WaterLab by Dr. Sai

WaterLab by Dr. Sai Blink three times when you feel it kicking in 👁️👁️👁️

ကျွန်တော်တို့တွေအတွက် ရေကြီးတာက အထူးအဆန်းမဟုတ်တော့ပါဘူး။ ရန်ကုန်မှာဆို တစ်နှစ်ကို နှစ်ခါ၊ သုံးခါလောက် ပုံမှန်လိုတောင် ဖြ...
06/06/2026

ကျွန်တော်တို့တွေအတွက် ရေကြီးတာက အထူးအဆန်းမဟုတ်တော့ပါဘူး။ ရန်ကုန်မှာဆို တစ်နှစ်ကို နှစ်ခါ၊ သုံးခါလောက် ပုံမှန်လိုတောင် ဖြစ်နေပါပြီ။

ဒါပေမဲ့ “ပုံမှန်ဖြစ်နေတယ်” ဆိုတာနဲ့ “ဖြစ်သင့်တယ်” ဆိုတာ မတူပါဘူး။

ရေကြီးတယ်ဆိုတာ လမ်းပေါ်ရေတက်တာလောက်နဲ့ ပြီးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သုံးနေတဲ့ ရေအရင်းအမြစ်တွေရဲ့ အရည်အသွေး၊ လူတွေရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြဿနာတစ်ခုပါ။

ရေလွှမ်းမှု၊ ရေကြီးမှုတွေ ဖြစ်တဲ့အချိန်မှာ ရေက မြေပေါ်နဲ့ မြေအောက်မှာရှိတဲ့ အရာပေါင်းစုံနဲ့ ထိတွေ့ရောနှောသွားပါတယ်။ လယ်ကွင်းအနီးတဝိုက်ရေကြီးရင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနဲ့ အခြားစိုက်ပျိုးရေးသုံးဓာတုပစ္စည်းတွေ ပါလာနိုင်သလို၊ မြို့ပြတွေမှာ ရေကြီးရင်လည်း မြောင်းရေ၊ မိလ္လာစနစ်၊ septic tank, စက်မှုလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်း၊ လမ်းပေါ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းပစ္စည်းတွေ အားလုံးနီးပါးနဲ့ ရောနှောသွားနိုင်ပါတယ်။

လူတော်တော်များများက ရေကြီးတာဟာ ရေတက်နေတဲ့အချိန်ခဏလောက်ပဲ ပြဿနာဖြစ်ပြီး ရေပြန်ကျသွားရင် ပြန်အဆင်ပြေသွားမယ်လို့ ထင်ကြပါတယ်။

တကယ်တော့ ပြဿနာက အဲ့ထက်နက်နဲပါတယ်။

ရေကြီးချိန်မှာ ရောဂါပိုးမွှားတွေ၊ မိလ္လာရေ၊ ဓာတုပစ္စည်းတွေ၊ အညစ်အကြေးတွေပါဝင်နေတဲ့ ရေတွေက ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ရေတွင်းတွေ၊ tube well တွေ၊ ရေလှောင်ကန်တွေ၊ သောက်ရေသိုလှောင်ကန်တွေ၊ အချို့ရေပေးဝေရေးစနစ်တွေထဲကို ဝင်ရောက်ရောနှောသွားနိုင်ပါတယ်။

အဲ့ဒီအခါမှာ ရေကြီးတာက လမ်းပေါ်ကကိစ္စတစ်ခုဆိုတာမျိုး မဟုတ်တော့ဘဲ ရေအရင်းအမြစ်ပျက်စီးမှု ပြဿနာ ဖြစ်လာပါတယ်။

အထူးသဖြင့် ရန်ကုန်လို လူနေထူထပ်ပြီး tube well, septic tank, drainage system, sewage system တွေ နီးနီးကပ်ကပ်ရှိနေတဲ့ မြို့ပြနေရာတွေမှာ ရေကြီးပြီးနောက် ရေအရည်အသွေး ယိုယွင်းပျက်ဆီးနိုင်ခြေ ပိုများပါတယ်။ အချို့နေရာတွေမှာ မြေအောက်ရေပါ ညစ်ညမ်းလာနိုင်ပြီး ပြန်လည်သန့်စင်ရန်၊ ပြန်လည်ကောင်းမွန်ရန် အချိန်ကြာသွားနိုင်ပါတယ်။

ရေကြီးပြီးနောက် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကတော့

1. ရေကြီးချိန် ရေတွေနဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် ဖြစ်နိုင်တဲ့ ထိခိုက်ဒဏ်ရာများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ အရေပြားဆိုင်ရာ ရောဂါများ၊ အနာပိုးဝင်ခြင်းများ
2. ရေမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါများဖြစ်တဲ့ အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါ A၊ E. coli infection, leptospirosis စတဲ့ ရောဂါများ
3. ရေဝပ်ခြင်းကြောင့် ခြင်ပေါက်ပွားလာပြီး ဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးနှင့် အခြားခြင်မှတဆင့် ကူးစက်နိုင်သော ရောဂါများ
4. မြွေကိုက်ခံရခြင်းအန္တရာယ်
5. လျှပ်စစ်မီးနှင့် ဆက်စပ်သော မတော်တဆထိခိုက်မှုများ
6. ရေကြီးမှုနောက်ဆက်တွဲ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ

စတဲ့ အန္တရာယ်တွေ ပါဝင်ပါတယ်။

ဒါကြောင့် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာ ရေကြီးရေလျှံမှု ဖြစ်ပြီးသွားရင် အောက်ပါအချက်တွေကို သတိထားသင့်ပါတယ်။

✅ ရေတွင်း၊ tube well တွေကို လိုအပ်သလို စနစ်တကျ ပိုးသတ်ခြင်း
✅ ရေလှောင်ကန်တွေကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ခြင်း
✅ တွင်းရေကို တိုက်ရိုက်မသောက်ဘဲ သောက်သုံးမယ်ဆိုရင် ကျိုချက်ပြီးမှ သောက်သုံးခြင်း
✅ ရေဝပ်နေတဲ့နေရာတွေကို ရှင်းလင်းပြီး ခြင်ပေါက်ပွားမှု မဖြစ်အောင် ထိန်းချုပ်ခြင်း
✅ ဖြစ်နိုင်ရင် ရေဓာတ်ခွဲစမ်းသပ်ပြီး ရေအရည်အသွေးကို စစ်ဆေးခြင်း
✅ လိုအပ်မှုရှိရင် သင့်တော်တဲ့ ရေသန့်စင်နည်းလမ်း သို့မဟုတ် ရေသန့်စင်စနစ်ကို အသုံးပြုခြင်း

ရေကြီးရေလျှံမှုကို ရေရှည်ကာကွယ်ဖို့ကတော့ drainage system ကောင်းမွန်ဖို့၊ မိလ္လာစနစ်တွေ စနစ်တကျရှိဖို့၊ အမှိုက်စွန့်ပစ်မှု စည်းကမ်းရှိဖို့၊ ပြည်သူတွေကို ထိရောက်တဲ့ ပညာပေးမှုတွေလုပ်ဖို့၊ တာဝန်ယူမှုရှိတဲ့ စီမံခန့်ခွဲမှုတွေရှိဖို့ လိုပါတယ်။

ရန်ကုန်မှာ ရေကြီးတာဟာ ပုံမှန်ဖြစ်စဉ်တစ်ခုလို ဖြစ်နေပေမယ့်၊ အမှန်တကယ်တော့ ဒါဟာ ကျွန်တော်တို့ အားထားနေရတဲ့ ရေအရင်းအမြစ်တွေ ထိခိုက်ပျက်စီးနေတဲ့ သတိပေးချက်တစ်ခုပါ။

ရေကြီးတာက ရေတက်တာနဲ့ မပြီးပါဘူး။
ရေပြန်ကျသွားပြီးနောက်မှာလည်း ကျွန်တော်တို့သုံးနေတဲ့ရေက သန့်ရှင်းနေသေးလားဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။



#ရေကြီးရေလျှံ

06/06/2026

ကျွန်တော်တို့တွေအတွက် ရေကြီးတာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ရန်ကုန်မှာဆို တစ်နှစ်ကို နှစ်ခါ၊သုံးခါ ပုံမှန်လို‌တောင် ဖြစ်နေပါပြီ။ ရေကြီးတယ်ဆို‌တာ တကယ်တော့ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျွန်တော်တို့ သုံးနေတဲ့ ရေအရင်းအမြစ်တွေရဲ့ ရေ အရည်အသွေး၊ လူတွေရဲ့ ကျန်းမာရေးတွေက ရေကြီးတဲ့ကိစ္စနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

ရေလွှမ်းမှု၊ ရေကြီးမှုတွေ ဖြစ်တဲ့အချိန်မှာ ရေတွေက မြေပေါ်နဲ့မြေအောက်မှာ ရှိသမျှအရာအားလုံး နဲ့ ထိဆက် ဓာတ်ပြု ပျော်ဝင် ကုန်ပါတယ်။ ဥပမာ-လယ်ကွင်းအနီးတဝိုက်ရေကြီးရင် လယ်ကွင်းထဲက ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ‌တွေလို အန္တရာယ်ရှိတဲ့ပစ္စည်းတွေအပြင် အခြားအဲ့နားမှာ ရှိသမျှ အရာအားလုံး အဲ့ ရေကြီးတဲ့ထဲ ပါလာတာမျိုးပေါ့။

အဲ့လိုပဲ Urban Flooding လို့ခေါ်တဲ့ လူနေထူထပ်တဲ့ မြို့ပြလိုနေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ရေကြီးတဲ့အခါ ရေတွေက အနီးနားမှာရှိတဲ့ ရေဆိုးစွန့်စနစ်တွေ၊ မြောင်းတွေ၊ မိလ္လာကန် Septic Tank တွေ၊ စက်မှုလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းတွေ၊ စဉ်းစားမိသမျှလမ်းပေါ်နဲ့ ပတ်ဝန်းကျင်က ညစ်ပတ်ပြီး ရောဂါကူးစပ်နိုင်တဲ့အရာတွေနဲ့ ထိတွေ့ကုန်တယ်။ လူတော်တော်များများက ရေကြီးချိန်ခဏလောက်ပဲ အဲ့လိုပြဿနာ‌တွေကြုံပြီး ရေပြန်ကျသွားရင် ပြန်အဆင်ပြေသွားမယ်ထင်ကြတယ်။ တကယ်တော့ ပြဿနာက ထင်တာထက် ဆိုးပါတယ်။ ဘာလို့လဲဆိုတော့ ရေကြီးနေချိန်မှာ ရောဂါပိုးတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပစ္စည်း ပေါင်းစုံပါဝင်‌နေတဲ့ ရေတွေက ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ရေတွင်းတွေ၊ ရေသိုလှောင်ကန်တွေ၊ အစိုးရရေပေးဝေရေးစနစ်တွေ၊ သောက်ရေလှောက်ကန်တွေလို ရေသန့်လှောင်ကန်တွေနဲ့ ရောနှောကုန်ပြီး သန့်ရှင်းနေတဲ့ ရေတွေကိုပါ ပျက်ဆီသွားစေလို့ပါ။

ဒီလို ဖြစ်ပြီဆို မြေအောက်ရေတွေထဲမှာပါ ရောဂါပိုးမွှားတွေ ပေါက်ဖွားကုန်ပြီး Ground Water Pollution ဆိုတဲ့ မြေအောက်ရေ ယိုယွင်းပျက်ဆီးခြင်း အခြေအနေတွေကို နှစ်ရှည်လများ ကြုံရပါတော့တယ်။ ကျွန်တော်တို့ ရန်ကုန်လို လူနေထူထပ်ပြီး tube well နဲ့ septic tanks, sewage systems တွေနီးကပ်နေတဲ့ မြို့ထဲလို နေရာတွေမှာ ရေကြီးတာရဲ့ နောက်မှာ အဖြစ်များတဲ့ ရောဂါတွေကတော့

1. ရေကြီးချိန် ရေနဲ့လူ တိုက်ရိုက်ထိတွေ့ရတဲ့အတွက် ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ injury များ၊ မျက်စိ၊နား၊နှာခေါင်း နှင့် အရေပြားဆိုင်ရာ ရောဂါများ၊ အနာပိုးဝင်ခြင်း (wound infection) များ၊
2. ရေမှတဆင့် ကူးစပ်နိုင်တဲ့ ရောဂါပိုးမွှားများ‌ကြောင့်ဖြစ်တဲ့ အူရောင်ငန်းဖျားရောဂါ (Typhoid Fever)၊ ကာလဝမ်းရောဂါ (Cholera)၊ အသည်းရောင် အသားဝါ အေ (Hepatitis A)၊ E. coli, leptospirosis စတဲ့ ရောဂါများ၊
3. Vector-borne disease များဖြစ်တဲ့ ရေဝပ်ပြီး ခြင်‌ ပေါက်ပွားခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ငှက်ဖျား (Malaria)၊ သွေးလွန်တုတ်ကွေး (Dengue Fever)
4. မြွေကိုက်ခံရခြင်း အန္တရာယ် (Snake Bite)
5. လျှပ်စစ်မီးနဲ့ အခြား accidental injuries များ
6. နောက်ဆက်တွဲ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ (Anxiety, Stress, Depression, etc.) စတဲ့အချက်တွေအပြင် အခြား ဒုက္ခများစွာ ကြုံတွေ့ရနိုင်ပါသေးတယ်။

မြေအောက်ရေ ပျက်ဆီးမှုကို ပြန်လည်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းတွေ များစွာ ရှိပါတယ်။ ဥပမာ အနေနဲ့ ရေကြီးပြီးချိန်မှာ သုံးရေ၊ သောက်ရေတွေကို ပိုးသတ်တာ၊ chlorination ပြန်လုပ်တာမျိုး၊ ခြင်ပေါက်ပွားမှုထိန်းချုပ်တာမျိုး၊ နောက်တခါထပ်မဖြစ်အောင် drainage system တွေကို ပိုကောင်းအောင်လုပ်တာမျိုး စသဖြင့် အများကြီးလုပ်လို့ရပါတယ်။

ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရေကြီးရေလျှံမှုမျိုးနဲ့ ကြုံပြီးသွားရင်တော့
✅ရေတွင်းတွေကို ကလိုရင်းနဲ့ ပိုးသတ်တာ၊ ‌
✅ရေလှောင်ကန်တွေကို ပိုးသတ် သန့်ရှင်းရေးလုပ်တာ၊
✅တွင်းရေကို တိုက်ရိုက်သောက်သုံးတာမျိုးမလုပ်ပဲ သောက်သုံးမယ်ဆိုရင်တောင် ကျိုချက်ပြီးမှ သောက်သုံးတာ၊
✅ရေဝပ်တာမျိုးတွေ၊ ခြင်ပေါက်ပွားတာမျိုးတွေ မရှိအောင် အမှိုက်သရိုက်တွေ ဖယ်ရှားရှင်းလင်းတာ၊
✅ဖြစ်နိုင်ရင်တော့ ရေဓာတ်ခွဲစမ်းသပ်ကြည့်ပြီး လိုအပ်ရင် ရေသန့်စက်တွေ တပ်ဆင်အသုံးပြုတာ တို့ကို လုပ်သင့်ပါတယ်။

ရေရှည်ဒီလိုရေကြီးရေလျှံမှု ပြဿနာ‌တွေကာကွယ်ဖို့ကတော့ ဒီမှာ ထိရောက်တဲ့ အဖွဲ့အစည်း မရှိသေးတာ‌တွေ၊ တာဝန်ယူမှု မပေးနိုင်ကြတာ‌တွေ၊ ပြည်သူတွေကိုထိရောက်စွာ ပညာမပေးနိုင်သေးတာတွေ၊ ကျွန်တော်တို့‌ ကိုယ်တိုင် တစ်ဦးတစ်‌ယောက်ချင်းစီ စည်းကမ်း မရှိကြတာတွေ စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် ထိရောက်တဲ့ ကြိုတင်ပြင်ဆင်မှု‌တွေမှာ အားနည်းနေကြတာပါ။

ရန်ကုန်မှာဆို ရေကြီးတာက ပုံမှန်ဖြစ်စဥ်တစ်ခုလိုတောင် ဖြစ်နေပေမယ့်၊ အမှန်တကယ်တော့ ဒါက ကျွန်တော်တို့ အားထားနေရတဲ့ ရေအရင်းအမြစ်တွေ ထိခိုက်ဆုံးရှုံးနေတဲ့ ပြဿနာတစ်ခုဆိုတာ အားလုံး သိနေဖို့ လိုပါတယ်ဗျာ။



#ရေကြီးရေလျှံ

ရေသန့်စနစ်အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းမှု လုပ်တဲ့အခါမှာ ဘာတွေကို အရင်စဉ်းစားသင့်လဲ?Filter, Media, Membrane အသစ်လဲလိုက...
30/05/2026

ရေသန့်စနစ်အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းမှု လုပ်တဲ့အခါမှာ ဘာတွေကို အရင်စဉ်းစားသင့်လဲ?

Filter, Media, Membrane အသစ်လဲလိုက်ရုံနဲ့ ရေသန့်စနစ် ကောင်းသွားမယ်လို့ ထင်ကြပေမယ့် အမှန်တကယ်တော့ အောက်ပါအချက်တွေကို အရင်စစ်ဆေးသင့်ပါတယ်။

✅ ရေကြမ်းအရည်အသွေး (Raw Water Quality) ပြောင်းလဲသွားလား?

✅ ရေထွက်နှုန်း နဲ့ ရေလိုအပ်ချက်က လက်ရှိစနစ် System Design နဲ့ ကိုက်ညီသေးရဲ့လား?

✅ Pump, Piping, Valve တွေ အခြေအနေကောင်းသေးရဲ့လား?

✅ ရေသန့်စင်တဲ့ ကြားခံပစ္စည်း Media တွေ သက်တမ်းကုန်နေပြီလား?

✅ RO Membrane တွေ ပိတ်ဆို့ပျက်ဆီးနေလား၊ ဆေးကြောလို့ ရနိုင်သေးလား?

✅ Backwash / Regeneration / Chemical Dosing လုပ်ထုံးလုပ်နည်းတွေ မှန်မှန်ကန်ကန် လုပ်ခဲ့ရဲ့လား?

✅ ရှိပြီးသားစနစ်ကို အဆင့်မြှင့်တင်မလား၊ အသစ်ထပ်မံ တည်ဆောက်မလား၊ ချဉ်းကပ်စနစ်မျိုးတွေ ထည့်သွင်းမလား?

Water Treatment System Renovation လုပ်ငန်းစဉ်ဆိုတာ ပစ္စည်း အသစ်လဲခြင်းထက် ပြုပြင်ရမယ့် နေရာ အရင်းအမြစ်ကို ရှာဖွေပြီး ပြင်ဆင်ခြင်းက ပိုအရေးကြီးပါတယ်။




FujiClean CE-14 Jokaso System ၁ လုံးကျန်ပါသေးတယ်။ ~3 m³/day CapacityOnly 1 Unit LeftReady for Installation
27/05/2026

FujiClean CE-14 Jokaso System ၁ လုံးကျန်ပါသေးတယ်။
~3 mÂł/day Capacity
Only 1 Unit Left
Ready for Installation

Fujiclean CE-14 Jokaso ရေဆိုးသန့်စင်စနစ် ပစ္စည်းပို့ဆောင်မှု ပြုလုပ်ပေးခဲ့ပါတယ်။

ရေထဲက မိန်းဂနိစ်ဓာတ် (Manganese) ကို ကောင်းကောင်းထိန်းနိုင်ဖို့ ရေသန့်စနစ် ဒီဇိုင်းမှာ အရေးအကြီးဆုံးက အချိန်ပါပဲ။ လိုအပ်...
26/05/2026

ရေထဲက မိန်းဂနိစ်ဓာတ် (Manganese) ကို ကောင်းကောင်းထိန်းနိုင်ဖို့ ရေသန့်စနစ် ဒီဇိုင်းမှာ အရေးအကြီးဆုံးက အချိန်ပါပဲ။ လိုအပ်တဲ့ ကလိုရင်းလို ဓာတ်တိုးပစ္စည်းတွေ ဘယ်လောက်သုံးသုံး ဓာတ်ပြုဖို့ အချိန် ကောင်းကောင်းမပေးရင်ဖြစ်စေ၊ manganese လျော့ချတဲ့ ဓာတ်ကူ media တွေနဲ့ ရေနဲ့ ထိတွေ့တဲ့အချိန်ကို သေချာမထိန်းချုပ်ရင် ရေရှည် manganese ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။

အိမ်သုံးရေသန့်စနစ် အနေအထားမှာဆို ရေသန့်စင်စနစ်က ရေသန့်လိုအပ်ချက်ရှိတဲ့ အချိန်တိုင်း ဆက်တိုက် (continuous treatment) အလုပ်လုပ်ရတဲ့ ပုံစံမျိုး တပ်ဆင်ရတာများတော့ manganese တကယ်များတဲ့ရေမျိုးမှာဆို ဓာတ်ပြုချိန် သေချာမရတာ၊ ဓာတ်ပြုဖို့ လိုအပ်တဲ့ ဓာတ်တိုးပစ္စည်းပမာဏကို အမြဲ တသမတ်တည်း ထိန်းချုပ်ဖို့ခက်တာ၊ စနစ်တကျ အချိန်ဇယား၊ checklist မျိုးနဲ့ ထိန်းသိမ်းဖို့ ခက်ခဲတာ၊ ရေရှည် ပြုပြင်ထိန်းသိမ်းစရိတ် များတာ စတဲ့ အခက်အခဲတွေ ကြုံတွေ့ရတတ်ပါတယ်။

ကျွန်တော်ရေးထားတဲ့ “မန်းဂနိစ် နှင့်ရေ” ဆောင်းပါးမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ အောက်ပါ link ကတဆင့် ဝင်ဖတ်လို့ရပါတယ်။

“မန်းဂနိစ် နှင့်ရေ”
https://www.facebook.com/share/p/1HZBd6mRnn/?mibextid=wwXIfr

အောက်က project လေးကတော့ ရန်ကုန်မြေအောက်ရေ တစ်ခုကို manganese လျော့ချတဲ့ ရေသန့်စနစ် တပ်ဆင်ပေးခဲ့တဲ့ project လေးဖြစ်ပါတယ်။

Another successful water treatment project completed by HydroLab.
From high manganese water to cleaner, safer water for daily use. 💧

Mn: 2.1 mg/L → NIL mg/L

Understanding water. Designing Treatment.

ကမ္ဘာပထမဆုံး ရေစစ် (Water Filter) ကို ဆေးပညာရဲ့ ဖခင်ကြီး (Father of Medicine) လို့ တင်စားခံရတဲ့ ဂရိလူမျိုး သမားတော်ကြီး ...
22/05/2026

ကမ္ဘာပထမဆုံး ရေစစ် (Water Filter) ကို ဆေးပညာရဲ့ ဖခင်ကြီး (Father of Medicine) လို့ တင်စားခံရတဲ့ ဂရိလူမျိုး သမားတော်ကြီး ဟစ်ပိုခရိတ်တိစ် (Hippocrates) က စတင် တီထွင်ခဲ့ပါတယ်။

Hippocrates ရဲ့ အတွေးအခေါ်အရ ရေဟာ အသက်ဓာတ်အတွက် မရှိမဖြစ်အရာတခုဖြစ်ပြီး လူတယောက် ကျန်းမာဖို့အတွက် သန့်ရှင်းကြည်လင်တဲ့ ရေကောင်းရေသန့် လိုအပ်တယ်လို့ ဆိုပါတယ်။ ထိုခေတ်က ဂရိနိုင်ငံရဲ့ ရေပေးဝေမှုစနစ်က ရေထဲမှာ အနယ်အနှစ်တွေ၊ အနံ့အသက်တွေ ပါလေ့ရှိတဲ့အတွက် လူတွေသောက်သုံးဖို့ ပိုမိုသန့်စင်သွားအောင် "Hippocratic Sleeve" လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး ရေစစ်ဇကာကို တီထွင်ခဲ့ပါတယ်။

အခုခေတ်အမြင်အရကြည့်ရင် Hippocratic Sleeve ဆိုတာ အိတ်ဇကာ (Bag Filter) အမျိုးအစားပါ။ အဝတ်စများကို အိတ်ပုံစံချုပ်လုပ်ပြီး ကျိုချက်ထားတဲ့ ရေကို ထိုဇကာထဲ လောင်းထည့်ကာ အနယ်စစ်ချတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ဤ Hippocratic Sleeve ကို နောက်ပိုင်း ရေစစ်ဖို့တင်မကဘဲ ဝိုင် (Wine) ချက်တဲ့လုပ်ငန်းတွေနဲ့ အခြားအရည်ထဲက အနယ်ကို စစ်ထုတ်ဖို့ လိုအပ်တဲ့ လုပ်ငန်းမျိုးစုံမှာ ရာစုနှစ်ပေါင်းများစွာအထိ အသုံးပြုခဲ့ကြပါတယ်။

Hippocrates ရေးသားခဲ့တဲ့ နာမည်ကျော် ဆေးပညာကျမ်းတစ်စောင်ဖြစ်တဲ့ "Airs, Waters, and Places" အစရှိတဲ့ မှတ်တမ်းတွေမှာလည်း ပြည်သူ့ကျန်းမာရေး (Public Health) နဲ့ လေထု၊ ရေထု၊ နေထိုင်ရာ ပထဝီဝင်ဒေသ ဆက်စပ်နေပုံတွေကို စနစ်တကျ ရေးသားခဲ့ပါတယ်။ သူက ရေရဲ့ အရသာ၊ အနံ့နဲ့ အရည်အသွေးဟာ လူတွေရဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း ပထမဆုံး ထောက်ပြခဲ့သူပါ။

မှတ်တမ်းများအရဆိုရင် ရေသန့်စင်စနစ် (ဥပမာ - သဲနှင့်ကျောက်ခဲသုံး၍ စစ်ခြင်း) တွေကို စတင်အသုံးပြုခဲ့တာ သမိုင်းခေတ်ဦး အီဂျစ်သားများ (Ancient Egyptians) ဆိုပေမဲ့၊ ရေရဲ့ အရည်အသွေးကို လူ့ကျန်းမာရေးနဲ့ ဆက်စပ်ပြီး သိပ္ပံနည်းကျ စနစ်တကျ မှတ်တမ်းပြုစု ကျင့်သုံးခဲ့တာကတော့ Hippocrates တို့ခေတ်က ဂရိလူမျိုးတွေ ဖြစ်ပါတယ်။ Hippocrates ထူထောင်ခဲ့တဲ့ ဂရိဆေးပညာအခြေခံဟာ ရေသန့်စင်စနစ်သမိုင်း (Water Treatment History) အတွက် မှတ်တမ်းတိတိကျကျရှိခဲ့တဲ့ သမိုင်းဦးအစ ဖြစ်ခဲ့ပါတယ်။ (ဂရိဆေးပညာစနစ်ကို အခြေခံပြီး နောက်ပိုင်း အာရပ်ကမ္ဘာမှာ Unani Medicine ဆိုပြီး ဆက်လက်ထွန်းကားလာခဲ့တာ ဖြစ်ပါတယ်။)

ထို့အပြင် Hippocrates ဟာ ယနေ့ခေတ်အထိ ကမ္ဘာတဝန်းက ဆရာဝန်တွေ လိုက်နာစောင့်ထိန်းရတဲ့ ဆေးပညာကျင့်ဝတ်ရဲ့ အခြေခံ "Hippocratic Oath" (ဟစ်ပိုခရိတ်တစ် ကျမ်းသစ္စာပြုချက်) ကို ရေးသားတည်ဆောက်ခဲ့ပြီး၊ ခေတ်သစ်ဆေးပညာနဲ့ သိပ္ပံပညာအတွက် အမှောင်ခေတ်ထဲကနေ လမ်းပြအလင်းဆောင်ခဲ့သူ ဖြစ်ပါတယ်ဗျာ။

#သောကြာပြခန်း

အရပ်အခေါ် ထုံးဓာတ်လို့ ခေါ်ကြတဲ့ ရေစေးဓာတ် (Total Hardness) ကို ရေထဲ ပါဝင်နှုန်းပေါ်မူတည်ပြီး 0-60 mg/l = Soft Water ရေသ...
13/05/2026

အရပ်အခေါ် ထုံးဓာတ်လို့ ခေါ်ကြတဲ့ ရေစေးဓာတ် (Total Hardness) ကို ရေထဲ ပါဝင်နှုန်းပေါ်မူတည်ပြီး

0-60 mg/l = Soft Water ရေသွက်
61-120 mg/l = Moderately Hard Water ရေစေးဓာတ်အချို့စတင်ပါဝင်သောရေ
121-180 mg/l = Hard Water ရေစေး
>180 mg/l = Very Hard Water ရေစေးဓာတ် အလွန်များသောရေ

စသဖြင့် သတ်မှတ်ပါတယ်။

ရေစေးဓာတ် တစ်ခုတည်းကိုကြည့်ပြီး စဉ်းစားမယ်ဆို သောက်ရေအနေအထားမှာ ရေစေးဓာတ် ကို ကန့်သတ်ချက် မရှိပါဘူး။ ရေစေးဓာတ်ဆိုတာ ရေထဲမှာ ရှိနေတဲ့ ကယ်လ်ဆီယမ် Calcium, မက်ဂနီဆီယမ် Magnesium လို သတ္တုဓာတ် များပေါ် မူတည်နေပြီး ရေစေးဓာတ်များတဲ့ရေတွေဟာ လူ့ကျန်းမာရေးကိုတောင် တဖက်တလမ်းက အထောက်အကူပြုပါသေးတယ်။ တိတိကျကျပြောရရင် လူတယောက်အတွက် Calcium, Magnesium တစ်နေ့လိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းလောက်အထိကို ရေစေးဓာတ်များတဲ့ သောက်ရေတွေကနေ ရရှိစေနိုင်ပါတယ်။ ရေစေးဓာတ်က သောက်ရေအတွက် ပါဝင်ပမာဏ အလွန်များရင် ရေအရသာ မကြိုက်တဲ့သူအချို့ ရှိတာကလွဲလို့ ကျန်းမာရေး ပြဿနာကြီးကြီးမရှိပေမယ့် သုံးရေမှာ ပြဿနာ အကြီးအကျယ်ပေးပါတယ်။ သုံးရေအနေအထားမှာရေစေးဓာတ်များတဲ့ရေကို အသုံးပြုရင် ဆပ်ပြာအမြှုပ်မထွက်တာ၊ အသားအရေကြမ်းတာ၊ ဗောက်ထတာ စတဲ့ အဆင်မပြေမှု သေးသေးလေးတွေကနေစပြီး ရေစီးဆင်းတဲ့ စက်ပစ္စည်း၊ ပိုက်လိုင်းများမှာ ရေစေးဂျိုးများကပ်တွယ်ပိတ်ဆို့တဲ့ ပြဿနာ၊ ပစ္စည်းတွေ၊ ပိုက်တွေ ပျက်စီးတဲ့ ပြဿနာ၊ လုပ်ငန်းသုံးစက်ပစ္စည်းကြီးတွေ၊ Boiler ကြီးတွေလို တန်ဖိုးကြီး စက်ကြီးတွေ၊ ပိုက်လိုင်းတွေ ပိတ်ဆို့ပျက်ဆီးတဲ့ အခြေအနေလို့ ပြဿနာ ကြီးကြီးမားမားတွေအထိ ဖြစ်စေပါတယ်။

ဒါတွေအပြင် ရေတစ်ခုရဲ့ ရေစေးဓာတ် ပါဝင်မှု ပမာဏကို တိုင်းတာကြည့်ပြီး ထိုရေရဲ့ မူလရေ အရင်းအမြစ်ကို ခန့်မှန်းနိုင်ပါတယ်။

ရေထဲက ရေစေးဓာတ် အကြောင်း ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာချင်ရင်တော့ အောက်က “ရေစေးဓာတ် နှင့်ရေ” ဆောင်းပါးမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ရေစေးဓာတ် နှင့်ရေ
https://www.facebook.com/share/p/1CrmdMWcdP/?mibextid=wwXIfr

#လုပ်ငန်းဗုဒ္ဓဟူး

သင့်ခန္ဓာကိုယ်ထဲက ရေဟာသင့်ထက် အများကြီး အသက်ကြီးနိုင်ပါတယ်။ကမ္ဘာပေါ်မှာ တစ်ချိန်က ရှင်သန်ခဲ့ဖူးတဲ့ ဒိုင်နိုဆောတွေထက်တောင...
11/05/2026

သင့်ခန္ဓာကိုယ်ထဲက ရေဟာ
သင့်ထက် အများကြီး အသက်ကြီးနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ တစ်ချိန်က ရှင်သန်ခဲ့ဖူးတဲ့ ဒိုင်နိုဆောတွေထက်တောင် အသက်ကြီးနိုင်ပါတယ်။

ဒီရေတွေက တစ်ချိန်က မိုးဖြစ်ခဲ့ဖူးမယ်။
မြစ်ထဲ စီးခဲ့ဖူးမယ်။
ပင်လယ်ထဲ နေခဲ့ဖူးမယ်။
သက်ရှိတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း
ရှိခဲ့ဖူးနိုင်ပါတယ်။

အခုတော့ ဒီရှေးဟောင်းရေတစ်စက်ဟာ
သင့်ခန္ဓာထဲမှာ ခဏတာ နေထိုင်နေပါတယ်။

သဘာဝတရားကြီးက သင် ရှင်သန်ဖို့ ရေအငှါးပေးထားတာပါ။

ဒီအကြောင်းတွေကို အောက်က ဆောင်းပါးမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ် ✌️

“အသက်ဓာတ် နှင့်ရေ”
https://www.facebook.com/share/1LBSL6Dgyr/?mibextid=wwXIfr

မိုးရွာပြီးရင် မိုးရေတွေက မြေကြီးအောက်ထဲ စိမ့်ဝင်ပြီး မြေအောက်ရေ‌အောင်းလွှာ တွေထဲ စီးဆင်းတယ်။ ဒီလို စိမ့်ဝင်သွားတဲ့ မိုး...
09/05/2026

မိုးရွာပြီးရင် မိုးရေတွေက မြေကြီးအောက်ထဲ စိမ့်ဝင်ပြီး မြေအောက်ရေ‌အောင်းလွှာ တွေထဲ စီးဆင်းတယ်။ ဒီလို စိမ့်ဝင်သွားတဲ့ မိုးရေတွေက သူတို့ စီးဆင်းရာ လမ်းတလျှောက်မှာ ထိတွေ့ခဲ့ရတဲ့ မြေသား၊ ကျောက်သားတွေမှာ ရှိနေတဲ့ သတ္တုဓာတ်တွေကို သူတို့နဲ့အတူ မြေအောက်ရေအောင်းလွှာ၊ မြေအောက်ရေကန်တွေအထိ သယ်ဆောင်သွားကြတယ်။ သူတို့ ထိတွေ့ရတဲ့ မြေသား၊ကျောက်သားတွေက တောင်ပေါ်ဒေသတွေက မြေတွေလို Ca2+, Mg2+ ဓာတ်တွေများတဲ့ ထုံးကျောက်မြေသားမျိုးဆို မြေအောက်ရေထဲ ရေစေးဓာတ်တွေများသွားတယ်။ ဒီဖြစ်စဉ်တွေက ‌မိုးရေမှ မဟုတ်ပါဘူး၊ မြေပေါ်ရေ Surface Water တွေမှာလည်း ဒီလို သဘောသဘာဝအတိုင်းပါပဲ။ ရေစီးဆင်းရာ၊ တည်ရှိရာ မြေသား အနေအထားပေါ်မူတည်ပြီး ရေစေးဓာတ်တွေ ပါလာကြတာပါ။

အထက်ကလို အကြောင်းအရင်းတွေကြောင့် မြေအောက်ရေတင်မကပဲ ပင်လယ်ရေငန်တွေနဲ့ မြစ်ရေအချို့မှာလည်း ရေစေးဓာတ်တွေ များပြားစွာတွေ့ရတယ်။ အရင်က ရန်ကုန်လို မြေပြန့်ဒေသက မြေအောက်ရေတွေမှာ ရေစေး ပြဿနာ၊ ရေငန် ပြဿနာ တွေ့ရလေ့ မရှိဘူး။ အခုနောက်ပိုင်းနှစ်တွေမှာတော့ ရန်ကုန်ရဲ့ downtown မြို့ထဲ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းတို့လို မြစ်နီး၊ကမ်းနီး နေရာတွေမှာ ရေစေးဓာတ်တွေ များပြားစွာတွေ့လာရတယ်။ အကြောင်းကတော့ မြေအောက်ထဲက ရေချိုလှောင်ကန်တွေထဲ ဆားငန်ရေတွေ တိုးဝင်ရောက်ရှိလာခြင်း (Saltwater / Seawater Intrusion) ကြောင့်ဖြစ်ပါတယ်။ ထိုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ မြေအောက်ရေ အရည်အသွေးများကျဆင်းလာတာ ကို ကြုံတွေ့ကြရပါတယ်။ ဆားငန်ရေတိုးဝင်ခြင်းကိစ္စက မြစ်နီးကမ်းနီးဒေသတွေမှာ ပုံမှန်သဘာဝအတိုင်း ဖြစ်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ ကျွန်‌‌တော်တို့ လူသားတွေရဲ့ မြေအောက်ရေ အဆမတန် ထုတ်ယူသုံးစွဲမိတဲ့ လုပ်ရပ်တွေ၊ အခြား များစွာသော သဘာဝပတ်ဝန်းကျင် ဂရုမစိုက်မှုလုပ်ရပ်‌တွေကြောင့် ဆားငန်ရေများက သဘာဝအတိုင်းရှိသင့်တဲ့ ပမာဏထက် ပိုမိုများပြားစွာ ဝင်ရောက်လာရခြင်းဖြစ်ပါတယ်။

“ရေစေးဓာတ် နှင့်​ရေ” ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြထားပါတယ်။
ဆောင်းပါး အပြည့်အစုံဖတ်ရန်
“ https://www.facebook.com/share/p/18QaqGkLDA/?mibextid=wwXIfr ”

#နှင့်ရေ #ရေစေးဓာတ်

ရန်ကုန်မြေအောက်ရေမှာ Manganese ပြဿနာတွေ ပိုဖြစ်လာနေပြီလား။ “မန်းဂနိစ် နှင့်ရေ”သံဓာတ် (Iron) က ရေကို ဝါဖန့်ဖန့်၊ နီညိုညို...
04/05/2026

ရန်ကုန်မြေအောက်ရေမှာ Manganese ပြဿနာတွေ ပိုဖြစ်လာနေပြီလား။

“မန်းဂနိစ် နှင့်ရေ”

သံဓာတ် (Iron) က ရေကို ဝါဖန့်ဖန့်၊ နီညိုညို အရောင်ပြောင်းစေပြီး ကျွန်တော်တို့ကို ဒုက္ခပေးတယ်ဆိုရင်၊ သူနဲ့ ညီ၊အစ်ကိုလို ဖြစ်နေတဲ့ မန်းဂနိစ် (Manganese) ကတော့ ပိုပြီး လက်ပေါက်ကပ်ပါတယ်။ ရန်ကုန်က မြေအောက်ရေတွေထဲမှာ သံဓာတ်ရှိရင် မန်းဂနိစ်ကလည်း အမြဲလိုလို အဖော်လိုက်ပါလာလေ့ရှိတယ်။ ရံဖန်ရံခါ သံဓာတ်ပါဝင်မှုမများဘဲ မန်းဂနိစ်ပဲ သီးသန့် များနေတာလည်း ရှိတတ်ပါတယ်။ သံဓာတ်ထက် မန်းဂနိစ်က ဘာလို့ လက်ပေါက် ပိုကပ်သလဲဆိုရင် သူက သံဓာတ်ထက် ပိုပြီး ဆိုးရွားတဲ့ အစွန်းအထင်းတွေ ကျန်ရစ်စေတာကြောင့်ပါ။

သံဓာတ်က ထိတဲ့နေရာတွေကို ဝါစေတယ်ဆိုရင်၊ မန်းဂနိစ်ကတော့ အမဲရောင် အစွန်းတွေ၊ အကွက်တွေ ဖြစ်စေတာပါ။ ရေချိုးခန်း ကြွေပြားတွေ၊ ဘိုထိုင်တွေနဲ့ ပိုက်ခေါင်းတွေမှာ အမည်းရောင် အလွှာတွေ၊ အချွဲတွေ ကပ်နေပြီဆိုရင် ဒါဟာ မန်းဂနိစ်များပြားတဲ့ လက္ခဏာပါပဲ။ သူက အရောင်တင်မကဘဲ၊ ရေကို မကောင်းတဲ့ သတ္တုဓာတ် အနံ့နဲ့ ဖန်ခါးခါး အရသာမျိုးပါ ဖြစ်စေပါသေးတယ်။
ရေထဲမှာ မန်းဂနိစ်က သံဓာတ်ထက် ဖယ်ရှားဖို့ ခက်ခဲရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဓာတ်တိုးမှုဖြစ်စဉ် (Oxidation process) က သံဓာတ်နဲ့ ယှဉ်ရင် အချိန်ပိုကြာပြီး ပိုရှုပ်ထွေးလို့ပါ။

မြေအောက်ထဲမှာ အောက်ဆီဂျင် ကင်းမဲ့နေတဲ့ အခြေအနေမှာ သူက Manganous (Mn²⁺) အနေနဲ့ ရေထဲမှာ လုံးဝ ပျော်ဝင်နေတယ်။ အဲ့ဒီအချိန်မှာ ရေက ကြည်လင်နေတာကြောင့် ကျွန်တော်တို့က ရေကောင်းတယ်လို့ ထင်မိတတ်ကြတယ်။ ဒါပေမဲ့ ဒီရေကို မြေပေါ်ဆွဲတင်ပြီး လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့လိုက်တဲ့အခါမှာတော့ ဓာတ်တိုးမှုဖြစ်စဉ်တွေ စတင်ဖြစ်ပေါ်လာပါတယ်။ မန်းဂနိစ် ဓာတ်တိုးမှုဖြစ်စဉ်က သံဓာတ်နဲ့ ယှဉ်ရင် သာမန်အခြေအနေမှာ ပိုနှေးကွေးတာကြောင့် “သံဓာတ်လို ရေတင်လိုက်တယ်၊ မိနစ်ပိုင်းလောက်နေတော့ ရေက ဝါလာတယ်” ဆိုတာမျိုး မဖြစ်ပါဘူး။ Manganese က နာရီပိုင်း၊ ရက်ပိုင်းလောက်နေမှ တဖြည်းဖြည်းချင်း အရောင်တွေ၊ အမှုန်တွေ ထွက်လာတာပါ။ ဒါကြောင့်လည်း လူအများစုက သံဓာတ်ပါတဲ့ရေကို သတိထားမိလွယ်ပြီး မန်းဂနိစ်ပါတဲ့ရေကိုတော့ တော်ရုံ သတိမထားမိကြတာပါ။

မန်းဂနိစ်များတဲ့ရေကို နေ့စဉ်ဘဝမှာ ဘယ်လို တွေ့နိုင်သလဲဆိုရင်

၁။ ရေထိတဲ့ ဘေစင်တွေ၊ ကြွေပြားတွေမှာ အမဲရောင် အစွန်းတွေ ဖြစ်ပေါ်လာတာ၊

၂။ အဝတ်အထည်တွေ အမဲရောင်၊ မီးခိုးရောင် အစွန်းတွေ ဖြစ်လာတာ၊ မှိုင်းလာတာ၊ ညစ်လာတာ၊
၃။ ရေပိုက်အတွင်းထဲတွေမှာ အမဲရောင် အမှုန်လေးတွေ စုပုံလာတာ၊

၄။ ရေလှောင်ကန် နံရံတွေ၊ အောက်ခြေတွေမှာ အမဲရောင် အမှုန်တွေ၊ အမဲရောင် အစွန်းအထင်းတွေ ဖြစ်တာ၊
၅။ ရံဖန်ရံခါ ရေထဲမှာ သတ္တုဓာတ်အရသာ၊ အခါးအရသာမျိုး ခံစားမိတာ၊

စတဲ့ အချက်တွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် မိမိအသုံးပြုနေတဲ့ရေကို ဓာတ်ခွဲကြည့်ပြီး ရေထဲပါဝင်ပစ္စည်းတွေကို အတည်ပြုနိုင်ပါတယ်။

အဲ့တော့ မန်းဂနိစ် ပါတဲ့ရေကို သောက်လို့ရလား၊ ကျန်းမာရေးဆိုးကျိုးတွေ ရှိနိုင်လား။

အများစုက ဒီလိုရေမှာ အမဲတွေဖြစ်တယ်ဆိုပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်ကြတတ်ပါတယ်။ မန်းဂနိစ်ဓာတ်ဟာ တကယ်တော့ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ၊ သောက်ရေထဲ မန်းဂနိစ်အနည်းငယ် ပါသွားရုံနဲ့ ကျန်းမာရေးပြဿနာ ချက်ချင်းလက်ငင်း မဖြစ်စေပါဘူး။ သို့ပေမဲ့ ရေရှည်အတွက်ဆိုရင် မန်းဂနိစ်ဓာတ် ခန္ဓာကိုယ်တွင်း ပိုလျှံနေခြင်းက အာရုံကြောဆိုင်ရာ ရောဂါတွေ ပိုမိုဖြစ်ပေါ်စေနိုင်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။ ကလေးငယ်တွေ၊ ကျောက်ကပ်၊ အသည်းရောဂါအခံ ရှိသူတွေ၊ သက်ကြီးရွယ်အိုတွေဆို ပိုဂရုစိုက်သင့်ပါတယ်။ လက်တွေ့မှာ မန်းဂနိစ်များပြားစွာ ပါဝင်တဲ့ရေကလည်း သောက်လိုက်တာနဲ့ အရောင်၊ အနံ့၊ အရသာတွေ ကွဲပြားနေတဲ့အတွက် တော်ရုံ ဘယ်သူမှတော့ သိသိကြီးနဲ့ မသောက်လောက်ဘူးလို့ မြင်ပါတယ်။ ပြီးတော့ မန်းဂနိစ် များလို့ မသောက်သင့်ဘူးဆိုတာထက် မန်းဂနိစ်များပြားနေတဲ့ရေမှာ အခြား ဓာတ်ပစ္စည်းတွေ၊ အညစ်အကြေးတွေ၊ ရောဂါပိုးမွှားတွေလည်း ရှိနေနိုင်ခြေ ရာခိုင်နှုန်းများတဲ့အတွက် မသောက်သုံးသင့်တာပါ။

သုံးရေအတွက် မန်းဂနိစ်များရင်ရော ဘာတွေဖြစ်မလဲ။

မန်းဂနိစ်များတဲ့ရေက အထက်မှာပြောခဲ့သလို အမဲရောင် အမှုန်တွေ၊ အစွန်းအထင်းတွေ ဖြစ်စေတဲ့အတွက် ရေမှာ အမြင်ပန်းဆိုင်ရာ ပြဿနာ (Aesthetic Problems) တွေနဲ့ ထိုအမှုန်အမွှားတွေက ပိုက်တွေ၊ စက်ပစ္စည်းတွေပေါ်မှာ စုပုံလာရင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာ (Operational Problems) တွေကို အဓိက ဖြစ်စေပါတယ်။ အိမ်သုံးဖြစ်စေ၊ လုပ်ငန်းသုံးဖြစ်စေ ရေပိုက်ပိတ်လို့ ခဏခဏလဲရတာ၊ အစွန်းအထင်းတွေ ဖြစ်လာလို့ ကိုယ့်လုပ်ငန်း ထုတ်ကုန်အရည်အသွေးတွေ ထိခိုက်တာ၊ တန်ဖိုးကြီး စက်ကြီးတွေ ပျက်စီးတာ၊ Boiler တွေ၊ heater တွေ ပျက်စီးတာ စသဖြင့် ပြဿနာ အကြီးကြီးတွေကို ဖြစ်စေပါတယ်။ ဥပမာ ပြောပြရရင် ကားရေဆေးလုပ်ငန်းမှာ မန်းဂနိစ်များတဲ့ရေကို မသိဘဲ အသုံးပြုမိရင် ကားရေကို ခြောက်အောင် မသုတ်မိလိုက်တဲ့နေရာမှာ အစွန်းတွေ ဖြစ်လာတတ်တာမျိုး၊ အဝတ်လျှော်လုပ်ငန်းတွေမှာ အဝတ်တွေကို မန်းဂနိစ်ပါတဲ့ရေနဲ့ လျှော်ရင် တဖြည်းဖြည်း မှိုင်းလာပြီး အစွန်းတွေ ဖြစ်လာတာမျိုး စသဖြင့် အဆင်မပြေမှုတွေ ဖြစ်စေတဲ့ မန်းဂနိစ်ပါ။
ဒီနှစ်ပိုင်းတွေမှာ ရန်ကုန်ရဲ့ မြေအောက်ရေမှာ မန်းဂနိစ်ပြဿနာ ဘာလို့ ပိုဆိုးလာရသလဲ။

ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကတော့

၁။ လူဦးရေထူထပ်လာပြီး အများသုံးရေပေးဝေရေးစနစ် ရေမလုံလောက်မှုမှတစ်ဆင့် မြေအောက်ရေ အဆမတန် ထုတ်ယူသုံးစွဲလာမှု၊

၂။ အထက်ပါအချက်ကြောင့် မြေအောက်ရေ အရည်အသွေးများ ပြောင်းလဲလာခြင်း၊

၃။ မြေအောက်ရေအောင်းလွှာများ ရောနှောလာခြင်း၊

စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ကျွန်တော့်တစ်ဦးတည်းအမြင်အရ အရင်က မန်းဂနိစ်မပါခဲ့တဲ့ တွင်းရေတွေမှာတောင် အခုနောက်ပိုင်း မန်းဂနိစ် သိသိသာသာ တက်လာတာဆိုတော့ ရန်ကုန်ရဲ့ မြေအောက်ရေ ထုတ်ယူသုံးစွဲတာကို အတိုင်းအတာတစ်ခု၊ စနစ်တစ်ခုနဲ့ ထိရောက်အောင် ကန့်သတ်သင့်တဲ့ အနေအထားလို့ မြင်ပါတယ်။ (တစ်ဦးတည်းအမြင်ပါ)

ရေထဲက မန်းဂနိစ်တွေကို လျော့ချမယ်ဆိုရင်တော့ လျော့ချတဲ့ နည်းလမ်းတွေ အများကြီးရှိပေမဲ့ လွယ်တော့ မလွယ်ကူပါဘူး။ အခြေခံ သီအိုရီအရ မန်းဂနိစ်ကို လျော့ချနည်းဟာ သံဓာတ်ကို လျော့ချနည်းနဲ့ တူပေမဲ့ အချိန်နဲ့ ငွေအင်အား၊ လူအင်အား အများကြီးပိုပေးရပါတယ်။

ပထမဦးဆုံး ရေထဲ ပျော်ဝင်နေတဲ့ မန်းဂနိစ် (Mn²⁺) ကို အစိုင်အခဲပုံစံ မန်းဂနိစ် (Mn⁴⁺) ဖြစ်အောင် ဓာတ်တိုးမှုလုပ်ငန်းစဉ်တွေ လုပ်ရပါတယ်။ သံဓာတ်နဲ့ ယှဉ်ပြီးပြောရမယ်ဆို သံဓာတ်ပျော်ဝင်နေတဲ့ရေက ရေထဲ လေမှုတ်ပြီး ထည့်ပေးရုံ (သို့) aeration လုပ်ပေးရုံနဲ့ အစိုင်အခဲ ဓာတ်တိုးပြောင်းလဲမှုဖြစ်စဉ်ကို အတိုင်းအတာတစ်ခုထိ မြန်မြန်ဆန်ဆန် ဖြစ်နိုင်ပေမဲ့ မန်းဂနိစ်ကတော့ အဲ့လောက် မြန်မြန်မဖြစ်တဲ့အပြင် အခြား ဓာတ်တိုးမှုအားကောင်းတဲ့ ကလိုရင်း၊ အိုဇုန်း၊ ပိုတက်ဆီယမ်ပါမန်းဂနိတ် (Potassium Permanganate) တို့လို ဓာတ်ပစ္စည်းတွေရဲ့ အကူအညီကိုပါ ရယူရပါတယ်။ ထို့အပြင် ရေကို ကန်တစ်ခုထဲမှာ ဓာတ်ပြုဖို့ အချိန်လုံလုံလောက်လောက် ပေးရပါတယ်။ ပြီးတော့ ရေရဲ့ pH က အက်ဆစ်ဘက် ရောက်နေရင်လည်း ပျော်ဝင် မန်းဂနိစ်တွေက ဓာတ်ကူပစ္စည်း ဘယ်လောက်ထည့်ထည့် တော်ရုံ ဓာတ်မပြုတဲ့ သဘာဝရှိပါတယ်။ ဒါကြောင့် ရေရဲ့ pH ကိုပါ လိုအပ်ရင် ထပ်မံ ချိန်ညှိ၊ မြှင့်တင်ပြီး အဖက်ဖက်က ထိန်းချုပ်ရပါတယ်။ အထက်ပါ အဆင့်တွေ အကုန်လုပ်၊ ဓာတ်တိုးပစ္စည်းတွေ တွက်ချက်ပြီးထည့်၊ ဓာတ်ပြုချိန် သေချာပေးပြီးမှ ရေစစ် media တွေ၊ catalytic media လို့ခေါ်တဲ့ ဓာတ်ကူ media တွေကို ထပ်မံဖြတ်သန်းပြီး သန့်စင်ရပါတယ်။ (အခုဆောင်းပါးက မန်းဂနိစ်လျော့ချတဲ့ ရေသန့်စနစ် ဒီဇိုင်းဆောင်းပါးမဟုတ်တဲ့အတွက် ရေသန့်စင်စနစ် တွက်ချက်မှု အသေးစိတ်ကိုတော့ မဖော်ပြတော့ပါဘူးခင်ဗျာ။)

ဆိုလိုချင်တာက မန်းဂနိစ်ကို လျော့ချဖို့
အိမ်သုံးအနေအထားနဲ့ တနိုင်တပိုင် လုပ်လို့ရလားလို့မေးရင် Manganese 0.5 ppm အောက်လောက်ဆို ဖြစ်နိုင်ပါတယ်။ ဓာတ်တိုးစနစ်တစ်ခုလောက်နဲ့ ရေစစ် catalytic media အချို့ အသုံးပြုပြီး လျော့ချနိုင်ပါတယ်။ မန်းဂနိစ်ပမာဏ 1.0 ppm အထက်လောက် စတင်ပါဝင်လာပြီဆိုရင်တော့ အထက်ကပြောသလို ရှုပ်ထွေးတဲ့ ရေသန့်စနစ် အဆင့်ဆင့်တွေ လိုအပ်လာနိုင်သလို ရေရှည် ဓာတ်တိုး chemical ကုန်ကျစရိတ်တွေ၊ ပြုပြင်မွမ်းမံမှု maintenance တွေ ဆက်တိုက်လုပ်နေဖို့ လိုအပ်လာနိုင်လို့ အိမ်သုံးအနေအထားမှာ သန့်စင်ဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် ရေလှောင်ကန် စနစ် ကောင်းကောင်းမရှိတဲ့ နေရာမျိုး၊ ရေသန့်စင်စနစ်ကို ပုံမှန် စစ်ဆေးဖို့ လူအင်အား မရှိတဲ့နေရာမျိုးမှာဆို ပိုခက်ခဲပါတယ်။ တိုက်ခန်း၊ ကွန်ဒိုတွေလို နေရာမျိုးအတွက်ဆို နေရာအခက်အခဲလည်း ရှိတတ်ပါတယ်။ သန့်စင်ဖို့ ခက်ခဲတယ်ဆိုတာ လုံးဝ မလျော့ချနိုင်တာမျိုး မဟုတ်ဘဲ အကုန်ပြောင်စင်အောင် ထိထိရောက်ရောက် မလျော့ချနိုင်တာကို ဆိုလိုတာပါ။

ဒါကြောင့် မန်းဂနိစ် စနစ်ကို လျော့ချတာ အများသုံး ရေပေးဝေရေးနဲ့ ရေသန့်စင်စနစ်ကြီးတွေမှာ တစ်ခါတည်း လျော့ချတာက ပိုထိရောက်ပြီး ပိုသာလွန်တဲ့ ရေအရည်အသွေးကို ရရှိစေပါတယ်။ ကွန်ဒို တစ်ခန်းတည်း လျော့ချတာထက် ကွန်ဒို တစ်တိုက်လုံး လျော့ချတာ၊ နေအိမ် တစ်အိမ်တည်း လျော့ချတာထက် အိမ်ရာစီမံကိန်းတစ်ခုလုံး အနေအထားနဲ့ ရေသန့်စင်စနစ် ဒီဇိုင်းကို သေချာ တွက်ချက်ပြီး လျော့ချတာ စသဖြင့် လုပ်ဆောင်သင့်ပါတယ်။

ရေထဲက မန်းဂနိစ်ဓာတ်ဟာ ရေသန့်စင်စနစ် ဝန်ဆောင်မှုပြုလုပ်ပေးနေတဲ့ service provider ကျွမ်းကျင် ဝန်ဆောင်မှုပေးသူတွေအတွက်ပါ တစ်ခါတရံ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဓာတ်ပြုချိန် အရမ်းကြာတာ၊ ရေကို အထပ်ထပ် ပြန်လည် စမ်းသပ်ပေးရတာ၊ Follow up တွေ ဆက်တိုက်ကြည့်နေရတာ၊ လိုအပ်တဲ့ ဒီဇိုင်းပြင်ဆင်မှုတွေ အမြဲ လုပ်နေရတာ၊ service ပုံမှန်ပေးနေရင်းနဲ့ကို filter တွေ၊ ရေသန့်စနစ်အတွင်းပိုင်းတွေမှာ မန်းဂနိစ်တွေ တဖြည်းဖြည်း စုပုံလာပြီး ရေသန့်စနစ်အရည်အသွေးကို လျော့ကျလာစေတာ စသဖြင့် အခက်အခဲအမျိုးမျိုးကို ရန်ကုန်က ရေသန့် service provider တွေအနေနဲ့ မဖြစ်မနေ ကြုံကို ကြုံရမှာပါ။

အနှစ်ချုပ်ရရင် မန်းဂနိစ်ဟာ သံဓာတ်ထက် ပိုမိုနက်နဲတဲ့ သဘာဝရှိလို့ သူ့ကို ထိန်းချုပ်ဖို့ဆိုတာ မှန်ကန်တဲ့ နည်းပညာနဲ့ စနစ်တကျ ဂရုစိုက်မှုက အဓိကကျပါတယ်။ တကယ့်လက်တွေ့မှာတော့ ရန်ကုန်မှာ မန်းဂနိစ် ပြဿနာ တစ်ခုတည်း ကြုံနေရတာမဟုတ်ပါဘူး၊ ရေငံတိုးဝင်တဲ့ပြဿနာ၊ ရေစေးဓာတ်များတဲ့ပြဿနာ၊ သံဓာတ်များတဲ့ပြဿနာ၊ ရေဆိုးတွေ ရောနှောပြီး ရေအရင်းအမြစ်တွေ ထိခိုက်နေတဲ့ပြဿနာ စတဲ့ အဖက်ဖက်က ပြဿနာများစွာ ရှိနေပြီး ပြဿနာတွေက ၂ မျိုး ၃ မျိုး တစ်ခါတည်း စုပုံပြီး ကြုံနေရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် မိမိအသုံးပြုနေတဲ့ရေမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင် သတိပြုနိုင်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ ကြိုတင်စီစဉ်နိုင်အောင် အခုဆောင်းပါးကို မျှဝေလိုက်ရပါတယ်။
#နှင့်ရေ

WaterLab မှာ အခြား “နှင့်ရေ” ဆောင်းပါးများ ဖတ်ရှူရန်
https://www.facebook.com/share/p/1DvGduHqW7/?mibextid=wwXIfr

Address

Yangon

Alerts

Be the first to know and let us send you an email when WaterLab by Dr. Sai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to WaterLab by Dr. Sai:

Share