03/08/2025
A*O တက်တိုင်း လေးဖက်နာရောဂါလား
===========================
အဆစ်အမြစ်နာလို့ ဆေးရုံ/ဆေးခန်းပြတဲ့အခါ လေးဖက်နာရောဂါရှိတယ်ဆိုပြီး A*O (Antistreptolysin O) Titer အဖြေကို ပြလေ့ရှိပါတယ်။ A*O တက်နေတာကြောင့် လေးဖက်နာဖြစ်နေပြီလား၊ ဒါကြောင့် Penicillin ဆေးထိုးဖို့လိုလားဆိုပြီးလည်း မေးလေ့ရှိကြပါတယ်။ တကယ်တော့ A*O တက်တိုင်း လေးဖက်နာမဟုတ်သလို၊ လေးဖက်နာဆိုတာကလည်း A*O တက်တာတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ဒါကြောင့် A*O ဆိုတာ ဘာလဲ၊ ဘယ်လိုအခြေအနေမှာ အရေးပါသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်လာပါပြီ …
A*O Titer ဆိုတာ ဘာလဲ?
A*O Titer ဆိုတာ သင့်ခန္ဓာကိုယ်ထဲမှာ Streptococcus (Strep) ပိုး ဝင်ရောက်ဖူးတဲ့အခါ ဒီပိုးကို တိုက်ဖျက်ဖို့အတွက် ခန္ဓာကိုယ်က ထုတ်လုပ်လိုက်တဲ့ ခုခံအားပဋိဇီဝပစ္စည်း (Antibodies) တွေရဲ့ ပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။ A*O Titer ပမာဏ မြင့်တက်နေတယ်ဆိုတာဟာ လက်ရှိ ပိုးဝင်နေတာကို ပြသတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာ Strep ပိုးနဲ့ ထိတွေ့ဖူးတယ် ဆိုတာကိုပဲ ညွှန်ပြတာပါ။ ဒီ Antibodies တွေဟာ ရောဂါပျောက်ကင်းသွားပြီးနောက်မှာလည်း သွေးထဲမှာ လနဲ့ချီပြီး ကျန်ရှိနေနိုင်တာကြောင့် A*O တက်နေခြင်းဆိုတာဟာ ပိုးဝင်ဖူးတဲ့ အမှတ်အသားတစ်ခုသာ ဖြစ်ပါတယ်။
A*O တက်တာက ဘာကြောင့် အရေးကြီးသလဲ?
Streptococcus ပိုးဝင်ရောက်ပြီးနောက် သူ့ကို တိုက်ဖျက်ဖို့ ထုတ်လုပ်ထားတဲ့ Antibodies တွေကြောင့် ပိုးလေးဖက်နာ (Rheumatic Fever) ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါမှာ Antibodies တွေက နှလုံးအဆို့ရှင်တွေကို မှားယွင်းတိုက်ခိုက်နိုင်တဲ့အတွက် နှလုံးရောင်ခြင်း၊ နှလုံးအဆို့ရှင်ကျဉ်းခြင်း/မလုံခြင်း အစရှိတဲ့ နှလုံးနဲ့ဆိုင်တဲ့ပြသနာတွေဖြစ်လာနိုင်တဲ့အတွက် အရေးမကြီးဘူးလို့တော့ပြောလို့မရပေမယ့် ဒါတက်တိုင်းလည်း ဒီရောဂါဖြစ်တယ်လို့ယူဆလို့မရပါဘူး။ ဘာလို့လည်းဆိုတော့ ဒီပိုးဝင်ရောက်ခြင်းခံရတဲ့ လူဦးရေရာခိုင်နှုန်းနည်းနည်းလေးလောက်က ပိုးလေဖက်နာ (Rheumatic fever) ဖြစ်ပွါးနိုင်ခြေရှိလို့ပါ။
A*O Titer ကို ဘယ်အချိန်မှာ စစ်သင့်သလဲ?
A*O Titer စစ်ဆေးမှုကို ပိုးလေးဖက်နာ (Rheumatic Fever) ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အဆစ်အမြစ်နာကျင်ရောင်ရမ်းတာဟာ ဒီရောဂါရဲ့ အဓိကလက္ခဏာတစ်ခုဖြစ်ပေမယ့် အဆစ်နာကျင်ရောင်ရမ်းတိုင်းလည်း ပိုးလေးဖက်နာကြောင့်မဟုတ်ပါဘူး။ ဒါကြောင့် ပိုးလေးဖက်နာရောဂါလို့သံသယရှိရင် အတည်ပြုဖို့အတွက် အရင်က Strep ပိုးဝင်ဖူးတဲ့ သက်သေ (ဥပမာ- A*O Titer တက်နေတာ)၊ လက်တလောဖြစ်ပွားနေတဲ့ အဓိကနဲ့ သာမညရောဂါလက္ခဏာတွေ ကို ပေါင်းစပ်စစ်ဆေးပြီးမှသာ ဒီရောဂါရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ A*O Titer ဟာ ဒီလိုရောဂါသတ်မှတ်ဖို့အတွက် အရင်က ပိုးဝင်ဖူးတဲ့ သက်သေတစ်ခုအနေနဲ့သာ အသုံးပြုကြတာဖြစ်ပါတယ်။
A*O တက်တိုင်း Penicillin သုံးသင့်ပါသလား?
လုံးဝမလိုအပ်ပါဘူး။ A*O Titer တက်နေတာဟာ Strep ပိုးမရှိတော့ဘဲ Antibodies တွေသာ ကျန်နေတာဖြစ်တဲ့အတွက် ပိုးသတ်ဆေး (Antibiotics) တွေဖြစ်တဲ့ Penicillin ကို ခိုင်လုံတဲ့အထောက်အထားမရှိဘဲ သုံးစွဲဖို့ မသင့်ပါဘူး။ Penicillin ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပိုးကိုသတ်ဖို့အတွက်သာ အသုံးဝင်ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေ သုံးစွဲခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့- ပိုးတွေ ဆေးယဉ်ပါးလာပြီး နောက်ပိုင်း တကယ်လိုအပ်တဲ့အချိန်မှာ ဆေးအစွမ်းမပြတော့တာ၊ Penicillin နဲ့ ဓာတ်မတည့်တာ၊ အရေပြားယားယံတာ၊ ဝမ်းပျက်တာတွေအပြင် ခန္ဓာကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။
Penicillin ကို ဘယ်လိုအခြေအနေမျိုးမှာ သုံးသင့်သလဲ?
Penicillin ဟာ Strep ပိုးကို ကုသရာမှာ အလွန်ထိရောက်ပါတယ်။ ပိုးလေးဖက်နာ (Rheumatic Fever) မှာ Penicillin ပေးရတဲ့အဓိကအခြေအနေနှစ်ခုရှိပါတယ်-
၁။ ပိုးလေးဖက်နာ မဖြစ်အောင် ကာကွယ်ခြင်း (Primary Prophylaxis) - ပထမဆုံး Strep ပိုးကြောင့် လည်ချောင်းနာ (Strep Throat) ဖြစ်တဲ့လူနာကို ပိုးလေးဖက်နာမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ပိုးကိုသေချာရှာဖွေအတည်ပြုပြီးမှသာ Penicillin ကို ပေးလေ့ရှိပါတယ်။
၂။ ရောဂါထပ်မဖြစ်အောင် ကာကွယ်ခြင်း (Secondary Prophylaxis) - ပိုးလေးဖက်နာ တစ်ခါဖြစ်ဖူးတဲ့သူကို နောက်ထပ် Strep ပိုးဝင်ပြီး ရောဂါပြန်မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ရေရှည်၊ ပုံမှန် Penicillin ကို ပေးရပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အဆစ်အမြစ်နာတာဟာ တခြားအကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်တာမို့ A*O Titer တက်နေတိုင်း ပိုးလေးဖက်နာကို စိုးရိမ်ပူပန်ပြီး ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံက လူအများစုမှာ A*O Titer ဟာပုံမှန်ပမာဏထက် အနည်းငယ်မြင့်နေတတ်ပါတယ်။ အကယ်၍ မိမိမှာ A*O တက်နေတယ်ဆိုရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာစစ်ဆေးတိုင်ပင်ပြီး မိမိမှာရှိတဲ့ ရောဂါလက္ခဏာတွေအပြင် အခြားစစ်ဆေးမှုရလဒ်တွေကိုပါ ပေါင်းစပ်သုံးသပ်ပြီး ရောဂါကို အတည်ပြုပြီးမှသာ မှန်ကန်ထိရောက်တဲ့ကုသမှုကို ခံယူသင့်ပါတယ်လို့ အကြံပြုရင်း ….
ဒေါက်ဟန် @ စောစိုင်းလတ်