Moe Medical Clinic

Moe Medical Clinic A warm medical clinic assuring to provide quality medical attention to people who need it.

 #သွေးဆုံးကိုင်ခြင်းကိုဘယ်လိုကျော်ဖြတ်ကြမလဲ?🌸သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတိုင်းရဲ့ သဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ 🌸အမျိုးသမီ...
01/04/2026

#သွေးဆုံးကိုင်ခြင်းကိုဘယ်လိုကျော်ဖြတ်ကြမလဲ?
🌸သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတိုင်းရဲ့ သဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
🌸အမျိုးသမီး အများစုဟာ ပျမ်းမျှ အသက်၅၀ ဝန်းကျင်မှာ ဓမ္မတာမမှန်တာမျိုးခံစားရ‌‌လေ့ရှိပါတယ်။ 🌸ဒီလိုရာသီမမှန်ရာ ကနေ တဖြည်းဖြည်းနဲ့ရာသီလုံးဝမပေါ်တာ တစ်နှစ်ပြည့်ပြီဆိုရင်‌‌ တော့ သွေးဆုံးတယ်လို့ခေါ်ပါတယ်။
🌸အမျိုးသမီးတွေရဲ့သားဥအိမ်ကနေ အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်လုပ်တာ တဖြည်းဖြည်း နည်းသွားခြင်း‌ ကြောင့် သွေးဆုံးခြင်းဖြစ်စေတာပါ။
🌸ဒီလို ဟော်မုန်းတွေ ပြောင်းလဲလာတဲ့အတွက် ခန္ဓာကိုယ်မှာ တချို့အပြောင်းအလဲလေးတွေ ခံစားရနိုင်ပါတယ်။
🌸ဒီလိုဟော်မုန်း ပြောင်းလဲခြင်းလက္ခဏာတွေကို သွေးမဆုံးခင် (Perimenopause) ကာလကတည်းက ခံစားရနိုင်ပါတယ်။ ဒီလိုဟော်မုန်းပြောင်းလဲခြင်းကြောင့်ဖြစ်တဲ့လက္ခဏာတွေခံစားရတာကို သွေးဆုံကိုင်တယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။

#သွေးဆုံးရခြင်းအကြောင်းအရင်းအမျိုးမျိုးကတော့
🌸- အသက်၅၀ ဝန်းကျင်တွင် သဘာဝအလျောက်ဟော်မုန်းထုတ်မှုအားနည်းခြင်း
🌸- ရောဂါကြောင့်သားဥအိမ်ခွဲစိတ်ဖယ်ရှားထားခြင်း
🌸- ကင်ဆာရောဂါကြောင့် ဓါတုကုထုံး‌ဆေးသွင်းကုသမှုခံယူထားခြင်း/ဓါတ်ရောင်ခြည်ကုသမှုခံယူထားခြင်း
🌸- အချို့သောသူများတွင် အသက်၄၀ မတိုင်ခင် ဟော်မုန်းထုတ်မှု အားနည်းခြင်းကြောင့်စော၍သွေးဆုံးခြင်း
စတာတွေကြောင့် သွေးဆုံးခြင်းဖြစ်စေနိုင်ပါတယ်။

#သွေးဆုံးတဲ့အခါခံစားရတဲ့လက္ခဏာတွေကတော့
🌹- ရာသီစက်ဝန်း ပြောင်းလဲခြင်း‌ကြောင့်ရာသီလာတာ မမှန်တာ၊ သွေးဆင်းများတာ/ နည်းတာတွေ ဖြစ်နိုင်ပါတယ်။
🌹- ရုတ်တရက် ကိုယ်ခန္ဓာတစ်ခုလုံး ပူလာပြီး ချွေးထွက်တာ၊ မျက်နှာတွေ နီရဲလာတာမျိုး ခံစားရနိုင်ပါတယ်။
🌹- အိပ်မပျော်တာ၊ မကြာခဏတစ်ရေးနိုးတာ ဒါမှမဟုတ် မနက်အရမ်းစောပြီး နိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
🌹- လိင်အင်္ဂါ ခြောက်သွေ့ခြင်း၊ ယားယံခြင်း ခံစားရနိုင်ပြီး လိင်ဆက်ဆံတဲ့အခါ နာကျင်တာမျိုးဖြစ်နိုင်ပါတယ်။
🌹- ဆီးခဏခဏ သွားချင်တာ၊ ဆီးမထိန်းနိုင်တာမျိုး ဖြစ်တတ်ပါတယ်။
🌹- စိတ်တိုလွယ်တာ၊ စိုးရိမ်ပူပန်တာ၊ ဝမ်းနည်းလွယ်တာမျိုး ခံစားရနိုင်ပါတယ်
🌹- အချို့အမျိုးသမီးတွေမှာ မှတ်ဉာဏ်အားနည်းတာမျိုး၊ အာရုံစူးစိုက်ရခက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
🌹- လိင်စိတ် ပြောင်းလဲခြင်းကြောင့် လိင်ဆက်ဆံချင်စိတ် နည်းသွားတာမျိုး ဖြစ်တတ်တယ်။
🌹- အသားအရေ ခြောက်သွေ့တာ၊ ဆံပင်ပါးလာတာ၊ ကိုယ်အလေးချိန် တက်လာတာနဲ့ အဆစ်အမြစ်တွေ နာကျင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

#သွေးဆုံးပြီးနောက်အဖြစ်များတဲ့ရောဂါတွေကတော့
🔍- အရိုးပွခြင်း
🔍- နှလုံးသွေးကြောကျဉ်းခြင်း
🔍- အဝလွန်ခြင်း
🔍- ဆီးချိုရောဂါ
🔍- ဆီးမထိန်းနိုင်ခြင်း စတာ‌တွေခံစားရနိုင်ပါတယ်။

#သွေးဆုံးကိုင်ခြင်းဝေဒနာတွေကိုဘယ်လိုကျော်လွှားကြမလဲ?
🌸သွေးဆုံးတယ်ဆိုတာက ရှောင်လွှဲလို့ မရပေမဲ့ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

၁- နေထိုင်မှုပုံစံ ပြောင်းလဲခြင်း:
✅ - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ‌တွေဖြစ်တဲ့သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ပဲအမျိုးမျိုး၊ အစေ့အဆန်တွေနဲ့ အသားငါးကို များများစားပေးပါ။
✅- ကော်ဖီ၊လက်ဖက်ရည်နဲ့ အရက်၊ဘီယာ စတာတွေအလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
✅ - ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ ။လမ်းလျှောက်တာ၊ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေနဲ့ ကြွက်သားကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာကိုယ်အလေးချိန် ထိန်းညှိပေးနိုင်သလို စိတ်ကိုလည်း တည်ငြိမ်စေပြီးအရိုးတွေကိုလည်း သန်မာစေပါတယ်။
✅ - စိတ်ဖိစီးမှု လျှော့ချပါ: အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ ဒါမှမဟုတ် စိတ်ကို အေးချမ်းစေမယ့် တခြားနည်းလမ်းတွေကို လေ့ကျင့်ပေးပါ။
✅- ရေများများ သောက်ပါ။
✅ - ပူအိုက်ခြင်းသက်သာအောင် ပါးလွှာသောချည်ထည်များကို ဝတ်ဆင်ပါ။
✅ - အိပ်ပျော်နိုင်စေဖို့ အိပ်စက်တဲ့ ပတ်ဝန်းကျင်ကို သက်တောင့်သက်သာ ဖြစ်အောင်ထားပါ။

၂- ဆေးဝါးများဖြင့်ကုသခြင်း
✅- သွေးဆုံးကိုင်ခြင်းလက္ခဏာ‌တွေက အစားအသောက်အနေအထိုင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေမယ့် မသက်သာဘူးဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန် နဲ့ တိုင်ပင်ပြီး လိုအပ်ပါက ဆေးဝါး ကုသမှုပြုလုပ်နိုင်ပါတယ်။
✅- ဟော်မုန်းအစားထိုးကုသနည်း - ဟော်မုန်းကုသနည်းက အချို့သောသူများမှာ အသုံးပြုဖို့ မသင့်တော်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှသာ ဟော်မုန်းအစားထိုးဆေးဝါးတွေကို အသုံးပြုနိုင်ပါတယ်။
✅ - အီစထရိုဂျင်ဟော်မုန်းလိမ်းဆေး - မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်းအတွက် အီစထရိုဂျင်ပါတဲ့ လိမ်းဆေး အသုံးပြုနိုင်ပါတယ်။
✅- စိတ်ဓါတ်ကျခြင်း၊စိတ်ဖိစီးမှုများခြင်း စတာတွေကုသဖို့ စိတ်ကျန်းမာရေး အထူးကုနဲ့တိုင်ပင်ပြီး လိုအပ်ပါက ဆေးဝါးကုသမှုခံယူနိုင်ပါတယ်။
✅- အရိုးပွခြင်းကိုကာကွယ်ဖို့ ကယ်ဆီယမ်၊ Vitamin D အားဆေး သောက်သုံးနိုင်ပါတယ်။ အရိုးပွရောဂါခံစားနေရသူတွေအနေနဲ့ ကတော့ အားဆေးအပြင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန် နဲ့တိုင်ပင်ပြီး အရိုးပွရောဂါကုသတဲ့ ဆေးတွေ အသုံးပြုနိုင်ပါတယ်။
✅- ဆီးမထိန်းနိုင်တာကိုသက်သာစေဖို့ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်း (Kegels) ပြုလုပ်နိုင်ပါတယ်။

🌸သွေးဆုံးခြင်းဟာ အမျိုးသမီးတိုင်းကြုံတွေ့ရမယ့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
🌸အစားအသောက်အနေအထိုင်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ က အကြံဉာဏ်ရယူပြီး ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သွေးဆုံးချိန်မှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

🔔စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါသည်။


 #အမျိုးသားများအတွက်ပုံမှန်စစ်ဆေးသင့်‌‌တဲ့အရေးကြီးသောကျန်းမာရေးစစ်ဆေးမှုများ‌🤒ရောဂါမဖြစ်ခင် ကြိုတင်ပြီး ကျန်းမာရေးစစ်ဆေး...
20/03/2026

#အမျိုးသားများအတွက်ပုံမှန်စစ်ဆေးသင့်‌‌တဲ့အရေးကြီးသောကျန်းမာရေးစစ်ဆေးမှုများ

‌🤒ရောဂါမဖြစ်ခင် ကြိုတင်ပြီး ကျန်းမာရေးစစ်ဆေးခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် အရေးကြီးတဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။
🗒️🧪 ဒီလိုပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဟာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစောသိရှိနိုင်ပြီး ၊ ရောဂါလက္ခဏာမပြခင် အချိန်မီ ကုသမှုခံယူနိုင်ပါတယ်။

#အမျိုးသားများအတွက်ပုံမှန်စစ်ဆေးသင့်တဲ့အရေးကြီးတဲ့စစ်ဆေးမှုတွေက‌တော့

၁- နှလုံး/သွေးတိုး/ဆီးချိုရောဂါစစ်ဆေးခြင်း

🔍- သွေးပေါင်ချိန်တိုင်းတာခြင်း
🔍- သွေးတွင်းသကြားဓါတ်စစ်ဆေးခြင်း
🔍- နှလုံးအီးစီဂျီစစ်ဆေးခြင်း

စတဲ့စစ်ဆေးမှုတွေကို‌တော့ အသက် ၃၅နှစ်ကစပြီးအနည်းဆုံး ၁ နှစ်၁ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။

၂- သွေးတွင်းအဆီပမာဏစစ်ဆေးခြင်း
- သွေးထဲမှာရှိတဲ့ မ‌ကောင်းတဲ့အဆီတွေဖြစ်တဲ့
🔍 - Very Low Density Lipoprotein (VLDL)
🔍 - Low Density Lipoprotein (LDL)
🔍 - Tiglycerides
🔍 - Cholesterol

- သွေးတွင်းကောင်းတဲ့အဆီဖြစ်တဲ့
🔍 - High Density Lipoprotein (HDL)

စတဲ့အဆီစစ်ဆေးမှုကို အသက် ၃၅ နှစ်ကစပြီး ပုံမှန်စစ်‌ဆေးနိုင်ပါတယ်။

၃- ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း
🔍- Prostate Specific Antigen (PSA) စစ်ဆေးခြင်းကိုတော့ အသက် ၅၀ ကစပြီး အမျိုးသားတွေမှာ နှစ်စဉ်စစ်ဆေးဖို့လိုပါတယ်။
🔍- မိသားစုမျိုးရိုးမှာဆီးကျိတ်ကင်ဆာရှိတယ်ဆိုရင်တော့ အသက်၄၅ နှစ်ကစပြီး နှစ်စဉ်စစ်ဆေးဖို့လိုပါတယ်။

၄- အူမကြီးကင်ဆာစစ်ဆေးခြင်း
🔍- ဝမ်းစစ်ဆေးခြင်း ( Stool FIT test) ကို‌တော့ ၁ နှစ် တစ်ကြိမ်စစ်ဆေးနိုင်ပါတယ်။
🔍- အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း( Colonoscopy) ကိုတော့ အသက် ၄၅ နှစ်ကစပြီး ၁၀ နှစ် တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
❗- မိသားစုမျိုးရိုးမှာအူမကြီးကင်ဆာဖြစ်ဖူးတာ၊ အူလမ်းကြောင်းအလုံးအကျိတ်/ကင်ဆာ ဖြစ်ဖူးသူတွေအနေနဲ့ကတော့ မကြာမကြာစစ်ဆေးမှုလိုအပ်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အူမကြီးမှန်ပြောင်းစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

၅- အသည်းခြောက်/အသည်းရောင်/အသည်းကင်ဆာ စစ်ဆေးခြင်း
🔍- အမျိုးသားတွေမှာ အရက်သောက်တဲ့သူပိုများတာဖြစ်လို့ အသည်းအခြေအနေကို ပုံမှန်စစ်ဆေးပေးနေဖို့လိုပါတယ်။
🔍- အသည်းအင်ဇိုင်းများ စစ်ဆေးခြင်း ( Liver Function Test)
🔍- အသည်းကင်ဆာဖြစ်နိုင်‌‌ချေစစ်ဆေးခြင်း (Alpha- fetoprotein -AFP)
🔍- ဝမ်းဗိုက် အာထရာဆောင်းစစ်ဆေးခြင်း ( Ultrasound )

စတဲ့စစ်ဆေးမှုတွေကို ၁ နှစ်-၃နှစ် ၁ကြိမ် ပြုလုပ်သင့်ပါတယ်။
❗- မိသားစုမျိုးရိုးမှာ အသည်းကင်ဆာ၊ အသည်းရောဂါရှိသူ၊ အသည်းရောင် အသားဝါ ဘီ ပိုး၊စီ ပိုးရှိသူ၊ အရက်သောက်သုံးသူတွေအနေနဲ့ တော့ အသည်းအခြေအနေကို ဆရာဝန်နဲ့တိုင်ပင်ပြီး မကြာခဏ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

၆- Uric acid (ယူရစ်အက်စစ် ပမာဏစစ်ဆေးခြင်း)
🔍- အဆစ်အမြစ်ရောင် ဂေါက်ရောဂါ (Gouty Arthritis)ရောဂါက အမျိုးသားတွေမှာ ပိုပြီး အဖြစ်များပါတယ်။
🔍- ဒါ‌ကြောင့်Uric acid ပမာဏကို ၁နှစ် ၁ကြိမ်စစ်ဆေးဖို့ လိုပါတယ်။

✅အသက်အရွယ်နဲ့ တစ်ဦးချင်းရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး တခြားစစ်ဆေးသင့်တဲ့ ဆေးစစ်မှုတွေရှိနိုင်ပြီး တစ်ဦးနဲ့တစ်ဦး စစ်ဆေးမှုအမျိုးအစားတွေ ကွာခြားနိုင်ပါတယ်။
✅ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိအတွက်လိုအပ်မယ့် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

ရောဂါလက္ခဏာပြမှ စစ်ဆေးတာမျိုးမဟုတ်ဘဲ
✅ ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်မယ်၊ ✅ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်မယ် ၊✅လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ် ၊
✅ဆရာဝန်ညွှန်ကြားချက်တွေကို ပုံမှန်လိုက်နာမယ်
ဆိုရင်တော့ ကျန်းမာပျော်ရွှင်အသက်ရှည်စွာနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

🔔စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါသည်။


 #အမျိုးသမီးတွေမဖြစ်မ‌နေစစ်ဆေးသင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများနေ့စဉ်ဘဝရဲ့ အလုပ်တွေ၊ တာဝန်တွေကြားမှာ ကိုယ့်ကျန်းမာရေးကို ဂရ...
08/01/2026

#အမျိုးသမီးတွေမဖြစ်မ‌နေစစ်ဆေးသင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ
နေ့စဉ်ဘဝရဲ့ အလုပ်တွေ၊ တာဝန်တွေကြားမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့က နောက်ကို ရောက်သွားတတ်ပါတယ်။
🔎ဒါပေမယ့် ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန်လုပ်တာက ကိုယ့်ရဲ့ ရေရှည်ကျန်းမာရေးကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။
🔎 ဒီလိုစစ်ဆေးမှုတွေကနေ ရောဂါလက္ခဏာ မပြခင်မှာတင် ကျန်းမာရေး ပြဿနာတွေကို စောစောစီးစီး သိရှိနိုင်စေပြီး ကုသမှုကို ပိုမိုထိရောက်စေသလို ရလဒ်ကောင်းတွေလည်း ရရှိစေနိုင်ပါတယ်။
အမျိုးသမီးအများစုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ စစ်ဆေးမှုတွေရှိပါတယ်။

၁- သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း (Pap Smear & HPV Test)

- သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးခြင်းဟာ ရောဂါရှိပါကစောစီးစွာသိရှိနိုင်ပြီး အချိန်မီကုသမှုခံယူနိုင်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနှုန်းကိုလျော့ချပေးနိုင်ပါတယ်။
- အသက်၂၁ နှစ်ကစပြီးအိမ်ထောင်ရှိသူ/လိင်ဆက်ဆံဖူးသူအမျိုးသမီးတိုင်း
၃နှစ်- ၅နှစ် တစ်ကြိမ် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုပြုလုပ်ဖို့လိုပါတယ်။

၂- ရင်သားကင်ဆာစစ်ဆေးခြင်း (Mammogram)

- အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်တိုင်ရင်သားမှာ အလုံးအကျိတ်ရှိမရှိ/ နို့သီးခေါင်းပုံစံပြောင်းလဲခြင်း/နို့သီးခေါင်းကနေသွေး၊အရည်ထွက်ခြင်းရှိမရှိကိုလစဉ် ပုံမှန်စမ်းသပ်နိုင်ပါတယ်။
- Mammogram လို့ခေါ်တဲ့ရင်သားဓါတ်မှန်စစ်ဆေးခြင်းကတော့ အလွန်သေးငယ်တဲ့ လက်နဲ့စမ်းသပ်လို့မမိနိုင်တဲ့ အလုံးအကျိတ်တွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်
- အသက် ၄၀ အရွယ်ကစပြီး အမျိုးသမီးတွေအနေနဲ့ Mammogram စစ်ဆေးခြင်းကို ၁-၂ နှစ် တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။

၃- နှလုံးသွေးကြောဆိုင်ရာ/ဆီးချို/သွေးတိုးစစ်ဆေးခြင်း

အဝလွန်ခြင်း၊နှလုံး၊သွေးတိုး၊ဆီးချိုရောဂါစတဲ့တွေဟာ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ရောဂါတွေဖြစ်ပါတယ်။ဒါကြောင့်
- သွေးတိုးရောဂါရှိမရှိ/သွေးပေါင်ချိန်တိုင်းခြင်း (Blood pressure monitoring)
- သွေးတွင်းအဆီဓါတ်ပမာဏစစ်ဆေးခြင်း (Lipid profile)
- ဆီးချိုရောဂါရှိမရှိ/ သွေးတွင်းသကြားဓါတ်စစ်ဆေးခြင်း(Blood Glucose/ HbA1c)
- နှလုံးလျှပ်စီးလှုပ်ရှားမှုတိုင်းတာသော အီးစီဂျီ (ECG) စစ်ဆေးခြင်း
စတဲ့စစ်ဆေးမှုတွေကို နှစ်စဉ်စစ်ဆေးသင့်ပါတယ်။

၄- အရိုးပွရောဂါစစ်ဆေးခြင်း (DEXA Scan)

- သွေးဆုံးပြီးနောက်မှာ အမျိုးသမီးတွေဟာ အရိုးသိပ်သည်းဆနည်းလာပြီး အရိုးပွရောဂါခံစားရတာကြောင့် အရိုးကျိုးလွယ်လာပါတယ်။
- DEXA Scan လို့ခေါ်တဲ့အရိုးသိပ်သည်းဆ တိုင်းတာခြင်းစစ်ဆေးမှုပြုလုပ်ခြင်း အားဖြင့် အရိုးသိပ်သည်းဆနည်းပါးမှု/အရိုးပွမှု ပမာဏကိုသိနိုင်တာကြောင့် အရိုးမကျိုးလွယ်အောင် ဆေးကုသမှုခံယူနိုင်တာကြောင့် အရိုးကျိုးနိုင်ချေ လျော့ချနိုင်ပါတယ်။
- DEXA Scan ကိုတော့ အသက် ၆၅ နှစ်နှင့် အထက်အမျိုးသမီးတိုင်း စစ်ဆေးသင့်ပါတယ်။
- ပုံမှန်အရိုးသိပ်သည်းဆရှိသူတွေမှာ ၁၀နှစ်တစ်ကြိမ်
- အရိုးပါးနေသူတွေမှာ ၂နှစ်--၅နှစ် တစ်ကြိမ်
- အရိုးပွနေသူတွေမှာတော့ ၁နှစ်-၂နှစ် တစ်ကြိမ်
စစ်ဆေးသင့်ပါတယ်။

၅- အူမကြီးကင်ဆာစစ်ဆေးခြင်း (Colorectal cancer screening)

- ဝမ်းစစ်ဆေးခြင်း ( Stool FIT test) ကို‌တော့ ၁ နှစ် တစ်ကြိမ်စစ်ဆေးနိုင်ပါတယ်။
- အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း( Colonoscopy) ကိုတော့ အသက် ၄၅ နှစ်ကစပြီး ၁၀ နှစ် တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
- မိသားစုမျိုးရိုးမှာအူမကြီးကင်ဆာဖြစ်ဖူးတာ၊ အူလမ်းကြောင်းအလုံးအကျိတ်/ကင်ဆာ ဖြစ်ဖူးသူတွေအနေနဲ့ကတော့ မကြာမကြာစစ်ဆေးမှုလိုအပ်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အူမကြီးမှန်ပြောင်းစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

၆- လည်ပင်းသိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း

- အသက် ၃၅ နှစ်ကစပြီး လည်ပင်းသိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း (Thyroid Function Test) ကို ၅ နှစ် တစ်ကြိမ်စစ်ဆေးနိုင်ပါတယ်။
- မိသားစုမျိုးရိုးမှာသိုင်းရွိုက်ဟော်မုန်းရောဂါရှိတာမျိုး၊ အရင်ကသိုင်းရွိုက်ဟော်မုန်းရောဂါဖြစ်ဖူးသူတွေနဲ့ အချို့သောဆေးဝါးများ (ဥပမာ- lithium,amiodarone)သုံးစွဲနေရသူတွေမှာတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်စစ်ဆေးဖို့လိုပါတယ်။

👩‍⚕️👨‍⚕️တစ်ဦးချင်း လိုအပ်ချက်နဲ့ မိသားစုမျိုးရိုး၊ရောဂါ‌အခံ စတာတွေပေါ်မူတည်ပြီး အခြားသော အသေးစိတ်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကျန်းမာ‌‌ရေး ပုံမှန်စစ်ဆေးခြင်းအားဖြင့် ရောဂါကိုစောစီးစွာ တွေ့ရှိနိုင်ပြီး၊အချိန်မီကုသနိုင်ရုံသာမက နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပုံမှန်ကျန်းမာရေးစစ်‌ဆေးဖို့ တိုက်တွန်းလိုပါတယ်။

⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

 #ကြွက်နို့  ိုတာဘာလဲ?🟢ကိုယ့်ရဲ့ လက်မှာ၊ ခြေထောက်မှာ ဒါမှမဟုတ် တခြားနေရာတွေမှာ  အရေပြားပေါ် အဖုလေးတွေပေါက်တဲ့အခါ "ဒါ ဘာက...
08/01/2026

#ကြွက်နို့ ိုတာဘာလဲ?
🟢ကိုယ့်ရဲ့ လက်မှာ၊ ခြေထောက်မှာ ဒါမှမဟုတ် တခြားနေရာတွေမှာ အရေပြားပေါ် အဖုလေးတွေပေါက်တဲ့အခါ "ဒါ ဘာကြီးပါလိမ့်" ဆိုပြီး စိုးရိမ်ကြတာတွေရှိပါတယ်
🟢ဒီလိုအဖုလေးတွေပေါက်တာမျိုးက ကြွက်နို့ ဖြစ်နိုင်ပါတယ်။ ကြွက်နို့ဆိုတာ အရမ်းကို အဖြစ်များပါတယ်။

🟢- ကြွက်နို့ဆိုတာHuman Papillomavirus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တဲအရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။
🟢- ကြွက်နို့ဖြစ်‌စေတဲ့ HPV ဗိုင်းရပ်စ်ဟာမျိုးကွဲများစွာရှိပါတယ်။
🟢- ဒီဗိုင်းရပ်စ်က အရေပြားရဲ့ အပေါ်ဆုံးလွှာက ဆဲလ်လေးတွေကို မြန်မြန်ဆန်ဆန် ပွားများစေပြီး ကြမ်းတမ်းတဲ့ အဖုလေးတွေ ဖြစ်လာစေပါတယ်။
🟢- ကြွက်နို့တွေဟာ အန္တရာယ်မရှိတဲ့ (ကင်ဆာမဟုတ်တဲ့) အဖုလေးတွေဖြစ်ပါတယ်။

‼️ဒါပေမယ့်
🚨* ကြွက်နို့က နာကျင်တယ်၊ ယားယံတယ်၊ ဒါမှမဟုတ်
သွေးထွက်နေမယ်
🚨* မျက်နှာသို့မဟုတ်လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်နေမယ်
🚨* ကြွက်နို့တွေ အများကြီး ပေါက်နေမယ်
🚨* ကြွက်နို့ ဟုတ်မဟုတ် မသေချာဘူး
🚨* ကိုယ်ခံအားစနစ် အားနည်းနေမယ်
🚨* ကြွက်နို့ရဲ့ ပုံစံက မြန်မြန်ဆန်ဆန် ပြောင်းလဲလာမယ်
စတဲ့လက္ခဏာတွေခံစားရရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

#ကြွက်နို့ဘယ်လိုကူးစက်တတ်သလဲ?

HPVဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကြွက်နို့ဟာ ကူးစက်တတ်ပါတယ်။

🟢- ဗိုင်းရပ်စ်ဟာ အများအားဖြင့် အရေပြားပေါ်က သေးငယ်တဲ့ ပြတ်ရှရာ၊ ပွန်းပဲ့ရာလေးတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကိုအလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။
🟢- ကြွက်နို့ရှိတဲ့ သူရဲ့ အရေပြားကို တိုက်ရိုက်ထိတွေ့မိတာ၊ ဒါမှမဟုတ် မျက်နှာသုတ်ပုဝါ၊ ဖိနပ်၊ အဝတ်အစားစတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို မျှဝေသုံးစွဲတာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
🟢- ခန္ဓာကိုယ်တစ်နေရာမှာကြွက်နို့ရှိနေတဲ့နေရာကို ကုတ်ခြစ်မိတာ/ခွာမိတာကနေ ဗိုင်းရပ်စ်ပိုးဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းကိုကူးစက်နိုင်ပါတယ်။

#ခန္ဓာကိုယ်ရဲ့ကြွက်နို့ပေါက်တဲ့နေရာပေါ်မူတည်ပြီးပုံစံအမျိုးမျိုးကွဲပြားနိုင်ပါတယ်။
#အဖြစ်များတဲ့ကြွက်နို့အမျိုးအစားလေးတွေကတော့...

🟢သာမန် ကြွက်နို့ (Common Warts)
- လက်ချောင်းတွေ၊ လက်ဆစ်တွေ၊ ခြေချောင်းတွေမှာ အဖြစ်များတယ်။ များသောအားဖြင့် ကြမ်းတမ်းတဲ့အဖုပုံစံမျိုး‌တွေ့ရလေ့ရှိပါတယ်

🟢ခြေဖဝါး ကြွက်နို့ (Plantar Warts)
- ဒီကြွက်နို့အမျိုးအစားက‌တော့ ခြေဖဝါးမှာတွေ့ရလေ့ရှိပါတယ်။ လမ်းလျှောက်တဲ့အခါ ကျောက်စရစ်ခဲလေး နင်းမိသလိုမျိုး ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ပြားချပ်နေတတ်ပြီး အမဲစက်လေးတွေလည်း ပါနိုင်ပါတယ်။

🟢မျက်နှာပြင်ပြားသော ကြွက်နို့ (Flat Warts)
- တခြားအမျိုးအစားတွေထက် ပိုသေးပြီး ပိုချောမွေ့တယ်။ များသောအားဖြင့် အစုလိုက် ပေါက်တတ်ပြီး မျက်နှာ၊ လက်မောင်း၊ ခြေထောက်တွေမှာ တွေ့ရများတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ပိုအဖြစ်များပါတယ်။

🟢ချည်မျှင်ပုံ ကြွက်နို့ (Filiform Warts)
- ရှည်မျောမျော၊ အပ်ချည်မျှင်လို/ ဆူးချွန်လေးတွေလို ဖြစ်နေတတ်တယ်။
- မျက်နှာ၊ အထူးသဖြင့် မျက်ခွံ၊ နှုတ်ခမ်း၊ ဒါမှမဟုတ် နှာခေါင်းနားတဝိုက်မှာ မကြာခဏ ပေါက်တတ်တယ်။

🟢လက်သည်း/ခြေသည်းကြွက်နို့ (Periungual Warts)
- ဒီကြွက်နို့အမျိုးအစားကတော့ လက်သည်း၊ ခြေသည်းတွေရဲ့ ဘေးပတ်လည် ဒါမှမဟုတ် အောက်မှာ ပေါက်တတ်ပါတယ်။ လက်သည်း၊ ခြေသည်း ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။

🟢လိင်အင်္ဂါကြွက်နို့ (Ge***al Warts)
- ဒီကြွက်နို့အမျိုးအစားကတော့ လိင်ဆက်ဆံခြင်းကနေကူးစက်တဲ့ အမျိုးအစားဖြစ်ပါတယ်။
- မျက်နှာပြင်ပြားပြားတစ်လုံးထဲရှိနိုင်သလို အပွင့်ပုံစံအစုလိုက်ပေါက်တာမျိုးလည်း ရှိပါတယ်။

#ကြွက်နို့ကိုဘယ်လိုကုသနိုင်သလဲ?
အချို့သောကြွက်နို့‌တွေဟာ သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။
✅- ကြွက်နို့ကပ်တဲ့ဆေးပလာစတာ
✅- လိမ်းဆေးများအသုံးပြုခြင်း
✅- Cryotherapy လို့ခေါ်တဲ့ နိုက်ထရိုဂျင်အရည်ကိုအသုံးပြုခြင်း
✅- လေဆာကုထုံး
✅- ခွဲစိတ်ကုသခြင်း
စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ကြွက်နို့ကို ကုသနိုင်ပါတယ်။

#ကြွက်နို့မဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ?
✅- လက်ကိုရေနှင့်ဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။
✅- မိမိခန္ဓာကိုယ်မှာဖြစ်စေ သူတစ်ပါးမှာဖြစ်စေ ကြွက်နို့ကိုသွားကိုင်တာ၊ကုတ်တာမျိုးမပြုလုပ်ပါနှင့်။
✅- မျက်နှာသုတ်ပဝါ၊ ခြေအိတ်၊ မုတ်ဆိတ်ရိတ်ဓါး စသဖြင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကိုမျှဝေသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ။
✅- အများသုံးရေချိုးခန်း၊ အားကစားခန်းမ စတဲ့နေရာမျိုးမှာ ခြေညှပ်ဖိနပ်မျိုး ကို ဝတ်ဆင်ပါ။

ကြွက်နို့ဆိုတာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်‌စေနိုင်ပါတယ်။

မိမိအရေပြားပေါ်မှာ အဖုတစ်ခုခု‌တွေ့တယ်ဆိုရင်တော့ ကြွက်နို့ဟုတ်မဟုတ်သိနိုင်ဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းလိုပါတယ်။

စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

Photo credit- freepik

 #လေထုညစ်ညမ်းခြင်းကကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်သလဲ?🏭💨လေထုညစ်ညမ်းခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။...
18/12/2025

#လေထုညစ်ညမ်းခြင်းကကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်သလဲ?
🏭💨လေထုညစ်ညမ်းခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။

🚙🚂🏭 💨မြို့ပြနေထိုင်မှုပုံစံစနစ်ကြောင့် မော်တော်ယာဉ်၊ အင်ဂျင်စက်ပစ္စည်းအမျိုးမျိုး၊ စက်ရုံ၊အလုပ်ရုံများ၊ အမှိုက်မီးရှို့ခြင်း စတာတွေကနေ မီးခိုးငွေ့တွေထွက်ရှိနိုင်ပြီး လေထုညစ်ညမ်းမှုပိုဖြစ်စေပါတယ်။

💨လေထုထဲရောက်လာတဲ့ အန္တရာယ်ရှိတဲ့ အမှုန်အမွှား နဲ့ မီးခိုးငွေ့တွေ ကို ရှူရှိုက်ရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး‌ပြဿနာတွေဖြစ်စေပါတယ်။

#ညစ်ညမ်းတဲ့လေထုထဲမှာပါဝင်နေတာတွေကတော့

၁- လေထုအတွင်းရှိအမှုန်အမွှားများParticulate Matter (PM 2.5 & PM 10)
- PM 2.5 ဆိုတာက‌တော့ 2.5 micrometers ထက် သေးငယ်တဲ့ အမှုန်တွေဖြစ်ပြီး ဆံချည်မျှင်ထက် အဆ 30 သေးငယ်တာဖြစ်လို့ အသက်ရှူလမ်းကြောင်း မှ တစ်ဆင့် အဆုတ်နဲ့ သွေးကြောအတွင်းထိဝင်ရောက်နိုင်ပြီး PM 10 ထက်ပိုပြီး အန္တရာယ် ပေးနိုင်တဲ့ အမှုန်အမွှားအမျိုးအစားဖြစ်ပါတယ်။
- PM 10 ဆိုတာကတော့ 10 micrometers ထက်သေးငယ်တဲ့ အမှုန်တွေဖြစ်ပြီး နှာခေါင်း၊ လည်ချောင်း စတာတွေကိုယားယံခြင်း ဖြစ်စေနိုင်တဲ့ အမှုန်အမွှား အမျိုးအစား ဖြစ်ပါတယ်။

၂- နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (Nitrogen Dioxide)

၃- ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)

၄-ဆာလဖာဒိုင်အောက်ဆိုဒ် (Sulfur Dioxide)
စတဲ့ အန္တရာယ်ရှိတဲ့ အငွေ့တွေ အမှုန်အမွှားတွေဟာ လေထုထဲမှာ ပျံ့လွင့်နေပြီး လေထုညစ်ညမ်းခြင်းကိုဖြစ်စေပါတယ်။

#လေထုညစ်ညမ်းမှုဒဏ်ကိုပိုခံရနိုင်ချေများတဲ့သူတွေကတော့

👧👦- ကလေးသူငယ်များ
👵👴- သက်ကြီးရွယ်အိုများ
🫁 - အဆုတ်ရောဂါအခံရှိသူများ
🫀 - နှလုံးရောဂါအခံရှိသူများ
🤰 - ကိုယ်ဝန်ဆောင်မိခင်များ
စတဲ့သူတွေမှာလလေထုညစ်ညမ်းမှုဒဏ်ကိုပိုခံရနိုင်ချေများပါတယ်။

#လေထုညစ်ညမ်းခြင်းကြောင့်ဘယ်လိုကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်သလဲ?

🔵- ချောင်းဆိုးခြင်း
🔵- လည်ချောင်းနာခြင်း
🔵- အသက်ရှူမဝခြင်း
🔵- မျက်စိ၊နှာခေါင်း နှင့် လည်ချောင်း စပ်ခြင်း
🔵- ရင်ကြပ်ရောဂါရှိသူများတွင် ရောဂါပြန်ကြွနိုင်ခြင်း
🔵- ဓါတ်မတည့်မှုဖြစ်ခြင်း

စတာတွေဖြစ်ပွား‌နိုင်ပါတယ်။

#ညစ်ညမ်းတဲ့လေထုကိုရေရှည်ရှူရှိုက်ရခြင်းကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲရောဂါတွေကတော့

🔴- အဆုတ်လေပြွန်ကျဉ်း/အဆုတ်ပွရောဂါ
🔴- အဆုတ်ကင်ဆာ
🔴- နှလုံးရောဂါ
🔴- ကိုယ်ခံအားစနစ်အားနည်းခြင်း

စတာတွေဖြစ်စေနိုင်ပါတယ်။

#လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်ဖို့အတွက်လိုက်နာသင့်တဲ့အချက်တွေကတော့

✅- လေထုညစ်ညမ်းမှုအခြေအနေ Air Quality Index (AQI) ပမာဏကို ဖုန်းapplication တွေကတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါတယ်။
မိမိပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုပမာဏ မြင့်တက်နေမယ်ဆိုရင်တော့ အပြင်မထွက်ဘဲ အိမ်ထဲမှာနေသင့်ပါတယ်။

✅- အပြင်သွားတဲ့အခါ မျက်နှာအကာ (mask) ဝတ်ဆင်ပါ။

✅- အိမ်တွင်းလေထုသန့်စင်စေနိုင်ဖို့ အတွက် လေသန့်စက်အသုံးပြုနိုင်ပါတယ်။

✅- အိမ်တွင်းဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။

✅- အမှိုက်များမီးရှို့ခြင်းကိုရှောင်ကြဉ်ပါ။

✅- လေထုညစ်ညမ်းခြင်းကိုလျော့ချနိုင်ဖို့ ကာဗွန်မိုနောက်
ဆိုဒ်ထုတ်လွှတ်မှုလျော့ချနိုင်ဖို့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အများသုံးဘတ်စ်ကား အသုံးပြုခြင်း၊ သစ်ပင်များများစိုက်ပျိုးခြင်း စသဖြင့် ပြုလုပ်နိုင်ပါတယ်။

✅- အဆုတ်ကျန်းမာရေးအတွက် လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အဆုတ်လေ့ကျင့်ခန်း/အသက်ရှူလေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

✅- အဆုတ်ကျန်းမာ‌ရေးအတွက်ရေများများသောက်ပါ/ ဟင်းသီးဟင်းရွက် အသီးအနှံများများစားသုံးပါ။

📢လေထုညစ်ညမ်းခြင်းဟာ ဆိုးကျိုးများစွာ ပေးနိုင်တာဖြစ်လို့ လေထုညစ်ညမ်းခြင်း ကို တစ်ဦးချင်းတတ်နိုင်သမျှ လျော့ချကြဖို့ နဲ့ လေထုညစ်ညမ်းနေချိန်မှာ လိုက်နာသင့်တဲ့အချက်တွေကို စနစ်တကျလိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။

⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

 #အူမကြီးကင်ဆာရှိမရှိသိနိုင်ဖို့ဘာ‌ကြောင့်ကြိုတင်စစ်ဆေးသင့်သလဲ?အူမကြီးကင်ဆာဟာလူတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကင...
09/12/2025

#အူမကြီးကင်ဆာရှိမရှိသိနိုင်ဖို့ဘာ‌ကြောင့်ကြိုတင်စစ်ဆေးသင့်သလဲ?
အူမကြီးကင်ဆာဟာလူတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကင်ဆာတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။
အူမကြီးကင်ဆာဟာရောဂါရှိမှန်းစောစီးစွာသိမယ်ဆိုရင်တော့ ထိရောက်စွာကုသနိုင်ပြီး သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။

#ဘာကြောင့်အူမကြီးကင်ဆာကိုကြိုတင်စစ်ဆေးသင့်တာလဲ?
🔎- အူမကြီးကင်ဆာရောဂါဟာ အစောပိုင်းလက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။
ဒါကြောင့်အူမကြီးကင်ဆာရှိမရှိကိုစစ်ဆေးခြင်းဖြင့် အစောပိုင်းအဆင့်မှာ သိရှိမယ်ဆိုရင်တော့ အသက်ရှင်သန်နိုင်နှုန်းမြင့်မားပါတယ်။

🔎- အူမကြီးမှာ Polyp လို့ခေါ်တဲ့အလုံးအကြိတ်လေးတွေအများကြီးဖြစ်တဲ့ ရောဂါဟာ မျိုးရိုးလိုက်တဲ့အူမကြီးကင်ဆာဖြစ်နိုင်ချေရှိတာကြောင့် ဒီလို အလုံးလေးတွေအများကြီး အူမကြီးကြိုတင်စစ်ဆေးမှုမှာတွေ့ပြီဆိုရင်တော့ ကြိုတင်ခွဲစိတ်မှုပြုလုပ်ခြင်းဖြင့်ကင်ဆာ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

#ဘယ်သူတွေမှာအူမကြီးကင်ဆာကြိုတင်စစ်ဆေးမှုလုပ်သင့်သလဲ?

🔎- အသက် ၄၅ နှစ်နှင့် အထက်ရှိသူများ
🔎- မိသားစုမျိုးရိုးတွင်အူမကြီးကင်ဆာရောဂါဖြစ်ဖူးသူများ/ မိသားစုမျိုးရိုးတွင်အူမကြီးတွင်အလုံးအကြိတ်များဖြစ်သော (Familial Polyposis Coli) ရောဂါရှိသူများ
🔎- အူလမ်းကြောင်းရောဂါရှိသူများ
(ဥပမာ - Inflammatory Bowel disease ဟုခေါ်သောအူလှုပ်ရှားမှုများသောရောဂါရှိသူများ၊
Crohn’s disease, Ulcerative Colitis စတဲ့အူရောင်ရမ်းခြင်းရောဂါရှိသူများ)
🔎- အဝလွန်သူများ
🔎- အရက်/ဆေးလိပ်သောက်သုံးသူများ

စတဲ့သူတွေအနေနဲ့အူမကြီးကင်ဆာရှိမရှိစစ်ဆေးခြင်းပြုလုပ်သင့်ပါတယ်။

#အူမကြီးကင်ဆာရောဂါအတွက်ဘယ်လိုကြိုတင်စစ်ဆေးမှုတွေလုပ်နိုင်သလဲ?

🔎၁- F***l Immuonochemical Test (FIT) ဟုခေါ်သော ဝမ်းစစ်ဆေးခြင်းဖြင့် ဝမ်းအတွင်း မျက်စိနဲ့မမြင်နိုင်တဲ့သွေးပါဝင်မှုရှိမရှိသိရှိနိုင်ပါတယ်။
FIT test ဝမ်းစစ်ဆေးခြင်းကို ၁ နှစ် ၁ကြိမ်စစ်ဆေးသင့်ပါတယ်။

🔎၂- Stool DNA Test ဟုခေါ်သော ဝမ်းအတွင်း ကင်ဆာဖြစ်စေနိုင်သောမျိုးရိုးဗီဇ DNA ပါဝင်မှုရှိမရှိ/ဝမ်းအတွင်းသွေးပါဝင်မှုရှိမရှိသိရှိနိုင်ပါတယ်။
Stool DNA Test ကိုတော့ ၃နှစ်၁ကြိမ် စစ်ဆေးနိုင်ပါတယ်။

🔎၃- Colonoscopy ဟုခေါ်သောအူမကြီးမှန်ပြောင်းစစ်ဆေးခြင်းနည်းကတော့ အူမကြီးကင်ဆာရှိမရှိ စစ်ဆေးမှုများထဲမှာ အထိရောက်ဆုံး စစ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။
အူမကြီးမှန်ပြောင်းစစ်ဆေးခြင်းကိုတော့ သာမန်သူများမှာ ၁၀ နှစ် ၁ကြိမ် စစ်ဆေးနိုင်ပါတယ်။
အူမကြီးကင်ဆာမျိုးရိုးရှိသူ၊အူတွင်အလုံးများဖြစ်သော Familial Adenomatous Polyposis Coli ရောဂါမျိုးရိုးရှိသူ၊ အူလမ်းကြောင်း‌ရောင်ခြင်းရောဂါရှိသူတွေမှာ‌ တော့ ရောဂါအခြေအနေပေါ်မူတည်ပြီး အူမကြီးမှန်ပြောင်းစစ်ဆေးတာကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ၃နှစ် -၅ နှစ်ခန့် ၁ကြိမ်စစ်ဆေးတာ/ အသက်၄၀ မတိုင်ခင်ထဲကစစ်ဆေးတာမျိုး/ လိုအပ်ပါက မှန်ပြောင်းစစ်ဆေးခြင်းကို ၁နှစ် ၁ကြိမ်ပြုလုပ်နိုင်ပါတယ်။

🔎၄- CT colonography ဟုခေါ်သော အူမကြီးကိုကွန်ပြူတာဓါတ်မှန်ဖြင့် စစ်ဆေးခြင်းကို‌ တော့ ၅နှစ် ၁ကြိမ်ပြုလုပ်နိုင်ပါတယ်။

အပေါ်ကပြောခဲ့တဲ့ ကြိုတင်စစ်ဆေးမှုပြုလုပ်နိုင်တဲ့နည်းအမျိုးမျိုးထဲက မိမိနဲ့သင့်တော်မယ့် နည်းလမ်းကို တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးနိုင်ပါတယ်။

#အူမကြီးကင်ဆာကြိုတင်စစ်ဆေးမှုကိုပုံမှန်ပြုလုပ်ခြင်းအပြင်အူမကြီးကင်ဆာဖြစ်ပွားခြင်းကိုကာကွယ်နိုင်ဖို့

✅- အမျှင်ဓါတ်များသောအစားအစာများကိုစားသုံးပါ။
✅- အနီ‌ရောင်အသားများ/ အကင်အမျိူးမျိုး/တာရှည်ခံပစ္စည်းများဖြင့် ပြုလုပ်ထားသော အစားအစာများကို ရှောင်ကြဉ်ပါ။
✅- အရက်အလွန်အကျွံသောက်ခြင်း/ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
✅- ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။

📢အူမကြီးကင်ဆာဟာ ကင်ဆာမပျံ့ခင် စောစီးစွာသိလေ အကျိုးကျေးဇူးများလေဖြစ်တာကြောင့် အူမကြီးကင်ဆာရှိမရှိ ပုံမှန်စစ်ဆေးပြီး ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ဖို့တိုက်တွန်းလိုပါတယ်။

⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

 #လှုပ်ရှားမှုနည်းသောနေထိုင်ခြင်းကကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ?  လို့ခေါ်ကြတဲ့လှုပ်ရှားမှုနည်းတဲ့ နေထိုင်...
02/12/2025

#လှုပ်ရှားမှုနည်းသောနေထိုင်ခြင်းကကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ?
လို့ခေါ်ကြတဲ့လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံဟာရေရှည်မှာ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ပါတယ်။
🟢တီဗီ၊ဖုန်း၊အင်တာနက်၊ကွန်ပြူတာ စတဲ့နည်းပညာ စက်ပစ္စည်းတွေကိုအသုံးပြုရင်း နေ့တစ်နေ့ရဲ့အချိန်တော်တော်များများကို လှုပ်ရှားမှုမရှိဘဲကုန်ဆုံးနေကြတဲ့သူတွေ များပါတယ်။
🟢ဒီလိုကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့ လူနေမှုပုံစံဟာ ရောဂါတွေကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကြောင့်

🟢- ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေနှေးကွေးလာပြီး၊ အဆီတွေပိုစုစေကာ အဝလွန်ခြင်းဖြစ်စေနိုင်ပါတယ်။

🟢- သွေးလည်ပတ်မှုနှေးကွေးစေပြီး သွေးခဲနိုင်ချေပိုများတာကြောင့် နှလုံးရောဂါ၊‌ သွေးတိုးရောဂါ၊လေဖြတ်ခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။

🟢- ကြွက်သားထုထည်လျော့နည်းခြင်း၊အရိုးများသန်မာမှုမရှိခြင်း၊အရိုးပွလွယ်ခြင်း ‌ဖြစ်စေနိုင်ပါတယ်။

🟢- သွေးတွင်းအင်ဆူလင် တုံပြန်မှုပုံမှန်မဟုတ်ခြင်းကြောင့် ‌ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။

🟢- သွေးတွင်းဇီဝကမ္မဖြစ်စဉ်ပုံမမှန်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါဖြစ်နိုင်ချေပိုများစေပါတယ်။

🟢- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ စိတ်ဖိစီးမှုများခြင်း၊စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ကျရောဂါဖြစ်နိုင်ချေများစေပါတယ်။

🟢- သုတေသနစာတမ်းများအရတစ်နေ့လျှင် ၈နာရီနှင့်အထက် လှုပ်ရှားမှုမရှိဘဲထိုင်ခြင်းဟာ အရွယ်မတိုင်ခင်သေဆုံးနှုန်းကို မြင့်တက်စေနိုင်ပါတယ် ။

#လှုပ်ရှားမှုနည်းတဲ့နေ့စဉ်နေထိုင်မှုပုံစံကိုဘယ်လိုပြောင်းလဲကြမလဲ?

🚶- အချိန်ကြာမြင့်စွာထိုင်ပြီးအလုပ်လုပ်ရတဲ့သူ‌တွေအနေနဲ့အနည်းဆုံး၅မိနစ်ခန့် မတ်တပ်ရပ်ခြင်း၊လှုပ်ရှားမှုပြုလုပ်ခြင်းကို မိနစ်၃၀ပြည့်တိုင်း ပြုလုပ်ပေးပါ။

🚶‍♀️- နေ့လယ်စာစားပြီးချိန်၊ညစာစားပြီးချိန်များမှာ အချိန်ခဏလေးပေးပြီး လမ်းလျှောက်ပေးပါ။

🚶‍♂️- ဓါတ်လှေကားအသုံးပြုခြင်းအစား လမ်းလျှောက်တက်ခြင်းကိုပြုလုပ်ပါ။

🚶‍♂️- ကားနဲ့သွားလာနေသူတွေအနေနဲ့ ကိုယ်သွားလိုတဲ့နေရာနဲ့ခပ်လှမ်းလှမ်းနေရာမှာ ကားကိုရပ်ပြီးလမ်းလျှောက်တဲ့အလေ့အကျင့်ကိုပြုလုပ်နိုင်ပါတယ်။

🏃‍♂️🏊‍♀️🏋️‍♀️🚴🧘‍♂️- လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ အားကစားတစ်ခုခုပြုလုပ်ခြင်း၊ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို တစ်နေ့လျှင်နာရီဝက်ခန့်ပြုလုပ်ပါ။

🤸‍♀️- ကြွက်သားများတောင့်တင်းမနေစေရန် အကြောလျော့လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။

🚶‍♀️- တီဗီကြည့်ချိန်မှာတောက်လျှောက်ထိုင်နေခြင်းမျိုးမရှိစေရန် ရုပ်ရှင်အပိုင်းတစ်ပိုင်းပြီးချိန်မျိုးမှာ အချိန်ခဏပေးပြီး လမ်းလျှောက်တာမျိုးပြုလုပ်ပေးပါ။

🚴🚶‍♂️- အကွာအဝေးသိပ်မဝေးတဲ့နေရာတွေသွားလာမယ်ဆိုရင် ကားအသုံးပြုခြင်းအစား လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း ပြုလုပ်ပါ။

✅လှုပ်ရှားမှုနည်းသောနေ့စဉ်နေထိုင်မှုပုံစံကိုပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ကျန်းမာပြီးသက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။

✅ဒါကြောင့်ဒီနေ့ကစပြီး မိမိရဲ့ နေထိုင်မှုပုံစံကိုစတင်ပြောင်းလဲကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

 #အော်တစ်ဇင်  ိုတာဘာလဲ?🌈အော်တစ်ဇင်လို့ခေါ်ကြတဲ့ Autism Spectrum Disorder ဆိုတာကတော့ ဦးနှောက်နှင့်အာရုံကြော ဖွံဖြိုးမှုပု...
19/11/2025

#အော်တစ်ဇင် ိုတာဘာလဲ?
🌈အော်တစ်ဇင်လို့ခေါ်ကြတဲ့ Autism Spectrum Disorder ဆိုတာကတော့ ဦးနှောက်နှင့်အာရုံကြော ဖွံဖြိုးမှုပုံမှန် မဖြစ်ခြင်းကြောင့် ဖြစ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
အော်တစ်ဇင်ဟာ မွေးရာပါအခြေအနေတစ်ခုဖြစ်ပါတယ်။

🌈အော်တစ်ဇင်ဟာ ရောဂါမဟုတ်တာကြောင့်ပျောက်ကင်းအောင်ကုသလို့ မရနိုင်ပါဘူး။

🌈အော်တစ်ဇင်ရှိသူတွေရဲ့ အပြုအမူ၊အပြောအဆို၊ဆက်ဆံပုံဟာ ပုံမှန်လူတစ်ဦးနဲ့မတူညီသလို၊ အော်တစ်ဇင်ရှိသူ တစ်ဦးနှင့်တစ်ဦးဟာလည်းပုံစံကွဲပြားနိုင်ပါတယ်။

#ဘာကြောင့်အော်တစ်ဇင်ဖြစ်ရတာလဲ?
အော်တစ်ဇင်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဆိုပြီးတော့မရှိပါဘူး။

🧬- မျိုးရိုးဗီဇပုံမမှန်ခြင်း
🧬- မိသားစုမျိုးရိုးတွင်အော်တစ်ဇင်ရှိခြင်း
🫄- မိခင်ကိုယ်ဝန်ဆောင်ချိန် နှင့်မီးဖွားချိန်တွင်
-ရောဂါပိုးဝင်ခြင်း၊
- ဆီးချို‌ရောဂါဖြစ်ခြင်း
- အချို့‌သောဆေးဝါးများသောက်သုံးခြင်း
- လမစေ့မီမွေးဖွားခြင်း
- ‌ကလေးပေါင်ချိန်မပြည့်ခြင်း
- မီးဖွားရခက်ခဲခြင်းကြောင့်သန္ဓေသားအောက်ဆီဂျင်.
လုံလောက်စွာမရခြင်း
- အသက်ကြီးချိန်တွင်ကိုယ်ဝန်ဆောင်ခြင်း
စတာတွေကြောင့် အော်တစ်ဇင် ဖြစ်နိုင်ချေများစေ.
နိုင်ပါတယ်။

🌈အော်တစ်ဇင်လက္ခဏာတွေဟာ ကလေးအသက်
၁နှစ်ခွဲ - ၂နှစ်ခန့်မှာ စတင်ပြီးသတိထားမိနိုင်ပါတယ်။

🌈အော်တစ်ဇင်တစ်ဦးနဲ့တစ်ဦး ပုံစံ၊အပြုအမူ၊ဉာဏ်ရည် စတာတွေမတူညီနိုင်ပါဘူး။

🌈ဒါကြောင့်ကလေးမှာအော်တစ်ဇင်လက္ခဏာတွေတွေ့ရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့လိုပါတယ်။

#အော်တစ်ဇင်တွေမှာတွေ့ရတတ်တဲ့လက္ခဏာတွေကတော့

🌈ပြောဆိုဆက်သွယ်ရာတွင်ပုံမှန်မဟုတ်ခြင်း
- ကလေးကိုနာမည်ခေါ်ရာတွင်တုံ့ပြန်မှုမရှိခြင်း
- အခြားသူများနဲ့ဆော့ကစားခြင်းမရှိဘဲ တစ်ဦးထဲဆော့
ကစားခြင်း
- စကားမပြောခြင်း/စ‌ကားပြောနောက်ကျခြင်း
- ပုံမှန်မဟုတ်သောအသံနှင့်စကားပြောခြင်း
- စကားစုများကိုထပ်ခါတလဲလဲပြောခြင်း
- တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်သွယ်နိုင်မှုမရှိခြင်း
- မျက်နှာအမူအရာဖော်ပြမှုမရှိခြင်း
- စိတ်ခံစားချက်များကိုမဖော်ပြနိုင်ခြင်း
- ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုမရှိခြင်း
- မျက်လုံးခြင်း စုံ၍မကြည့်တတ်ခြင်း
- မေးခွန်းမေးမြန်းသည်ကိုနားမလည်ခြင်း

🌈နေထိုင်ပြုမူသောပုံစံပုံမှန်မဟုတ်ခြင်း
- ကြမ်းတမ်းစွာပြုမူဆက်ဆံခြင်း
- အပြုအမူတစ်ခုထဲကိုတပ်ခါတလဲလဲပြုလုပ်ခြင်း
(ဥပမာ - လက်ခုပ်တီးခြင်း၊
တစ်ပတ်လည်လမ်းလျှောက်ခြင်း)
- မိမိကိုယ်ကိုနာကျင်စေသောအပြုအမူများပြုလုပ်ခြင်း
(ဥပမာ - နံရံကိုခေါင်းနှင့်တိုက်ခြင်း၊ ကိုက်ခြင်း)
- အသံ/အလင်းစသည့်လှုံ့ဆော်မှုတစ်ခုခုကိုပုံမှန်ထက်။
ပို၍ တုံ့ပြန်မှုများခြင်း
- အကြောင်းအရာ/အရာဝတ္ထု တစ်ခုခုကိုစွဲလန်းမှု
စိတ်ဝင်စားမှုပြင်းထန်ခြင်း

🌈ဉာဏ်ရည်ဖွံဖြိုးမှုပုံစံကွဲပြားခြင်း
- အချို့သောအော်တစ်ဇင်များတွင်ပုံမှန်ဉာဏ်ရည်ဖွံ့ဖြိုးမှု
မရှိခြင်း
- အချို့သောအော်တစ်ဇင်များတွင်ပုံမှန် သို့မဟုတ် ပုံမှန်
ထက်ပိုသော ဉာဏ်ရည်ဖွံဖြိုးမှုရှိခြင်း
( ဥပမာ - သင်္ချာ၊ ဂီတ၊ မှတ်ဉာဏ် စတဲ့အရာ‌တွေမှာ
ပုံမှန်ထက်ထူးချွန်သော စွမ်းရည်ရှိခြင်း)

🌈အော်တစ်ဇင်ကိုအခြားသောရောဂါများနှင့်လည်းတွဲ၍တွေ့နိုင်ပါတယ်။
🔵- Attention Deficit Hyperactivity Disorder
(ADHD)ဟုခေါ်သော ဂနာမငြိမ်အသွက်လွန်ခြင်း
🔵- အတက်ရောဂါ
🔵- စိတ်ဖိစီးမှုများခြင်း
🔵- စိတ်အတက်အကျမြန်ခြင်း
🔵- အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ

စတဲ့အခြေအနေများနဲ့အော်တစ်ဇင်တွဲ၍ ဖြစ်ပွားနိုင်ပါတယ်။

#အော်တစ်ဇင်ကိုဘယ်လိုကုသမလဲ?

🌈အော်တစ်ဇင်ဟာ ရောဂါမဟုတ်တာကြောင့်ပျောက်ကင်းအောင်ကုသလို့ မရနိုင်ပါဘူး။

🌈အော်တစ်ဇင်ရှိသူတွေကို သေချာစွာလေ့ကျင့်သင်ကြားပေးနိုင်မယ့်ကျောင်းတွေ မှာစောစီးစွာ တက်ရောက်သင်ကြားခြင်းဟာထိရောက်တဲ့ကုသမှုတစ်ခုဖြစ်ပါတယ်။

👨‍🏫- အပြုအမူပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားခြင်း
🗣️- စကားပြောဆိုမှုပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားခြင်း
👨‍👨‍👧‍👧- ‌ အော်တစ်ဇင်ရှိသူ၏မိသားစုဝင်များပါ အော်တစ်ဇင်ကလေးငယ်နှင့် ပြောဆိုဆက်ဆံ၊ပြုမူနေထိုင်ရမည့်ပုံစံများကိုလေ့ကျင့်သင်ကြားခြင်း
🙋- အော်တစ်ဇင်တစ်ဦးနဲ့တစ်ဦးပုံစံကွဲပြားတာကြောင့် တစ်ဦးချင်းစီအတွက်လိုအပ်မယ့် နေထိုင်မှုပုံစံအလိုက်လေ့ကျင့်သင်ကြားခြင်း
စတဲ့နည်းလမ်းများနဲ့လေ့ကျင့်သင်ကြားပေးခြင်းဖြင့်
အော်တစ်ဇင်ရှိသူတွေရဲ့ အပြုအမူ နေထိုင်မှုပုံစံတိုးတက်လာနိုင်ပါတယ်။

🌈အော်တစ်ဇင်ဟာပုံစံအမျိုးမျိုးကွဲပြားပြီး တစ်ဦးနဲ့တစ်ဦးမတူညီတာဖြစ်လို့ ကလေးငယ်စဉ်မှာ အော်တစ်ဇင်ရှိတယ်လို့သံသယရှိရင်တော့ ပစ်ပယ်မထားဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြသစစ်ဆေးပြီး လိုအပ်တဲ့ပြုစုပျိုးထောင်မှုတွေပြုလုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။



⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

 #သွေးဆိပ်တက်ခြင်း ( )⚠️သွေးဆိပ်တက်တယ်ဆိုတာကတော့ သွေးတွင်း‌ရောဂါပိုးဝင်‌‌ရောက်ခြင်းကြောင့် ဖြစ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ရေ...
13/11/2025

#သွေးဆိပ်တက်ခြင်း ( )
⚠️သွေးဆိပ်တက်တယ်ဆိုတာကတော့ သွေးတွင်း‌ရောဂါပိုးဝင်‌‌ရောက်ခြင်းကြောင့် ဖြစ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ရောဂါအခြေအနေဖြစ်ပါတယ်။
⚠️သွေးဆိပ်တက်ခြင်းဟာ အချိန်မီကုသမှုမခံယူဘူးဆိုရင်‌တော့ ခန္ဓာကိုယ်တွင်း အင်္ဂါတွေကို ပျက်စီးစေပြီး အသက်အန္တရာယ်ထိခိုက်စေပါတယ်။

#ဘာကြောင့်သွေးဆိပ်တက်ခြင်းဖြစ်ရတာလဲ?

🦠ခန္ဓာကိုယ်တွင်းပိုးမွှားများ(ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊မှိုပိုးများ၊ ကပ်ပါးပိုးများ)ဝင်ရောက်ခြင်းကြောင့် သွေးဆိပ်တက်ခြင်းဖြစ်စေနိုင်ပြီး ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သောသွေးဆိပ်တက်ခြင်းက အဖြစ်များပါတယ်။

🟢- အဆုတ်ရောင်နမိုးနီးယားဖြစ်ခြင်း
🟢- ‌ဆီးပိုးဝင်ခြင်း
🟢- အရေပြားပိုးဝင်ခြင်း
🟢- အစာအိမ်နှင့်အူလမ်းကြောင်းပိုးဝင်ခြင်း/အူရောင်ခြင်း/
အူအတက်ရောင်ခြင်း
🟢- ခွဲစိတ်ထားသောဒဏ်ရာတွင်ပိုးဝင်ခြင်း
🟢- ဆီးပိုက်/သွေးကြောတွင်းထည့်ထားသောပိုက်များမှ
ပိုးဝင်ခြင်း

စတာတွေကနေ သွေးဆိပ်တက်ခြင်းအဖြစ်များပါတယ်။

#သွေးဆိပ်တက်တဲ့အခါဘယ်လိုလက္ခဏာတွေခံစားရနိုင်သလဲ?

🟢- ကိုယ်အပူချိန်တက်ခြင်း
🟢- ချမ်းတုန်ခြင်း
🟢- နှလုံးခုန်နှုန်းမြန်ခြင်း
🟢- အသက်ရှူနှုန်းမြန်ခြင်း
🟢- သွေးပေါင်ချိန်ကျခြင်း
🟢- ကယောင်ခြောက်ခြားဖြစ်ခြင်း
🟢- သတိလစ်ခြင်း
🟢- ဆီးနည်းသွားခြင်း/ဆီးမသွားခြင်း

စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

#ဘယ်လိုသူတွေမှာသွေးဆိပ်တက်ခြင်းဖြစ်နိုင်ချေများသလဲ?

🟢- ကလေးငယ်များ
🟢- အသက်အရွယ်ကြီးသူများ
🟢- ကိုယ်ခံအားနည်းသူများ ( ကင်ဆာရောဂါရှိသူများ၊
ခုခံအားကျရောဂါရှိသူများ)
🟢- နာတာရှည်ရောဂါရှိသူများ
( ဆီးချို၊သွေးတိုး၊နှလုံး၊‌ ကျောက်ကပ်၊အဆုတ်လေပြွန်
ကျဉ်း/အဆုတ်ပွရောဂါ)
🟢- ဆေးရုံတွင်ရက်ကြာရှည်စွာနေရသူများ
🟢- အထူးကြပ်မတ်ကုသဆောင်တွင်ကုသနေရသူများ
🟢- ခန္ဓာကိုယ်တွင်းဆီးပိုက်၊သွေးကြောပိုက်၊ အသက်ရှူပိုက်
စသဖြင့်တပ်ဆင်ထားသူများ
🟢- ကိုယ်ခံအားကျစေသောဆေးဝါးများအသုံးပြုနေသူများ

စတဲ့သူတွေမှာ သွေးဆိပ်တက်ခြင်းဖြစ်နိုင်ချေများပါတယ်။

#သွေးဆိပ်တက်ခြင်းကိုဘယ်လိုကုသမလဲ?

ရောဂါအခြေအနေပေါ်မူတည်ပြီး

⚕️- ပိုးသတ်ဆေးများအသုံးပြုခြင်း
⚕️- သွေးပေါင်ချိန်ပုံမှန်ဖြစ်စေရန်ကုသခြင်း
⚕️- အောက်ဆီဂျင်အသုံးပြုခြင်း
⚕️- အချို့‌ သော အခြေအေနေများတွင်ခွဲစိတ်ကုသခြင်း
(ရောဂါပိုးရှိသောနေရာကို ခွဲစိတ်ခြင်း)

စတဲ့နည်းလမ်းတွေနဲ့ကုသနိုင်ပါတယ်။

#သွေးဆိပ်တက်ခြင်းကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့

✅- ခန္ဓာကိုယ်တွင်းရောဂါပိုးဝင်ရောက်ပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာ စောလျင်စွာ ထိထိရောက်ရောက်ကုသမှုခံယူပါ။
✅- လက်ကိုရေနှင့်ဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။
✅- ခန္ဓာကိုယ်တွင် အနာ/ဒဏ်ရာရှိပါက အနာကိုသန့်ရှင်းစွာထားပါ/ ဆရာဝန်ညွှန်ကြားချက်ကိုသေချာစွာလိုက်နာပါ။
✅- ကာကွယ်ဆေးများကိုပုံမှန်ထိုးပါ။
(ဥပမာ- အဆုတ်ရောင်နမိုးနီးယားကာကွယ်ဆေး၊တုပ်ကွေးကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး)
✅- နာတာရှည်ရောဂါရှိသူများအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာ ပုံမှန်စစ်ဆေးကုသမှုခံယူပါ။

‼️သွေးဆိပ်တက်ခြင်းဟာပြင်းထန်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တာဖြစ်လို့ ခန္ဓာကိုယ်တွင်းရောဂါပိုးဝင်ရောက်ပါက ထိထိရောက်ရောက်ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

⚠️စာများကိုပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။



Dr.Phyu Phyu Moe
M.B.,B.S (YGN), MRCP (UK)


No.86, Ayarwaddy Street, Ahlone Tsp, Yangon

Address

Ahlone
11121

Opening Hours

Monday 09:00 - 12:00
15:00 - 20:00
Tuesday 09:00 - 12:00
15:00 - 20:00
Wednesday 09:00 - 12:00
15:00 - 20:00
Thursday 09:00 - 12:00
15:00 - 20:00
Friday 09:00 - 12:00
15:00 - 20:00
Saturday 09:00 - 12:00
15:00 - 20:00
Sunday 09:00 - 12:00
15:00 - 20:00

Telephone

+959976373645

Website

Alerts

Be the first to know and let us send you an email when Moe Medical Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Moe Medical Clinic:

Share

Category