20/09/2026
လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာ (𝐇𝐞𝐦𝐨𝐫𝐫𝐡𝐨𝐢𝐝) 🚽🩸
မင်္ဂလာပါရှင်…. ပိတောက်ဦးကနေ ချစ်ရတဲ့ Customers များကို အပတ်စဥ် မျှဝေပေးနေကျ 𝐖𝐞𝐞𝐤𝐥𝐲 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐀𝐫𝐭𝐢𝐜𝐥𝐞 အစီအစဥ်လေးမှာ ဒီအပတ်အတွက်မျှဝေပေးမည့် ကျန်းမာရေးပညာပေးဆောင်းပါးလေးကတော့ ဒေါက်တာ သဥ္ဇာ (ဆေး၁) မှရေးသားထားတဲ့ လိပ်ခေါင်းရောဂါအကြောင်းပဲဖြစ်ပါတယ် 💁🏻♀️
➡️ဒီနေ့မှာတော့ အဖြစ်များပြီး ကုသဖို့နည်းလမ်းများလည်းရှိပေမယ့် ဆရာဝန်ကို ထုတ်ဖော်ပြောဖို့ရှက်ရွံ့တာကြောင့် မကုသဖြစ်ကြတဲ့ လိပ်ခေါင်း ရောဂါအကြောင်း ကိုဆွေးနွေးသွားပါမယ်။💬
🔴 လိပ်ခေါင်းရောဂါဆိုတာဘာလဲ။❓
လိပ်ခေါင်းရောဂါဟာ အူမကြီးအောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့အခါ လူနာရဲ့အစာစွန့်လမ်းကြောင်း အပေါက်ဝမှာ အလုံးထွက်ခြင်း၊ နေရခက်ခြင်း၊ နာကျင်ခြင်း၊ တခါတရံ သွေးဝမ်းသွားခြင်းစသည်တို့ကိုဖြစ်စေပါတယ်။😣
ဒီရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်များပြီး လူသန်းပေါင်းများစွာမှာ ဖြစ်တယ်လို့လေ့လာချက်များအရသိရပါတယ်။🌍
စောစောသိ စောစော ဆေးကုသမှုခံရင်တော့ဖြင့် မပြင်းထန်ဘဲ အသက်အန္တရာယ်မရှိဘဲပျောက်ကင်းနိုင်ပါတယ်။✨
🔴 လိပ်ခေါင်းရောဂါ ဘာကြောင့်ဖြစ်ရပါလဲ။❓
လိပ်ခေါင်းရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ််တတ်ပြီး အများစုကတော့ -
💥 ရက်ကြာရှည် ဝမ်းချုပ်ခြင်း
💥 အဝလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်ချိန် တို့မှာ ဖြစ်လေ့ရှိကြပါတယ်။
💥 ရက်ပေါင်းများစွာ အချိန်ကြာကြာမတ်တပ်ရပ်ခြင်းနှင့် အထိုင်များခြင်း 🚶♂️🪑
💥 အသက်အရွယ်ကြီးရင့်လာခြင်း စသည်တို့ကလည်း ဖြစ်စေသော အကြောင်းရင်းများမှာပါဝင်ပါတယ်။👵👴
အထက်ဖော်ပြပါ ဖြစ်စေသော အကြောင်းရင်းများဟာ အူမကြီးရဲ့အောက်ပိုင်းမှာရှိတဲ့သွေးကြောများကိုအချိန်ကြာကြာ သွားဖိတဲ့အခါ သွေးကြောရောင်ရမ်းရာမှတစ်ဆင့် လိပ်ခေါင်းရောဂါဖြစ်စေပါတော့တယ်။🩸
🔴 ဘယ်လိုလက္ခဏာတွေခံစားရမလဲ။❓
လက္ခဏာတွေကတော့ လိပ်ခေါင်းအမျိုးအစားနှင့်တည်နေရာပေါ်မူတည်ပြီးကွဲပြားပါတယ်။🔍
အတွင်းလိပ် လို့ခေါ်ကြတဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐏𝐢𝐥𝐞𝐬 ဟာ ပုံမှန်အားဖြင့် လက္ခဏာပြလေ့မရှိဘဲ အပြင်ကို ကျွံထွက်လာတဲ့အခါမျိုးမှသာ သွေးဝမ်းသွားခြင်း (ဝမ်းသွားပြီးမှ သွေးပါဆက်သွားခြင်း)နှင့် ဝမ်းသွားပြီးသော်လည်းဝမ်းကျန်သည်ဟုခံစားရခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်။
အပြင်လိပ် 𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐩𝐢𝐥𝐞𝐬 ကတော့ လူနာ၏စအို အဝတွင် လိပ်ခေါင်းအလုံးပေါ်ခြင်း ၊နာခြင်း ၊ ယားယံခြင်း ၊ အတွင်းလိပ်ကဲ့သို့ပင် ဝမ်းသွားပြီးမှ သွေးပါဆက်သွားခြင်း စသည်တို့ဖြစ်တတ်ပါတယ်။
🔴မိမိမှာ လိပ်ခေါင်းရောဂါရှိမှန်း ဘယ်လိုသိနိုင်ပါမလဲ။❓
ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ကစမ်းသပ် ရုံနဲ့ သိ နိုင်သလို တစ်ချို့သူတွေမှာတော့ အူလမ်းကြောင်းမှန်ပြောင်း ကြည့်မှသာတွေ့တတ်တာလည်းရှိပါတယ်။🩺🔍
ဝမ်းသွားသွေးပါနေခြင်းဟာ လိပ်ခေါင်းအပြင်အခြားရောဂါများကိုလည်းဖြစ်စေနိုင်တာကြောင့် မှန်ပြောင်းကြည့်ခြင်းအားဖြင့် အခြားအရေးကြီးရောဂါများကိုပါဖယ်ပြီးသားဖြစ်တာမို့ တကယ်လို့သာ အထူးကုဆရာဝန်တွေက မှန်ပြောင်း ကြည့်သင့်တဲ့ indicationရှိတယ်လို့ယူဆရင်အူလမ်းကြောင်းမှန်ပြောင်းကြည့်သင့်ပါတယ်။🏥
🔴ဘယ်လိုကုသမှုတွေရှိလဲ။
ကုသမှုတွေကတော့ ရောဂါရဲ့ ပြင်းထန်မှု အနေအထားနဲ့ လူနာရဲ့တွဲဖက်ရောဂါအခံတွေမပေါ်မူတည်ပါတယ်။
သိပ်မပြင်းထန်တဲ့ လူနာတွေမှာ လူနေမှုစားသောက်နေထိုင်မှုပုံစံပြောင်းခြင်းလောက်နဲ့သက်သာပါတယ်။
✅ အချိန်ကြာကြာ ထိုင်ခြင်း မတ်တပ်ရပ်ခြင်းတို့ကို ရှောင်ကျဉ်ခြင်း 🚫
✅ အမျှင်ပါသော အစားအစာ များများစားခြင်း 🥦🌾
✅ ရေများများသာက်ခြင်းစသည်တို့က အကျိုးရှိစေပါတယ်။
ဆရာဝန်နှင့်ပြသပြီး လိုအပ်ရင်တော့ ခွဲစိတ်မှု အသေးစားလေးတွေပြုလုပ်ရပါတယ်။👨⚕️
ရောဂါ စချိန် သက်တမ်းနုချိန်မှာကုရင်တော့ အသေးစားခွဲစိတ်ကုသမှုတွေ သောက်ဆေးတွေနဲ့ထိန်းနိုင်မှာ ဖြစ်ပါတယ်။💊
သို့သော်လည်း
💢 ရောဂါရင့်ချိန်မှကုသမှုခံယူခြင်း
💢 ခဏခဏ ပြန် ဖြစ်တတ်သောလိပ်ခေါင်းရောဂါများဖြစ်ခြင်း နှင့်
💢 သွေးခဲခြင်း၊ ပိုးဝင်ခြင်းစသည့်နောက်ဆက်တွဲဆိုးကျိုးများပါဝင်နေသော လိပ်ခေါင်းရောဂါအဆင့်ဖြစ်နေခြင်း ဆိုရင်တော့ဖြင့် ခွဲစိတ်မှု လိုအပ်သလို ခွဲပြီးနောက်ပိုင်းလည်း ဆရာဝန်ညွှန်ကြားသလို လိုက်နာ ပြုမူနေထိုင်ဖို့လိုအပ်ပါတယ်။🏥🩹
🔴ဘယ်လိုကာကွယ်ရပါမလဲ။❓
အထက်ဖော်ပြပါ လူနေမှုပုံစံပြောင်းလဲခြင်း၊အစားအသောက်အနေအထိုင်ဆင်ခြင်ခြင်းဖြင့် လိပ်ခေါင်းရောဂါ ဖြစ်ပေါ်မှုကိုကာကွယ်နိုင်သလို ဖြစ်ပြီးသား လိပ်ခေါင်းရောဂါလည်းထပ်ခါထပ်ခါမဆိုးလာအောင်ကာကွယ်နိုင်ပါတယ်။🛡️
🌟 ဝမ်းမချုပ်အောင် ဝမ်းညှစ်စရာမလိုအောင် အမျှင်ပါသော အစားအစာများစားခြင်း
🌟 ရေများများသောက်ခြင်း
🌟 ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းဖြင့် လိပ်ခေါင်းရောဂါကို ပါကွယ်နိုင်ပါလိမ့်မယ်။
🔴နိဂုံးချုပ်အားဖြင့်တော့ 📝
လိပ်ခေါင်းရောဂါ သည် အဖြစ်များပြီး နေ့စဉ်လူနေမှုဘဝကိုထိခိုက်စေသောရောဂါတစ်ခုဖြစ်ပါတယ်။
လူနေမှု ပုံစံကိုဆင်ခြင်နေထိုင်ခြင်းအားဖြင့်လည်း ကာကွယ်နိုင်သောရောဂါတစ်ခုဖြစ်ပြီးသောက်ဆေးနှင့် အသေးစားခွဲစိတ်မှုများဖြင့်လည်းပျောက်ကင်းအောင်ကုသနိုင်တဲ့ရောဂါတစ်ခုပါပဲ။✨
ဒါကြောင့် လိပ်ခေါင်းရောဂါဖြစ်ရင်ထိတ်လန့်ရှက်ရွံ့ခြင်းမဖြစ်ဘဲ ဆရာဝန်နှင့်သေချာတိုင်ပင်ကုသမှုခံယူဖို့အကြံပြုတိုက်တွန်းပါရစေရှင် 👨⚕️💖
လူတိုင်း ခန္ဓာကျန်းမာလို့ စိတ်နှလုံးကြည်ရွှင်နိုင်ကြပါစေ။ 💚🥰
"ကျန်းမာအောင်နေပါ၊ ဆေးလိုလျှင် ပိတောက်ဦးကိုသတိရပါ"
#ပိတောက်ဦးဆေးဆိုင်
#လိပ်ခေါင်းရောဂါ