14/08/2026
၄၁ နှစ်၊ လယ်သမား အမျိုးသား တဦးဟာ ပေါ်ဆန်း မိုးစပါးစိုက်ရင်း စပါးပင် အားဆေး Nitrobenzene ဖြန်းဖို့ စီစဥ်နေတုန်း ပိုက်ခေါင်းပိတ်နေလို့ ပါးစပ်နဲ့ စုပ်ပါတယ်။ မော်တာဖွင့်ထားမိတော့ ရုတ်တရက် ပွင့်ထွက်သွားချိန်မှာ ဆေးရည်တွေ ပန်းထွက်လာပြီး ဝမ်းဗိုက်ထဲထိ ရောက်သွားပါတယ်။ မိသားစုက ကျေးလက်ကျန်းမာရေးဆရာမကို ခေါ်ပြတော့ လက်ထိပ်က အောက်ဆီဂျင်တိုင်းကြည့်တာ အောက်ဆီဂျင်ကျနေလို့ မြို့နယ်ဆေးရုံကို လွှဲပါတယ်။
မြို့နယ်ဆေးရုံမှာ အောက်ဆီဂျင် ဘယ်လောက် ပေး ပေး၊ သွေးအတွင်းအောက်ဆီဂျင် တက်မလာပါဘူး။ ဝမ်းဗိုက်အတွင်းကို အစာပိုက်ထည့်ပြီး စုတ်ထုတ်ပေးပေမယ့် လူနာက အသားတွေ ပြာလာပြီး တက်ချင်သလိုလို ဖြစ်လာလို့ ရန်ကုန်မြို့က ပြည်သူ့ဆေးရုံကို လွှဲပါတယ်။ အထူး ကြပ်မတ် ကုသခန်းမှာ တက်ရပါတယ်။
အတိုချုပ်ပြောရရင်တော့ Methaemoglobinaemia လို့ခေါ်တဲ့ သွေးအဆိပ်တက်ရောဂါ ဖြစ်ကြောင်း တွေ့ရပါတယ်။ အပင်အားဆေးမှာပါတဲ့ Nitrobenzene ကြောင့် ဖြစ်တာပါ။ Methaemoglobin သွေးအဆိပ် ပမာဏမှာ ၅၅% ဖြစ်နေကြောင်း တွေ့ရပါတယ်။
အဓိက ကုသနိုင်တဲ့ ဆေးဝါးဖြစ်တဲ့ intravenous Methylene blue က မရနိုင်တာကြောင့် vitamin C များများပေးပြီး သွေးလဲလှယ်ကုသခြင်း Exchange transfusion နည်းနဲ့ ကုသခဲ့ပါတယ်။ သွေးအဆိပ်ပါတဲ့ လူနာရဲ့သွေးကို ဖောက်ထုတ်ပြီး သွေးအကောင်းပြန်သွင်းတဲ့ နည်းဖြစ်ပါတယ်။ နောက်ရက်တွေမှာ Methaemoglobin သွေးအဆိပ် ပမာဏဟာ ၃၅%၊ ၂၅%၊ ၁၀% သို့ တဖြေးဖြေး ကျဆင်းလာပါတယ်။ လူနာဟာ လူကောင်း ပကတိ ဆေးရုံဆင်းနိုင်သွားပါတယ်။
Nitrobenzene ပါတဲ့ အပင်အားဆေးတွေဟာ မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး လယ်သမား ယာသမားတွေ အသုံးများတယ်လို့ သိရပါတယ်။ နယ်သမားတွေအပြင် မြို့ပေါ်က အပင်စိုက်ပျိုးရေး ဝါသနာရှင်များလဲ သုံးကြပါတယ်။ မတော်တဆ သောက်မိရင် အခုလို အန္တရာယ်မျိုး ကြုံရနိုင်တာကြောင့် လယ်သမား ယာသမား စိုက်ပျိုးရေးဝါသနာပါသူတွေ ဗဟုသုတရှိဖို့ လိုအပ်သလို သူတို့ကလေးတွေ ဆော့ကစားရင်း မှားသောက်တာမျိုး မဖြစ်ရအောင် သတိထားဖို့ အရေးကြီးပါတယ်။
Nitrobenzene ဟာ G6PD အင်ဇိုင်းနဲသူတွေမှာ ပိုဆိုးရွားတဲ့ သွေးအဆိပ်တက်ခြင်း ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ နောက်တမျိုး အတွေ့များတာက ကြောင်ဆေးပင် ခေါ် ကြောင်ရိုသေပင် ခေါ် Acalypha indica ဖြစ်ပါတယ်။ ကြောင်ဆေးပင်စားပြီး Methaemoglobinaemia သွေးအဆိပ်တက်ကြတာ၊ ကျောက်ကပ်ပျက်စီးကြတာတွေ မကြာခန တွေ့နေရပါတယ်။ ကျောက်ကပ် အထူးကုများ သတိပေးစာတွေ ရေးနေကြရပါတယ်။
ဆိုးဆေးဆိုးထားတဲ့ (လိမ္မော်ရောင် ဆိုးဆေး ဆိုးထားတဲ့) ကြက်ကြော်၊ ရေကြက်ကြော်၊ ငုံးဥကြော်၊ စာကလေးကြော်၊ ဒန်ပေါက် တွေကြောင့်လဲ Methaemoglobinaemia သွေးအဆိပ်တက်ကြတာ တွေ့ တွေ့နေရပါတယ်။
Antifreeze ကားမှန်ကြည်ဆေးကို မှားယွင်းစွာ သောက်မိရင်လဲ Methaemoglobinaemia သွေးအဆိပ်တက်တတ်ပါတယ်။
ကုသရခက်ခဲတဲ့ Methaemoglobinaemia နဲ့ ပါက်သတ်ပြီး ပြည်သူလူထု အသိရှိစေဖို့ အသိပေး ရေးသားလိုက်ပါတယ်။
အားလုံး ကျန်းမာ ချမ်းသာ ဘေးကင်းကြပါစေ။
Dr စိန်ဝင်း
သွေးရောဂါ အထူးကု