာတွေက Nerve (အာရုံကြော) ကို ဖိထားလို့လဲ🤔?

(လူနာများအတွက် နားလည်လွယ်စေရန် ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းများကို အတတ်နိုင်ဆုံး ရိုးရှင်းစွာ ရေးသားထားပါတယ်ရှင်)

ခါးကနေ ခြေထောက်ဘက်ကို ဆင်းတဲ့နာကျင်မှု၊ ထုံကျင်မှု၊ကိုက်ခဲမှု ၊ စူးရှတဲ့ခံစားချက်တွေဖြစ်လာတဲ့အခါ တချို့အ‌ ‌ေြခ အနေ တွေမှာ Nerve ကို ဖိအားပေးခြင်း (Compression) သို့မဟုတ် Nerve ကို ထိခိုက်စေခြင်း (Irritation) နဲ့ ဆက်စပ်နိုင်ပါတယ်။
အဲဒီလို Compression နဲ့ irritation ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ _
1️⃣ Disc ဖောင်းထွက်ခြင်း / ကျွံထွက်ခြင်း (Disc Bulge / Herniation)
‌ကျောရိုးကြားက Disc က ကျွံထွက်လာပြီး Nerve နဲ့ နီးကပ်လာတာ၊ ဖိအားပေးတာတွေ ဖြစ်နိုင်ပါတယ်။
2️⃣ Disc ပြောင်းလဲပျက်စီးလာခြင်း
‌Disc ရဲ့ အမြင့်(တနည်းအားဖြင့် Discရဲ့ အထူ)နဲ့ ဖွဲ့စည်းပုံ ပြောင်းလာတဲ့အခါ Nerve ဖြတ်သန်းရာနေရာ ကျဉ်းလာနိုင်ပါတယ်။
3️⃣ အရိုးအပိုထွက်ခြင်း (Bone Spur / Osteophyte)
‌အရိုးနဲ့ အဆစ်တွေမှာ ရေရှည်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ Bone Spur ဖြစ်လာနိုင်ပါတယ်။ ဥပမာ—
• Osteoarthritis (အဆစ်ပျက်စီးမှု)
• ကျောရိုး Degenerative Changes (Spondylosis အပါအဝင်)
• အရင်က ဒဏ်ရာရဖူးခြင်း
• အဆစ်တစ်ဝိုက်မှာ ရေရှည် Mechanical Stress ရှိခြင်း
စတဲ့အခြေအနေတွေကြောင့် Bone Spur ဖြစ်လာနိုင်ပြီး၊ Nerve ဖြတ်သန်းရာနေရာကို ကျဉ်းစေတဲ့အခါ Nerve ကို ဖိအားပေးနိုင်ပါတယ်။
4️⃣ Spinal Canal / Lateral Recess ကျဉ်းခြင်း (Spinal Canal Stenosis)
‌Nerve တွေ ဖြတ်သန်းတဲ့ ကျောရိုးလမ်းကြောင်း (Spinal Canal) သို့မဟုတ် အဲဒီလမ်းကြောင်းရဲ့ ဘေးဘက်ပိုင်း (Lateral Recess) ကျဉ်းလာတဲ့အခါ Nerve structures / Nerve root တွေအပေါ် ဖိအားတိုးလာနိုင်ပါတယ်။
5️⃣ Nerve ထွက်ရာအပေါက် ကျဉ်းခြင်း (Foraminal Stenosis)
‌Nerve က ကျောရိုးကနေ ထွက်သွားတဲ့ အပေါက် (Foramen) ကျဉ်းလာရင် Nerve root ကို ဖိအားပေးနိုင်ပါတယ်။
6️⃣ Facet Joint ပြောင်းလဲမှု
‌ကျောရိုးနောက်ဘက်က အဆစ်တွေမှာ အရွယ်ရလာမှုဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာရင် Nerve ဖြတ်သန်းရာနေရာ ကျဉ်းလာနိုင်ပါတယ်။
7️⃣ ကျောရိုးတစ်ဆစ်နှင့်တစ်ဆစ်ကြား ရွေ့လျားခြင်းကြောင့် ကျောရိုးအနေအထား မမှန်ခြင်း (Spondylolisthesis)
‌ကျောရိုးတစ်ဆစ်က အောက်ရှိ ကျောရိုးတစ်ဆစ်နဲ့ ဆက်စပ်ပြီး ရွေ့လျားလာတဲ့အခါ ကျောရိုးအနေအထား ပြောင်းလဲပြီး Nerve ဖြတ်သန်းရာနေရာ ကျဉ်းလာနိုင်ပါတယ်။ ထိုကြောင့် Nerve ကို ဖိအားပေးနိုင်ပါတယ်။
8️⃣ ထိခိုက်ဒဏ်ရာ
‌ကျောရိုးထိခိုက်မှုကြောင့် အရိုး၊ Disc သို့မဟုတ် ပတ်ဝန်းကျင်တစ်ရှူးတွေ ပြောင်းလဲပြီး Nerve ကို ထိခိုက်စေနိုင်ပါတယ်။
9️⃣ ခွဲစိတ်ပြီးနောက် ဖြစ်လာနိုင်တဲ့ Scar Tissue
‌ခွဲစိတ်ပြီးနောက် အချို့အခြေအနေတွေမှာ Scar Tissue ဖြစ်ပေါ်ပြီး Nerve ပတ်ဝန်းကျင်ကို သက်ရောက်နိုင်ပါတယ်။
🔟 Cyst / အခြားအရာများက နေရာယူခြင်း
‌Facet joint cyst စတဲ့ အရာတွေက Nerve အနီးမှာ နေရာယူလာရင် ဖိအားပေးနိုင်ပါတယ်။
1️⃣1️⃣ Infection / ရောင်ရမ်းခြင်း
‌ရှားပါးပေမယ့် ကျောရိုးပတ်ဝန်းကျင်မှာ Infection သို့မဟုတ် ပြင်းထန်တဲ့ ရောင်ရမ်းမှုတွေက Nerve ကို ထိခိုက်စေနိုင်ပါတယ်။
1️⃣2️⃣ Tumour သို့မဟုတ် အခြားအလုံးအကျိတ်များ
‌ရှားပါးပေမယ့် Nerve အနီးမှာ နေရာယူလာတဲ့ အလုံးအကျိတ်တွေက ဖိအားပေးနိုင်ပါတယ်။

💪 ဒါဆို Muscle Tightness ကရော?
Muscle tightness / spasm ရှိတာတစ်ခုတည်းနဲ့ Nerve ကို တိုက်ရိုက် “ညှပ်ထားတယ်” လို့ မဆိုနိုင်ပါဘူး။
ဒါပေမယ့် Muscle tightness က Movement နဲ့ Load distribution ကို ပြောင်းလဲစေပြီး ခါးနာကျင်မှုကို ဖြစ်စေခြင်း သို့မဟုတ် ပိုမိုဆိုးရွားစေခြင်း ဖြစ်နိုင်ပါတယ်။

📌 အရေးကြီးဆုံးက
“ခါးကြောညှပ်တယ်” ဆိုတာ အကြောင်းရင်းတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ပါဘူး။
လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်စေတဲ့ Mechanism မတူနိုင်တာကြောင့် လက္ခဏာတွေကို သေချာစစ်ဆေးပြီး ဘာကြောင့်ဖြစ်လာတာလဲဆိုတာ ခွဲခြားသတ်မှတ်ဖို့ အရေးကြီးပါတယ်။

ဆွေးနွေးတိုင်ပင်ချင်တဲ့ခါးနာဝေဒနာရှင်များ page messenger သို့ လာရောက် ဆွေးနွေးနိုင်ပါတယ်ရှင်။ကျေးဇူးပါရှင့်🙏

#ခါးကြောညှပ်ခြင်း


Address

397/Thumeikta 10 Street/Ward 1/North Okkalapa Township
Insein

Website

Alerts

Be the first to know and let us send you an email when Online Physio Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share