21/06/2026
#သားသားမီးမီးတို့ရဲ့အမာရွတ်လေးတွေပါးလျပြီးပျောက်ကွယ်သွားဖို့စနစ်တကျအမာရွတ်နှိပ်နယ်နည်း (Scar Massage)
👶 သားသားမီးမီးတို့မှာ မလွဲမရှောင်သာဘဲ ခွဲစိတ်ခဲ့ရလို့ဖြစ်စေ၊ ထိခိုက်ရှနာရာတွေကြောင့်ဖြစ်စေ ကျန်ခဲ့တဲ့ အမာရွတ်လေးတွေအတွက် မေမေဖေဖေတို့ စိုးရိမ်နေကြလားမသိဘူးနော်။ ဒဏ်ရာကျက်သွားပေမယ့် ကျန်ခဲ့တဲ့အမာရွတ်ကို ပါးသွားအောင်၊ ပျော့ပျောင်းသွားအောင် အိမ်မှာတင် အလွယ်တကူ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတစ်ခု ရှိပါတယ်။ ဒါကတော့ "Scar Massage" (အမာရွတ်နှိပ်နယ်ခြင်း) ပဲ ဖြစ်ပါတယ်။
❓ အမာရွတ်ကို နှိပ်နယ်ပေးခြင်း (Scar Massage) ဆိုတာ ဘာလဲ။⁉
🟢 အမာရွတ်ကို နှိပ်နယ်ပေးတယ်ဆိုတာ အရေပြားနဲ့ သူ့ရဲ့အောက်က တစ်သျှူးတွေကို ဖိအားအသင့်အတင့်သုံးပြီး စနစ်တကျ ပွတ်တိုက်လှုပ်ရှားပေးခြင်းကို ဆိုလိုတာပါ။
💡 ဘာကြောင့် နှိပ်နယ်ပေးသင့်တာလဲ။❓❓
၁။ အမာရွတ်ကို ပျော့ပျောင်းပြားချပ်သွားစေရန်: အမာရွတ်တစ်သျှူးတွေဟာ အစပိုင်းမှာ မာပြီး ဖောင်းတက်လာတတ်ပါတယ်။ နှိပ်နယ်ပေးခြင်းက အမာရွတ်တစ်သျှူးတွေကို ပျော့ပျောင်းပြီး ပြားသွားအောင် ကူညီပေးနိုင်ပါတယ်။
၂။ အတွင်းတစ်သျှူးများ တွယ်ကပ်ခြင်းကို ကာကွယ်ရန်: အမာရွတ်တစ်သျှူးတွေဟာ အရေပြားအောက်မှာရှိတဲ့ ကြွက်သား၊ အရွတ်၊ သွေးကြော၊ အာရုံကြောနဲ့ အရိုးတွေမှာ သွားပြီး တွယ်ကပ် (Adhesion) နေတတ်ပါတယ်။ နှိပ်နယ်ပေးခြင်းက ဒါကိုတားဆီးပေးပြီး အမာရွတ်ကို ရုန်းဆန်ဆန့်ဆန့်နိုင်စွမ်း (Elasticity) ရှိနေစေပါတယ်။
၃။ အာရုံခံစားမှု သက်သာစေရန်: အမာရွတ်အသစ်တွေကို ထိလိုက်ရင် ထိခိုက်လွယ်တာ၊ စူးစူးရှရှဖြစ်တာ ဒါမှမဟုတ် နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ပုံမှန်နှိပ်နယ်ပေးရင် အာရုံကြောတွေ ပုံမှန်ပြန်ဖြစ်လာပြီး နာကျင်မှုကို သက်သာစေပါတယ်။
📅 ဘယ်အချိန်မှာ စပြီး နှိပ်နယ်ရမလဲ။ 🎈🎈🎈
✅ ကလေးရဲ့ ဒဏ်ရာ လုံးဝကျက်သွားတာနဲ့ စတင်နှိပ်နယ်ပေးနိုင်ပါတယ်။
✅ ပုံမှန်အားဖြင့် ခွဲစိတ်ဒဏ်ရာဆိုရင် ချုပ်ရိုးဖြုတ်ပြီး (သို့မဟုတ်) အမာရွတ်အဖေး ကွာကျပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်း စပြီး နှိပ်ပေးလို့ရပါပြီ။
🛑🛑 သတိပြုရန်: ပထမ ၄ ပတ်အတွင်းမှာတော့ ဒဏ်ရာရဲ့ လားရာ (အရှည်လိုက်အတိုင်း) ပဲ နှိပ်ပေးရမှာဖြစ်ပြီး၊ ၄ ပတ်ကျော်သွားမှသာ လားရာစုံ ပြောင်းနှိပ်ရပါမယ်။
‼‼ ⚠️ ကြိုတင်သတိပြုရန် လုံးဝမလုပ်ရမည့်အချက်များ
⛔ ဒဏ်ရာမကျက်သေးဘဲ ပွင့်နေတဲ့နေရာတွေကို လုံးဝ (လုံးဝ) မနှိပ်ရပါ။
⛔ နှိပ်နယ်နေတုန်း အမာရွတ်က နာကျင်လာခြင်း၊ အရည်ကြည်ဖုထွက်လာခြင်း၊ ဒဏ်ရာပြန်ပွင့်သွားခြင်း ဒါမှမဟုတ် အရေပြားမှာ အဖုအပိမ့်တွေ ထွက်လာရင် နှိပ်တာကို ချက်ချင်းရပ်ပြီး နီးစပ်ရာဆရာဝန်နဲ့ ချက်ချင်း ပြန်လည်ပြသရပါမယ်။
🛠️ စနစ်တကျ ဘယ်လိုနှိပ်နယ်မလဲ။ (Massage Techniques)📌📌📌
နှိပ်နယ်တဲ့အခါ အရေပြားအပေါ်ယံတင် ပွတ်ရုံမဟုတ်ဘဲ အောက်ခြေတစ်သျှူး (Deep tissue) အထိ ဖိအားရောက်ဖို့ လိုအပ်ပါတယ်။
၁။ ကြိုတင်ပြင်ဆင်ခြင်း
✅ မေမေတို့ လက်ကို စနစ်တကျ စင်ကြယ်အောင် ဆေးကြောပါ။
✅ ကလေးအရေပြားနဲ့ ပွတ်တိုက်မှုကြောင့် စုတ်ပြဲခြင်းမဖြစ်စေဖို့ Scar Gel (သို့မဟုတ်) Moisturizer / Petroleum Jelly တစ်မျိုးမျိုးကို အမာရွတ်ပေါ်မှာ အရင်လိမ်းပေးပါ။
၂။ ဖိအားပေးပုံ
✅ လက်မ (သို့မဟုတ်) လက်ညှိုးထိပ်ဖျားကို သုံးပြီး ခပ်ဖြည်းဖြည်းနဲ့ ဖိအား (Firm pressure) ပေးရပါမယ်။
✅ ဖိအားက ဘယ်လောက်အထိ ရှိရမလဲဆိုရင် အမာရွတ်ရဲ့ နီရဲ/ညိုမည်းနေတဲ့အရောင်ကနေ ကွက်ပြီး ဖြူလျော့သွားတဲ့အထိ (Blanching ဖြစ်သည်အထိ) ဖိပေးရပါမယ်။ (ဒါပေမယ့် ကလေး အလွန်အမင်း နာကျင်တာ၊ တွန့်လိမ်တာမျိုး မရှိစေရပါဘူး)။
၃။ လှုပ်ရှားမှုပုံစံ ၃ မျိုး (Directions)
• 🔄 Circular motion (စက်ဝိုင်းပုံစံ): အမာရွတ်ပေါ်မှာ လက်မနဲ့ စက်ဝိုင်းပုံစံ ခပ်နာနာလေး ဖိပြီး တစ်ခွင်ချင်းစီ ရွှေ့နှိပ်သွားပေးပါ။
• ↔️ Cross-friction (ကန့်လန့်ဖြတ်): အမာရွတ် တည်ရှိပုံနဲ့ ကန့်လန့်ဖြတ် (၉၀ ဒီဂရီ) လားရာအတိုင်း ဘယ်-ညာ ပွတ်တိုက်ပေးပါ။ ၎င်းက ကိုလာဂျင်မျှင်တွေ ကပ်ညှိနေမှုကို ပြိုကွဲစေပါတယ်။
• ↕️ Longitudinal (အလျားလိုက်): အမာရွတ် တည်ရှိပုံအတိုင်း အလျားလိုက် အထက်-အောက် (သို့မဟုတ်) ရှေ့-နောက် ဆွဲဆန့်သကဲ့သို့ နှိပ်ပေးပါ။
⏱️ တစ်နေ့ ဘယ်နှစ်ကြိမ်၊ ဘယ်လောက်ကြာအောင် လုပ်ရမလဲ။❓❓
✅ တစ်နေ့လျှင် အကြိမ်ရေ: တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ် ပုံမှန် ပြုလုပ်ပေးပါ။ (ကလေး ရေချိုးပြီးစ အရေပြား စိုစွတ်နူးညံ့နေချိန်နဲ့ ညအိပ်ခါနီး အချိန်တွေက နှိပ်ဖို့ အကောင်းဆုံးပါပဲ)။
✅ တစ်ကြိမ်လျှင် ကြာချိန်: အမာရွတ်တစ်ခုကို တစ်ခါနှိပ်ရင် ၅ မိနစ်ကနေ ၁၀ မိနစ် ကြာအောင် နှိပ်ပေးရပါမယ်။
✅ စုစုပေါင်း ကုသရမည့်ကာလ: ဒဏ်ရာကျက်ပြီးစကနေ စတင်ကာ အမာရွတ်အသားကျ ရင့်ကျက်မှု အပြည့်အဝရဖို့ (Scar Maturation) အတွက် အနည်းဆုံး ၆ လကနေ ၁ နှစ်အထိ နေ့စဉ် စိတ်ရှည်လက်ရှည် လုပ်ဆောင်ပေးဖို့ လိုပါတယ်။
❤❤❤✨ အမာရွတ်တစ်ခုဟာ အရောင်ဖျော့လာမယ်၊ ပြားလာမယ်၊ ပျော့အိလာပြီဆိုရင် အသားကျသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။ အမာရွတ် အသားကျသွားပြီးနောက်ပိုင်းမှာလည်း ပုံမှန်အတိုင်း အစိုဓာတ်ထိန်းခရင်မ် ဆက်လိမ်းပေးဖို့နဲ့ နေပူထဲသွားရင် အမာရွတ်က ပိုညိုမည်းမသွားအောင် နေရောင်ကာခရင်မ် (Sunscreen) ပုံမှန်လေး လိမ်းပေးဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။ သိလိုတာတွေ မရှင်းတာ နားမလည်တာတွေ ရှိရင်လည်း မန့်မှာ မေးထားလို့ရပါတယ်။ သားသားမီးမီးလေးတွေ နေကောင်း ကျန်းမာကြပါစေ။