29/05/2022
“သူ” မရှိတော့ရင်
မိတ်ဆွေဘဝမှာ တစ်ခုခု မရှိတော့လို့ တစ်ယောက်ယောက်မရှိတော့လို့ ပူဆွေးနေရတယ်၊ ဝမ်းနည်းနေရတယ်ဆိုရင် လူတွေက ပြောလိမ့်မယ်။ အားတင်းထားပါကွာ။ “Be Strong”လို့ အကြံပေးကြလိမ့်မယ်။ ဒါပေမယ့် သူတို့မှ မသိတာ။ ကိုယ်ခံစားနေရတာ ဘယ်လိုတောင်လဲ ဆိုတာ။ လူတွေက ပြောလိမ့်မယ်။ အဲလို ကိစ္စတွေ ပြန်မတွေးနေပါနဲ့။ ပူမှန်းသိနေတဲ့အရာတွေကို သွားမကိုင်ပါနဲ့ပေါ့။ ဒါပေမယ့် ဒီမီးလိုပူတဲ့အရာတွေက သူတို့ပေါ်ကို ပြုတ်ကျလာတာကို တခြားသူတွေ မသိကြဘူး။ ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ၁၀ ရက် (May 19, 2022) က ပြုလုပ်ကျင်းပခဲ့တဲ့ David Kessler, Helping with Grief (1 hour webinar) ကို နားထောင် ကိုးကားပြီး ရေးထားပါသည်။ အသေးစိတ်ကို https://www.youtube.com/watch?v=xS_PQhBRmw8 တွင် ကြည့်ရှုနိုင်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ Grief နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲဒီခေါင်းစဥ်နဲ့ ပတ်သက်ပြီး စာအုပ်ပေါင်း ၆ အုပ်တောင် ရေးထားပါတယ်။ နောက်ဆုံး သူရေးခဲ့တဲ့ စာအုပ်နာမည်က Finding Meaning လို့ခေါ်ပါတယ်။ Grief ဆိုတာကိုတော့ လွမ်းဆွတ်တမ်းတခြင်း/ပူဆွေးသောကရောက်ခြင်း လို့ ပြန်ကြပါတယ်။ အဓိက အချက်တစ်ချို့ကို Well-Being စာဖတ်ပရိသတ်ကြီးနဲ့ ဝေမျှလိုပါတယ်။
• Grief has many colors (ပူဆွေးသောကမှာ အရောင်ကာလာ စုံပါတယ်။ ဒါကြီးကနေ ပျောက်သွားပြီ၊ ကောင်းသွားပြီလို့ ပြောလို့မရတာက ဒါက တုပ်ကွေးဖြစ်သလို နေထိုင်မကောင်း ခဏ ဖြစ်တာ မဟုတ်ဘူး)။
• Grief is Not Black or White (NOT always Crying nor Smiling)
အဖြူ ဒါမမဟုတ် အမဲ ပဲဆိုတာ မဟုတ်ဘူး။ (ပူဆွေးသောက ရောက်နေတဲ့သူက အမြဲလည်း မငိုနေသလို အမြဲလည်း ပြုံးရယ်နေမှာ မဟုတ်ဘူး။ တစ်မျိုးတည်း ရှိနေမယ်လို့ မမျှော်လင့်ပါနဲ့။)
• Grief has no time-frame.
တစ်ယောက်ယောက်က မေးလိမ့်မယ်။ မင်းကကွာ မပြီးတော့ဘူးလား။ ဒီတစ်ယောက် ဆုံးသွားတာြဖင့် ကြာလှပြီ။ ဒီကိစ္စက ကြာလှပြီ။ တော်ပါတော့လား။ ဒါပေမယ့် လူတစ်ယောက်မရှိတော့တာက အမြဲအတွက်ဆိုရင် ပူဆွေးသောက ရောက်နေတာကရော ဘာလို့ အချိန်အကန့်အသတ်နဲ့ ဖြစ်ရမှာလဲ။ အဲဒါပြောချင်တာ။ ပူဆွေးသောကမှာ အချိန်ဇယားမရှိဘူး။ ကိုယ့်ကိစ္စပဲ ကိုယ်ဘယ်လို ဆွေးမယ်။ ဘယ်လောက်ကြာကြာ ဆွေးမယ်ဆိုတာ ဘယ်သူကမှ လိုက်ပြီး ဖြတ်လို့မရဘူး။ ဒါပေမယ့် နာကျင်မှုတွေနဲ့အစား ချစ်ခြင်းမေတ္တာတွေနဲ့ သတိရ ပူဆွေးနိုင်ဖို့လိုတာပေါ့။ (But Grief with more love than pain)။
• Feel Disloyal- to smile, live again after the loss
“သူ”မရှိတော့တဲ့နောက်ပိုင်းမှာ ကိုယ်က ပြုံးရယ်မိရင် ပျော်နေမိရင် မိတ်ဆွေ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဒါကသစ္စာဖောက်ရာ မကျပါဘူး။ ပြန်ရယ်ပါ။ ပျော်အောင် နေပါ။
• No feeling is final (even the darkest ones)
ဘယ်ခံစားချက်ကမှ နောက်ဆုံးမဟုတ်ပါဘူးနော်... အဆိုးဆုံး အမှောင်မဲဆုံး ခံစားချက်တွေတောင် အချိန်တစ်ခုပဲ ခံတာ။ အများအားဖြင့်တော့ ကျွန်တော်တို့တွေဟာ ဒီနာကျင်မှုကြီးဟာ ထာဝရလို့ဘဲ တွေးထင်တတ်ကြပါတယ်။ အဲလို မဟုတ်ပါဘူး မိတ်ဆွေရေ။
• You are a whole person (not just grief, loss, trauma and things that happened to you)
မိတ်ဆွေ မမေ့ရမှာက မိတ်ဆွေက လူတစ်ယောက်ဖြစ်တယ်။ ဒီပူဆွေးမှု၊ ဒီဆုံးရှုံးမှု၊ စိတ်ဒဏ်ရာ နှင့် ကိုယ်ကြုံတွေ့လိုက်ရတဲ့ အရာတွေကသာ ကိုယ့်ကို သတ်မှတ်ဖော်ပြနေတာမဟုတ်ဘူး။ အဲဒါတွေထက် အများကြီး ပိုပါတယ်)
• If you are denying the pain, you are denying the reality
နာကျင်နေတာကို ရှောင်လွှဲဖို့ မကြိုးစားပါနဲ့။ ဘာလို့လဲဆိုတော့ ဒီနာကျင်နေတာ၊ ပူဆွေးနေတာက အမှန်တရားဖြစ်တော့ အမှန်တရားကိုပါ ရှောင်လွှဲသလို ဖြစ်သွားမှာပေ့ါ။
• If you can’t feel, you can’t heal
မိတ်ဆွေ ဒါတွေကို မခံစားနိုင်ရင် ဒီအနာတွေက မကျက်နိုင်ပါဘူး။
• Newly bereaved, the person might be in constant pain (they might change the subject when talking, it means that this is the amount of pain they can digest right now).
လောလောလတ်လတ် ပူဆွေးနေရတဲ့သူတွေနဲ့ စကားပြောကြည့်ရင် သူတို့က စကားလမ်းကြောင်းတွေ ပြောင်းပြောင်း ပြောတတ်တာ သတိထားမိနိုင်ပါတယ်။ ဒါဟာ သူတို့ နာကျင်နေတာကို ခံစားနိုင်တဲ့ပမာဏ ကျော်လွန်နေတဲ့အခါမှာ လုပ်ကြတာ ဖြစ်တတ်လို့ နားလည်ပေးဖို့ လိုပါတယ်။
• Touch the pain, and take a break from them.
နာကျင်မှုကို ခံစားပါ။ ဒါပေမယ့် အနားလည်း ယူပါ။
• Our pain must be witnessed (acknowledge it)
နာကျင်မှု/ပူဆွေးမှုကို ရှောင်ကြဥ်တာ ကျွန်တော်တို့ ဦးနှောက်ထဲမှာ မွေးရာပါ ဇီဝဗေဒဆိုင်ရာ သတ်မှတ်ချက်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် မရှောင်လွှဲပါနဲ့။ ဟုတ်တယ်... ငါ နာကျင်နေတယ်... သူ့ကို သတိရနေတယ်, ပူဆွေးနေတယ် ဆိုတာကို အသိမှတ်ပြုဖို့ လိုပါတယ်။
• When someone is talking about the story again and again, it is required to digest their feelings
လူတစ်ယောက်က အဲဒီ နာကျင်စရာတွေကိုပဲ ထပ်ခါထပ်ခါ ပြောနေတယ်ဆိုရင် သူ့ခံစားချက်တွေကို ကျေညက်အောင် လုပ်ဖို့ အရေးကြီးပါတယ်။
ဒီလောက်ဆိုရင် ပူဆွေးသောကနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်ဆီက အချက်တွေကို စာဖတ်ပရိသတ်ကြီးလည်း သိသွားပြီး တွေးစရာတွေ အများကြီး ရသွားမှာပါ။ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘေးနားက လူတွေကိုပဲ ဖြစ်ဖြစ် ပိုနားလည်ပေးနိုင်လာနိုင်ပါတယ်။ အကူအညီလိုရင်လည်း Counseling ယူဖို့ မတွန့်ဆုတ်နေပါနဲ့။ စိတ်ထဲဖြစ်နေတာဆိုတော့ အကောင်အထည်ပြလို့ မရတတ်တာကြောင့် လူတွေကို ဂရုမစိုက်ဘဲ နေတတ်ကြပါတယ်။ မိတ်ဆွေတို့ အနည်းဆုံး ကိုယ့်ကားပျက်ရက်၊ အိမ်ကို ပြင်ဖို့လိုရင်တောင် တတ်ကျွမ်းသူတွေဆီက အကူအညီယူကြတာပဲ မှတ်လား။ ဒါဆို ကိုယ့်စိတ်က ဒီလောက်တောင် တန်ဖိုးမရှိဘူးလား၊ ဂရုစိုက်ခံရအောင် မထိုက်တန်ဘူးလား...