24/06/2026
တခါက သူငယ်ချင်းတယောက်နဲ့ ပြောဖူးတယ်။ "ကလေးကြည့်ရမဲ့အစား 24 hours dutyသာ ပြေးဆင်းလိုက်ချင်တယ်"ဆိုပြီး။ ကလေးအမေ ဘဝနဲ့ MO ဘဝဟာ တစ်ခုနဲ့တစ်ခု ပုံစံမတူပေမဲ့ နှစ်ခုလုံးက စိန်ခေါ်မှုများတဲ့ အလုပ်တွေချည်းပဲ။ အဲဒါကြောင့်မို့ ဘယ်ဟာက ပိုခက်ခဲလဲမေးလာရင် ဖြေရခက်ပါတယ်။ စိတ်ခံစားမှုချင်း၊ တာဝန်ယူရတဲ့ ပုံစံချင်း မတူကြတာကြောင့်ပါ။ ကဲ... ဒါဆို ဒီဘဝနှစ်ခုရဲ့မတူညီတဲ့ ခက်ခဲတဲ့အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရအောင်....
၁။ Medical Officer (MO) ဘဝရဲ့ ခက်ခဲမှုများ🩺
MO တစ်ယောက်ရဲ့ ဘဝကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ဖိအားအလွန်များတဲ့ အခြေအနေမျိုးပါ။
📌 တာဝန်ယူမှု: လူနာတစ်ယောက်ရဲ့ အသက်က ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတာမို့ dutyချိန်တိုင်းမှာ စိတ်ဖိစီးမှုကို ရင်ဆိုင်ရပါတယ်။
📌ပင်ပန်းနွမ်းနယ်မှု: Night dutyတွေ၊ 24 Hr, 36 Hr, duty ဆက်တိုက် တာဝန်ထမ်းဆောင်ရတာတွေကြောင့် အိပ်ရေးပျက်လို့ ပင်ပန်းနွမ်းနယ်တာ၊ stressကြောင့် ၀က်ခြံထွက်တာ၊ ဆံပင်ကျွတ်တာတွေကို ခံစားရပါတယ်။
📌ပတ်ဝန်းကျင် ဖိအား: လူနာရှင်တွေရဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်လာတဲ့ ဒေါသတွေ၊ မျှော်လင့်ချက်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြပြီး ပြန်ဖြေရှင်းပေးရတယ်။ အဲဒါအပြင် လုပ်ငန်းခွင်အတွင်းက အထက်/အောက်ကလူတွေရဲ့ ဖိအားကလဲ ရှိပါသေးတယ်။
၂။ ကလေးအမေ ဘဝရဲ့ ခက်ခဲမှုများ🤱
ကလေးအမေတစ်ယောက်ရဲ့ ဘဝကတော့ ဘယ်တော့မှ အနားယူလို့မရတဲ့ အချိန်ပြည့်တာဝန်ဖြစ်ပြီး ကိုယ့်ကလေးဆိုတော့ စိတ်ခံစားမှုကလဲ ပိုမိုပြင်းထန်နက်ရှိုင်းပါတယ်။
📌တာဝန်ယူမှု: အမေဆိုတာ (၂၄/၇) တာ၀န်ကျပြီး duty offချိန်၊ ပိတ်ရက်ဆိုတာ မရှိပါဘူး။ အထူးသဖြင့် ကလေးငယ်တဲ့အချိန်မှာ အိပ်ရေးပျက်တာ၊ လျှောက်သွားတတ်တဲ့အချိန်ကျတော့လဲ ကလေးနောက် လိုက်ကြည့်နေရတာတွေက ရုပ်ပိုင်းဆိုင်ရာကို အလွန်ပင်ပန်းစေပါတယ်။
📌စိတ်ပိုင်းဆိုင်ရာ ပူပန်မှု: ကလေးရဲ့ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်ကအစ အနာဂတ်အထိ အရာရာကို အမြဲတွေးပူနေရပြီး တခါတလေကျ "ငါ အမေကောင်းတစ်ယောက် ဖြစ်ရဲ့လား" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှု ဖိအားက ကြီးမားပါတယ်။
📌ကိုယ်ပိုင်အချိန် ပျောက်ဆုံးခြင်း: ကိုယ့်အတွက် အချိန် (Me-time) လုံးဝမရှိသလောက် ဖြစ်သွားပြီး
ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေကို ကျေနပ်စွာ စွန့်လွှတ်လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။
🌟ဘယ်ဟာ ပိုခက်ခဲလဲ။
အဓိက ကွာခြားချက်ကတော့ "ထွက်ပေါက်" ရှိ၊မရှိပါပဲ။
MO ဘဝမှာတုန်းက ဘယ်လောက်ပဲ ပင်ပန်းပါစေ။ အခက်အခဲတွေ ရှိပါစေ၊ ဂျူတီပြီးလို့ အိမ်ပြန်ရောက်ရင် ( သို့မဟုတ် ) ခွင့်ယူပြီး relaxation လုပ်လိုက်ရင် အဲဒီတာဝန်တွေကနေ ခဏရုန်းထွက်ပြီး အနားယူလို့ ရပါတယ်။
အခုကလေးအမေ ဘဝမှာတော့ ဘယ်လောက်ပဲ လူပင်ပန်း၊ စိတ်ပင်ပန်းနေပါစေ "ငါ ဒီနေ့တော့ အမေ မလုပ်တော့ဘူး" ဆိုပြီး ခွင့်ယူလို့ မရပါဘူး။ တစ်သက်လုံးစာ ဖြုတ်ချလို့မရတဲ့ ၅၂၈ချစ်ခြင်းမေတ္တာကြိုးနဲ့ ချည်ထားတဲ့ တာဝန်ဝတ္တရား ဖြစ်ပါတယ်။
🌟 ပိုပြီးခက်ခဲတာကတော့ "မေမေလည်းဖြစ်တဲ့အပြင် MO ပါလုပ်နိုင်တဲ့ မမတို့ရဲ့ဘဝပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်နော်။ အခုထိ ကိုယ်မလုပ်နိုင်သေးပေမဲ့ working mom တွေအားလုံးကို တကယ်လေးစားအားကျရပါတယ် 🥰
#မေမေဒေါက်တာမို့
of the day