Mental Map Mental Health

Mental Map Mental Health Psychiatry • Psychotherapy • Counseling

"Autistic တွေမှာ စာနာစိတ် (Empathy) မရှိဘူးဆိုတာ တကယ်ပဲ မှန်သလား?"ဆေးပညာနဲ့ လူမှုအသိုင်းအဝိုင်းမှာ ကြာရှည်စွာ အမြစ်တွဲနေ...
24/07/2026

"Autistic တွေမှာ စာနာစိတ် (Empathy) မရှိဘူးဆိုတာ တကယ်ပဲ မှန်သလား?"

ဆေးပညာနဲ့ လူမှုအသိုင်းအဝိုင်းမှာ ကြာရှည်စွာ အမြစ်တွဲနေခဲ့တဲ့ အယူအဆလွဲတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ "Autism Spectrum ပေါ်မှာ ရှိတဲ့သူတွေဟာ အေးစက်ကြတယ်၊ သူတစ်ပါးရဲ့ ခံစားချက်ကို မစာနာတတ်ကြဘူး၊ စာနာစိတ် (Empathy) အားနည်းတယ်" ဆိုတဲ့ စွပ်စွဲချက်ပါပဲ။

ဒီနေ့ခေတ် ခေတ်သစ် စိတ်ကျန်းမာရေးနဲ့ နယူရိုဗေဒ (Neuroscience) လေ့လာဆန်းစစ်ချက်တွေအရတော့ ဒီအယူအဆဟာ စနစ်တကျ အထင်လွဲမှားနေတာ ဖြစ်ကြောင်း သက်သေပြနေပါပြီ။

တကယ်တော့ Autistic တွေမှာ စာနာစိတ် မရှိတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဦးနှောက်က သတင်းအချက်အလက်နဲ ခံစားချက်တွေကို အလုပ်လုပ်ပုံ (Information Processing) ကွဲပြားနေတာသာ ဖြစ်ပါတယ်။

"Double Empathy Problem လို့ခေါ်တဲ့ ကမ္ဘာနှစ်ခုရဲ့ ကွာဟချက် "

အင်္ဂလန်နိုင်ငံမှ နယူရိုဗေဒနှင့် စိတ်ပညာသုတေသီ Dr. Damian Milton ဖော်ထုတ်ခဲ့တဲ့ "Double Empathy Problem" သီအိုရီက ဒီအမှန်တရားကို ပွင့်လင်းစွာ မီးမောင်းထိုးပြထားပါတယ်။

- Neurotypical အချင်းချင်း: ပုံမှန်ဦးနှောက်ဖွံ့ဖြိုးသူ (Neurotypical) နှစ်ယောက် စကားပြောတဲ့အခါ စကားလုံးတွေ၊ မျက်နှာအမူအရာနဲ့ ခန္ဓာကိုယ်အမူအရာ (Body Language) တွေကို အလိုလို နားလည်ကြပါတယ်။
- Autistic အချင်းချင်း: အလားတူပဲ Autistic နှစ်ယောက် ဆုံတွေ့တဲ့အခါမှာလည်း သူတို့ရဲ့ တိုက်ရိုက်ကျတဲ့ စကားပြောဟန်၊ ဟန်ဆောင်မှုမရှိတဲ့ ပေါင်းသင်းဆက်ဆံရေးဟန်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အလွန်မြန်ဆန်စွာ နားလည်ကြပြီး နက်ရှိုင်းတဲ့ စာနာမှုကို ပေးနိုင်ကြပါတယ်။
-ကမ္ဘာနှစ်ခု ဆုံတွေ့သည့်အခါ: ပြဿနာက Neurotypical တစ်ယောက်နဲ့ Autistic တစ်ယောက် စကားပြောတဲ့အခါမှ စတင်တာပါ။ ခန္ဓာကိုယ်အမူအရာ ဖတ်ရှုပုံ၊ ခံစားချက် ဖော်ပြပုံချင်း လုံးဝ မတူညီကြတဲ့အတွက် နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်ဘဲ ကွာဟချက် (Communication Gap) ဖြစ်သွားတာ ဖြစ်ပါတယ်။

> အရေးကြီးတဲ့ အချက်ကတော့: ဒါဟာ Autistic ဘက်ကပဲ စာနာစိတ် မရှိတာမဟုတ်ဘဲ၊ Neurotypical ဘက်ကလည်း Autistic တွေရဲ့ ခံစားချက်နဲ့ လိုအပ်ချက်ကို မစာနာနိုင်တာမို့ "နှစ်ဖက်လုံးမှာ ဖြစ်ပေါ်နေတဲ့ ကွာဟချက်" (Double Problem) သာ ဖြစ်ပါတယ်။

Hyper-Empathy: ခံစားချက်တွေ လွန်ကဲစွာ စိမ့်ဝင်နေသည့်အခါ
အံ့ဩစရာကောင်းတာတစ်ခုက Autistic အများစုဟာ စာနာစိတ် နည်းပါးတာထက် "Hyper-Empathy" လို့ခေါ်တဲ့ စာနာစိတ် လွန်ကဲလွန်းတာကို ပိုမိုခံစားရလေ့ ရှိတာပဲ ဖြစ်ပါတယ်။

ဘေးလူတစ်ယောက် ဝမ်းနည်းနေတာ၊ ဒေါသထွက်နေတာ ဒါမှမဟုတ် နာကျင်နေတာကို မြင်တွေ့ရတဲ့အခါ အဲ့ဒီ ခံစားချက်လှိုင်းတွေက သူတို့ရဲ့ ဦးနှောက်ဆီကို တိုက်ရိုက်နဲ့ ပြင်းထန်စွာ စိမ့်ဝင်သွားတတ်ပါတယ်။

ဒီလို ခံစားချက်တွေ ပြည့်နှက်လွန်းသွားတဲ့အခါ (Emotional Overload ဖြစ်တဲ့အခါ) သူတို့ရဲ့ အာရုံကြောစနစ်က ရုတ်တရက် တုံ့ပြန်မှု ရပ်တန့်သွားတာမျိုး (Brain Shutdown) ဖြစ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်က ငြိမ်သက်သွားတာ၊ စကားမပြောတော့တာ ဒါမှမဟုတ် ဘေးကနေ ထွက်သွားတာမျိုး ပြုလုပ်မိတတ်ကြပါတယ်။

ဘေးလူက ကြည့်ရင်တော့ ဒါကို "အေးစက်လိုက်တာ၊ စာနာစိတ်မရှိဘူး" လို့ ထင်မှတ်သွားကြပေမယ့် တကယ်တော့ ရင်ထဲမှာ ခံစားရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ငြိမ်သက်လိုက်ရတာ ဖြစ်ပါတယ်။

Autistic တွေရဲ့ ခံစားချက်ဖော်ပြပုံ ကွဲပြားပုံများ

၁။ Literal Communication (တိုက်ရိုက်ပြောဆိုခြင်း): စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ယူလေ့ရှိပြီး စကားဝှက်များ၊ သရော်စာများကို အလွယ်တကူ မရိပ်မိတတ်ပါ။

၂။ Eye Contact Friction (မျက်လုံးချင်း မကြည့်ခြင်း): စကားပြောစဉ် စာနာပေးနေသော်လည်း စကားလုံးများကို အာရုံစိုက်နိုင်ရန် မျက်လုံးချင်းဆုံကြည့်ခြင်းကို ရှောင်လွှဲတတ်ပါသည်။

၃။ Info-Dumping as Love: မိမိချစ်ခင်ရသူများကို ကူညီရန် သို့မဟုတ် စာနာကြောင်းပြရန် မိမိသိရှိထားသည့် ဗဟုသုတများကို ရှည်လျားစွာ မျှဝေတတ်ကြပါသည်။

ကျွန်ုပ်တို့ ဘာတွေ ပြောင်းလဲစဉ်းစားကြမလဲ?
စာနာစိတ် ဆိုတာ မျက်နှာအမူအရာ ပရိယာယ်များစွာနဲ့ ဟန်ဆောင်ပြသတာတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ တိုက်ရိုက်ကျပြီး ရိုးသားတဲ့ တုံ့ပြန်မှုတွေ၊ လိုအပ်ချိန်မှာ ဘေးနားမှာ အေးဆေးစွာ ကူညီပေးတာတွေဟာလည်း စာနာမှုရဲ့ ပြသနည်း တစ်မျိုးပါပဲ။

ပတ်ဝန်းကျင်မှာ စကားပြောရင် မျက်လုံးချင်း မကြည့်တတ်လို့၊ ဒါမှမဟုတ် ဟန်ဆောင် ပေါင်းသင်းရတာ အဆင်မပြေလို့ "အေးစက်လိုက်တာ" လို့ အထင်လွဲခံထားရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ရှိပါသလား?

ဒီ Post လေးကို share ပေးရင်း သို့မဟုတ် Mention ခေါ်ပေးရင်း "မင်းမှာ စာနာစိတ် မရှိတာ မဟုတ်ပါဘူး၊ မင်းရဲ့ ရင်ဘတ်က ခံစားချက်တွေကို ဖော်ပြတဲ့ နည်းလမ်းချင်း ကွဲပြားနေတာပါ" လို့ နွေးထွေးစွာ အသိပေးလိုက်ပါ။

Dr STH

ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။


🚨 "ဗိုက်ဆာရင် စိတ်တိုတတ်တာ ပုံမှန်ပဲလား?"(ဒါမှမဟုတ် ကိုယ်ကပဲ ဒေါသကြီးနေတာလား...)အလုပ်တွေများလို့ ထမင်းစားချိန်လွန်သွားတဲ...
02/07/2026

🚨 "ဗိုက်ဆာရင် စိတ်တိုတတ်တာ ပုံမှန်ပဲလား?"(ဒါမှမဟုတ် ကိုယ်ကပဲ ဒေါသကြီးနေတာလား...)

အလုပ်တွေများလို့ ထမင်းစားချိန်လွန်သွားတဲ့အခါမျိုးမှာ အလိုလိုနေရင်း စိတ်တိုလာတာ၊ ဘေးနားကလူတွေနဲ့ စကားပြောရတာ စိတ်မရှည်တော့တာမျိုး ကြုံဖူးပါသလား?

အင်္ဂလိပ်လိုဆိုရင်တော့ ဆာလောင်ခြင်း (Hungry) နဲ့ ဒေါသထွက်ခြင်း (Angry) ကိုပေါင်းပြီး "Hangry" ဖြစ်တယ်လို့ သုံးနှုန်းကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်တာဟာ ကိုယ်က စိတ်သဘောထား သေးသိမ်လို့၊ ဒေါသကြီးလို့ မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

🧠 Gut-Brain Axis (အူလမ်းကြောင်းနဲ့ ဦးနှောက် ဆက်သွယ်မှု)

စိတ်ပညာနဲ့ ဆေးပညာမှာ အူလမ်းကြောင်းကို "ဒုတိယ ဦးနှောက်" (Second Brain) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ လူတွေရဲ့ ခံစားချက်ကို တည်ငြိမ်စေပြီး ပျော်ရွှင်စေတဲ့ "Serotonin" ဟော်မုန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ဦးနှောက်ကနေ ထုတ်လုပ်တာမဟုတ်ဘဲ အူလမ်းကြောင်းကနေ အဓိက ထုတ်လုပ်ပေးတာပါ။ ဒါကြောင့် အူလမ်းကြောင်း ကျန်းမာရေးမကောင်းတဲ့အခါ၊ ဒါမှမဟုတ် ဗိုက်ဆာလွန်းတဲ့အခါ အစာအိမ်ကနေတဆင့် ဦးနှောက်ဆီကို စိတ်ဖိစီးမှု (Stress signals) တွေ တိုက်ရိုက်ပို့လွှတ်ပါတယ်။

☕ နေ့စဉ်အကျင့်လေးတွေကစလို့...

နေ့စဉ်ဘဝမှာ ကိုယ်သောက်သုံးနေတဲ့ အစားအသောက်တွေက စိတ်ခံစားမှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။ ဥပမာအနေနဲ့ အလုပ်မှာ ပိုပြီး အာရုံစိုက်နိုင်ဖို့ တစ်နေ့ကို ကော်ဖီ ၃၊ ၄ ခွက်လောက် ဆက်တိုက်သောက်တတ်တဲ့ အကျင့်မျိုးဟာ စိတ်ကို ခေတ္တနိုးကြားစေပေမယ့်၊ ဗိုက်ထဲမှာ အစာမရှိဘဲ အလွန်အကျွံသောက်မိတဲ့အခါ အစာအိမ်ကို ထိခိုက်စေပါတယ်။ အဲ့ဒီအခါ အစာအိမ်ကနေတဆင့် စိုးရိမ်ပူပန်မှု (Anxiety) မြင့်တက်လာသလိုမျိုး လက္ခဏာတွေ၊ စိတ်တိုလွယ်တာတွေကို ဦးနှောက်ဆီ ချက်ချင်း ပို့ဆောင်ပေးတတ်ပါတယ်။

💡 ဘယ်လို ဂရုစိုက်ကြမလဲ?

ဒါကြောင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် ဦးနှောက်နဲ့ အတွေးတွေကိုချည်းပဲ ပြုပြင်နေလို့ မရဘဲ၊ ကိုယ်စားသောက်နေတဲ့ အာဟာရနဲ့ အူလမ်းကြောင်း ကျန်းမာရေးကိုပါ မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သင့်တင့်မျှတတဲ့ အာဟာရစားသုံးခြင်းက စိတ်ခံစားမှုကို များစွာ တည်ငြိမ်စေပါတယ်။

သင့်ပတ်ဝန်းကျင်မှာရော ဗိုက်ဆာရင် စိတ်တိုတတ်တဲ့ သူငယ်ချင်းတွေ ရှိလား? ဒီ Post လေးမှာ သူတို့ကို Mention ခေါ်ပြီး ဂရုစိုက်ဖို့ အသိပေးလိုက်ပါဦး

Dr STH

( ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ )



အပြင်ပန်းကြည့်ရင် Life Goals တွေအကုန်ပြည့်စုံပြီး အောင်မြင်နေတဲ့သူတစ်ယောက်က ညဘက်ဆို ဘာလို့အိပ်မရဘဲ အသက်ရှူကျပ်နေရတာလဲ။"H...
25/06/2026

အပြင်ပန်းကြည့်ရင် Life Goals တွေအကုန်ပြည့်စုံပြီး အောင်မြင်နေတဲ့သူတစ်ယောက်က ညဘက်ဆို ဘာလို့အိပ်မရဘဲ အသက်ရှူကျပ်နေရတာလဲ။

"High-Functioning Anxiety" (အပြင်ပန်းကြည့်ရင် အောင်မြင်နေပေမယ့် ရင်ထဲမှာ အမြဲပူပန်နေတတ်သူများ)

သူငယ်ချင်းတို့ပတ်ဝန်းကျင်မှာ (ဒါမှမဟုတ် ကိုယ်တိုင်ပဲဖြစ်ဖြစ်) ဒီလိုလူမျိုးကို သတိထားမိဖူးလား။

အလုပ်ထဲမှာဆိုရင် Performance က အမြဲ ထိပ်ဆုံးမှာ၊ အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက အားကိုးရတဲ့သူ၊ သူငယ်ချင်းတွေကြားထဲမှာလည်း လူမှုရေးပြေလည်ပြီး အမြဲတက်ကြွပျော်ရွှင်နေတတ်တဲ့သူ။ အပြင်ပန်းကကြည့်ရင်တော့ "ပြီးပြည့်စုံတဲ့သူ" တစ်ယောက်။

ဒါပေမယ့် အဲ့ဒီလူတွေရဲ့ ရင်ထဲမှာတော့

"ငါလုပ်တာ တစ်ခုခုမှားသွားရင် ဒုက္ခပဲ..."
"သူတို့ ငါ့ကို စိတ်ပျက်သွားမလား..."
"ငါ့ထက် တော်တဲ့သူတွေအများကြီးပဲ၊ ငါကတော့ အလကားပါ..." ဆိုတဲ့ အတွေးမျိုးစုံနဲ့ ကမ္ဘာပျက်မတတ် သောကရောက်နေရတာပါ။

စိတ်ပညာအရ ဒါကို "High-Functioning Anxiety" (အလုပ်လုပ်နိုင်စွမ်းမြင့်မားတဲ့ စိုးရိမ်ပူပန်မှုဝေဒနာ) လို့ ခေါ်ဆိုနိုင်ပါတယ်။

သူက ရောဂါရှာဖွေရေးလက်စွဲစာအုပ်တွေထဲမှာ သီးသန့်စိတ်ရောဂါတစ်ခုအဖြစ် တရားဝင်သတ်မှတ်မထားပေမယ့်၊ ဒီနေ့ခေတ် လူငယ်တွေနဲ့ လုပ်ငန်းခွင်သမားတွေကြားထဲမှာ အတော်လေး အဖြစ်များလာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။

High-Functioning Anxiety သမားတွေရဲ့ အတွင်းစိတ်ဒဏ်ရာ (၄) ချက်

၁။ Overachieving

လူတွေကတော့ သူတို့ကို အလုပ်ကြိုးစားတယ်၊ ရည်မှန်းချက်ကြီးတယ်လို့ ထင်ကြတာ။ တကယ်တော့ သူတို့က ကျရှုံးမှာကို သေမတတ်ကြောက်လို့ (Fear of Failure) ကြောင့် မနားတမ်း ရုန်းကန်နေရတာပါ။ အလုပ်တစ်ခုပြီးသွားရင်တောင် အောင်မြင်မှုကို မခံစားနိုင်ဘဲ "နောက်တစ်ခု ဘာမှားဦးမလဲ" ဆိုပြီး Overthinking (အတွေးလွန်ခြင်း) တွေ ဝင်နေတတ်ပါတယ်။

၂။ No လို့ မပြောရဲတဲ့ ရောဂါ (People-Pleasing)

သူတစ်ပါး ငြင်းပယ်မှာ၊ အမုန်းခံရမှာကို အလွန်အမင်း စိုးရိမ်တာကြောင့် ဘယ်သူက ဘာခိုင်းခိုင်း "ရပါတယ်၊ ကျွန်တော်/ကျွန်မ လုပ်ပေးမယ်" ဆိုပြီး လက်ခံတတ်ပါတယ်။ နောက်ဆုံး ကိုယ့်မှာ Stress တွေပိပြီး နေမကောင်းဖြစ်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မိသလို ဖြစ်သွားတတ်ပါတယ်။

၃။ ပြီးပြည့်စုံလွန်းချင်စိတ် (Perfectionism)
အလုပ်တစ်ခုလုပ်ရင် အစက်အပြောက်လေးတစ်ခုတောင် အမှားမခံချင်ဘူး။ ၉၉ မှတ်ရရင်တောင် ဝမ်းမသာနိုင်ဘဲ လျော့သွားတဲ့ ၁ မှတ်အတွက် ရင်ပူနေတတ်တာမျိုးပေါ့။ ဒီလို ပြီးပြည့်စုံချင်စိတ်ကပဲ လူကို တဖြည်းဖြည်း အားအင်ကုန်ခမ်း (Burnout) စေပါတယ်။

၄။ ခန္ဓာကိုယ်က အမြဲ Ready အနေအထား ဖြစ်နေခြင်း

စိတ်ပညာမှာ Fight-or-Flight (တိုက်ပွဲဝင်မလား၊ ထွက်ပြေးမလား) လို့ခေါ်တဲ့ တုံ့ပြန်မှုက သူတို့ဆီမှာ အမြဲတမ်း Active ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အပြင်ပန်း ငြိမ်နေပေမယ့် ရင်တုန်တာ၊ ခြေဖျားလက်ဖျားအေးတာ၊ ပုခုံးနဲ့ ဇာတ်ကြောတွေ တောင့်တင်းနေတာ၊ ညဘက် အိပ်မပျော်တာမျိုးတွေ ခံစားရတတ်ပါတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ ကွဲပြားတဲ့အမြင်
ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာကျတော့ ဒီလိုလူမျိုးတွေကို "အလုပ်အရမ်းကြိုးစားတဲ့ အလိမ္မာတုံးလေး"၊ "တာဝန်သိတတ်တဲ့သူ" ဆိုပြီး ချီးမွမ်းလေ့ရှိကြပါတယ်။

အဲ့ဒီလို ချီးမွမ်းမှုတွေကပဲ သူတို့ရဲ့ ရင်ထဲက သောကတွေကို ဖုံးကွယ်ထားဖို့ ပိုပြီး ဖိအားဖြစ်စေပါတယ်။ "ငါစိတ်ညစ်နေတယ်၊ ကြောက်နေတယ်" လို့ ပြောလိုက်ရင် အားနည်းတဲ့သူလို့ အထင်ခံရမှာ စိုးရိမ်ပြီး "အဆင်ပြေပါတယ်" ဆိုတဲ့ Mask ကို တပ်ထားလိုက်ကြတာ များပါတယ်။

တကယ်တော့ High-Functioning Anxiety ရှိတဲ့သူတွေဟာ အပြင်ပန်းကကြည့်ရင် ဘဲတစ်ကောင် ရေကူးနေသလိုပါပဲ။ ရေပေါ်မှာတော့ အေးအေးလူလူ ငြိမ်ငြိမ်လေး မျောနေတာ၊ ဒါပေမယ့် ရေအောက်မှာတော့ ရေနစ်မသွားအောင် ခြေထောက်တွေကို အဆက်မပြတ် အသည်းအသန် ခတ်နေရရှာတာပါ။

ဒီလိုမျိုး ဖြစ်လာခဲ့ရင် လုပ်ဆောင်နိုင်မယ့် သင့်အတွက် တိုတိုလေးနဲ့ ထိရောက်မယ့် Tips လေးအချို့မျှဝေပေးလိုက်ပါတယ်

- အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ: ရင်ဘတ်ထဲ မွန်းကျပ်လာရင် ၄ စက္ကန့် အသက်သွင်း၊ ၄ စက္ကန့် အောင့်ထား၊ ၄ စက္ကန့် ပြန်ထုတ်တဲ့ (Box Breathing) ကို သုံးကြည့်ပါ။
- Boundary (စည်း) သတ်မှတ်ပါ: ကိုယ် မနိုင်ဝန် ထမ်းနေရပြီဆိုရင် "အားနာပါတယ်၊ အခုလောလောဆယ် ကျွန်မ ဒါကို ကူညီဖို့ အချိန်မရသေးလို့ပါ" လို့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်အောင် ကျင့်ယူပါ။
- ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ: လူတိုင်း မှားတတ်ပါတယ်။ အမှားတစ်ခုက သင့်ရဲ့ တန်ဖိုးကို လျှော့ချပစ်လို့မရပါဘူး။

အလုပ်တွေ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်နိုင်ပါစေ၊ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ရင်းပြီးမှ ရလာတဲ့ အောင်မြင်မှုက သင့်ကို ရေရှည်မှာ ပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။ အပြင်ပန်းက ကောင်းနေဖို့ထက် ကိုယ့်စိတ်ထဲက တကယ်အဆင်ပြေနေဖို့က ပိုအရေးကြီးပါတယ်။

Dr STH

( ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ )


Neuroplasticity (ဦးနှောက်၏ ပြောင်းလဲနိုင်စွမ်း) အသက်ကြီးလာရင် လူက အသစ်အသစ်တွေ မှတ်ရခက်လာတယ်၊ အကျင့်ဟောင်းတွေကို ပြောင်းရ...
17/06/2026

Neuroplasticity (ဦးနှောက်၏ ပြောင်းလဲနိုင်စွမ်း)

အသက်ကြီးလာရင် လူက အသစ်အသစ်တွေ မှတ်ရခက်လာတယ်၊ အကျင့်ဟောင်းတွေကို ပြောင်းရခက်လာတယ်လို့ အလွယ်ပြောတတ်ကြပါတယ်။ "ငါကတော့ ဒီအရွယ်ရောက်မှတော့ ဒါတွေ ဆက်လေ့လာနိုင်မယ် သင်ယူနိုင်မယ် မထင်တော့ပါဘူး ဒီအတိုင်းပဲ နေလိုက်တော့မယ် " ဆိုပြီး လက်လျှော့လိုက်တာမျိုးလည်း ကြုံဖူးကြမှာပါ။

တကယ်တော့ ဒါဟာ တကယ့်အမှန်တရား မဟုတ်ပါဘူး။ ဆေးပညာနဲ့ အာရုံကြောသိပ္ပံ (Neuroscience) အရ ကျွန်တော်တို့ ဦးနှောက်ဟာ ကျောက်တုံးကြီးတစ်ခုလို တောင့်တင်းနေတာ မဟုတ်ဘဲ ရွှံ့စေးလိုမျိုး အချိန်မရွေး ပုံသွင်းလို့ရတဲ့ သဘာဝရှိပါတယ်။ ဒါကို Neuroplasticity (ဦးနှောက်၏ ပြောင်းလဲနိုင်စွမ်း)လို့ ခေါ်ပါတယ်။

အရင်ကတော့ သိပ္ပံပညာရှင်တွေက လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ကလေးဘဝမှာပဲ ဖွံ့ဖြိုးပြီး လူကြီးဖြစ်သွားရင် မပြောင်းလဲတော့ဘူးလို့ ထင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း ရှာဖွေတွေ့ရှိချက်တွေအရတော့ အသက် ၇၀၊ ၈၀ ရောက်ရင်တောင် ဦးနှောက်က ဆဲလ်အသစ်တွေ ထပ်ထုတ်နိုင်သေးသလို၊ ဆဲလ်အချင်းချင်း ချိတ်ဆက်တဲ့ လမ်းကြောင်းအသစ်တွေကိုလည်း အမြဲတမ်း တည်ဆောက်နေနိုင်တုန်းပဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ဒါဆိုရင် ဒီ Neuroplasticity ကို အသုံးချပြီး အသက်အရွယ်မရွေး အလေ့အကျင့်သစ်တွေကို ဘယ်လိုမွေးမြူမလဲဆိုတဲ့ သိပ္ပံနည်းကျ အချက်လေးတွေကို ဆွေးနွေးကြည့်ရအောင်။

ကျွန်တော်တို့ ဦးနှောက်ထဲမှာ အာရုံကြောဆဲလ် (Neurons) တွေ ရှိတယ်ပေါ့။ ကျွန်တော်တို့ နေ့တိုင်းလုပ်နေကျ အကျင့်ဟောင်းတွေဟာ (ဥပမာ - မနက်နိုးနိုးချင်း ဖုန်းကြည့်တာမျိုး) ဆိုရင် ဦးနှောက်ထဲမှာ အဲဒီလို အပြုအမူ လမ်းကြောင်းတွေက နဂိုကတည်းက ရှိနှင့်ပြီးသား အဝေးပြေးလမ်းမကြီးလိုမျိုး စတင်ဖို့ အဆင်သင့် ဖြစ်နေတတ်တယ်။

ဒါပေမယ့် အကျင့်သစ်တစ်ခု (ဥပမာ - မနက်ခင်း စာဖတ်တာမျိုး ဘာသာစကားအသစ် လေ့လာတာမျိုး ) စလုပ်တဲ့အခါကျတော့ တောထဲမှာ လမ်းအသစ်စထွင်ရသလိုမျိုးပါ။ ဒါကြောင့်လဲ အစပိုင်းမှာ တော်တော်လေး ရုန်းကန်ရတတ်ပါတယ် ။ ဒါပေမဲ့ ထပ်ခါတလဲလဲ လုပ်ပေးပါများလာရင် အဲဒီလမ်းအသစ်က တဖြည်းဖြည်း ပွင့်လာပြီး နောက်ပိုင်းမှာ အလိုအလျောက် အကျင့်ဖြစ်သွားတာမျိုးပါ။

ဒီနေရာမှာ အရေးကြီးဆုံး သိပ္ပံနည်းကျ အချက် ၃ ချက် ရှိပါတယ်။

၁ ။ အာရုံစိုက်မှု အပြည့်ပေးခြင်း (Focused Attention)

အလေ့အကျင့်သစ်တစ်ခုကို လုပ်တဲ့အခါ စိတ်မပါတပါ သာမန်ကာလျှံကာ လုပ်ရင် ဦးနှောက်က ဒီလမ်းကြောင်းအသစ်ကို မဖန်တီးပေးပါဘူး။ "ငါ အခု ဒါကို တကယ်လုပ်နေတယ်" ဆိုတဲ့ သတိတရားနဲ့ အာရုံစိုက်မှု အပြည့်ပေးမှသာ ဦးနှောက်ထဲက ပုံစံသစ်ကို ပြောင်းလဲကျင့်သုံးဖို့ အချက်ပြချက် ရရှိတာပါ။

၂။ ထပ်ခါတလဲလဲ ပြုလုပ်ခြင်း (Repetition & Consistency)

သိပ္ပံပညာမှာ “ဆဲလ်တွေ အတူတူ အလုပ်လုပ်ရင်၊ လမ်းကြောင်းတွေ အတူတူ ချိတ်ဆက်မိတယ်” (Neurons that fire together, wire together) ဆိုတဲ့ စကားရှိပါတယ်။
တစ်ရက်ထဲနဲ့ အများကြီးလုပ်တာထက်၊ နေ့တိုင်း နည်းနည်းချင်းစီ မှန်မှန်လေး ထပ်ခါတလဲလဲ လုပ်ပေးတာက ဦးနှောက်ရဲ့ ချိတ်ဆက်မှုကို ပိုခိုင်မာစေတာမျိုးပါ။

၃။ စိတ်ရှည်ဖို့ လိုအပ်ခြင်း (Time and Patience)

အကျင့်ဟောင်းတွေကို ဖျက်ပြီး လမ်းကြောင်းသစ်ဆောက်ဖို့ဆိုတာ ဦးနှောက်အတွက် စွမ်းအင်တော်တော် သုံးရပါတယ်။ ဒါကြောင့် အစပိုင်းမှာ စိတ်ပျက်တာ၊ ပျင်းတာ၊ လက်လျှော့ချင်တာတွေ ဖြစ်လာရင် "ဒါဟာ ငါ့ဦးနှောက်က လမ်းကြောင်းအသစ် ထွင်နေရလို့ ပင်ပန်းနေတာပဲ" လို့ နားလည်ပေးပြီး ဆက်လုပ်ဖို့ လိုပါတယ် ။

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်ပါဘူး။ ကိုယ်ကသာ နေ့တိုင်း ဘာတွေကို တွေးနေလဲ၊ ဘာတွေကို ထပ်ခါတလဲလဲ လုပ်နေလဲဆိုတာပေါ် မူတည်ပြီး ကိုယ့်ဦးနှောက်ကို ကိုယ်တိုင် ပုံသွင်းနေတာပါ။
ဒါကြောင့် "ငါကတော့ ပြောင်းလဲလို့ မရတော့ပါဘူး" ဆိုတဲ့ အတွေးဟောင်းကို ဖယ်လိုက်ပါ။ သင့်ဦးနှောက်ဟာ အခုအချိန်မှာတောင် ပုံစံသစ် ပြောင်းလဲဖို့ အဆင်သင့် ရှိနေတာမို့လို့ အလေ့အကျင့်ကောင်းတွေကို ဒီနေ့ကစပြီး နည်းနည်းချင်းစီ ပုံသွင်းယူကြည့်လိုက်ပါ ။

Dr STH

( ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ )


ADHD (Attention Deficit Hyperactivity Disorder) အလုပ်တစ်ခုကို စလုပ်ဖို့ ဖုန်းလေးကိုင်ရင်းနဲ့တင် နာရီပေါင်းများစွာ အချိန်...
14/06/2026

ADHD (Attention Deficit Hyperactivity Disorder)

အလုပ်တစ်ခုကို စလုပ်ဖို့ ဖုန်းလေးကိုင်ရင်းနဲ့တင် နာရီပေါင်းများစွာ အချိန်ကုန်မှန်းမသိ ကုန်သွားတတ်လား။ လူကတော့ အလုပ်စားပွဲမှာ ထိုင်နေတာပဲ၊ ဒါပေမဲ့ စိတ်ကတော့ ဟိုးအဝေးကြီး ရောက်နေပြီး ဘာကနေ ဘာကို စလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတာမျိုးပေါ့။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလုပ်တစ်ခုခုဆို အချိန်ဆွဲပစ်လိုက်တာ၊ အစီအစဉ်မကျတာ၊ ချိန်းဆိုမှုတွေနဲ့ ပစ္စည်းတွေကို ခဏခဏ မေ့ပစ်တတ်တာကို မြင်ရင် “နင် ပျင်းလို့၊ တာဝန်ယူမှု မရှိလို့၊ စိတ်မပါလို့” ဆိုပြီး အလွယ်တကူ ဆူတတ်၊ တံဆိပ်ကပ်တတ်ကြတာ များပါတယ်။

တကယ်တော့ ဒါဟာ ပင်ကိုယ်စရိုက် ပျင်းရိတာသက်သက် မဟုတ်ဘဲ ADHD (Attention Deficit Hyperactivity Disorder) လို့ခေါ်တဲ့ အာရုံစူးစိုက်မှုဆိုင်ရာ အာရုံကြောဖွံ့ဖြိုးမှု အခြေအနေတစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

အရင်ဆုံး ဒီအကြောင်းကို စိတ်ပညာနဲ့ စိတ်ကျန်းမာရေး ရှုထောင့်ကနေ နည်းနည်းလောက် သေချာရှင်းပြချင်ပါတယ်။ လူအများစုက ဒီလိုမျိုးကို ကလေးတွေမှာပဲဖြစ်ပြီး ဟိုပြေးဒီပြေး ဆော့နေတဲ့ရောဂါလို့ ထင်တတ်ကြပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တဲ့ Adult ADHD က ပိုပြီး သိမ်မွေ့သလို ပိုလည်း ခံစားရခက်တာမျိုးပါ။

စိတ်ကျန်းမာရေး ပညာရပ်အရ ပြောရရင် ဒါဟာ ဦးနှောက်ရဲ့ စီမံခန့်ခွဲမှုစနစ် (Executive Functions) မှာ အလုပ်လုပ်ပုံ ကွဲပြားနေတာပါ ။ အဓိကကတော့ ဦးနှောက်ရဲ့ Prefrontal Cortex အပိုင်းမှာ စိတ်ဝင်စားမှု၊ အာရုံစိုက်မှုနဲ့ တွန်းအား (Motivation) တွေကို ထိန်းညှိပေးတဲ့ အာရုံကြောဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဒိုပါမင်း (Dopamine) နဲ့ နော်အက်ပီနက်ဖရင် (Norepinephrine) ထုတ်လုပ်မှု မျှခြေမရှိတာကြောင့် ဖြစ်တာပါ။ ဒါကြောင့် သူတို့မှာ
လက္ခဏာတွေက အစွန်းနှစ်ဖက် ရောက်နေတတ်ပါတယ်။

တစ်ဖက်မှာ အရေးကြီးပေမဲ့ ပျင်းစရာကောင်းတဲ့ အလုပ်မျိုး (ဥပမာ - စာရင်းဇယားတွေ စစ်တာ၊ စာရွက်စာတမ်း ဖတ်တာ) ဆိုရင် မိနစ်ပိုင်းလေးတောင် အာရုံစိုက်ဖို့ ရုန်းကန်ရတတ်ပါတယ် ။ ဒါကို Executive Dysfunction လို့ ခေါ်ပါတယ်။ စိတ်ထဲက လုပ်ရမယ်မှန်း သိပေမဲ့ လက်တွေ့စလုပ်ဖို့ ခန္ဓာကိုယ်က လှုပ်ရှားမရသလို ဖြစ်နေတာမျိုးပါ။ ပတ်ဝန်းကျင်က ဒါကို အလုပ်ရွှေ့ဆိုင်းခြင်း (Procrastination) လို့ ထင်ပေမဲ့ ကာယကံရှင် စိတ်ထဲမှာတော့ အပြစ်ရှိစိတ်နဲ့ စိုးရိမ်စိတ်တွေ ပြင်းထန်စွာ ခံစားနေရတတ်ပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာကျတော့လည်း ကိုယ်တကယ် စိတ်ဝင်စားတဲ့အရာ (ဥပမာ - ဂိမ်းဆော့တာ၊ ဝါသနာပါတဲ့ အနုပညာတစ်ခုခုလုပ်တာ) ကြုံလာရင် ထမင်းမေ့ဟင်းမေ့ ညလုံးပေါက် အာရုံစိုက်မိပြန်ရော။ ဒါကို စိတ်ပညာမှာ Hyperfocus (အလွန်အကျွံ အာရုံစိုက်ခြင်း) လို့ ခေါ်ပါတယ်။ ဒီအချက်ကြောင့်ပဲ "လုပ်ချင်တာကျလုပ်ပြီး အရေးကြီးတာကျ ပျင်းနေတယ်" လို့ ပတ်ဝန်းကျင်ရဲ့ ပိုပြီး အထင်လွဲ၊ အဆူခံရမှုကို ဖြစ်စေတာပေါ့။

ဒီလိုမျိုး ရေရှည်အထင်လွဲခံရတာ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မရတာတွေကနေတစ်ဆင့် အမြဲတမ်း စိတ်သောကရောက်ရပြီး နောက်ဆက်တွဲအနေနဲ့ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety) နဲ့ စိတ်ကျရောဂါ (Depression) တွေပါ တွဲဖက်ခံစားလာရလေ့ ရှိပါတယ်။

ဒါဆိုရင် ဒီလိုအခြေအနေမျိုး ရှိနေရင် ဘယ်လိုကုသ ထိန်းကျောင်းလို့ ရမလဲ။

၁။ စိတ်ပိုင်းဆိုင်ရာ ပညာပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Psychoeducation & Therapy)

အရင်ဆုံး ဒါဟာ ပျင်းတာမဟုတ်ဘဲ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ ကွဲပြားတာ ဆေးပညာအရ ရှိနေတယ်ဆိုတာကို လက်ခံနားလည်ဖို့ လိုတာပေါ့။ ပြီးရင် အတွေးနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ ကုထုံးဖြစ်တဲ့ CBT (Cognitive Behavioral Therapy) အသုံးပြုပြီး ကိုယ့်ရဲ့ အတွေးတွေကို ပြန်လည်ထိန်းကျောင်းတာ၊ ဒေါသနဲ့ စိတ်ခံစားချက်ကို စီမံခန့်ခွဲတာတွေ လေ့ကျင့်လို့ရပါတယ်။

၂။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် နည်းဗျူဟာများ သုံးခြင်း (Lifestyle & Behavioral Strategies)

အလုပ်တွေကို သေးသေးမွှားမွှား အပိုင်းလေးတွေ ဖြတ်ပြီး လုပ်တာ၊ ဖုန်းထဲမှာ Alarm တွေ၊ Reminder တွေ ပေးထားတာ၊ အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ကို စနစ်တကျ ခွဲခြားပေးတဲ့ Pomodoro ကဲ့သို့သော နည်းစနစ်တွေ အသုံးပြုပြီး ဦးနှောက်ကို ပံ့ပိုးပေးလို့ ရတာမျိုးပေါ့။

၃။ ဆေးဝါးကုသမှု (Medication)

လက္ခဏာတွေက ပြင်းထန်ပြီး နေ့စဉ်လူမှုဘဝနဲ့ လုပ်ငန်းခွင်ကို အကြီးအကျယ် ထိခိုက်နေပြီဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန် (Psychiatrist) နဲ့ တိုင်ပင်ပြီး ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေကို မျှခြေဖြစ်အောင် လုပ်ပေးမယ့် ဆေးဝါးတွေကို စနစ်တကျ သောက်သုံးပြီး ကုသလို့ရပါတယ်။

ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူတွေကို ဘယ်လိုဆက်ဆံသင့်သလဲ။

သူတို့ကို ပျင်းတယ်လို့ လွယ်လွယ်မပြောပါနဲ့။ သူတို့က တမင်သက်သက် ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ “ဒီလောက်လေးကို ဘာလို့ မလုပ်နိုင်ရတာလဲ” လို့ အပြစ်တင်မယ့်အစား အလုပ်တစ်ခုကို သေးသေးလေးတွေ ခွဲလုပ်နိုင်ဖို့ ဘေးကနေ ကူညီပေးတာ၊ အစီအစဉ်တကျဖြစ်အောင် ပံ့ပိုးပေးတာမျိုး လုပ်ပေးသင့်ပါတယ် ။ သူတို့ရဲ့ ထူးခြားတဲ့ Hyperfocus စွမ်းရည်ကို ကောင်းမွန်တဲ့ နေရာတွေမှာ အသုံးချနိုင်အောင် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။

တကယ်လို့ သင်ကော ဒီလိုမျိုး ခဏခဏ ကြုံနေရပြီလား။
ဒီလိုဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ အရင်ရပ်လိုက်ပါ။ ဒါက သင့်ရဲ့ စရိုက်မကောင်းလို့ မဟုတ်ပါဘူး။ လမ်းကြောင်းမှန်တဲ့ ပံ့ပိုးမှုတွေ၊ စနစ်တကျ ထိန်းကျောင်းမှုတွေနဲ့ လိုအပ်ရင် ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေကတစ်ဆင့် ဘဝအရည်အသွေးကို အကောင်းဆုံး ပြန်လည်မြှင့်တင်လို့ ရပါတယ်။

Dr STH

( ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ )


"စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ"ဆေးစစ်ချက်စာရွက်ကြီးကို ကိုင်ပြီး ဘာရောဂါမှမရှိဘူးလို့ အပြောခံရတဲ့အခါ... ...
09/06/2026

"စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ"

ဆေးစစ်ချက်စာရွက်ကြီးကို ကိုင်ပြီး ဘာရောဂါမှမရှိဘူးလို့ အပြောခံရတဲ့အခါ... ဝမ်းသာရမယ့်အစား လူက ပိုပြီး စိတ်ဓာတ်ကျသွားဖူးလား။

ဗိုက်က တကယ်အောင့်နေတာ၊ ရင်ဘတ်ထဲက တကယ်တုန်နေတာ၊ ခေါင်းကလည်း ကွဲမတတ်ကိုက်နေတာ။ ဒါပေမယ့် ဆေးစစ်လိုက်ရင် အဖြေက အမြဲတမ်း "ပုံမှန်" ဆိုတဲ့ အဖြေထွက်နေပါတယ် ။ တကယ် ဝေဒနာခံစားနေရတဲ့ ကိုယ့်အတွက် ကိုယ်တိုင်လည်း ခံရခက်သလို ဘေးကလူတွေကပါ "မင်းကလည်း ဒရာမာခင်းနေပြန်ပြီ" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာတဲ့အခါ လူက တကယ်ကိုယ့်စိတ်ကို နားမလည် ဖြစ်သွားတတ်ပါတယ်။

ဒါ အူကြောင်ကြောင်နိုင်တဲ့ ကိစ္စမဟုတ်သလို ကိုယ်တစ်ယောက်တည်း ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ဆေးပညာမှာ Psychosomatic Symptoms လို့ ခေါ်တဲ့ "စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ" ပါ။

ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ စိတ်ဟာ အပြန်အလှန်ချိတ်ဆက်နေတာပါ။ စိတ်ထဲမှာ စိုးရိမ်တာ၊ ကြောက်တာ၊ မကျေနပ်တာတွေကို မျိုသိပ်ထားပြီး "ငါအဆင်ပြေပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် ညာနေတဲ့အခါ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်အာရုံကြောစနစ် (Autonomic Nervous System) က လိုက်ညာပေးလို့ မရတော့ပါဘူး။

သူက "ဒီမှာ... ငါတို့ အဆင်မပြေတော့ဘူး" ဆိုပြီး ခန္ဓာကိုယ်ရဲ့ အားနည်းတဲ့ အစိတ်အပိုင်းတွေကနေတစ်ဆင့် အချက်ပေးခေါင်းလောင်း ထိုးတော့တာပါပဲ။

အလုပ်ကိစ္စ စိတ်ပူစရာရှိရင်ဖြစ်ဖြစ်၊ လူမှုရေးအဆင်မပြေရင်ဖြစ်ဖြစ် ချက်ချင်း ဗိုက်ရစ်ပြီး ဝမ်းလျှောတတ်တဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာ (IBS)၊ ဘာမှမလုပ်ရဘဲ ပခုံးနဲ့ လည်ပင်းကြီး တောင့်တင်းပြီး ကိုက်ခဲနေတာ၊ ရုတ်တရက် အသက်ရှူလို့မဝဘဲ မွန်းကြပ်လာတာတွေဟာ အဲ့ဒီ အလိုအလျောက်အာရုံကြောစနစ်က ကမောက်ကမ ဖြစ်ကုန်လို့ပါ။

အကိုက်အခဲပျောက်ဆေးတွေ၊ လေဆေးတွေပဲ လှိမ့်သောက်နေလို့ ဒီရောဂါက ဘယ်တော့မှ ပျောက်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြဿနာရဲ့ ဇစ်မြစ်က ခန္ဓာကိုယ်ထဲမှာ ရှိနေတာမဟုတ်ဘဲ ရင်ထဲမှာ ပိတ်မိနေတဲ့ စိတ်ဖိစီးမှုတွေ ဖြစ်နေလို့ပါပဲ။

ဒါပေမယ့် ခုလိုကြောင့် ခန္ဓာကိုယ်ကပြတဲ့ လက္ခဏာတွေအတွက် သောက်နေရတဲ့ဆေးသောက်တာကို မဖြတ်ပစ်ပါနဲ့။ ဒါပေမယ့် ဆေးသောက်နေရင်းနဲ့ပဲ ကိုယ့်စိတ်ကို ဘာတွေက ဒီလောက်အထိ ဖိစီးနေစေတာလဲဆိုတဲ့ အကြောင်းရင်း အမှန်တရားကို ရှာဖွေပြီး ကုသဖို့ လိုပါတယ်။

ခန္ဓာကိုယ်က နာကျင်မှုတွေပြပြီး အော်ဟစ်နေပြီဆိုရင် စိတ်က အကူအညီတောင်းနေပြီဆိုတာ သတိထားမိပါစေ။
ခန္ဓာကိုယ်က ပေးတဲ့ လက္ခဏာတွေကို လျစ်လျူမရှုပါနဲ့၊ အဲ့ဒါ သင့်စိတ်က သင့်ကို စကားလှမ်းပြောနေတာပါ။

Dr STH

( ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။ )

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။


ခွဲခွာခြင်းရဲ့ ဆုံးရှုံးမှု- ‘Ambiguous Loss’ ကိုယ့်ဘဝအတွက် အရေးပါဆုံးသောလူတွေဟာ တခြား ကမ္ဘာ့တစ်ဖက်ခြမ်းမှာ သက်ရှိထင်ရှာ...
04/06/2026

ခွဲခွာခြင်းရဲ့ ဆုံးရှုံးမှု- ‘Ambiguous Loss’

ကိုယ့်ဘဝအတွက် အရေးပါဆုံးသောလူတွေဟာ တခြား ကမ္ဘာ့တစ်ဖက်ခြမ်းမှာ သက်ရှိထင်ရှား ရှိနေသေးပေမယ့်၊ ကိုယ့်ဘဝထဲမှာတော့ မရှိတော့တဲ့အခြေအနေမျိုးတွေ။

ဒီရက်ပိုင်း client လူနာတွေကို စကားပြောဖြစ်တာရော၊ ကိုယ့် Page ရဲ့ Message Box ထဲ စာဝင်ဖတ်ဖြစ်တာရောမှာ အားလုံးနီးပါး တူညီနေတဲ့ ခံစားချက်တစ်ခု ရှိနေပါတယ်။

"ဆရာ... ကျွန်တော်/ကျွန်မ ဘာဖြစ်နေမှန်းမသိဘူး။ ရင်ထဲမှာ အမြဲတမ်း ဟာတာတာနဲ့ တစ်ခုခုကို လွမ်းသလိုလို၊ ဝမ်းနည်းသလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ ဘာကြောင့်လဲလို့ အတိအကျပြောဖို့ကျတော့ ခေါင်းစဉ်ရှာမရဘူး" ဆိုတာမျိုး။

အခြေအနေကို သေချာမေးကြည့်လိုက်တော့မှ သူတို့ချစ်ရတဲ့ မိဘဆွေမျိုးတွေ ချစ်သူရည်းစား အိမ်သူသက်ထား ဒါမှမဟုတ် သူငယ်ချင်းအရင်းခေါက်ခေါက်တွေကို ချန်ထားခဲ့ရပြီး နိုင်ငံရပ်ခြားကို ထွက်ခွာသွားကြလို့ ဖြစ်နေတာပါ။

စိတ်ပညာမှာ ဒါကို ‘Ambiguous Loss’ လို့ ခေါ်ပါတယ်။ သာမန် ရှင်ကွဲကွဲတာထက် ပိုနက်ရှိုင်းပြီး ရေရှည် စိတ်ဒဏ်ရာ (Chronic Trauma) အသွင် ပြောင်းသွားတတ်တဲ့ သဘောရှိပါတယ်။

ထူးဆန်းတာက ဒီဝေဒနာဟာ လူတစ်ယောက် သေဆုံးသွားလို့ ခံစားရတဲ့ ဝမ်းနည်းမှု (Grief) ထက် ပိုပြီး ကုသရခက်တာပဲ။ လူတစ်ယောက် သေဆုံးသွားရင် ကျွန်တော်တို့ ဦးနှောက်က ‘သူမရှိတော့ဘူး’ ဆိုတဲ့ အမှန်တရားကို လက်ခံဖို့ ရက်လည်ဆွမ်းသွတ်တာ၊ နာရေးလုပ်တာ စတဲ့ လူမှုရေးထုံးစံတွေနဲ့ အဆုံးသတ် (Closure) ရှာလို့ရတယ်။ နှလုံးသားက နာကျင်ရပေမဲ့ ပြီးဆုံးခြင်းကို လက်ခံလို့ရပါတယ်။

ဒါပေမဲ့ ဒီ ‘မရေရာတဲ့ ဆုံးရှုံးမှု’ မှာကျတော့ ပြီးဆုံးခြင်းမရှိဘူး။

တစ်ဖက်သူက သက်ရှိထင်ရှား ရှိနေသေးတယ်။ ဖုန်းခေါ်ရင် စကားပြောလို့ရတယ်၊ ဆိုရှယ်မီဒီယာပေါ်မှာ သူ့ပုံတွေ မြင်နေရသေးတယ်။ ဒါပေမဲ့ ကိုယ်ဖျားနာတဲ့အခါ၊ ဝမ်းသာတဲ့အခါ၊ အနားမှာ လက်ဆွဲပြီး အတူရှိပေးစေချင်တဲ့အခါကျတော့ သူက မိုင်ပေါင်းသောင်းချီ ဝေးတဲ့နေရာမှာ။

ရုပ်ပိုင်းဆိုင်ရာအရ မရှိပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ရှိနေသလိုလို၊ ရှိနေပေမဲ့လည်း တကယ်မရှိသလိုလိုနဲ့ လူကို ဇဝေဇဝါ ဖြစ်စေတဲ့ ဒဏ်ရာမျိုး။

အဆိုးဆုံးက ဒီလိုခံစားရတာကို အနားကလူတွေက သိပ်နားမလည်ပေးနိုင်ကြဘူး။ "ဟယ်... နင်က နိုင်ငံခြားမှာ အဆင်ပြေနေတာပဲ၊ ပိုက်ဆံတွေလည်း ပို့ပေးနိုင်တာပဲ၊ ဗီဒီယိုကောလ် ပြောလို့ရတာပဲကို ဘာလို့ ဝမ်းနည်းနေတာလဲ" လို့ အပြောခံရတဲ့အခါ ကိုယ့်ဘာကိုယ်တောင် "ငါပဲ လွန်နေတာလား၊ ငါပဲ စိတ်မခိုင်တာလား" ဆိုပြီး အပြစ်တင်မိတတ်ကြတယ်။ နောက်ဆုံးတော့ ဘယ်သူ့ကိုမှမပြောဘဲ ရင်ထဲမှာပဲ ကြိတ်ပြီး မျိုသိပ်ထားလိုက်ကြရပါတယ်။

ဒါဟာ စိတ်မခိုင်လို့ မဟုတ်ပါဘူး။ လူသားတွေရဲ့ သဘာဝကိုက ချစ်ရတဲ့သူတွေရဲ့ နွေးထွေးမှု၊ အထိအတွေ့နဲ့ တကယ့် တည်ရှိမှုကို လိုအပ်လို့ပါ။ ဖုန်းစခရင်အပြားလေးပေါ်က ပုံရိပ်တစ်ခုက နှလုံးသားရဲ့ လိုအပ်ချက်ကို ရာနှုန်းပြည့် မဖြည့်ဆည်းပေးနိုင်ပါဘူး။

ဒီဒဏ်ရာကို ခံစားနေရပြီဆိုရင် ပထမဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဖို့ပါပဲ။ အဝေးကလူကို လွမ်းရုံတင်မကဘဲ အတူတူရှိခဲ့တဲ့ အချိန်တွေ၊ အနာဂတ်အိမ်မက်တွေကိုပါ ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာဟာ သဘာဝကျပါတယ်ဆိုတာကို လက်ခံပေးလိုက်ပါ။

ဒါ့အပြင် "ငါတို့ ခဏတော့ ဝေးနေရဦးမှာပဲ" ဆိုတဲ့ လက်ရှိအခြေအနေကို ငြင်းဆန်မနေဘဲ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုဖို့ လိုပါတယ်။ အဝေးကလူနဲ့လည်း ပုံမှန်အဆက်အသွယ်လုပ်သလို၊ ကိုယ့်အနားမှာရှိတဲ့ လက်ရှိပတ်ဝန်းကျင်၊ လက်ရှိသူငယ်ချင်းတွေနဲ့လည်း ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းပါ။

ကိုယ်တိုင် ခံစားနေရတာပဲဖြစ်ဖြစ်၊ ကိုယ့်အနားကလူတစ်ယောက် ဒီလိုဖြစ်နေတာကို မြင်ရတာပဲဖြစ်ဖြစ်... ဒါဟာ စိတ်ရောဂါမဟုတ်ဘဲ မရေရာတဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာဆိုတာကို သဘောပေါက်ပေးတာတင်ပဲ အများကြီး သက်သာရာရစေပါတယ်။

ကိုယ်ချင်းစာနာမှုဆိုတာဟာလဲ ဝေးကွာခြင်းရဲ့ ဒဏ်ရာကို ကုသပေးနိုင်တဲ့ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။

စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု
ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။


မိမိစိတ်ခံစားချက်တွေကို ထိန်းချုပ်ခြင်းဒီကာလတွေမှာ ကိုယ့်စိတ်ကို ကိုယ်မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားနေရသလား ဒါမှမဟုတ်...
11/05/2026

မိမိစိတ်ခံစားချက်တွေကို ထိန်းချုပ်ခြင်း

ဒီကာလတွေမှာ ကိုယ့်စိတ်ကို ကိုယ်မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားနေရသလား ဒါမှမဟုတ် စိတ်ခံစားရလွယ်တာ စိတ်အတက်အကျမြန်နေတာမျိုးဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေပြီလား ။

တကယ်တော့ စိတ်ဆိုတာ အတင်းချုပ်တည်းရမယ့် အရာမဟုတ်သလို အထိန်းအကွပ်မရှိ မလွှတ်ထားရမယ့် အရာမဟုတ်ပါဘူး ။ ယဉ်ပါးအောင် မွေးမြူရမယ့် သတ္တဝါလေးတစ်ကောင်လိုပါပဲ။

" Emotional Regulation ဆိုတဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက် လှိုင်းတံပိုးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ "

"စိတ်မတိုနဲ့လေ၊ စိတ်အေးအေးထား" ဆိုတဲ့ စကားက ပြောရတာ လွယ်သလောက် တကယ်တမ်း ဒေါသထွက်နေတဲ့အချိန်မှာ ကြားရရင် ပိုတောင် ဒေါသထွက်ဖို့ ကောင်းပါတယ်။

"စိတ်ကို လျှော့ထားပါ" ဆိုတဲ့ စကားက ကြားရတာ အရမ်းလွယ်ပေမဲ့ တကယ်တမ်း ဒေါသထွက်နေတဲ့အချိန် ဒါမှမဟုတ် ဝမ်းနည်းလွန်းလို့ ရင်ဘတ်ထဲ တစ်ဆို့နေတဲ့အချိန်မှာ အဲဒီစကားက ဘာမှ အသုံးမဝင်သလို ခံစားရတတ်ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အများစုဟာ ခံစားချက်ကို "မြိုသိပ်ထားတတ်တာ" ကို အလေ့အကျင့်ရှိကြပါတယ်။

ဒါပေမဲ့ စိတ်ပညာအရ ပြောရရင် စိတ်ခံစားချက်တွေကို မြိုသိပ်ထားတာဟာ ပေါက်ကွဲခါနီး "မီးတောင်" တစ်လုံးကို ရင်ဘတ်ထဲ ထည့်ထားသလို အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အတင်းအကျပ် နှိပ်ကွပ်စရာမလိုဘဲ ကိုယ့်ရဲ့ စိတ်တွေကို ကျန်းကျန်းမာမာ ဘယ်လိုကျင့်ကြံမလဲဆိုတာ ပြောပြချင်ပါတယ်။

၁။ စိတ်ခံစားချက်က ရန်သူမဟုတ်ပါဘူး

စိတ်တိုတာ၊ ဝမ်းနည်းတာ ဒါမှမဟုတ် ကြောက်ရွံ့တာတွေက ကိုယ့်ကို ဒုက္ခပေးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ သူတို့က ကိုယ့်ဆီကို "သတင်း" လာပို့တဲ့ Messenger တွေပါ။

ဒေါသထွက်လာရင် "ငါ့ရဲ့ စည်းကို တစ်ယောက်ယောက်က ကျော်လာပြီ" လို့ သတင်းပို့တာပါ။
ဝမ်းနည်းလာရင် "ငါ တစ်ခုခုကို တန်ဖိုးထားလို့ ဆုံးရှုံးသွားတာ" လို့ ပြောတာပါ။

သူတို့ကို ရန်သူလို သဘောမထားဘဲ မချုပ်ထိန်းထားဘဲ "ဪ... ငါ့စိတ်ထဲမှာ တစ်ခုခုဖြစ်နေပါလား" လို့ အသိအမှတ်ပြုပေးလိုက်တာကတင် စိတ်ကို ၅၀ ရာခိုင်နှုန်းလောက် ငြိမ်ကျသွားစေပါတယ်။

၂။ ခံစားချက်တွေကို နာမည်တပ်ပေးကြည့်ပါ (Name it to Tame it)

စိတ်ထဲမှာ မအီမသာဖြစ်နေတဲ့အခါ "ငါ အခု ဘာဖြစ်နေတာလဲ" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
"ငါ အခု စိတ်တိုနေတာ" လို့ နာမည်တပ်လိုက်တာနဲ့ ဦးနှောက်ရဲ့ ရှေ့ပိုင်းက အသိဉာဏ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းက အလုပ်လုပ်လာပါတယ်။

ဒါကို စိတ်ပညာမှာတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်လှိုင်းလေးတွေကို နာမည်တပ်ပြီး ယဉ်ပါးအောင်လုပ်တာလို့ ခေါ်ပါတယ်။

အမည်မသိတဲ့ ကြောက်စိတ်ထက် နာမည်တပ်လို့ရတဲ့ စိတ်ခံစားချက်က ကိုင်တွယ်ရ ပိုလွယ်ပါတယ်။

၃။ "တုံ့ပြန်မှု" နဲ့ "ခံစားချက်" ကြားမှာ အချိန်ပေးကြည့်ပါ

စိတ်တိုတဲ့အခါ ချက်ချင်း လက်တုံ့ပြန်လိုက်တာ၊ Post တင်လိုက်တာ ဒါမှမဟုတ် ဖုန်းဆက်ပြီး ပြောလိုက်တာမျိုးက နောင်တရစရာတွေ ဖြစ်လာတတ်ပါတယ်။

စိတ်ထဲမှာ ခံစားချက် အရှိန် အမြင့်ဆုံးတက်နေတဲ့ အချိန်မှာ ခဏလေး အောင့်ထားလိုက်ပါ။ အသက်ကို ပြင်းပြင်းရှူပါ။ ဒီ "၅ စက္ကန့်" ဆိုတဲ့ အချိန်ကလေးက သင့်ကို ကိုယ့်စိတ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုတိုးလာစေပါလိမ့်မယ် ။

၄။ ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့ မမေ့ပါနဲ့ (Self-Compassion)

ကျွန်တော်တို့က သူငယ်ချင်းတစ်ယောက် စိတ်ညစ်ရင် အားပေးတတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကျတော့ "ဘာလို့ ဒီလောက် စိတ်မထိန်းနိုင်ရတာလဲ" လို့ အပြစ်တင်တတ်ကြပါတယ်။

တစ်ခါတလေ စိတ်တိုတာ၊ ဝမ်းနည်းတာက လူသားဆန်တာပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လေလေ စိတ်ရဲ့တုန့်ပြန်မှုက ပိုဆိုးလေလေပါပဲ။

"ဒီနေ့တော့ ငါ့အတွက် ခက်ခဲနေပါလား၊ စိတ်ညစ်နေတာလည်း ဖြစ်နိုင်ပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးလိုက်ပါ။

၅။ စိတ်ရဲ့စွမ်းအင်တွေကို လမ်းကြောင်းပြောင်းပေးပါ

စိတ်ထဲမှာ အရမ်းမွန်းကြပ်လာရင် အခန်းထဲမှာပဲ အောင်းမနေပါနဲ့။
လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ ဒါမှမဟုတ် အိမ်မှုကိစ္စ တစ်ခုခု လုပ်လိုက်တာက စိတ်ထဲက ညစ်ပြီး ထိုင်းမှိုင်းနေတဲ့ စိတ်စွမ်းအင်တွေကို ခန္ဓာကိုယ်လှုပ်ရှားမှုကနေတစ်ဆင့် ထွက်သွားစေပါတယ်။

စိတ်ညစ်နေတဲ့အချိန် ကော်ဖီလေးတစ်ခွက် သောက်ရင်း ခဏလောက် ငြိမ်ငြိမ်လေး နေပေးတာကလည်း ကုထုံးတစ်ခုပါပဲ။

အနှစ်ချုပ်ပြောရရင်...

ကျွန်တော်တို့ဟာ ပင်လယ်ပြင်က လှိုင်းတွေကို တားဆီးလို့ မရပါဘူး။ ဒါပေမဲ့ အဲဒီလှိုင်းတွေကို ဘယ်လိုထိန်းချုပ်ပြီး ကိုယ်လိုသလို အလိုက်သင့် စီးမျောရမလဲဆိုတာကိုတော့ သင်ယူလို့ ရပါတယ်။

စိတ်ကျန်းမာရေးကောင်းတယ်ဆိုတာ စိတ်မညစ်တာကို ပြောတာမဟုတ်ဘဲ စိတ်ညစ်စရာတွေကြားထဲက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်ထိန်းကျောင်းမလဲဆိုတာကို သိတာဖြစ်ပါတယ်။

ဒါကြောင့်

"ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဖိနှိပ် အပြစ်တင် အနိုင်ယူမယ့် အစား အတူတူ ယှဉ်တွဲနေထိုင်တတ်အောင် ကြိုးစားကြည့်ပါ။"

( စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု
ဤစာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများသည်
ပညာရေးနှင့် အသိပညာပေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကျန်းမာရေး ပြဿနာများအတွက်
Individual assessment နှင့် professional consultation လိုအပ်ပါသည်။ )

📩 ပိုမိုဆွေးနွေးရန် Appointment စီစဉ်လိုပါက
Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။


ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+959943861610

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mental Map Mental Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์