ထက်ဒီပ Htet Dipa

ထက်ဒီပ Htet Dipa 🜃🜄 လောကီပညာသုတေသီ 🜂🜁 ကိစ္စများအတွက် အဟောနှင့် ဆေးဖယောင်းတိုင် အစီအရင်။ ပညာပူဇော်ခ စေတနာကြေးသာ အမြဲယူပါတယ်။ 09780992963 phone/viber

ကျွန်တော့်ထံ အဟော/အစီအရင်အပ်နှံကြတဲ့ ရေစက်တိုက်ဆိုင်သူများအနေနဲ့ ကာယကံရှင်ကိုယ်တိုင်လုပ်ဖို့ ကျွန်တော်ညွှန်းပေးလိုက်တာလေ...
30/09/2026

ကျွန်တော့်ထံ အဟော/အစီအရင်အပ်နှံကြတဲ့ ရေစက်တိုက်ဆိုင်သူများအနေနဲ့ ကာယကံရှင်ကိုယ်တိုင်လုပ်ဖို့ ကျွန်တော်ညွှန်းပေးလိုက်တာလေးတွေကို တတ်နိုင်သမျှ လုပ်ကြစေလိုပါတယ်ဗျာ။ တစ်ခါတလေကျရင် ထပ်ခါတလဲလဲ မှာနေရတာ ဟိုစဉ်အချိန် ဂိုက်သင်ခဲ့ဖူးတုန်းက ကျောင်းသား၊ ကျောင်းသူတွေကို အိမ်စာလုပ်ဖို့ ခဏခဏ မှာခဲ့ရသလိုတောင် အောက်မေ့မိပါတယ်။ လောကီပညာမှာ ဆရာကိုင်အစီအရင်သက်သက်နဲ့လည်း အစွမ်းပြနိုင်တာ မှန်ပေမယ့် ဆရာနဲ့ ကာယကံရှင် ပေါင်းလုပ်နိုင်ရင် ရလဒ် ပိုကောင်းတတ်ပါတယ်ဗျ။ ရေလုံးဝမရှိတဲ့ ကန်တစ်ကန်ထဲကို ရေအပြည့်ဖြည့်ဖို့ထက် ရေအနည်းနဲ့အများရှိပြီးသား ကန်ထဲကို ရေအပြည့်ဖြည့်ဖို့ ပိုလွယ်သလိုပါပဲ။ ညွှန်းတာလေးတွေကို ကာယကံရှင်ကိုယ်တိုင်လုပ်ထားလို့ ကုသိုလ်ရော၊ ဓာတ်ပါ အနည်းနဲ့အများရှိနေပြီဆိုရင် ကိစ္စတွေ အောင်မြင်ဖို့ ပိုလွယ်ကူတတ်ပါတယ်။

လူအများစုအနေနဲ့ လောကီဆရာတွေ၊ အကြားအမြင်ဆရာတွေ၊ ဗေဒင်ဆရာတွေ ညွှန်းပေးလိုက်တာတွေကို လုပ်ဖို့ ပျင်းတတ်တာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့်လည်း လုပ်ရခက်တာတွေကို တော်ရုံညွှန်းပေးလေ့မရှိပါဘူး။ ဥပမာ "အဘဘိုးမင်းခေါင် အောင်အိုးအဖြစ် ပန်းအိုးတစ်အိုးထဲမှာ အုန်းပန်းနဲ့ အောင်သပြေ အညီအမျှ ရောထိုးပါ" ဆိုတာမျိုးပါ။ အောင်သပြေ ရဖို့က ဘာမှမခက်ပေမယ့် အုန်းပန်းကျတော့ အချိန်၊ နေရာဒေသအလိုက် ရဖို့ အခက်အခဲရှိနိုင်ပြီး လိုက်မလုပ်ဖြစ်ဖို့ပဲ များလို့ပါ။ နောက်ဥပမာတစ်ခုအနေနဲ့ "တနင်္လာနေ့မှာပဲ ဆောင်ရွက်ရတဲ့ ကြီး ၉ ကြီး အဓိဋ္ဌာန်ကို ဝင်ပါ" ဆိုတာမျိုးလည်း ညွှန်းပေးလေ့မရှိပါဘူး။ တနင်္လာနေ့ဆိုတာ ဝန်ထမ်းတွေ၊ ကျောင်းတက်နေသူတွေအပါအဝင် လူအများစု အလုပ်များလေ့ရှိတဲ့နေ့ဖြစ်ပြီး တစ်နေကုန် ဘုရားသွား၊ ပုတီးစိပ်နိုင်ဖို့ အလွန်ခက်တတ်ပါတယ်။ ဒါတွေကြောင့် လွယ်လွယ်နဲ့ ထိရောက်မှာလေးတွေကိုပဲ ရွေးပြီး ညွှန်းပေးတတ်ပါတယ်။

နောက်တစ်ခုက ကျွန်တော်ညွှန်းပေးလိုက်တာလေးတွေဟာ တစ်သက်လုံး နောင်ဘယ်​တော့မဆို အထပ်ထပ်အခါခါ ပြန်လုပ်လို့ရတာတွေပဲလည်း ဖြစ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် အလားတူကိစ္စမျိုး ပေါ်လာပြီး အဟော/အစီအရင် မအပ်ဖြစ်သေးရင်တောင် ဒါလေးတွေကိုပဲ ကိုယ်တိုင်လုပ်ရင်း အဆင်ပြေနိုင်ကြစေဖို့ ရည်ရွယ်ပေးထားတာမို့ပါ။ ပညာဒါနစာတွေအားလုံးလည်း ဒီအတိုင်းပါပဲ။ ဒီရက်ပိုင်း အလုပ်များနေသေးလို့ နည်းနည်းအားသွားမှ စာလေးတွေ ထပ်ရေးပါဦးမယ်။ ရေစက်တိုက်ဆိုင်သူအပေါင်း ကုသိုလ်လုပ်ဖို့ မမေ့ကြပါနဲ့။ ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံ​နိုင်ကြပါစေဗျ။

ဟိုးအဝေးကြီးက မိုးကုပ်စက်ဝိုင်းနားမှာ လှမ်းပြီး ဖူးမြင်နေရတာ ရွှေတိဂုံစေတီတော်ပေါ့ဗျာ။ ည ၁၂ နာရီအချိန်လောက် ကျွန်တော်နေတ...
26/09/2026

ဟိုးအဝေးကြီးက မိုးကုပ်စက်ဝိုင်းနားမှာ လှမ်းပြီး ဖူးမြင်နေရတာ ရွှေတိဂုံစေတီတော်ပေါ့ဗျာ။ ည ၁၂ နာရီအချိန်လောက် ကျွန်တော်နေတဲ့ တိုက်ခန်းကနေ ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ။ ယနေ့ကျရောက်တဲ့ တော်သလင်းလပြည့်နေ့က စလို့ ရေစက်တိုက်ဆိုင်သူအပေါင်း လိုအင်ဆန္ဒများ လပြည့်ဝန်းပမာ ပြည့်ဝလာကြပါစေ။ ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။

𓆸 ကပျက်ယပျက် စမနဲ့ သမ္ဗုဒ္ဓေ၊ အတိုက်အခံဖြေတဲ့ ပညာခန်း 𓆸စမပညာအကြောင်း မရေးတာကြာပြီဖြစ်လို့ ရေးပေးဖို့ စိတ်ကူးရခဲ့ပေမယ့် ဘ...
24/09/2026

𓆸 ကပျက်ယပျက် စမနဲ့ သမ္ဗုဒ္ဓေ၊ အတိုက်အခံဖြေတဲ့ ပညာခန်း 𓆸

စမပညာအကြောင်း မရေးတာကြာပြီဖြစ်လို့ ရေးပေးဖို့ စိတ်ကူးရခဲ့ပေမယ့် ဘယ်သူမဆို ထိထိရောက်ရောက် လိုက်လုပ်နိုင်မယ့်နည်းမျိုးကို စိစစ်ပြီး ရွေးနေမိခဲ့လို့ အတော်ကြာသွားခဲ့ပါတယ်။ စမဆိုတာ စီရင်တတ်ရင် တစ်လုံး နှစ်လုံးလောက်နဲ့တင် မယုံနိုင်လောက်အောင် အစွမ်းထက်တတ်ပြီး မဟုတ်ဘူးဆိုရင်လည်း သင်ဖြူးဖျာတစ်ချပ်စာလောက် အပြည့်ရေးထားပါစေဦးတော့၊ ဘာမှ ရေရေရာရာ အကျိုးမခံစားရတာမျိုးပါ။ အခုပြောပြမှာကတော့ ကပျက်ယပျက် စမ နဲ့ သမ္ဗုဒ္ဓေ ဂါထာတော် ပေါင်းပြီး အတိုက်အခံ၊ အပြိုင်အဆိုင်ကိစ္စတွေကို ဖြေရှင်းလို့ရမယ့် ရှေးနည်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်သို့သော အခက်အခဲ, ပြဿနာမဆို၊ ဆိုးဆိုးရွားရွား မရင်ဆိုင်နိုင်အောင် ကြီးမားပြင်းထန်နေပါစေ၊ ဒီနည်းကို သေသေချာချာ လုပ်ပေးရင် ပြေလည်သွားနိုင်ပါသေးသတဲ့။ ကပျက်ယပျက် စမဟာ လောကီပညာမှာ အလွန်အသုံးကျယ်ပြန့်ပြီး အစွမ်းထက်လွန်းလို့ တတ်သိနားလည်တဲ့ ဘယ်လောကီဆရာ မဆို အသုံးပြုလေ့ရှိကြပါတယ်။ ဒီလောက်ဆိုရင် သူ့ရဲ့သဘောတရားကို နားလည်လောက်ပါပြီ။ နည်းကို စပြောပြပါမယ်။

ဒီနည်းကို မိမိရဲ့မွေးနံနေ့က စတင်ကာ နေ့စဉ် ဆောင်ရွက်သွားရမှာဖြစ်ပြီး ဘယ်နေ့ဘယ်အချိန်မှာမဆို ပြုလုပ်နိုင်ပါတယ်။ ထုံးစံအတိုင်း အရင်ဆုံး ဘုရားစင်/ဘုရားကျောင်းဆောင်ရှေ့မှာ တတ်အားသမျှ ပန်း, ရေချမ်း, ဆီမီး, အမွှေးတိုင် ကပ်လှူပူဇော်၊ ဘုရားရှိခိုး၊ သရဏဂုံဆောက်တည်၊ ငါးပါးသီလ ခံယူပြီးမှ ဆောင်ရွက်ရမှာပါ။ လှူဖွယ်ပစ္စည်း သိပ်မရှိလို့ ဆီမီးနဲ့ ရေချမ်းလောက်ပဲ ကပ်လှူပူဇော်နိုင်လည်း ရပါတယ်။

အရင်ဆုံး လက်နှစ်ဘက်ကို သေသေချာချာ သန့်စင်အောင် ဆေးကြောပြီး ဒူးထောက်ထိုင်လိုက်ရပါမယ်။ ပြီးပြီဆိုရင် ဘယ်ဘက်လက်ညှိုးနဲ့ ဘယ်ဘက်ဒူးခေါင်းအထက်နား (ပေါင်ရဲ့အောက်ဘက်အစွန်း) မှာ "က" (ကကြီး) ကို ရေးပြီး ဘယ်ဘက်လက်ဝါးနဲ့ အုပ်ထားလိုက်ပါ။ ပြီးတာနဲ့ ညာဘက်လက်ညှိုးနဲ့ ညာဘက်ဒူးခေါင်းအထက်နားမှာ "ယ" (ယပက်လက်) ကို ရေးပြီး ညာဘက်လက်ဝါးနဲ့ အုပ်ထားလိုက်ပါ။ စမ ၂ လုံးရဲ့အရွယ်အစားဟာ မတိမ်းမယိမ်း တူညီနေသင့်ပါတယ်။

အဲဒီအနေအထားအ​တိုင်း သမ္ဗုဒ္ဓေ ဂါထာတော်ကို ၄၉ ခေါက်ပြည့်အောင် ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရပါမယ်။ ပုတီး၊ တာလီ စတာတွေကို ကိုင်ထားလို့ မရတဲ့ အ​ခြေအနေဖြစ်လို့ အမှတ်သညာကောင်းကောင်းနဲ့ ရွတ်နိုင်မှ အဆင်ပြေပါလိမ့်မယ်။ ရွတ်ဆိုလို့ ပြီးသွားပြီဆိုရင်တော့ ဘယ်ဘက်လက်ဖဝါးနဲ့ "က" (ကကြီး) ကို ဖျက်လိုက်ပြီး "ဒီနေ့ ဒီအချိန်က စပြီး ကပျက် မရှိပါစေနဲ့" လို့ အသံထွက်ပြောကာ ညာဘက်လက်ဖဝါးနဲ့ "ယ" (ယပက်လက်) ကို ဖျက်လိုက်ပြီး "ဒီနေ့ ဒီအချိန်က စပြီး ယပျက် မရှိပါစေနဲ့" လို့ ပြောလိုက်ရပါမယ်။

ပြီးတာနဲ့ လက်အုပ်ချီလိုက်ကာ "လောကီ၊ လောကုတ္တရာအကျိုး ဆောင်ရွက်နိုင်ရပါလို၏ ဘုရား" လို့ ဆုတောင်းပြီး မြတ်စွာဘုရားကို ဦး ၃ ကြိမ်ချ ရှိခိုးကန်တော့လိုက်ရပါမယ်။ မွေးနံနေ့က စလို့ နေ့စဉ် ၄၉ ရက်ကြာအောင် ဆက်တိုက် ဆောင်ရွက်သွားရမှာဖြစ်ပြီး တော်ရုံကိစ္စဆိုရင် ရက်သတ္တပတ် တစ်ပတ်၊ နှစ်ပတ်လောက်နဲ့တင် ပြေလည်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်တဲ့ကိစ္စ ပြေလည်ပြီးသွားသည့်တိုင်အောင် ရက်ပြည့်သည်အထိ ဆက်လက်လုပ်ဆောင်သွားသင့်ပါတယ်။ အကျိုးတရား​အဖုံဖုံနဲ့ ပြည့်စုံစေပါလိမ့်မယ်။ ဒီအထိပါပဲ။ ရေစက်တိုက်ဆိုင်သူအပေါင်း လိုအင်ဆန္ဒများ လပြည့်ဝန်းပမာ ပြည့်ဝလာကြပါစေ။ ကျန်းမာချမ်းသာခြင်းများနဲ့လည်း ပြည့်စုံကြပါစေ။ share ထားနိုင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

အခုတလော ရေစက်တိုက်ဆိုင်သူတွေထဲမှာ အိမ်ပူကြောင်း လာပြောကြတာတွေ မကြာခဏဆိုသလို ကြားနေရတယ်ဗျာ။ ဒီလိုကြုံတွေ့နေရတယ်ဆိုရင် ကျွ...
22/09/2026

အခုတလော ရေစက်တိုက်ဆိုင်သူတွေထဲမှာ အိမ်ပူကြောင်း လာပြောကြတာတွေ မကြာခဏဆိုသလို ကြားနေရတယ်ဗျာ။ ဒီလိုကြုံတွေ့နေရတယ်ဆိုရင် ကျွန်တော် တင်ပေးထားဖူးတဲ့ ဧကွင်းအစီအရင်ကို လုပ်ထားကြပါဗျ။ အိမ်ပူတဲ့ဒုက္ခဟာ တခြားဘာနဲ့မှမတူလောက်အောင်ကို ခံရခက်တတ်ပါတယ်။ တချို့အိမ်တွေမှာ အကြောင်းမရှိအကြောင်းရှာ တစ်ယောက်နဲ့တစ်ယောက် မသင့်မမြတ်ဖြစ်လိုက်ကြ၊ တစ်ယောက်မဟုတ်တစ်ယောက်က ရန်ရှာနေလိုက်ကြတာများ အိမ်သူအိမ်သားတွေလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ကြရပြီး အလုပ်ပျက်အကိုင်ပျက်နဲ့ အတော်​လေး ဒုက္ခများတတ်ပါတယ်။ ဧကွင်း သေသေချာချာလုပ်ပြီး ချိတ်ဆွဲထားနိုင်ရင်တော့ အတော့်ကို အေးသွားပါလိမ့်မယ်။ လက်တွေ့အကျိုးခံစားရကြောင်း ပြန်လာပြောတာတွေ များလှပါပြီ။ စက္ကူနဲ့ အဓိကလုပ်ထားတာမို့ ရေရှည်မခံလောက်ပဲ ခဏခဏပြန်လုပ်ရလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင် ထင်ခဲ့ဖူးပေမယ့် မိုး, လေ မထိရင်၊ ကလေးရှိတဲ့အိမ်ဆို သူတို့ လက်လှမ်းမမီတဲ့နေရာမှာထားရင် လပေါင်းများစွာ ကြာရှည်ခံပါတယ်။ ဒါကိုမှ အားမရသေးရင် "နမောတေ" နဲ့ "ဖုဋ္ဌဿ" ဂါထာတော် ၂ ပုဒ်ကို ပေါင်းပြီး ဆက်တိုက်ရွတ်ပေးနိုင်ပါသေးတယ်။ ပုံကတော့ ကျွန်တော့်ရဲ့အိမ်ဦးခန်းမှာ ဧကွင်း ချိတ်ဆွဲထားပုံပါဗျ။ ရေစက်တိုက်ဆိုင်သူအပေါင်း ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။

လောကကြီးမှာ အပြောလွယ်ပြီး အလုပ်ခက်တယ်နော်ဗျ။ "ဒါလေး ရွတ်လိုက်လို့ ဒီလောက်တောင် အကျိုးရတယ်ဆိုရင် လူတိုင်း ရွတ်ကုန်ကြမှာပေ...
19/09/2026

လောကကြီးမှာ အပြောလွယ်ပြီး အလုပ်ခက်တယ်နော်ဗျ။ "ဒါလေး ရွတ်လိုက်လို့ ဒီလောက်တောင် အကျိုးရတယ်ဆိုရင် လူတိုင်း ရွတ်ကုန်ကြမှာပေါ့။" "ဒါလေး လုပ်လိုက်လို့ ဒီလောက်တောင် အကျိုးရတယ်ဆိုရင် လူတိုင်း လုပ်ကုန်ကြမှာပေါ့။" ဒီလိုတွေ ဆိုလာကြသူများ.....။ "လူတိုင်း" လို့ ပြောခဲ့တယ်နော်။ ဟုတ်ပါပြီဗျ။ ဒီထဲမှာ ဘယ်နှယောက်များ အမှန်တကယ် ရွတ်ဖြစ်၊ လုပ်ဖြစ်ကြလဲ။ ဘယ်နှယောက်များ ယုံကြည်မှု သဒ္ဓါတရား ခိုင်မာကြလဲ။ ဘယ်နှယောက်များ မှန်ကန် လေးနက်အောင် ရွတ်ဖြစ်၊ လုပ်ဖြစ်ကြလဲ။ ဘယ်နှယောက်များ ထိထိရောက်ရောက် အခေါက်ရေ ပမာဏတစ်ခုအထိ ရွတ်ဖြစ်၊ လုပ်ဖြစ်ကြလဲ။ ဘယ်နှယောက်များ ရက်ပေါင်းများစွာ၊ လပေါင်းများစွာကြာအောင် ဝီရိယ စိုက်ထုတ် အချိန်ပေးဖြစ်ကြလဲ။ ကိုယ်တိုင်ရော ဒါတွေအားလုံးနဲ့ ကိုက်ညီပြီး ရွတ်ကြည့်၊ လုပ်ကြည့်ဖူးပြီလား။ ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံး မေးပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ဖြေကြည့်ပါဗျ။ ဒါဆိုရင် "လူတိုင်းလား" ဆိုတဲ့ မေးခွန်းရဲ့အဖြေ ပေါ်လာနိုင်ပါတယ်။

ကုသိုလ်အလုပ်နဲ့ လောကီပညာဆိုတာ အပေါ်ကို တက်ဖို့ ထောင်မတ်နေတဲ့ လှေကားတွေလို့ ဥပမာပေးကောင်းပေးနိုင်ပေမယ့် ဖြတ်လမ်းတွေတော့ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ ဒါတွေကို ဆောင်ရွက်ဖို့ ကံ၊ ဉာဏ်၊ ဝီရိယ ဘာမှ မလိုအပ်ဘူးလို့ ထင်နေ​သေးရင် "စမ်းကြည့်လိုက်စမ်းပါ" လို့ ပြောချင်တယ်ဗျာ။ ဂါထာမန္တန်တွေ များများစားစား ရွတ်ဖို့လောက်အထိ အလှမ်းဝေးနေသေးရင် ကျွန်တော် မကြာသေးခင်က ရေးပေးခဲ့တဲ့ "တစ်ဇွန်းချန်စား ဒါန ကျင့်စဉ်" ဆိုတာလေးကိုပဲ စွဲမြဲအောင် အရင်လုပ်ကြည့်လိုက်ပါဦး။ နေ့စဉ် ကိုယ်စားတဲ့ တစ်နပ်စာစီထဲက တစ်ဇွန်းစီချန်ပြီး တိရစ္ဆာန်လေးတွေကို အဓိကထား ဒါနပြု စွန့်ကြဲရတဲ့ ကျင့်စဉ်လေးပါ။ ဒီထဲမှာ ပါတာ​တွေအကုန် ဘုရားဟောနဲ့ ညီညွတ်သလို အရမ်းလည်း လွယ်ကူလွန်းပါတယ်။ ပြီးရင် ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေနဲ့ ကိုက်ညီနိုင်ရဲ့လားဆိုတာ တိုက်စစ်ကြည့်၊ အကျိုးခံစားလာရလား, မခံစားရဘူးလား ဆန်းစစ်ကြည့်ပေါ့ဗျာ။ ဟုတ်ပြီလားဗျ။ ကုသိုလ်ပြုနေကျ ရေစက်တိုက်ဆိုင်သူအပေါင်းကိုတော့ အမြဲသာဓုခေါ်ဆိုလျက်ပါလို့။ ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။

ꕥ ဘယ်ဘာသာဝင်မဆို လုပ်လို့ရတဲ့ ငွေဝင်လာဘ်ရွှင် ကျင့်စဉ်တစ်ခု ꕥထီပေါက်ကျင့်စဉ်တွေအကြောင်း ရေးပေးပြီးတည်းက ကျွန်တော့်ကို မက...
16/09/2026

ꕥ ဘယ်ဘာသာဝင်မဆို လုပ်လို့ရတဲ့ ငွေဝင်လာဘ်ရွှင် ကျင့်စဉ်တစ်ခု ꕥ

ထီပေါက်ကျင့်စဉ်တွေအကြောင်း ရေးပေးပြီးတည်းက ကျွန်တော့်ကို မကြာခဏ လာမေးနေကြတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ဒီကျင့်စဉ်တွေထဲမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဂါထာတော်တွေချည်းဖြစ်နေလို့ ဘာသာခြားဖြစ်နေရင်ရော ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ တကယ်ကတော့ ဗုဒ္ဓါနုဿတိ မဟုတ်လည်း ကုသိုလ်စစ်စစ်ရပြီး ငွေဝင်လာဘ်ရွှင်လာအောင် လုပ်လို့ရတာတွေ အများကြီးပါ။ အဲဒီထဲကမှ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံး ကျင့်စဉ်တစ်ခုကို ပြောပြပေးသွားပါမယ်။

ဒီကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေလည်း လုပ်လို့ရတယ်ဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ လွယ်တယ်ဆိုပေမယ့် ဒီကျင့်စဉ်ကို အထင်မသေးစေချင်သလို ဒါဟာ ကျွန်တော်ရဲ့ကိုယ်ပိုင်တီထွင်ဖန်တီးထားမှုတစ်ခု မဟုတ်ပဲ ရှေးတုန်းတည်းက ရှိခဲ့တာဖြစ်ကြောင်းကိုလည်း သိစေလိုပါတယ်။ တကယ်သာ လေးလေးနက်နက် ပုံမှန်လုပ်သွားခဲ့မယ်ဆိုရင် ဒီကျင့်စဉ်ဟာ တစ်ခဏတာမျှ ငွေဝင်လာဘ်ရွှင်စေနိုင်ရုံသာမက ဘဝကို အဆင့်ဆင့်တိုးတက်ပြောင်းလဲသွားစေနိုင်တဲ့အထိ တန်ဖိုးရှိလှပါတယ်။ သာဓကတွေ များစွာရှိခဲ့ပါတယ်။ စပြီး ပြောပြပါတော့မယ်။ ဒီကျင့်စဉ်ကို "တစ်ဇွန်းချန်စား ဒါန ကျင့်စဉ်" လို့ ခေါ်ပါတယ်။

- နေ့စဉ် အစာစားခါနီးတိုင်းမှာ သတ္တဝါအနန္တတို့ အစာအာဟာရကို မပူပင် မကြောင့်ကြပဲ ကိုယ်စီကိုယ်ငှ ရရှိစားသောက်နိုင်ကြပါစေ။ မိမိသည်လည်း အစာအာဟာရနဲ့ ပတ်သက်ပြီး မပူပင် မကြောင့်ပဲ ရရှိစားသောက်နိုင်ပါစေ။ ဒီအတွက် လိုအပ်တဲ့ စီးပွားလာဘ်လာဘတွေလည်း ဒီရေအလား တိုးတက်လာပါစေ စိတ်ထဲက လေးနက်စွာ မေတ္တာပို့ ဆုတောင်းပေးရပါမယ်။

- စားစရာကို စပြီး စားတည်းက နောက်ဆုံး တစ်ဇွန်းစာကို မစားတော့ပဲ ချန်ထားပြီး ခွေး၊ ကြောင်၊ ငှက် အစရှိသဖြင့် မိမိထက် နိမ့်ကျတဲ့ တိရစ္ဆာန်လေးတွေနဲ့ အစာအာဟာရအခက်အခဲဖြစ်နေရှာတဲ့ မမြင်အပ်သော လောကသားတွေကို ဒါနပြုပါ့မယ်လို့ သဒ္ဓါတရား ထက်သန်စွာ စိတ်ထဲက ရည်ရွယ်အဓိဋ္ဌာန်ထားရပါမယ်။ မိမိစားပြီးသွားချိန်မှာ ရည်ရွယ်ထားတဲ့အတိုင်း ချန်ထားတဲ့ တစ်ဇွန်းစာကို အမှန်တကယ် ဒါနပြုလိုက်ရပါမယ်။

- ထမင်းဆိုရင်လည်း တစ်ဇွန်းစာ၊ မုန့်ပဲသရေစာဆိုရင်လည်း တစ်ကိုက်စာ၊ ဖျော်ရည်ဆိုရင်​လည်း တစ်ငုံစာလောက် နေ့စဉ် ဘာကိုပဲ စားသောက်သည်ဖြစ်စေ အထက်ပါအတိုင်း ဒါနပြုပြီး စားသောက်သွားရပါမယ်။

ဒီကျင့်စဉ်ကို ပုံမှန်ဆောင်ရွက်သွားနိုင်ခဲ့ရင် ရက်တွေ၊ လတွေ ကြာလာတာနဲ့အမျှ မိမိရဲ့စီးပွားရေးတွေလည်း တစ်စထက်တစ်စ တိုးတက်လာပြီး ငွေဝင်လွယ် လာဘ်ရွှင်လွယ်လာတာကို တွေ့လာရပါလိမ့်မယ်။ ထီထိုးဖို့ ဆန္ဒရှိသူဆိုရင်လည်း လပေါင်းများစွာ ကြာလာတဲ့အခါ စမ်းသပ်ပြီး ထိုးကြည့်နိုင်ပါတယ်။ ဒီအထိပါပဲ။ လိုအပ်သူတို့ ဆောင်ရွက်နိုင်ကြစေဖို့ ဖော်ပြလိုက်ပါတယ်။ ဤကုသိုလ်သည် ကျွန်ုပ်အတွက် အစာအာဟာရနှင့် ပတ်သက်၍ အထောက်အပံ့ဖြစ်ပါစေသတည်း။ share ထားနိုင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

ꕥ ဘဝမှာ တစ်ခါလောက် ထီပေါက်ဖူးချင်သူများအတွက် ထီထိုးဖို့ အခါရွေးနည်း ꕥပြီးခဲ့တဲ့အခေါက်က ထီပေါက်ကျင့်စဉ်တွေအကြောင်း ပြောပြ...
14/09/2026

ꕥ ဘဝမှာ တစ်ခါလောက် ထီပေါက်ဖူးချင်သူများအတွက် ထီထိုးဖို့ အခါရွေးနည်း ꕥ

ပြီးခဲ့တဲ့အခေါက်က ထီပေါက်ကျင့်စဉ်တွေအကြောင်း ပြောပြပြီးပြီဆိုတော့ ဒီတစ်ခေါက်တော့ ထီထိုးဖို့ အကောင်းဆုံး ဖြစ်စေမယ့် အခါရွေးနည်းအကြောင်း ဆက်ပါဦးမယ်။ ဗေဒင်ပညာအခေါ်အဝေါ်တွေ မသုံးတော့ပဲ ဘယ်သူမဆို ဖတ်ကြည့်လိုက်တာနဲ့ နားလည်နိုင်အောင် ရေးပေးသွားပါမယ်။ တစ်ခုပြောလိုသေးတာက​ ကျင့်စဉ်တွေကို မဆောင်ရွက်ရသေးပဲ ဒီနည်းအတိုင်း အခါရွေးပြီး ထီထိုးလို့ ရတော့ရပေမယ့် သိသိသာသာ အကျိုးပေးစေလိုတယ်ဆိုရင် ကျင့်စဉ်တွေကို အောင်မြင်ပြီးမှသာ ထိုးသင့်ပါတယ်။ ကျင့်စဉ်တွေကို တစ်ကြိမ်တည်း မဟုတ်ပဲ အကြိမ်ကြိမ်အဖန်ဖန် အောင်မြင်ပြီးသူဆိုရင်တော့ ပြောဖွယ်မရှိတော့ပါဘူး။

ဒီနည်းအရ ဘယ်နေ့သားသမီးမဆို ရက်သတ္တပတ်တစ်ပတ်လုံးမှာမှ ထီထိုးဖို့အချိန် မိနစ် ၉၀ စီသာ ရမှာပါ။ အဲဒီအချိန်အတွင်းမှာ ထီမထိုးခင် သတ်မှတ်ထားတဲ့ နိမိတ်ကို အရင်စောင့်ကြည့်ရဦးမှာဖြစ်ပြီး နိမိတ်ကို တွေ့ပြီးတာနဲ့ ထီတန်းထိုးလိုက်ရပါမယ်။ နိမိတ်ကို မစောင့်ကြည့်ခင် အရင်ဆုံး "နမောတဿ" နဲ့ "သရဏဂုံ" ကို ရွတ်ဆိုပူဇော်၊ ဂြိုဟ်မင်းအားလုံးနဲ့ သတ္တဝါအားလုံးကို မိမိတတ်သလို မှတ်သလို မေတ္တာပို့ကာ သတ်မှတ်ထားတဲ့ အဝတ်အစားအရောင်ကို ဝတ်ဆင်ပြီး စားစရာကို စားရပါဦးမယ်။ ဒီနေရာက နိမိတ်ဟာ ထီဂဏန်းကောက်ဖို့ မဟုတ်ပဲ အချိန်ကို တိကျသည်ထက် တိကျအောင် ကောက်နိုင်စေဖို့သာ ဖြစ်ပါတယ်။

"တနင်္ဂနွေသားသမီး"
အချိန် - အင်္ဂါနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - လိမ္မော်ရောင်၊ အနီရင့်။
စားစရာ - တနင်္ဂနွေနံ တစ်ခုခု။ (ဥပမာ - အုန်းသီး၊ အုန်းရည်။)
ကြည့်ရန် နိမိတ် - အင်္ဂါ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"တနင်္လာသားသမီး"
အချိန် - ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - ဆင်စွယ်ရောင်၊ အဖြူအမျိုးမျိုး။
စားစရာ - တနင်္လာနံ တစ်ခုခု။ (ဥပမာ - ကျောက်ကျော၊ ခေါက်မုန့်။)
ကြည့်ရန် နိမိတ် - ဗုဒ္ဓဟူး ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"အင်္ဂါသားသမီး"
အချိန် - ကြာသပတေးနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - အနီတောက်တောက်။
စားစရာ - အင်္ဂါနံ တစ်ခုခု။ (ဥပမာ - ဇီးသီး၊ ဇီးယို။)
ကြည့်ရန် နိမိတ် - ကြာသပတေး ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"ဗုဒ္ဓဟူးသားသမီး"
အချိန် - သောကြာနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - အစိမ်း။
စားစရာ - ဗုဒ္ဓဟူးနံ တစ်ခုခု။ (ဥပမာ - လမုန့်၊ လိမ္မော်သီး။)
ကြည့်ရန် နိမိတ် - သောကြာ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"ကြာသပတေးသားသမီး"
အချိန် - စနေနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - အဝါ။
စားစရာ - ကြာသပတေးနံ တစ်ခုခု။ (ဥပမာ - ပေါက်ပေါက်၊ ပန်းသီး။)
ကြည့်ရန် နိမိတ် - စနေ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"သောကြာသားသမီး"
အချိန် - တနင်္ဂနွေနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - ပန်းရောင်/အဖြူတောက်တောက်။
စားစရာ - သောကြာနံ တစ်ခုခု။ (ဥပမာ - သီးသီး၊ သရက်သီး။)
ကြည့်ရန် နိမိတ် - တနင်္ဂနွေ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"စနေသားသမီး"
အချိန် - တနင်္လာနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။)
ဝတ်ဆင်ရန် - အပြာရင့်။
စားစရာ - စနေနံ တစ်ခုခု။ (ဥပမာ - နွားနို့၊ ဒိန်ချဉ်။)
ကြည့်ရန် နိမိတ် - တနင်္လာ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

"ရာဟုသားသမီး"
အချိန် - သောကြာနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီအတွင်း။
ဝတ်ဆင်ရန် - မီးခိုး။
စားစရာ - ရာဟုနံ တစ်ခုခု။ (ဥပမာ - ရှောက်ယို၊ ရှောက်ရွက်။)
ကြည့်ရန် နိမိတ် - သောကြာ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်း။

နိမိတ် စောင့်ကြည့်ပုံကို နည်းနည်းပြောပြပါမယ်။ ဥပမာ - စနေသားဖြစ်သူ ဦးထွန်းအနေနဲ့ အိမ်ကနေ အွန်လိုင်းထီထိုးမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အချိန်အတွင်း အိမ်အဝင်ဝနားမှာ တနင်္လာ ပရိယာယ် ပိတ်ဆို့ ရပ်တန့် ကျပ်တည်းခြင်းတစ်ခုခု တွေ့မလားဆိုပြီး စောင့်ကြည့်နေရပါမယ်။ အဲဒီအချိန်မှာ ထူးထူးခြားခြား ဘယ်အိမ်ကမှန်း မသိတဲ့ ခွေး/ကြောင်တစ်ကောင် အိမ်ပေါက်ဝနားမှာ လာအိပ်တာမျိုး၊ ကားတစ်စီး မောင်းလာရင်း ရုတ်တရက် ပျက်သွားတာမျိုး၊ တနင်္လာနံအစ နာမည်နဲ့ လူတစ်ယောက်ရဲ့နာရေးဖိတ်စာ ရောက်လာတာမျိုး စသဖြင့် မြင်ရ​၊ ကြားရ၊ ကြုံရတာနဲ့ တစ်ပြိုင်နက် နှစ်သက်ရာ ဂဏန်းကို ထီထိုးလိုက်ရမှာပါ။

အိမ်မှာမှ မဟုတ်ပဲ ဘယ်နေရာမှမဆို လုပ်နိုင်ပါတယ်။ အရေးကြီးတာကတော့ နိမိတ်ဟာ သာမန်မဟုတ်ပဲ ထူးခြားရပါမယ်။ ဒါမှ အခါမှန်ပါလိမ့်မယ်။ နိမိတ် စောင့်ကြည့်ရာမှာ သတိထားရမှာတစ်ခုက တစ်စုံတစ်ယောက် အကျိုးယုတ်တာကို မျှော်လင့်တာမျိုး လုံးဝမဖြစ်ရပဲ မြင်ကာမတ္တ၊ ကြားကာမတ္တမျှသာ သဘောထားရမှာပါ။ ဒီအထိပါပဲ။ ကျွန်တော်ရေးပေးခဲ့တဲ့နည်းတွေအတိုင်း ဆောင်ရွက်လို့ ထီပေါက်ခဲ့ရင် ပမာဏနည်းများမဆို သာသနာပြု၊ အလှူလုပ်ပေးကြစေလိုပါတယ်။ ရေစက်တိုက်ဆိုင်သူအပေါင်း ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။ share ထားနိုင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

အရင်က ရွှေတိဂုံစေတီတော် ရောက်ရင် ဆေးဝိဇ္ဇာဆင်းတုတော်ရှိတဲ့ တန်ဆောင်းထဲမှာ မြင်ဖူးနေကျ လောကီပညာ စာသားလေး။ ဟိုတလောက သတိရလာ...
11/09/2026

အရင်က ရွှေတိဂုံစေတီတော် ရောက်ရင် ဆေးဝိဇ္ဇာဆင်းတုတော်ရှိတဲ့ တန်ဆောင်းထဲမှာ မြင်ဖူးနေကျ လောကီပညာ စာသားလေး။ ဟိုတလောက သတိရလာလို့ သွားပြန်ကြည့်တော့ မတွေ့တော့ဘူး။ အနီးအနားတဝိုက်မှာ မေးကြည့်တော့ ဝေယျာဝစ္စအသင်းတွေ သန့်ရှင်းရေးလုပ်ရင်း တစ်နေရာမှာ ထားလိုက်မိကြတယ်နဲ့ တူပါတယ်တဲ့။ ဗဟုသုတပေါ့ဗျာ။

ꕥ ဘဝမှာ တစ်ခါလောက် ထီပေါက်ဖူးချင်သူများအတွက် ​ꕥခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတာနဲ့ ကျွန်တော့်အနေနဲ့ရော ထီဘယ်နှခါလောက်များ ပေါ...
09/09/2026

ꕥ ဘဝမှာ တစ်ခါလောက် ထီပေါက်ဖူးချင်သူများအတွက် ​ꕥ

ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတာနဲ့ ကျွန်တော့်အနေနဲ့ရော ထီဘယ်နှခါလောက်များ ပေါက်ဖူးပြီလဲလို့ မေးခွန်းထုတ်မယ့်သူတွေ ပေါ်လာနိုင်ပါတယ်။ ပထမဆုံးပြောချင်တာက ကျွန်တော်ဟာ ကိုယ်တိုင် ကန်စွန်းရွက်တောင် မကြော်တတ်ပဲ ဟင်းချက်နည်း ရေးပေးတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ကျွန်တော့်စာတွေကို အမြဲဖတ်လေ့ရှိတဲ့သူတွေဆိုရင် သိကြမှာပါ။ ဒုတိယပြောချင်တာကတော့ ကျွန်တော် အခုပြောပြမယ့် နည်းလမ်းတွေဟာ ကျွန်တော့်ရဲ့ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေ မဟုတ်ပဲ ဘုရား တရား သံဃာ ရတနာသုံးပါးတို့ရဲ့ ပညာ၊ ဝိဇ္ဇာအပေါင်း ဆရာကောင်းတို့ရဲ့ ပညာတွေသာ ဖြစ်ပါတယ်။ အရှေ့မှာ အကျိုးပေးခဲ့ဖူးတဲ့ သာဓကတွေ များစွာရှိပါတယ်။ မိမိကံနဲ့ ထိုက်တန်သလောက် အမှန်တကယ် ရလာပါလိမ့်မယ်။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ပါပြီ။

အခုပြောပြမယ့်အထဲမှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပထမတစ်ပိုင်းကတော့ လက်ရှိအချိန်ထိ ကျွန်တော်မြင်ဖူးသမျှထဲက အစွမ်းထက်ဆုံးနဲ့ အရိုးရှင်းဆုံး ထီပေါက်ကျင့်စဉ် ၃ ခုအကြောင်းဖြစ်ပြီး ဒုတိယတစ်ပိုင်းကတော့ ထီထိုးဖို့ အခါရွေးနည်း ဖြစ်ပါတယ်။ ဒီကျင့်စဉ်တွေကို အောင်မြင်ထားသူဟာ ထီထိုးလေ့ရှိရင် ပေါက်ဖို့ အလွန်များပြီး ထီမထိုးဘူးဆိုရင် လာဘ်လာဘအစုလိုက်အပြုံလိုက် ရပါလိမ့်မယ်။ တစ်ခုပြောချင်သေးတာက ကျင့်စဉ်တွေကို မဆောင်ရွက်မီ ဂါထာတော်တွေ ဘယ်လိုရွတ်ဆိုသင့်လဲဆိုတာ နားလည်အောင် ကျွန်တော် ရေးပေးခဲ့ဖူးတဲ့ "လာဘ်ပွင့်ဂါထာတော်ရွတ်နည်း အခြေခံ" ကို အရင်ဆုံး ဖတ်ကြစေလိုပါတယ်။ ကျင့်စဉ်တွေကို စပြောပြပါတော့မယ်။

ကျင့်စဉ် (၁)

"ဣစ္ဆန္တော လိုတရ ဂါထာတော်"

ဣစ္ဆန္တော သာသပဂဗ္ဘေ၊ စင်္ကမတိ ဣတော စိတော။
ဣစ္ဆန္တော လောကဓာတုမှိ၊ အတ္တဘာဝေန ဆာဒယေ။
ဧဝံ ဣစ္ဆာယ သမ္ပန္နံ၊ လောကဇေဋ္ဌံ နမာမဟံ။
တေန ပုညေန သစ္စေန၊ ဣစ္ဆာ ပူရေတု မေ သဒါ။ ။

(အစ်ဆန်တော သာသပ ဂတ်ဗေ၊ စင်ကမတိ အိတော စိတော။
အစ်ဆန်တော လောကဓာတုတ်မှိ၊ အတ်တ ဘာဝေန ဆာဒယေ။
အေဝံ အစ်ဆာယ သမ်ပန်နံ၊ လောကဇိတ်ထံ နမာမဟံ။
တေန ပုန်ညေန သစ်စေန၊ အစ်ဆာ ပူရေတု မေ သဒါ။ ။)

{အနက်အဓိပ္ပါယ်}

မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူပါက သေးငယ်လှစွာသော မုန်ညင်းစေ့အတွင်း၌ပင် စင်္ကြံကြွတော်မူနိုင်ပါ၏။ အလိုရှိတော်မူပါကလည်း စကြာဝဠာ လောကဓာတ်တစ်ခွင်လုံးကို ရူပကာယ ခန္ဓာကိုယ်တော်ကြီးဖြင့် အပြည့်လွှမ်းခြုံတော်မူနိုင်ပါ၏။
​ဤသို့ စိတ်တော်ရှိသမျှ အလိုဆန္ဒအတိုင်း မဆိုင်းမတွ အပြည့်အဝ ပြီးစီးတော်မူသော လောက၌ အမြတ်ဆုံးဖြစ်တော်မူသည့် မြတ်စွာဘုရားကို ရှိခိုးပူဇော်ကန်တော့ပါ၏။ ဤသို့ သစ္စာဆို ရှိခိုးပူဇော်ကန်တော့ရသော ကုသိုလ်ကံအဟုန်ကြောင့် တပည့်တော်/တပည့်တော်မ၏ ကောင်းမွန်သော အလိုဆန္ဒမှန်သမျှသည် အစဉ်အမြဲ ပြည့်ဝပါစေသတည်း။ ။

မူကွဲတွေရှိသေးပေမယ့် ဒီမူက ပါဠိအမှန်ကန်ဆုံးပါ။ ဒီဂါထာတော်ကို မွေးနံနေ့က စလို့ နေ့စဉ် သတ်မှတ်ထားတဲ့ အခေါက်ရေအတိုင်း ၄၉ ရက်တိတိ မပျက်မကွက် ရွတ်ဆိုသွားရပါမယ်။ တစ်ရက်တာ ရွတ်ဆိုပြီးတိုင်းမှာ အဲဒီနေ့ရဲ့ဂြိုဟ်မင်းနဲ့တကွ သတ္တဝါအားလုံးကို ၃ ကြိမ် မေတ္တာပို့ကာ ထီပေါက်​စေဖို့ ဆုတောင်းပေးရပါမယ်။ ၄၉ ရက်ပြည့်ရင် တစ်ကြိမ် ရတယ်လို့ သတ်မှတ်ပါတယ်။

- တနင်္ဂနွေနေ့မှာ အရှေ့မြောက်အရပ်သို့ မျက်နှာမူပြီး (၆) ခေါက်

- တနင်္လာနေ့ အရှေ့အရပ် (၁၅) ခေါက်

- အင်္ဂါနေ့ အရှေ့တောင်အရပ် (၈) ခေါက်

- ဗုဒ္ဓဟူးနေ့ (ဗုဒ္ဓဟူးနံနက်ပိုင်း) တောင်အရပ် (၁၇) ခေါက်
ရာဟုအခါ (ဗုဒ္ဓဟူးညနေပိုင်း) အနောက်မြောက်အရပ် (၁၂) ခေါက်

- ကြာသပတေးနေ့ အနောက်အရပ် (၁၉) ခေါက်

- သောကြာနေ့၌ မြောက်အရပ် (၂၁) ခေါက်

- စနေနေ့၌ အနောက်တောင်အရပ် (၁၀) ခေါက်

⬧⬧⬧

ကျင့်စဉ် (၂)

"အရှင်ကုဏ္ဍဓာန ဂါထာတော်"

ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဘိက္ခူနံ ပဌမံ သလာကံ ဂဏှန္တာနံ ယဒိဒံ ကုဏ္ဍဓာနော။ ။

(ဧတဒက်ဂံ, ဘိက်ခဝေ, မမ သာဝကာနံ ဘိက်ခူနံ ပထမံ သလာကံ ဂနှန်တာနံ ယဒိဒံ ကုန်ဒဓာနော။ ။)

{အနက်အဓိပ္ပါယ်}

ရဟန်းတို့ စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ (မြတ်စွာဘုရား) ၏ တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။ ။

ကျင့်စဉ် ၄၉ ရက်အတွင်းမှာပဲ ဒီဂါထာတော်ကို နေ့စဉ် ၁၀၈ ခေါက် (ပုတီးတစ်ပတ်) ပူဇော်ရပါမယ်။ အရေးကြီးတာတစ်ခုက ဒီဂါထာတော်ကို ပါးစပ်က အသံထွက်မရွတ်ရပဲ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အရှင်ကုဏ္ဍဓာနကို ဧတဒဂ်ပေးတော်မူဟန် အာရုံယူကာ စိတ်ထဲကသာ ရွတ်ရမှာပါ။

⬧⬧⬧

ကျင့်စဉ် (၃)

"အောင်ဆုခံ ဂါထာတော်"

ဇိနော ဇယံ မယှံ ဒေတု။ ။

(အသံထွက် သိသာပါပြီ)

{အနက်အဓိပ္ပါယ်}

မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားသည် တပည့်တော်/တပည့်တော်မအား အောင်ဆုကို ပေးသနားတော်မူပါ။ ။

ဒီဂါထာတော်ကို နေ့စဉ် တစ်နေကုန်မှာ များနိုင်သမျှ များအောင် ရွတ်ဆိုရပါမယ်။ ကျင့်စဉ် ၄၉ ရက်အတွင်း အခေါက်ရေ ၈၄,၀၀၀ ပြည့်နိုင်​ရင် အကောင်းဆုံးဖြစ်ပါတယ်။

⬧⬧⬧

(ထီထိုးဖို့ အခါရွေးနည်း ဆက်ပါဦးမယ်။)

"""လာဘ်ပွင့်ဂါထာတော်ရွတ်နည်း အခြေခံ""""လာဘ်ပိတ်နေတယ် ဆရာ" ကျွန်တော် မကြာခဏ ကြားရလေ့ရှိတဲ့ စကားလေးတစ်ခွန်းပါ။ "လာဘ်ပွင့်ဂ...
05/09/2026

"""လာဘ်ပွင့်ဂါထာတော်ရွတ်နည်း အခြေခံ"""

"လာဘ်ပိတ်နေတယ် ဆရာ" ကျွန်တော် မကြာခဏ ကြားရလေ့ရှိတဲ့ စကားလေးတစ်ခွန်းပါ။ "လာဘ်ပွင့်ဂါထာတော်တစ်ခုခု ရွတ်ကြည့်ပါလား" လို့ ပြောလိုက်မိတာနဲ့ အနောက်ကနေ "ဘာရွတ်ရမလဲ ဆရာ" "ဘယ်နှခေါက်ရွတ်ရမလဲ ဆရာ" "ဘယ်လိုရွတ်ရမလဲ ဆရာ" မေးခွန်းတွေ တန်းစီပြီး လာတော့တာပါပဲ။ ဒီနေ့တော့ ရှုပ်ထွေးခက်ခဲနက်နဲလှတဲ့ လောကီပညာမျိုးတွေအကြောင်း ခဏထားလိုက်ပြီး လာဘ်ပွင့်ဂါထာတော်ရွတ်နည်း လုံးဝအခြေခံကို နည်းနည်းပြောပြသွားပါမယ်။ တကယ်တော့ လာဘ်ပွင့်ဂါထာတော်ရွတ်ပြီး လာဘ်ပွင့်ဖို့ဆိုတာ အလွန်ကိုမှ လွယ်ကူလှပြီး ငှက်ပျောသီးအခွံနွှာစားတာကမှ ခက်ပါဦးမယ်။ ကျွန်တော်ပြောတာကို ယုံထားလိုက်ပါ။

အခု ပြောပြမယ့်နည်းဟာ ကျွန်တော်ကိုယ်တိုင် ကျင့်သုံးနေတဲ့၊ အလုပ်ဖြစ်နေတဲ့ နည်းစနစ်တွေအပေါ် မူတည်ရေးသားထားတာဖြစ်ပြီး ကျွန်တော့်ရဲ့အာဘော်အမြောက်အများ ပါဝင်နေကြောင်းကိုတော့ သိစေလိုပါတယ်။ စပြီး ပြောပြပါမယ်။ ဘာကိုမှ မရွတ်ဆိုရသေးခင် ပထမဆုံးလုပ်ရမှာကတော့ မိမိရဲ့စိတ်ကို ပြင်ဆင်ထားဖို့ပါ။ ဒီလို ပြင်ဆင်ရမှာ​တွေက​တော့...

"ရတနာသုံးပါး၊ အနန္တောအနန္တငါးပါးကို ကြည်ညိုရိုသေလေးစားဖို့။"

"ကံ ကံ၏အကျိုးကို ယုံကြည်ဖို့။"

"မိမိ ရွတ်ဆိုမယ့် ဂါထာတော်ရဲ့အစွမ်းသတ္တိကို ယုံကြည်ဖို့။"

"ဂါထာတော်ကို ရိုသေလေးစားစွာ ရွတ်ဆိုဖို့။"

တို့ပဲ ဖြစ်ကြပါတယ်။

ဘယ်နေ့ဘယ်အချိန်မှာမဆို လာဘ်ပွင့်ဂါထာတော်တစ်ပုဒ်ကို ရွတ်တော့မယ်ဆိုတာနဲ့ မိမိရော၊ ပတ်ဝန်းကျင်ပါ တတ်နိုင်သမျှ သန့်ရှင်းအောင် လုပ်ပြီး အဝတ်အစားသန့်သန့်တွေကို ဝတ်ပါ။ ပြီးတာနဲ့ မြတ်စွာဘုရားကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင် စသဖြင့် တတ်အားသမျှ ပူဇော်ပြီး ဘုရားရှိခိုး၊ သရဏဂုံဆောက်တည်၊ ငါးပါးသီလ ခံယူလိုက်ရပါမယ်။ လှူဘွယ်ပစ္စည်းတွေ မရှိသေးလို့ မလှူနိုင်သေးရင်လည်း ရပါတယ်။ ဘုရားရှိခိုးရာမှာ ဖြစ်နိုင်ရင် ခင်ပွန်းကြီး ၁၀ ပါးကိုပါ ရှိခိုးကန်တော့တောင်းပန်လိုက်စေချင်ပါတယ်။ အကုသိုလ်ဆိုးကျိုးပေးနေတာတွေကို လျော့ပါးသွားစေနိုင်လို့ ဖြစ်ပါတယ်။

အားလုံးပြီးသွားပြီဆိုတာနဲ့ အခြေခံ ပရိကံကို ပြုရပါမယ်။ ဘုရားရှိခိုးခဲ့စဉ်ကအတိုင်း လက်အုပ်ချီအနေအထားနဲ့ သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ရဲ့ပုံတော် အာရုံမှာ ပေါ်လာအောင် ခေတ္တခဏလောက် တတ်နိုင်သမျှ နှလုံးသွင်းပေးရပါမယ်။ ရပြီဆိုတာနဲ့ "နမောတဿ" နဲ့ "သရဏဂုံ" ကို ကြည်ညိုစွာ ရွတ်ဆိုပြီး ဦး ၃ ကြိမ်ချ ရှိခိုးလိုက်ပါ။ ပြီးသွားရင် မြတ်စွာဘုရားထံမှာ ဂါထာတော် ရွတ်ဆိုပူဇော်ခွင့် တောင်းခံရပါမယ်။

"သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘုရား။ တပည့်တော်/တပည့်တော်မသည် (.....) ဂါထာတော်ကို ရွတ်ဆိုပူဇော်ပါတော့မည် ဘုရား။ ခွင့်ပြုတော်မူပါ ဘုရား။" (၃ ကြိမ်)

ဝိဇ္ဇာတွေကို ယုံကြည်သူဆိုရင် ဝိဇ္ဇာအပေါင်း၊ ဆရာသခင် ကျေးဇူးရှင်အပေါင်းတို့ထံမှာပါ ခွင့်တောင်းပါ။

"ဝိဇ္ဇာအပေါင်း၊ ဆရာသခင် ကျေးဇူးရှင်အပေါင်းတို့ ခင်ဗျာ/ရှင်။ တပည့်တော်/တပည့်တော်မသည် (.....) ဂါထာတော်ကို ရွတ်ဆိုပူဇော်ပါတော့မည် ခင်ဗျာ/ရှင်။ ခွင့်ပြုတော်မူကြပါ ခင်ဗျာ/ရှင်။" (၃ ကြိမ်)

ပြီးပြီဆိုတာနဲ့ မိမိသက်သောင့်သက်သာရှိသလို ပြင်ထိုင်ပြီး ၁၀၈ လုံး စိပ်ပုတီးကို ကျကျနန ကိုင်လိုက်ပါ။ ပြီးတာနဲ့ ဂါထာတော်ကို တစ်ခေါက်ရွတ်ဆိုလိုက်၊ ပုတီးတစ်လုံးချလိုက် လုပ်သွားရပါမယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ "ဂါထာတော် ရွတ်ဆိုတဲ့ အရေအတွက်" ထက် "ဂါထာတော် ရွတ်ဆိုတဲ့ အရည်အသွေး" ကိုသာ ဦးစားပေးသွားရမှာ ဖြစ်ပါတယ်။ ပုတီးစိပ်လေ့ မရှိသူဆိုရင်တောင် ဘယ်လာဘ်ပွင့်ဂါထာတော်ကိုမဆို ၁၀၈ ခေါက်လောက် (၁၀၈ လုံး ပုတီးနဲ့ တစ်ပတ်လောက်) ကျကျနန ရွတ်ဆိုပူဇော်နိုင်ရင် လာဘ်ပွင့်ဖို့ လုံလောက်တတ်ပါတယ်။

ဂါထာတော် ရွတ်ဆိုတဲ့ အရည်အသွေးအတွက် ကျွန်တော် ဂရုစိုက်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

"ဂါထာတော်ကို နှုတ်က အသံထွက်ပြီး မှန်ကန်တိကျပြတ်သားစွာ ရွတ်ဆိုရပါမယ်။"

"ဂါထာတော် ရွတ်ဆိုနေရင်း အနက်အဓိပ္ပါယ်ကို တတ်နိုင်သမျှ ဆင်ခြင်သွားရပါမယ်။"

"ဂါထာတော် ရွတ်ဆိုနေချိန်မှာ လာဘ်လာဘနဲ့ ပတ်သက်တဲ့ လောဘ မဝင်ရပါဘူး။"

"မိမိလာဘ်ပွင့်လိုသလို အခြားသူတွေလည်း လာဘ်ပွင့်ကြပါစေဆိုတဲ့ မေတ္တာစိတ်မျိုး ထားရပါမယ်။"

အားလုံးပြီးသွားပြီဆိုရင် ဘုရားရှိခိုးစဉ်ကအတိုင်း ပြန်ထိုင်ပြီး လက်အုပ်ချီ၊ မိမိလိုရာဆုကို ၃ ကြိမ် ရွတ်ဆို ဆုတောင်းကာ ဦးချလိုက်ရပါမယ်။ "ဤသို့ ပြုရပါသော အကျိုးအားကြောင့် လာဘ်လာဘများ ပွင့်လန်းလာရပါလို၏ ဘုရား" လို့ ခပ်တိုတို ဆုတောင်းလိုက်လည်း ရပါတယ်။ ပြီးသွားရင်တော့ မိမိတတ်သလို မှတ်သလို မေတ္တာပို့အမျှဝေလိုက်ရုံပါပဲ။

ကျွန်တော် ရွေးချယ်ပေးလိုတဲ့၊ အလွန်အစွမ်းထက်တဲ့၊ လူတိုင်းနဲ့ သင့်လျော်တဲ့ လာဘ်ပွင့်ဂါထာတော် ၃ ပုဒ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

"""ဒိဝါတပတိ အစချီသော ဂါထာတော်"""

"""ဂုဏ်တော်စက်ဝန်း ဂါထာတော်""""

"""ရှင်သီဝလိ ဂါထာတော်"""" (မူသစ်ဂါထာတော် ၁၀ ပုဒ်ထဲက နောက်ဆုံးဂါထာတော်)

ဒီဂါထာတော်တွေကို အွန်လိုင်းပေါ်မှာဖြစ်စေ၊ စာအုပ်တွေထဲမှာဖြစ်စေ အလွယ်တကူ ရှာဖွေနိုင်လို့ ထည့်မရေးပေးတော့ပါဘူး။ တစ်ခုရှိတာက ရှင်သီဝလိ ဂါထာတော်ကို ရွတ်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ အခြေခံ ပရိကံမှာ မြတ်စွာဘုရားထံ ခွင့်တောင်းပြီးတာနဲ့ ရှင်သီဝလိ ရဟန္တာကိုယ်တော်မြတ်ကြီးထံလည်း ခွင့်တောင်းရပါမယ်။ ဒီနည်းစနစ်အတိုင်း အချိန်မှန်၊ နေရာမှန် နေ့စဉ်သာ ပြုလုပ်သွားကြည့်ပါ။ ရက်ပိုင်းအတွင်း လာဘ်လာဘနဲ့ ပတ်သက်လို့ တစ်ခုမဟုတ်တစ်ခု ထူးခြားလာပါလိမ့်မယ်။ ရေစက်တိုက်ဆိုင်သူအပေါင်း မိမိတို့ လိုလားအပ်တဲ့ ဆန္ဒ​တွေအတိုင်း လာဘ်လာဘများ ပွင့်လန်းနိုင်ကြပါစေ။ ကျန်းမာချမ်းသာခြင်းများနဲ့လည်း ပြည့်စုံကြပါစေ။ share ထားနိုင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ထက်ဒီပ Htet Dipa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share