Dr. Beast

Dr. Beast ✅ ️For Business Enquries ✅️
[email protected] Dr. Beast is a fitness and nutrition educational channel from Myanmar (Burma).

It was founded in 2019 by doctors and has been sharing medical knowledge and health education. Moreover, it provides weekly and monthly nutrition plans for better physique. Firstly, Dr. Beast started on the social media platform (Facebook). It garnered a huge popularity suddenly and is regarded by the trainees as one of the best weight loss programs in Myanmar. And in 2021, Dr. Beast got onto the

YouTube platform and started sharing valuable videos since then. To this day, Dr. Beast has helped around 600 people (and counting) to lose weight and get fit & healthy with the Personalized Weight Loss Plans.

ဝမ်းအမည်းရောင်သွားတယ်ဆိုတာ အတွင်းမှာ သွေးထွက်နေလို့ပါ🩸🌑ဝမ်းအရောင်ဟာ ကျွန်တော်တို့ရဲ့ အစာခြေစနစ် ကျန်းမာရေးကို ပြသနေတဲ့ ပ...
15/08/2026

ဝမ်းအမည်းရောင်သွားတယ်ဆိုတာ အတွင်းမှာ သွေးထွက်နေလို့ပါ🩸🌑

ဝမ်းအရောင်ဟာ ကျွန်တော်တို့ရဲ့ အစာခြေစနစ် ကျန်းမာရေးကို ပြသနေတဲ့ ပြတင်းပေါက်တစ်ခု ဖြစ်ပါတယ်။ ဝမ်းအမည်းရောင် သွားခြင်းဟာ အများအားဖြင့် အစာအိမ် ဒါမှမဟုတ် အစာခြေလမ်းကြောင်း အပေါ်ပိုင်းမှာ သွေးထွက်နေတယ်ဆိုတဲ့ အရေးကြီးတဲ့ သတိပေးချက် ဖြစ်နိုင်ပါတယ်။

______________________________

ဘာကြောင့် ဝမ်းအမည်းရောင် ဖြစ်ရတာလဲ? 🔬

၁။ အစာခြေလမ်းကြောင်း အပေါ်ပိုင်း သွေးထွက်ခြင်း (Melena) ✅
အစာအိမ် (Stomach) သို့မဟုတ် အူသိမ်ဦးပိုင်း (Duodenum) မှာ သွေးထွက်တဲ့အခါ အဲဒီသွေးတွေဟာ အစာခြေရည် (Acid) တွေနဲ့ ဓာတ်ပြုပြီး အရောင်မည်းသွားပါတယ်။ အဲဒီနောက် အူလမ်းကြောင်း တစ်လျှောက် ဖြတ်သန်းလာပြီး ဝမ်းအဖြစ် ထွက်လာတဲ့အခါ ကတ္တရာစေးလို စေးကပ်ကပ်နဲ့ အမည်းရောင် (Tarry Black Stool) ဖြစ်နေတတ်ပါတယ်။ 📉

၂။ အစာအိမ်အနာ (Peptic Ulcer) 🛡️
ဒါဟာ ဝမ်းအမည်းရောင်သွားခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းပါ။ အစာအိမ်နံရံမှာ အနာဖြစ်ပြီး သွေးထွက်ရာကနေ ဝမ်းအမည်းသွားတာ ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေး (NSAIDs) တွေကို ရေရှည်စွဲသောက်သူတွေမှာ ပိုအဖြစ်များပါတယ်။

၃။ အစာရေမျိုပြွန် သွေးကြောထုံးခြင်း (Esophageal Varices) ⚠️
အသည်းခြောက်ရောဂါ ရှိသူတွေမှာ အစာရေမျိုပြွန်က သွေးကြောတွေ ဖောင်းလာပြီး ပေါက်ထွက်ရာကနေ သွေးအန်ခြင်း သို့မဟုတ် ဝမ်းအမည်းရောင်သွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

______________________________

သွေးထွက်ခြင်းမဟုတ်ဘဲ ဝမ်းမည်းစေသည့် အခြားအကြောင်းရင်းများ 📊

အမြဲတမ်းတော့ သွေးထွက်တာကြောင့် မဟုတ်ဘဲ အောက်ပါအရာတွေကြောင့်လည်း ဝမ်းမည်းနိုင်ပါတယ်

- သံဓာတ်အားဆေး (Iron Supplements) သောက်ခြင်း။ 💊
- အစားအသောက် - ဒန့်ဒလွန်ရွက်၊ ကောက်ညှင်းငါးပိ သို့မဟုတ် အမည်းရောင်ရှိသော အစားအစာများ အလွန်အကျွံစားခြင်း။ 🍱

______________________________

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ချက်ချင်းပြရမလဲ? 🏥

အကယ်၍ ဝမ်းအမည်းရောင် သွားတာနဲ့အတူ အောက်ပါတို့ ဖြစ်လာရင် အရေးပေါ် ကုသမှု ခံယူရပါမယ်

- ဗိုက်အလွန်အမင်း နာကျင်ခြင်း။ 😫
- မူးဝေခြင်း၊ အားနည်းခြင်း သို့မဟုတ် သတိလစ်ချင်သလို ဖြစ်ခြင်း (သွေးအားနည်းလာသည့်လက္ခဏာ)။ 🔋
- ကော်ဖီနှစ်ရောင် သို့မဟုတ် အနီရောင် သွေးများ အန်ခြင်း။ 🩸
- အသက်ရှူမဝခြင်းနှင့် နှလုံးတုန်ခြင်း။ 💓

______________________________

သတိပြုရန် အချက်များ ⚠️

ဝမ်းအမည်းရောင်သွားတာဟာ အစာအိမ်ကင်ဆာ သို့မဟုတ် အူမကြီးကင်ဆာရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကြောင့် မဟုတ်ဘဲ ဝမ်းအမည်းရောင် ခဏခဏ သွားနေရင် ဆရာဝန်နဲ့ပြသပြီး အစာအိမ်မှန်ပြောင်း (Endoscopy) ကြည့်ခြင်းဖြင့် အမြန်ဆုံး အကြောင်းရင်း ရှာဖွေသင့်ပါတယ်။ 🩺

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ သို့မဟုတ် ရှယ်နိုင်ပါတယ်ခင်ဗျာ။

Dr. Beast 📛

⚠️ ဆေးလိပ်ကို ၁ချက်ရှိုက်လိုက်တိုင်းမှာ chemical ဓာတုပစ္စည်း ၇၀၀၀ လောက်က အဆုတ်ထဲကို ဝင်သွားပြီး ခန္ဓာကိုယ်ရဲ့ တခြား အစိတ...
15/08/2026

⚠️ ဆေးလိပ်ကို ၁ချက်ရှိုက်လိုက်တိုင်းမှာ chemical ဓာတုပစ္စည်း ၇၀၀၀ လောက်က အဆုတ်ထဲကို ဝင်သွားပြီး ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားပါတယ်။ (ဒီအထဲမှာ ၆၉ခုက ကင်ဆာဖြစ်စေတဲ့ carcinogen တွေ ဖြစ်ပါတယ်)

⚠️ ကမ္ဘာပေါ်မှာ ကင်ဆာ ၈ခုတိုင်းမှာ ၁ခုက ဆေးလိပ်ကြောင့်ဖြစ်တာ ဖြစ်ပါတယ်။

⚠️ ကင်ဆာကြောင့် အသက်ဆုံးရှုံးမှု ၅ခုတိုင်းမှာ ၁ခုက ဆေးလိပ်က ရတဲ့ ကင်ဆာကြောင့် ဖြစ်တာ ဖြစ်ပါတယ်။

⚠️ ဆေးလိပ်သောက်ခြင်းကိုသာ မတီထွင်ခဲ့ရင်/ မတည်ရှိခဲ့ရင် အဆုတ်ကင်ဆာဆိုတာ ရှားပါးရောဂါ၁မျိုး ဖြစ်နေမှာပါ။

⚠️ ဆေးလိပ်သောက်ခြင်းက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၆၁ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ အစာအိမ်ကင်ဆာဆိုတာ ကြောက်ဖို့ အကောင်းဆုံးနဲ့ အသက်ဆုံးရှုံးစေမှု အမြင့်ဆုံး ကင်ဆာတွေထဲက၁ခုပါ။

⚠️ ပါးစပ်တဝိုက်မှာလည်း ကင်ဆာတွေဖြစ်စေပြီး အစာရေမျို နဲ့ pharynx မှာ ကင်ဆာဖြစ်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်း, larynx ကင်ဆာ ဖြစ်ခြင်းရဲ့ ၇၇ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

⚠️ ဆေးလိပ်က ဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တွေကြောင့် တစ်ကိုယ်လုံးမှာလည်း ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ (အခုဖော်ပြထားတဲ့ ကင်ဆာတွေကိုသာ ဖြစ်စေတာမဟုတ်ပါ)

✅ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့ နောက်ကျနေပြီလို့ မတွေးပါနဲ့။ သင်နောက်ဆုံး သောက်လိုက်တဲ့ ဆေးလိပ်အပြီး ၆နာရီ အကြာမှာ ခန္ဓာကိုယ်က စပြီး ပြန်လည် တည်ဆောက်ဖို့ ပြုပြင်ဖို့လုပ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစ ဆေးလိပ်ဖြတ်မယ်၊ အစားအစာကို သင့်တင့်လျှောက်ပတ်အောင် စားမယ်၊ အသီးအရွက် အသီးအနှံများများစားမယ်၊ အိပ်ရေးဝအောင်အိပ်မယ်၊ ကျန်းမာရေးလိုက်စားမယ်ဆိုရင် ဆေးလိပ်ကို အချိန်ကြာမြင့်စွာ သောက်ခဲ့တယ်ဆိုရင်တောင် ကျန်းမာစွာ အသက်ရှင်နေနိုင်ဖို့ ရာခိုင်နှုန်းကို များစေမှာ ဖြစ်ပါတယ်။

‼️ ၁ခုသတိပြုရမှာက ကိုယ်တိုင်ဆေးလိပ်သောက်မှ ရောဂါဖြစ်မှာမဟုတ်ဘဲ မိမိဘေးမှာ/ အိမ်ထဲမှာ ဆေးလိပ်သောက်လို့ မိမိက မသောက်ဘဲ သူများသောက်တဲ့အငွေ့ကို ရှူမိတယ်ဆိုရင်လည်း အပေါ်က ပြောထားတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။

📩 ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့ သင်ချစ်ရတဲ့သူတွေကို ဒီ post ကို ပြဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။ သင်ကိုယ်တိုင် သောက်တယ်ဆိုရင်လည်း ဖြတ်ဖို့ အသိ၁ခု ဝင်သွားဖို့ မျှော်လင့်ပါတယ်။

သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူခြင်းကြောင့် မိမိမှာ ဘာရောဂါတွေ ဖြစ်စေနိုင်လဲဆိုတာကိုတော့ ကွန်းမန့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ 👇🏻

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅

Dr. Beast 🚭

မျှစ်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ 🎋🍲🚨မျှစ် (Bamboo Shoots) ဟာ မြန်မာ့မီးဖိုချောင်မှာ ဟင်းချို၊ အသုတ်၊ ဟင်း၊ ...
15/08/2026

မျှစ်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ 🎋🍲🚨

မျှစ် (Bamboo Shoots) ဟာ မြန်မာ့မီးဖိုချောင်မှာ ဟင်းချို၊ အသုတ်၊ ဟင်း၊ မျှစ်ချဉ် စသဖြင့် နည်းလမ်းမျိုးစုံနဲ့ စားသုံးလေ့ရှိတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

မျှစ်မှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်အချို့ ပါဝင်တာကြောင့် မျှတတဲ့အစားအသောက်ထဲမှာ ထည့်သွင်းစားသုံးနိုင်ပါတယ်။

ဒါပေမယ့် မျှစ်အစိမ်းမှာ Cyanogenic Glycosides ဆိုတဲ့ သဘာဝအပင်အဆိပ်ဓာတ်တွေ ပါဝင်နိုင်တာကြောင့် မချက်ပြုတ်ဘဲ စားသုံးခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် အလွန်အကျွံ စားသုံးရင် အမျှင်ဓာတ်နဲ့ အခြားဓာတ်ပစ္စည်းတွေကြောင့် အစာအိမ်အူလမ်းကြောင်း မသက်မသာဖြစ်နိုင်ပါတယ်။

ဒီတော့ မျှစ်ကို အတွင်းကျကျ လေ့လာကြည့်ရအောင်

______________________________

မျှစ်စားခြင်း၏ ကောင်းကျိုးများ (Pros) 🔬🩺

၁။ အမျှင်ဓာတ် ကြွယ်ဝခြင်း (Dietary Fiber) 🌾

မျှစ်မှာ အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမှန်စေခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက်အကူပြုခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အမျှင်ဓာတ်ဟာ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားများ အသုံးပြုနိုင်တဲ့ အစားအစာဖြစ်တာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။

၂။ ကယ်လိုရီနည်းပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အထောက်အကူပြုနိုင်ခြင်း (Low Calorie & Fiber) ⚖️✨

မျှစ်ဟာ ကယ်လိုရီနဲ့ အဆီဓာတ် နည်းပါးပြီး အမျှင်ဓာတ် ပါဝင်တာကြောင့် ဗိုက်ပြည့်လွယ်စေနိုင်ပါတယ်။

ဒါကြောင့် ဆီနဲ့ ဆား/ အချိုမှုန့်များများ မထည့်ဘဲ ချက်ပြုတ်စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် သင့်တော်တဲ့ အစားအစာတစ်မျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မျှစ်တစ်မျိုးတည်းစားရုံနဲ့ ဝိတ်ကျသွားမယ်လို့တော့ မဆိုနိုင်ပါဘူး။

၃။ ပိုတက်စီယမ်နှင့် အခြား သတ္တုဓာတ်များ ရရှိနိုင်ခြင်း (Potassium & Minerals) 🫀🥗

မျှစ်မှာ ပိုတက်စီယမ် (Potassium) နဲ့ အခြား သတ္တုဓာတ်အချို့ ပါဝင်ပါတယ်။ပိုတက်စီယမ်ဟာ ပုံမှန် သွေးဖိအားကို ထိန်းညှိရာမှာ အရေးပါတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။

၄။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ပါဝင်မှု 🛡️✨

မျှစ်မှာ Phenolic Compounds နဲ့ အခြား Antioxidant ဒြပ်ပေါင်းအချို့ ပါဝင်နိုင်ပါတယ်။

ဒီဒြပ်ပေါင်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဓာတ်တိုးခြင်း ဖြစ်စဥ်များ Oxidative Stress ကို တုံ့ပြန်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

______________________________

မျှစ်စားခြင်း၏ ဆေးပညာဆိုင်ရာ ဆိုးကျိုးများနှင့် သတိပြုရန်အချက်များ (Cons) ⚠️🚨

၁။ မချက်ပြုတ်ဘဲ စားလျှင် Cyanide အဆိပ်သင့်နိုင်ခြေ 🧪⚠️

မျှစ်အစိမ်းမှာ Cyanogenic Glycosides ဆိုတဲ့ သဘာဝဓာတ်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။

ဒီဓာတ်ပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲမှာ Hydrogen Cyanide (Cyanide) အဖြစ် ပြောင်းလဲနိုင်ပြီး ပမာဏများလာရင် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အသက်ရှူရခက်ခြင်း၊ သတိလစ်ခြင်းစတဲ့ အဆိပ်သင့်လက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မျှစ်ကို အစိမ်း/ မကျက်တကျက် မစားသင့်ဘဲ သေချာပြင်ဆင်ပြီး ပြုတ်ချက်စားသုံးရပါမယ်။

၂။ လေပွခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အစာအိမ်အူလမ်းကြောင်း မသက်မသာဖြစ်ခြင်း 💨

အမျှင်ဓာတ်များတဲ့အစားအစာတွေကို တစ်ခါတည်း ပမာဏများများ စားသုံးရင် လေပွခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းဗိုက်မသက်မသာဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

၃။ ဂေါက်ရောဂါရှိသူများ သတိပြုရန် 🦴⚠️

မျှစ်ထဲမှာ Purine နဲ့ အခြား Nitrogen-containing compounds အချို့ ပါဝင်တတ်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါရှိသူတွေအနေနဲ့ မျှစ်ကို အလွန်အကျွံ မစားသင့်ဘဲ မိမိရဲ့ အစားအသောက်ပုံစံ တစ်ခုလုံးနဲ့ ယူရစ်အက်ဆစ် Uric Acid အခြေအနေကို ထည့်သွင်းစဉ်းစားပြီး စားသုံးတာ ပိုသင့်တော်ပါတယ်။ အခုနောက်ပိုင်းမှာ မျှစ်မှာ ဂေါက်ကို ရောဂါပိုဆိုးစေလောက်အောင် purine မပါဘူးဆိုတဲ့ လေ့လာချက်တွေ အယူအဆတွေလည်း ရှိပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့အဖြေတွေ ဆန်းစစ်ချက်တွေ ရှိလာဖို့ကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

၄။ သိုင်းရွိုက်အတွက် အလွန်အကျွံ စားသုံးခြင်းကို သတိပြုရန် 🦋⚠️

မျှစ်ဟာ Cyanogenic Compounds ပါဝင်တဲ့ အပင်အစားအစာတစ်မျိုး ဖြစ်တာကြောင့် သိုင်းရွိုက်ဟော်မုန်းလုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ သီအိုရီနဲ့ ဓာတ်ခွဲခန်းအထောက်အထားအချို့ ရှိပါတယ်။

ဒါပေမယ့် ပုံမှန်အစားအစာအဖြစ် သေချာချက်ပြုတ်ထားတဲ့ မျှစ်ကို စားသုံးတာကြောင့် ကျန်းမာတဲ့ လူတိုင်းမှာ သိုင်းရွိုက်ရောဂါ ဖြစ်စေတယ်လို့ ခိုင်မာတဲ့ လူသားဆိုင်ရာ အထောက်အထား မရှိပါဘူး။ သို့ပေမယ့် မပေါ့ဆတာတော့ အကောင်းဆုံးပါ။

ဒါကြောင့် လည်ပင်အကျိတ် (သိုင်းရွိုက်) ရောဂါရှိသူတွေနဲ့ အိုင်အိုဒင်းဓာတ်နည်းသူတွေကတော့ ဆရာဝန်နဲ့ အရင် တိုင်ပင်နိုင်ပါတယ်။

______________________________

Dr. Beast ၏ မျှစ်စားသုံးနည်း လမ်းညွှန်ချက် 💡👨‍⚕️

- သေချာ ပြင်ဆင်ပြီး ချက်စားပါ: မျှစ်အစိမ်းကို မစားပါနှင့်။ သေချာသန့်စင်ပြီး ကျက်အောင် ချက်ပြုတ်စားသုံးပါ။ အရင်ဆုံး ပြုတ်လိုက်ရင်တော့ ပိုကောင်းပါတယ်။ အဓိကရည်ရွယ်ချက်က Cyanogenic Glycosides နဲ့ အခြား ရေထဲပျော်ဝင်နိုင်တဲ့ ဓာတ်ပစ္စည်းတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ ပြုတ်တဲ့ရေကို ပြန်မသုံးပါနဲ့၊ သွန်ပစ်ပါ။ 🎋🍲

- မျှစ်ချဉ် စားသုံးပါက သန့်ရှင်းမှု ဂရုစိုက်ပါ: မျှစ်ချဉ်မှာ ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်းနဲ့ အပူချိန် မမှန်ကန်ရင် အစားအစာပိုးမွှား အန္တရာယ် ရှိနိုင်တာကြောင့် သန့်ရှင်းစွာ ပြုလုပ်ထားပြီး စနစ်တကျ သိမ်းဆည်းထားတဲ့ မျှစ်ချဥ်ကို ရွေးချယ်ပါ။ 🦠

- သင့်တင့်ရုံ စားသုံးပါ: မျှစ်ဟာ အတန်အသင့်စားရင် အစားအစာကောင်းတစ်ခု ဖြစ်နိုင်ပေမယ့် များရင် ဘေးလည်းဖြစ်စေနိုင်တာကြောင့် ဟင်းသီးဟင်းရွက်၊ ပဲ၊ အသားငါးနဲ့ အခြား အာဟာရပြည့်ဝတဲ့ အစားအစာများနဲ့ မျှတစွာ စားသုံးပါ။ 🥗

______________________________

နိဂုံးချုပ်အနေနဲ့ မျှစ်ဟာ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ အပင်မှရတဲ့ အကျိုးပြုဒြပ်ပေါင်းအချို့ ပါဝင်တဲ့ အာဟာရရှိသော အစားအစာတစ်မျိုး ဖြစ်ပါတယ်။

ဒါပေမယ့် မျှစ်အစိမ်းမှာ Cyanogenic Glycosides ပါဝင်နိုင်တာကြောင့် မချက်ပြုတ်ဘဲ စားသုံးခြင်းကို ရှောင်ရပါမယ်။

စနစ်တကျ ပြင်ဆင်ပြီး သေချာချက်ပြုတ်ထားတဲ့ မျှစ်ကို သင့်တင့်တဲ့ ပမာဏနဲ့ စားသုံးမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်မျိုးအဖြစ် စားသုံးနိုင်ပါတယ်။ ဂေါက်ရောဂါနဲ့ လည်ပင်းအကျိတ် (သိုင်းရွိုက်) ရောဂါအခံရှိသူများကတော့ သတိထားရပါမယ်။👍✨💯

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ သို့မဟုတ် ရှယ်နိုင်ပါတယ်ခင်ဗျာ။ 📲🔄

Dr. Beast 🎋🧠

ဗိုက်ခေါက်နှင့် နှလုံးရောဂါဖြစ်နိုင်ခြေ 🚨ဗိုက်ခေါက်ထွက်ခြင်း သို့မဟုတ် ခါးအတိုင်းအတာ ကြီးမားလာခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ...
14/08/2026

ဗိုက်ခေါက်နှင့် နှလုံးရောဂါဖြစ်နိုင်ခြေ 🚨

ဗိုက်ခေါက်ထွက်ခြင်း သို့မဟုတ် ခါးအတိုင်းအတာ ကြီးမားလာခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ အလှအပဆိုင်ရာ ကိစ္စတစ်ခုတင် မဟုတ်ပါဘူး။ ဒါဟာ သင့်ရဲ့ နှလုံးကျန်းမာရေးကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ အတွင်းပိုင်း အဆီတွေ ရှိနေတယ်ဆိုတဲ့ ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်ပါတယ်။

______________________________

ဗိုက်ခေါက်မှာ ဘယ်လိုအဆီတွေ ရှိနေသလဲ? 🔬

ဗိုက်မှာရှိတဲ့ အဆီကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

၁။ အရေပြားအောက် အဆီ (Subcutaneous Fat) -အကြမ်းအားဖြင့် လက်နဲ့ ဆွဲလိုက်ရင် ပါလာတဲ့ အပြင်ဘက်က အဆီတွေ ဖြစ်ပါတယ်။

၂။ ကိုယ်တွင်းအင်္ဂါအဆီ (Visceral Fat) - ဒါဟာ အန္တရာယ်အရှိဆုံး အဆီ ဖြစ်ပါတယ်။ ဝမ်းဗိုက်အတွင်းပိုင်းက အသည်း၊ ပန်ကရိယနဲ့ အူလမ်းကြောင်း တစ်ဝိုက်မှာ တွယ်ကပ်နေတဲ့ အဆီတွေ ဖြစ်ပါတယ်။ ✅

______________________________

ဗိုက်ခေါက်က နှလုံးကို ဘယ်လို ဒုက္ခပေးသလဲ? 📊

- ရောင်ရမ်းမှုများ ဖြစ်စေခြင်း - ကိုယ်တွင်းအင်္ဂါအဆီ (Visceral fat) တွေဟာ သာမန် အဆီဆဲလ်တွေလို ငြိမ်မနေဘဲ Cytokines လို့ခေါ်တဲ့ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်ပေးပါတယ်။ ဒီပစ္စည်းတွေက သွေးကြောနံရံတွေကို ရောင်ရမ်းစေပြီး သွေးကြောကျဉ်းရောဂါကို ဖြစ်စေပါတယ်။ 📉

- ကိုလက်စထရော ပုံစံပြောင်းလဲခြင်း - ဗိုက်အဆီ များသူတွေမှာ မကောင်းတဲ့ ကိုလက်စထရော (LDL) နဲ့ Triglycerides တွေ မြင့်တက်လာပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) တွေ လျော့နည်းသွားတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်ဖို့အတွက် လမ်းစပါပဲ။ 🛡️

- သွေးတိုးခြင်း - ဗိုက်အဆီတွေက ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို ဖိအားပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် (ဆားဓာတ်) တွေ များလာပြီး သွေးတိုးရောဂါကို ဖြစ်ပေါ်စေတတ်ပါတယ်။ 🩸

- အင်ဆူလင် မတိုးတော့ခြင်း (Insulin Resistance) - ဗိုက်အဆီကနေ ထွက်တဲ့ ဓာတုပစ္စည်းတွေက အင်ဆူလင် ဟော်မုန်းရဲ့ အလုပ်လုပ်ပုံကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာပြီး ဆီးချိုရှိရင် နှလုံးရောဂါ ဖြစ်ဖို့ ပိုလွယ်သွားပါတယ်။ 🧠

______________________________

မိမိမှာ အန္တရာယ်ရှိမရှိ ဘယ်လိုတိုင်းမလဲ? 📏

ကိုယ်အလေးချိန် (Weight) တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ ခါးအတိုင်းအတာကိုလည်း တိုင်းကြည့်ပါ။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အာရှသားများအတွက် အတိုင်းအတာများကတော့

၁။ အမျိုးသားများ (Men) 👨
- ၃၅.၅ လက်မ (၉၀ စင်တီမီတာ) နှင့် အထက်- ကျန်းမာရေး အန္တရာယ် စတင်ရှိနေပြီ ဖြစ်ပါတယ်။

၂။ အမျိုးသမီးများ (Women) 👩
- ၃၁.၅ လက်မ (၈၀ စင်တီမီတာ) နှင့် အထက်- ကျန်းမာရေး အန္တရာယ် စတင်ရှိနေပြီ ဖြစ်ပါတယ်။

______________________________

ဘယ်လို လျှော့ချမလဲ? 🛡️

၁။ သကြားနှင့် အချိုဓာတ်ကို ဖြတ်ပါ - ဗိုက်ခေါက်ထွက်ရခြင်းရဲ့ အဓိကတရားခံဟာ သကြားဖြစ်ပါတယ်။ အချိုရည်တွေနဲ့ အချိုကဲတဲ့ မုန့်တွေကို ရှောင်ပါ။ 🚫

၂။ ပရိုတင်းနှင့် အမျှင်ဓာတ် တိုးစားပါ - အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးခြင်းက ဗိုက်ပြည့်လွယ်စေပြီး ဗိုက်အဆီကို ကျစေပါတယ်။ 🥗

၃။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ - ဗိုက်တစ်ခုတည်းကိုပဲ လေ့ကျင့်ခန်းလုပ်တာထက် တစ်ကိုယ်လုံး အဆီကျစေမယ့် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနဲ့ အလေးမခြင်း (Resistance Training) တို့ကို တွဲလုပ်ရပါမယ်။ 🏋️‍♂️

______________________________

သတိပြုရန် အချက်များ ⚠️

ဗိုက်ခေါက်ထွက်တာဟာ သက်သောင့်သက်သာရှိတဲ့ လက္ခဏာမဟုတ်ဘဲ နှလုံးရောဂါရဲ့ အချက်ပေးသံ ဖြစ်ပါတယ်။ အခုကစပြီး ခါးအတိုင်းအတာကို ထိန်းညှိခြင်းက သင့်နှလုံးကို ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှည်စေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ 🩺

______________________________

နိဂုံးချုပ်အနေနဲ့ ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်ဖို့အတွက် ဝမ်းဗိုက်အဆီကို စနစ်တကျ လျှော့ချဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပြီး ဗိုက်ခေါက်ကို အမြ စစ်ဆေးပါ။ 💪

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ သို့မဟုတ် ရှယ်နိုင်ပါတယ်ခင်ဗျာ။

Dr. Beast 📛

ဈေးသက်သာပြီး လွယ်လင့်တကူ ရနိုင်တဲ့ ကင်ဆာကာကွယ်ပေးတဲ့ ဆေးများ 💊ကင်ဆာကို ကာကွယ်မယ်၊ ကျန်းမာရေးကောင်းစေမယ် စသည်ဖြင့် ခေါင်း...
14/08/2026

ဈေးသက်သာပြီး လွယ်လင့်တကူ ရနိုင်တဲ့ ကင်ဆာကာကွယ်ပေးတဲ့ ဆေးများ 💊

ကင်ဆာကို ကာကွယ်မယ်၊ ကျန်းမာရေးကောင်းစေမယ် စသည်ဖြင့် ခေါင်းစဥ်တွေ မြင်တိုင်း လူတွေက ဈေးကြီးတဲ့ ဆေးဝါးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ လူအများစု မေ့နေတတ်ကြတာက ဆေးလည်းအစာ၊ အစာလည်းဆေး ဆိုတာပါ။ စားတတ်ရင် မိမိစားနေကျ အစားအစာတွေကို ဆေးဖြစ်အောင် စားသုံးလို့ရပါတယ်။

ဆေးဆိုင်မှာ ဈေးကြီးပေးဝယ်ရတဲ့ အာဟာရဖြည့်စွက်ဆေးတွေထက် မိမိတို့ရဲ့ နေ့စဉ် မီးဖိုချောင်မှာ လွယ်လင့်တကူ ရရှိနိုင်ပြီး ကင်ဆာဆဲလ်တွေကို တားဆီးပေးနိုင်တဲ့ "သဘာဝ ကင်ဆာကာကွယ်ရေး ဆေးများ" ကို ခွဲခြမ်းစိတ်ဖြာ တင်ပြပေးလိုက်ပါတယ်။

______________________________

ဈေးသက်သာပြီး လွယ်လင့်တကူရသည့် ကင်ဆာကာကွယ်ပေးသော အစားအစာများ 🔬🩺

၁။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ (Garlic & Onions) 🧄

- ပါဝင်သော ဓာတ်များ: Allicin နှင့် Organosulfur ဒြပ်ပေါင်းများ
- ကျန်းမာရေး အကျိုးကျေးဇူး: အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဖြစ်ပါတယ်။ ကြက်သွန်ဖြူကို မချက်ပြုတ်မီ ဓားဖြင့် လှီးပြီး/ထောင်းပြီး မိနစ် ၁၀ ခန့် ထားပေးပါက Allicin ဓာတ် ပိုမို ထွက်ရှိလာတတ်ပါတယ်။

၂။ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီနှင့် ကိုက်လန် (Cruciferous Vegetables) 🥦

- ပါဝင်သော ဓာတ်များ: Sulforaphane နှင့် Indole-3-carbinol
- ကျန်းမာရေး အကျိုးကျေးဇူး: အချို့သော တိရိစ္ဆာန်များမှာ လေ့လာဆန်းစစ်မှုများအရ ကင်ဆာတွေရဲ့ ကြီးထွားမှုကို တားဆီးပေးပါတယ်။ ဆက်လက်လေ့လာဖို့တော့ လိုပါသေးတယ်။

၃။ ခရမ်းချဉ်သီး (Tomatoes) 🍅

- ပါဝင်သော ဓာတ်များ: Lycopene
- ကျန်းမာရေး အကျိုးကျေးဇူး: ခရမ်းချဉ်သီးတွင် ပါဝင်သော Lycopene သည် ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အစာအိမ်ကင်ဆာများကို ကာကွယ်နိုင်တဲ့ ဆိုတဲ့ လေ့လာချက်တွေ ရှိပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းစားသည်ထက် ဆီအနည်းငယ်ဖြင့် ချက်ပြုတ်စားသုံးပါက Lycopene ဓာတ်ကို စုပ်ယူမှု ပိုမို အားကောင်းစေပါတယ်။ အစိမ်းကြိုက်လို့ အစိမ်းစားလည်း အာနိသင်ကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

၄။ နနွင်းခါး/နနွင်းတက် (Turmeric) 💛

- ပါဝင်သော ဓာတ်များ: Curcumin
- ကျန်းမာရေး အကျိုးကျေးဇူး: ရောင်ရမ်းမှုကို ကျစေပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းနှင့် သွေးကြောသစ် အခိုင်အမာ တည်ဆောက်ခြင်း (Angiogenesis) ကို ဟန့်တားပေးနိုင်ပါတယ်။ နနွင်းကို ငရုတ်ကောင်းနက် အနည်းငယ်နှင့် တွဲဖက် စားသုံးပါက စုပ်ယူမှုနှုန်း အဆ ၂၀ခန့် ထိ မြင့်တက်သွားလေ့ရှိပါတယ်။

၅။ လက်ဖက်ရည်ကြမ်း / ရေနွေးကြမ်း (Green Tea) 🍵

- ပါဝင်သော ဓာတ်များ: Epigallocatechin Gallate (EGCG)
- ကျန်းမာရေး အကျိုးကျေးဇူး: အင်တီအောက်ဆီးဒင့် မြင့်မားစွာ ပါဝင်သောကြောင့် ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များကို ဟန့်တားနိုင်ပါတယ်။

၆။ ပဲအမျိုးမျိုးနှင့် နှမ်း/အစေ့အဆန်များ (Beans & Seeds) 🫘

- ပါဝင်သော ဓာတ်များ: Dietary Fiber နှင့် Phytoestrogens။
- ကျန်းမာရေး အကျိုးကျေးဇူး: ဂျုံကြမ်း၊ ပဲအမျိုးမျိုးနဲ့ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ပုံမှန်စားသုံးခြင်းဟာ အူမကြီးကင်ဆာအန္တရာယ်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

______________________________

Dr. Beast ၏ ကင်ဆာကာကွယ်ဖို့ စားသောက်နေထိုင်ရေး လမ်းညွှန်ချက် 💡

အထက်ပါ အစားအစာတွေက ကင်ဆာကို တားဆီးလျှော့ချဖို့ အထောက်အကူပြုတဲ့ လွယ်လင့်တကူ ဈေးသက်သက်သာသာ ရနိုင်တဲ့ အရာတွေပါ။ ဒါပေမယ့် အဲ့ဒီ အစားအစာတွေကပဲ ကင်ဆာကို တားဆီးပေးတယ် သို့မဟုတ် ကင်ဆာဆဲလ်တွေကို သတ်ပစ်တယ်လို့တော့ မယူဆသင့်ပါဘူး။

ကင်ဆာကာကွယ်ရေးအတွက် အကောင်းဆုံးအကျိုးကျေးဇူးက အစားအစာတစ်မျိုးချင်းစီထက် ကျန်းမာတဲ့ အစားအသောက်ပုံစံတစ်ခုလုံးကို ရေရှည်လိုက်နာခြင်းကနေ ရရှိပါတယ်။

ကင်ဆာကာကွယ်သည့် အစားအစာများကို စားသုံးသည့်အပြင် အောက်ပါ အလေ့အကျင့်များကိုပါ ပူးတွဲ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ် -

- ပြုပြင်ဖန်တီးထားသော အစားအစာများ ရှောင်ပါ: ဝက်အူချောင်း၊ အကင်များ၊ စာပွဲတင်ဆီနှင့် တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများကို ရှောင်ကြဉ်ပါ။ 🥓❌
- ဟင်းသီးဟင်းရွက် အစုံအလင် စားပါ: တစ်နေ့တာ အစားအစာတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို အရောင်အသွေး စုံလင်စွာ (Rainbow Diet) ပါဝင်အောင် စားသုံးပါ။ 🥗
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ: တစ်ပတ်လျှင် အနည်းဆုံး ၁၅၀ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် အင်ဆူလင်နှင့် ဟော်မုန်းများ မျှတစေပြီး တစ်ကိုယ်လုံးကျန်းမာစေတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 🏃

______________________________

နိဂုံးချုပ်အနေနဲ့ ကျန်းမာဖို့ဆိုတိုင်း ဈေးကြီးစရာမလိုပါဘူး။ ပုံမှန် မိမိတို့ ပတ်ဝန်းကျင်မှာ လွယ်လင့်တကူ ရရှိနိုင်တဲ့ ဟင်းသီးဟင်းရွက်၊ သဘာဝ အစေ့အဆန်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပုံမှန် စနစ်တကျ စားသုံးပေးခြင်းဖြင့်လည်း ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ Dr. Beast ရဲ့ စာဖတ် ပရီတ်သတ်များလည်း ကျန်းမာကြံ့ခိုင်ပြီး အနာရောဂါကင်းဝေးကြပါစေ ခင်ဗျာ။ 👍 ✨💯

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ခင်ဗျာ။ 📲🔄

Dr. Beast 🥦🍎

🇲🇲 ရန်ကုန် ဝမ်းပျက်ဝမ်းလျှော: ဘယ်လိုကာကွယ်မလဲ? ဘယ်လိုကုသမလဲ?💧🍽️🚨ရန်ကုန်မြို့ မြို့နယ်အချို့မှာ လတ်တလော ဝမ်းပျက်ဝမ်းလျှော...
14/08/2026

🇲🇲 ရန်ကုန် ဝမ်းပျက်ဝမ်းလျှော: ဘယ်လိုကာကွယ်မလဲ? ဘယ်လိုကုသမလဲ?💧🍽️🚨

ရန်ကုန်မြို့ မြို့နယ်အချို့မှာ လတ်တလော ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များနေကြတယ်လို့ Facebook မှာ post တွေ ခပ်စိပ်စိပ်တွေ့နေရပါတယ်။ ထို့ကြောင့် မိဘပြည်သူများအနေနဲ့ ကျန်းမာရေးအတွက် အောက်ပါ ကာကွယ်ရေးနှင့် ကုသရေး လမ်းညွှန်ချက်များကို အထူးသတိပြု လိုက်နာဆောင်ရွက်သင့်ပါတယ်။

______________________________

၁။ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် မည်သို့ ကာကွယ်ရမလဲ? (Prevention) 🛡️

ဝမ်းပျက်ဝမ်းလျှောရောဂါက မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် အဓိက ကူးစက်တတ်ပါတယ်။

- ရေကို ကျိုချက်သောက်ပါ: သောက်ရေ၊ အသုံးပြုမည့်ရေကို ဆူပွက်အောင် သေချာ ကျိုချက်ပြီးမှ သောက်သုံးပါ။ (ရေခဲတုံးများ၊ မသန့်ရှင်းသော သောက်ရေသန့်ဗူးများ၊ ရေပိုက်ခေါင်းမှ တိုက်ရိုက်သောက်ခြင်းများကို ရှောင်ကြဉ်ပါ)။ 🚰

- လမ်းဘေးစာများနှင့် အစိမ်းများကို ခေတ္တရှောင်ပါ: လမ်းဘေးမုန့်များ၊ မသန့်ရှင်းသော အသုတ်များ၊ သင်္ဘောသီးသုတ်၊ ဝက်သားဒုတ်ထိုးနှင့် အချဉ်ပေါင်းများကို လတ်တလော စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ မဖြစ်မနေစားရပါကလည်း သန့်ရှင်းလတ်ဆတ်မှုကို ကြည့်ပြီးမှ စားပါ။ 🥗❌

- ကျက်အောင် ချက်ပြုတ်ပါ: အစားအစာများကို ကျက်အောင် ချက်ပါ၊ ပူပူနွေးနွေး စားသုံးပါ။ ယင်ကောင်၊ ဖြုတ် မနားစေရန် သေချာ ဖုံးအုပ်ထားပါ။ 🍲✨

- လက်ကို စနစ်တကျ ဆေးကြောပါ: အိမ်သာသွားပြီးတိုင်း၊ ထမင်းမစားမီနှင့် အစားအစာ မကိုင်တွယ်မီ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောပါ။ 🧼

- အသီးအနှံများကို စနစ်တကျ ဆေးပါ: မချက်ပြုတ်ဘဲ စားမည့် အသီးအနှံများကို သန့်ရှင်းသော ရေဖြင့် စနစ်တကျ ဆေးကြောပြီးမှ အခွံနွှာ စားသုံးပါ။ 🍎

______________________________

၂။ ဖြစ်လာပါက မည်သို့ ပြုစုကုသရမလဲ? (First Aid & Treatment) 🩺

ဝမ်းလျှောပါက အဓိက အန္တရာယ်မှာ ရေဓာတ်နှင့် ဆားဓာတ် ခမ်းခြောက်ခြင်း (Dehydration) ဖြစ်ပါတယ်။

- ဓာတ်ဆားရေ (ORS) သောက်ပါ: ဝမ်းလျှောစတင်တာနဲ့ ဓာတ်ဆားရည်ကို နည်းနည်းစီ၊ မကြာခဏ သောက်ပေးပါ။ အန်ချင်နေတယ်ဆိုရင်လည်း တစ်ခါတည်း အများကြီး မသောက်ဘဲ အနည်းငယ်စီ မကြာခဏ သောက်တာ ပိုအဆင်ပြေနိုင်ပါတယ်။ ကာလဝမ်းရောဂါလို့ သံသယရှိရင် ORS ကို ချက်ချင်းစတင်ပြီး ဆေးကုသမှု ချက်ချင်းရယူသင့်ပါတယ်။

- အစားမနည်းသွားပါစေနှင့်: ဝမ်းလျှောနေချိန်မှာ အစာလုံးဝဖြတ်ထားဖို့ မလိုပါဘူး။ ခံနိုင်ရည်ရှိသလို ဆန်ပြုတ်၊ ထမင်းပျော့၊ စွပ်ပြုတ်၊ ငှက်ပျောသီး၊ အာဟာရရှိတဲ့ အစားအစာတွေကို ဆက်လက်စားသုံးပါ။

- ဝမ်းပိတ်ဆေး မသောက်ပါနှင့်: ဆရာဝန် ညွှန်ကြားချက်မပါဘဲ လမ်းဘေးဆိုင်များမှ ဝမ်းပိတ်ဆေး (Anti-diarrheal agents) များကို မဝယ်သောက်ပါနှင့်။ ခန္ဓာကိုယ်ထဲမှ မကောင်းသော ဗိုင်းရပ်စ်/ဘက်တီးရီးယားများကို ထွက်ခွာခွင့် မပေးဘဲ ပိတ်ထားသကဲ့သို့ ဖြစ်စေပြီး ရောဂါကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။ 💊❌

______________________________

၃။ ဘယ်အချိန်မှာ ပိုးသတ်ဆေး (Antibiotics) သောက်ရမလဲ? 💊⚠️

ဝမ်းပျက်ဝမ်းလျှောဖြစ်တိုင်း ပိုးသတ်ဆေး သောက်ဖို့ မလိုအပ်ပါဘူး။

ဝမ်းလျှောရောဂါအများစုမှာ အဓိကကုသမှုက ဓာတ်ဆားရည် (ORS) နဲ့ ရေဓာတ်ပြန်ဖြည့်ပေးခြင်း ဖြစ်ပါတယ်။

အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်က ပိုးသတ်ဆေးပေးဖို့ စဉ်းစားနိုင်ပါတယ် -

- ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်မှု (Severe Dehydration) ရှိပြီး ဆေးရုံမှာ ကုသနေရသူများ 🏥
- ဝမ်းလျှောမှု အလွန်များပြားနေပြီး ရေဓာတ်ပြန်ဖြည့်ကုသမှုတစ်ခုတည်းနဲ့ မလုံလောက်သေးသူများ
- ပြင်းထန်တဲ့ ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေမြင့်သူများ
- ကိုယ်ဝန်ဆောင်သူ၊ အသက်ကြီးသူ သို့မဟုတ် အချို့သော နာတာရှည်ရောဂါ/အာဟာရချို့တဲ့မှုရှိသူများမှာလည်း ဆရာဝန်က အခြေအနေအလိုက် ပိုးသတ်ဆေးပေးနိုင်ပါတယ်။

ဝမ်းရောဂါကို ဆေးရုံမှာ ကုသတဲ့အခါ ပိုးသတ်ဆေးအနေနဲ့ ဆေးတွေကို လူနာရဲ့ အသက်၊ ကိုယ်ဝန်အခြေအနေ၊ ရောဂါပြင်းထန်မှုနဲ့ ဒေသအလိုက် ပိုးသတ်ဆေးခံနိုင်ရည် (Antibiotic Resistance) အခြေအနေတွေကို ကြည့်ပြီး ဆရာဝန်က ရွေးချယ်ပေးရပါတယ်။

အရေးကြီးတာက ကိုယ့်ဘာသာ ပိုးသတ်ဆေးဝယ်သောက်ခြင်း မပြုလုပ်ပါနဲ့။

ဝမ်းလျှောမှု အမျိုးအစားတိုင်းဟာ ဘက်တီးရီးယားကြောင့် ဖြစ်တာမဟုတ်တဲ့အတွက် မလိုအပ်ဘဲ ပိုးသတ်ဆေးသောက်ခြင်းက ဆေးယဉ်ပါးမှု (Antibiotic Resistance) ဖြစ်စေနိုင်ပြီး ဝမ်းလျှောကို ပိုဆိုးစေနိုင်တဲ့ အခြေအနေတချို့လည်း ရှိနိုင်ပါတယ်။

___________________________________

၄။ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက်ရမည့် အရေးကြီး လက္ခဏာများ 🚨

အောက်ပါ သတိပေးလက္ခဏာများ တွေ့ရှိပါက အိမ်တွင် ကုသ မနေဘဲ အနီးစပ်ဆုံး ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသရပါမည် -

- ကာလဝမ်းရောဂါရဲ့ လက္ခဏာဖြစ်တဲ့ ဆန်ဆေးရေကဲ့သို့ ဝမ်းဖြူဖြူများ သွားခြင်း။ 💧

- ခန္ဓာကိုယ်မှ ရေဓာတ် လုံးဝ ခမ်းခြောက်လာခြင်း (မျက်တွင်းဟောက်ပက်ဖြစ်ခြင်း၊ လျှာနှင့် ခံတွင်း ခြောက်ကပ်ခြင်း၊ ဆီး လုံးဝ မသွားခြင်း သို့မဟုတ် ဆီးအရောင် အလွန်ရင့်ခြင်း၊ အသားအရေများခြောက်ကပ်သွားခြင်း)။ 👁️

- ခေါင်းမထူနိုင်အောင် အားနည်းခြင်း၊ သတိလစ်ခြင်း။ 🥱

- ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဖျားခြင်း။ 🩸

- အော့အန်လွန်း၍ ဓာတ်ဆားရေပင် လုံးဝ သောက်၍မရခြင်း။ 🤢

______________________________

မိသားစုဝင်တစ်ဦး ဝမ်းလျှောဖြစ်လာပါက အခြားသူများ မကူးစက်အောင် ဘာတွေ လုပ်သင့်သလဲ? 🏠🧼

- ဝမ်းလျှောနေသူကို အခြားသူတွေအတွက် အစားအစာ မပြင်ဆင်ခိုင်းပါနဲ့။
- အိမ်သာအသုံးပြုပြီးနောက်နဲ့ လူနာကို ပြုစုစောင့်ရှောက်ပြီးနောက် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
- လူနာရဲ့ ဝမ်း၊ အန်ဖတ်၊ အဝတ်အစားနဲ့ အိပ်ရာခင်းတွေကို တိုက်ရိုက်မထိတွေ့မိအောင် သတိထားပါ။
- အိမ်သာနဲ့ မျက်နှာပြင်တွေကို ပုံမှန်သန့်ရှင်းပြီး သန့်ရှင်းတဲ့ ရေကိုသာ အသုံးပြုပါ။

______________________________

မြန်မာနိုင်ငံသူ နိုင်ငံသားများ အခုဖြစ်နေတဲ့ ဝမ်းရောဂါ ဘေးမှ လွတ်ကင်းကြပါစေ 🙏🏻

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ခင်ဗျာ။ 📲🔄

Dr. Beast 💧🩺

မတ်တပ်ရပ်ပြီး အလုပ်လုပ်ခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်များ 🧍‍♂️💼🚨အရောင်းဝန်ထမ်း၊ စားသောက်ဆိုင်ဝန်ထမ်း၊ စက်ရုံလုပ်သား၊ ...
14/08/2026

မတ်တပ်ရပ်ပြီး အလုပ်လုပ်ခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်များ 🧍‍♂️💼🚨

အရောင်းဝန်ထမ်း၊ စားသောက်ဆိုင်ဝန်ထမ်း၊ စက်ရုံလုပ်သား၊ ဆရာ/ဆရာမ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများကဲ့သို့ တစ်နေ့တာရဲ့ အချိန်အများစုကို မတ်တပ်ရပ်၍ အလုပ်လုပ်ရသူများဟာ တစ်နေ့လုံး ထိုင်အလုပ်လုပ်ရသူများနဲ့ ကျန်းမာရေးအရ သက်ရောက်မှု မတူညီကြပါဘူး။

မတ်တပ်ရပ်ခြင်းဟာ ထိုင်နေခြင်းထက် ကိုယ်လက်လှုပ်ရှားမှုအနည်းငယ် ပိုမိုရရှိစေနိုင်ပေမယ့် အချိန်ကြာကြာ ငြိမ်ငြိမ်မတ်တပ်ရပ်နေခြင်းကိုလည်း ကျန်းမာရေးအတွက် အကောင်းဆုံးအခြေအနေတစ်ခုလို့ မဆိုနိုင်ပါဘူး။

အထူးသဖြင့် တစ်နေရာတည်းမှာ အချိန်ကြာကြာ မတ်တပ်ရပ်ရခြင်းဟာ ခြေထောက်၊ ခြေဖဝါး၊ ခါးနဲ့ သွေးပြန်ကြောစနစ်အပေါ် ဝန်ပိစေနိုင်ပါတယ်။

______________________________

မတ်တပ်ရပ် အလုပ်လုပ်ခြင်း၏ အားသာချက်များ (Pros) 🔬🩺

၁။ ထိုင်နေခြင်းထက် ကိုယ်လက်လှုပ်ရှားမှု ပိုမိုရရှိနိုင်ခြင်း (Less Sedentary Time) 🚶‍♂️✨

မတ်တပ်ရပ်နေခြင်းဟာ ထိုင်နေခြင်းထက် ခန္ဓာကိုယ်ကို အနည်းငယ်ပိုမို လှုပ်ရှားစေပြီး ခြေထောက်နဲ့ ကိုယ်ခန္ဓာဟန်ချက်ကို ထိန်းထားရန် ကြွက်သားများကို အသုံးပြုရပါတယ်။

ဒါကြောင့် တစ်နေ့တာအတွင်း ထိုင်နေချိန်ကို လျှော့ချနိုင်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။

ဒါပေမဲ့ မတ်တပ်ရပ်နေခြင်းတစ်ခုတည်းက လေ့ကျင့်ခန်းတစ်ခုအဖြစ် မယူဆသင့်ပါဘူး။ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့က ပိုမိုထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။

၂။ အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် ထိန်းညှိရာတွင် အနည်းငယ် အထောက်အကူပြုနိုင်ခြင်း (Better Post-meal Glucose Control) 🩸

အစာစားပြီးနောက် အချိန်ကြာကြာ ထိုင်နေမည့်အစား မတ်တပ်ရပ်ခြင်း သို့မဟုတ် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်းတို့က အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို လျှော့ချပေးနိုင်ပါတယ်။

အထူးသဖြင့် ထိုင်နေခြင်းကို မကြာခဏ ဖြတ်တောက်ပြီး လမ်းလျှောက်ခြင်းက မတ်တပ်ရပ်နေခြင်းထက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

______________________________

မတ်တပ်ရပ် အလုပ်လုပ်ခြင်း၏ အားနည်းချက်များနှင့် ကျန်းမာရေးအန္တရာယ်များ (Cons) ⚠️🚨

၁။ ခြေထောက်ဖောခြင်းနှင့် သွေးပြန်ကြောများတွင် သွေးစုပုံခြင်း (Leg Swelling & Venous Pooling) 🩸🦵

အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ (အထူးသဖြင့် လမ်းလျှောက်တာ လှုပ်ရှားတာမရှိဘဲ မတ်တတ်ရပ်နေတဲ့အခါ) ကမ္ဘာမြေဆွဲအားကြောင့် ခြေထောက်အောက်ပိုင်းမှာ သွေးနဲ့ အရည်တွေ စုပုံလာနိုင်ပါတယ်။

ဒါကြောင့် ခြေဖဝါးနဲ့ ခြေကျင်းဝတ်တွေ ဖောခြင်း၊ ခြေထောက်လေးလံခြင်း၊ ခြေသလုံးမှာ သွေးကြောထုံးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

၂။ ခြေဖဝါးနှင့် ခြေထောက် ကြွက်သားများ နာကျင်ခြင်း (Foot & Leg Discomfort) 🦶💥

မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ အချိန်ကြာကြာ မတ်တပ်ရပ်ရခြင်း၊ သင့်တော်မှုမရှိတဲ့ ဖိနပ်များ ဝတ်ဆင်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ ခြေသလုံးညောင်းခြင်းနဲ့ ခြေထောက်ပင်ပန်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

၃။ ခါးနှင့် အောက်ပိုင်းခန္ဓာကိုယ်ပေါ် ဝန်ပိခြင်း (Musculoskeletal Strain) 🦴⚠️

အချိန်ကြာကြာ မတ်တပ်ရပ်ပြီး အနေအထားတစ်ခုတည်းကို ထိန်းထားရခြင်းက ခါး နဲ့ တင်ပါး ကြွက်သားများကို ပင်ပန်းစေနိုင်ပါတယ်။

အထူးသဖြင့် ကိုယ်အလေးချိန်ကို ခြေထောက်တစ်ဖက်တည်းပေါ် အမြဲတင်ထားခြင်း သို့မဟုတ် ခါးကို မမှန်ကန်တဲ့ အနေအထားနဲ့ ထိန်းထားခြင်းက ကြွက်သားနာကျင်မှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။

၄။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း (Physical Fatigue) 🥱

တစ်နေ့တာလုံး မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့အခါ အောက်ပိုင်းကြွက်သားတွေကို အသုံးပြုရများတာကြောင့် လူက ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

______________________________

Dr. Beast ၏ မတ်တပ်ရပ် အလုပ်လုပ်သူများအတွက် လမ်းညွှန်ချက် 💡👨‍⚕️

- မတ်တပ်ရပ်ခြင်းနဲ့ ထိုင်ခြင်းကို အလှည့်ကျ ပြုလုပ်ပါ: တစ်နေရာတည်းမှာ အချိန်ကြာကြာ ငြိမ်ငြိမ်မတ်တပ်ရပ်ခြင်းထက် ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းနဲ့ လမ်းလျှောက်ခြင်းတို့ကို ဖြစ်နိုင်ရင် အလှည့်ကျ ပြုလုပ်ပေးပါ။ 🚶‍♂️🪑

- အခွင့်ရတိုင်း လမ်းလျှောက်ပါ: မတ်တပ်ရပ်နေရုံထက် ခဏခဏ လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း၊ ခြေသလုံးကြွက်သား လှုပ်ရှားပေးခြင်းတို့က သွေးလည်ပတ်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် ပိုမိုကောင်းမွန်ပါတယ်။ 👣

- သင့်တော်တဲ့ ဖိနပ်ကို ရွေးချယ်ပါ: အချိန်ကြာကြာ မတ်တပ်ရပ်ရသူများအနေဖြင့် ခြေဖဝါးကို သင့်တော်စွာ ထောက်ပံ့ပေးနိုင်ပြီး သက်သောင့်သက်သာရှိတဲ့ ဖိနပ်များကို ရွေးချယ်ပါ။ 👟

- မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ အချိန်ကြာကြာ မရပ်ပါနှင့်: ဖြစ်နိုင်ပါက ခြေဖဝါးပေါ် ဖိအားလျှော့ချပေးနိုင်တဲ့ အနည်းငယ် အိတဲ့ အခင်းများကို အသုံးပြုနိုင်ပါတယ်။ 🧍‍♂️

- ကိုယ်အလေးချိန်ကို အနေအထားတစ်ခုတည်းနဲ့ မထားပါနှင့်: ဘယ်/ညာ ခြေထောက်ကို အလေးချိန် ပြောင်းပေးခြင်း၊ ခြေသလုံးကြွက်သားများကို ညှစ်ပေးခြင်း၊ ခြေဖျားထောက်ခြင်းနဲ့ ခဏခဏ ခြေလှမ်းလှမ်းခြင်းတို့ ပြုလုပ်ပေးပါ။ 🦵

- အနားယူချိန်ကို အသုံးချပါ: အလုပ်မှာ ခွင့်ပြုပါက ခဏထိုင်နားခြင်း၊ ခြေထောက်ကို အနည်းငယ် မြှင့်ထားခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ ခြေထောက်ဖောခြင်းရှိသူများအတွက် အထူးအသုံးဝင်နိုင်ပါတယ်။ 🛋️

______________________________

နိဂုံးချုပ်အနေနဲ့ မတ်တပ်ရပ်ပြီး အလုပ်လုပ်ခြင်းဟာ တစ်နေ့လုံး ထိုင်နေခြင်းကို လျှော့ချနိုင်တဲ့ အားသာချက်ရှိပေမယ့် မတ်တပ်ရပ်နေခြင်းကိုယ်တိုင်က လေ့ကျင့်ခန်းတစ်ခု မဟုတ်သလို တစ်နေ့လုံး ငြိမ်ငြိမ်မတ်တပ်ရပ်နေရခြင်းလည်း ကျန်းမာရေးအတွက် အကောင်းဆုံး မဟုတ်ပါဘူး။

တစ်နေကုန်မတ်တတ်ရပ်ရသူများအတွက် အကောင်းဆုံးနည်းလမ်းကတော့ အနားယူချိန်မှာ ထိုင်ခြင်း + အခါအားလျော်စွာ လမ်းလျှောက်ခြင်း + ပုံမှန်လေ့ကျင့်ခန်း တို့ကို မျှတစွာ ပေါင်းစပ်ပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။ 👍✨💯

အလုပ်အကိုင်ကြောင့် တစ်နေ့လုံး မတ်တပ်ရပ်ရသူများအနေဖြင့် ခြေထောက်ဖောခြင်း၊ နာကျင်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းများကို လျစ်လျူမရှုဘဲ ကျန်းမာရေးကို စနစ်တကျ ကာကွယ်ကြပါစို့ခင်ဗျာ။ 🩺🧠

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ သို့မဟုတ် ရှယ်နိုင်ပါတယ်ခင်ဗျာ။ 📲🔄

Dr. Beast 🧍‍♂️

အစာမျိုရခက်နေတာ တစ်ဆို့ဆို့ ဖြစ်နေတာ အချိန်ကြာလာပြီဆိုရင် မပေါ့သင့်ပါဘူး 🚨အစာစားတဲ့အခါ ဒါမှမဟုတ် ရေနဲ့ ဆေးသောက်တဲ့အခါ အစ...
13/08/2026

အစာမျိုရခက်နေတာ တစ်ဆို့ဆို့ ဖြစ်နေတာ အချိန်ကြာလာပြီဆိုရင် မပေါ့သင့်ပါဘူး 🚨

အစာစားတဲ့အခါ ဒါမှမဟုတ် ရေနဲ့ ဆေးသောက်တဲ့အခါ အစာမျိုရခက်တာ၊ ရင်ဘတ်ထဲမှာ တစ်ခုခု ခံနေသလို ခံစားရတာကို "Dysphagia" လို့ ခေါ်ပါတယ်။ ဒါဟာ သာမန်လည်ပင်းနာတာမျိုး မဟုတ်ဘဲ အစာရေမျိုပြွန်မှာ ပြဿနာကြီးကြီးမားမား ရှိနေနိုင်တဲ့ အရေးကြီးတဲ့ အချက်ပေးသံတစ်ခု ဖြစ်ပါတယ်။

______________________________

ဘာကြောင့် အစာမျိုရခက်ရတာလဲ? 🔬

၁။ အစာရေမျိုပြွန် ကျဉ်းလာခြင်း (Esophageal Stricture) ✅

အစာအိမ်အက်ဆစ်တွေ အပေါ်ပြန်တက်တဲ့ရောဂါ (GERD) ကို ရေရှည်ခံစားရတဲ့အခါ အစာရေမျိုပြွန် နံရံတွေမှာ အမာရွတ်ဖြစ်ပြီး လမ်းကြောင်းကျဉ်းလာတတ်ပါတယ်။ အဲဒီအခါ အစာမျိုရတာ ခက်ခဲလာတာ ဖြစ်ပါတယ်။

၂။ အစာရေမျိုပြွန်ကင်ဆာ (Esophageal Cancer) 📉

အစာလမ်းကြောင်းထဲမှာ ကင်ဆာအကျိတ် ရှိနေတဲ့အခါ အစာတွေ ဆင်းရမယ့်လမ်းကို ပိတ်ဆို့ထားသလို ဖြစ်နေတတ်ပါတယ်။

- အစောပိုင်းအဆင့်- အသားလိုမျိုး မာတဲ့အစာတွေကို မျိုရခက်လာပါတယ်။ 🛡️
- နောက်ပိုင်းအဆင့်- ထမင်းပျော့ပျော့နဲ့ အရည်တွေကိုတောင် မျိုရခက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

______________________________

ကင်ဆာဖြစ်နိုင်ခြေရှိသည့် သတိပေးလက္ခဏာများ 📊

အစာမျိုရခက်တာနဲ့အတူ အောက်ပါတို့တွဲဖြစ်နေရင် အထူးသတိထားရပါမယ် -
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျလာခြင်း။ ⚖️
- အစာမျိုလျှင် နာကျင်ခြင်း (Odynophagia)။ 😫
- အစာများ ပြန်အန်ထွက်ခြင်း သို့မဟုတ် သီးခြင်း။ 🤢
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အစာမကြေ ရင်ပူခြင်း (Heartburn) အမြဲဖြစ်နေခြင်း။
- အသံဝင်ခြင်း သို့မဟုတ် အဆက်မပြတ် ချောင်းဆိုးခြင်း။ 🗣️

______________________________

ဘယ်သူတွေ ပိုသတိထားရမလဲ? 🛡️

- ဆေးလိပ်နှင့် ကွမ်း အလွန်အကျွံ စားသုံးသူများ။ 🚬
- အရက်သေစာ အမြဲသောက်သုံးသူများ။ 🍺
- အစာအိမ်အက်ဆစ် ပြန်တက်တဲ့ရောဂါ (GERD) ကို နှစ်ရှည်လများ ခံစားနေရသူများ။ 🩺
- အလွန်ပူလွန်းသော အစားအစာနှင့် လက်ဖက်ရည်/ကော်ဖီများကို ပုံမှန်သောက်သုံးသူများ။ ☕

______________________________

ဘယ်လိုစစ်ဆေးမလဲ? 🛡️

၁။ အစာလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း (Endoscopy) - ဆရာဝန်က ကင်မရာပါတဲ့ ပိုက်ပျော့လေးကို အသုံးပြုပြီး အစာလမ်းကြောင်းထဲမှာ အကျိတ် ဒါမှမဟုတ် အနာရှိမရှိ တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒါဟာ အတိကျဆုံးနည်းလမ်းပါ။ 📸

၂။ အသားစယူ စစ်ဆေးခြင်း (Biopsy) - ပုံမှန်မဟုတ်တဲ့ အသားပိုတွေ့ရင် အသားစယူပြီး ကင်ဆာဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးခြင်း ဖြစ်ပါတယ်။ 💉

______________________________

သတိပြုရန် အချက်များ ⚠️

အစာမျိုရခက်တိုင်းတော့ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် အတွင်းမှာ ဖြစ်နေတာဖြစ်လို့ ကင်ဆာဟုတ်လား မဟုတ်လားဆိုတာကို တပ်အပ်ပြောဖို့ကလည်း ခက်ပြန်ပါတယ်။ ကင်ဆာရောဂါဟာ အစောပိုင်းမှာ လက္ခဏာ သိပ်မပြတတ်တာကြောင့် အစာမျိုရတာ တစ်ခုခု ထူးခြားနေပြီဆိုရင် ကျွမ်းကျင်သူ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ 🩺

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ သို့မဟုတ် ရှယ်နိုင်ပါတယ်ခင်ဗျာ။

Dr. Beast 🚨

ကျန်းမာဖို့ ထိုင်ထလုပ်ချင်​ပေမယ့် ပုံစံမမှန်လို့ ဒူးနာမှာ ​စိုးရိမ်​နေပါသလား? 🍑ကျန်းမာရေးအတွက် ထိုင်ထလုပ်တာ ကောင်းမှန်းသ...
13/08/2026

ကျန်းမာဖို့ ထိုင်ထလုပ်ချင်​ပေမယ့် ပုံစံမမှန်လို့ ဒူးနာမှာ ​စိုးရိမ်​နေပါသလား? 🍑

ကျန်းမာရေးအတွက် ထိုင်ထလုပ်တာ ကောင်းမှန်းသိပေမယ့် "ဒူးနာမှာ ကြောက်လို့" မလုပ်ရဲဘူး ဖြစ်နေတယ် ဆိုရင်တော့ ဒီအချက်လေးတွေကို သေချာကြည့်ထားတော့နော်! ပုံစံမှန်ရင် ဒူးမနာတဲ့အပြင် ခြေထောက်နဲ့ တင်ပါးကြွက်သားတွေ ပိုလှလာမှာပါ! 👇

ဒူးမနာအောင် ဒီလိုလေးလုပ်ကြည့်ရအောင် (အခုမှ စတင်လုပ်မယ့် beginner များအတွက် အဓိက ရည်ရွယ်ပါတယ်) ✅

* ​ခြေလှမ်းအနေအထား: ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ခွဲထားပါ။ ခြေဖျားကို အပြင်ဘက်သို့ အနည်းငယ် လှည့်ထားပေးပါ။

* ​ကျောရိုးကို တည့်တည့်ထားပါ: ထိုင်ချလိုက်တဲ့အခါမှာ ခါးကို ကွေးမသွားပါစေနဲ့။ ရင်ဘတ်ကို မတ်ထားပြီး အကြည့်ကို ရှေ့တည့်တည့်မှာပဲ ထားပါ။

* ​တင်ပါးကို အရင်စလှုပ်ရှားပါ: ဒူးကိုအရင်ကွေးမယ့်အစား ကုလားထိုင်မှာ ထိုင်ချလိုက်သလိုမျိုး တင်ပါးကို နောက်ကို အရင်ပို့ပေးပါ။

* ​ဒူးအနေအထား: ထိုင်ချလိုက်တဲ့အခါ ဒူးဟာ ခြေဖျားထက် ကျော်မသွားအောင် သတိထားပါ။ ဆိုလိုတာက ​ရှေ့ကိုလည်း အရမ်း မ​ကော့သွား​စေနဲ့ အ​နောက်ကိုလည်း အရမ်းကုန်းမသွား​စေပါနဲ့။ ဒါမှ ဒူးဆစ်ပေါ် ဒဏ်ပိတာကို လျှော့ချနိုင်မှာပါ။

* ​အသက်ရှူသွင်း/ထုတ်: ထိုင်ချချိန်မှာ အသက်ကို ရှူသွင်းပြီး၊ ပြန်ထချိန်မှာ အသက်ကို ဝအောင် ရှူထုတ်ပေးပါ။

​💡 အကြံပြုချက်: အစပိုင်းမှာ နံရံကိုမှီပြီးဖြစ်စေ၊ ကုလားထိုင်ကို အသုံးပြုပြီးဖြစ်စေ ကျင့်ပေးနိုင်ပါတယ်။ တကယ်ထိုင်တဲ့ အခါမှာလည်း အ​လေးနည်းနည်းနဲ့ စထိုင်ပြီး ကိုယ်နိုင်ပြီ ဆိုမှ ဖြည်းဖြည်းချင်းတိုးသွားပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အခြေအနေကို နားထောင်ပြီး အလွန်အကျွံ မလုပ်ဖို့လည်း အရေးကြီးပါတယ်။ လူ၁ယောက်နဲ့ ၁ယောက် ခန္ဓာကိုယ် အချိုးအစားနဲ့ တည်ဆောက်ပုံ မတူညီတဲ့အတွက် ဖြစ်နိုင်ရင် ကျွမ်းကျင်တဲ့ နည်းပြရဲ့ အကူအညီနဲ့ စတင်လုပ်ပါ။ ကျန်းမာကြံ့ခိုင်တဲ့ ဘဝကို အတူတူ တည်ဆောက်ကြရအောင်! 👇

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🍑

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

Address

Brisbane City, QLD

Website

Alerts

Be the first to know and let us send you an email when Dr. Beast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share