14/07/2026
"G12 ကျောင်းသား၊ ကျောင်းသူတွေ အဖျားတက်တဲ့အချိန်မှာ အရေးကြီးဆုံးက ဘာလဲ?"
G12 ကာလဟာ စာမေးပွဲဖိအား အများဆုံးအချိန်ပါ။ အဖျားတက်နေပေမယ့် "စာမပျက်ရဘူး" ဆိုပြီး ကျောင်းဆက်တက်တာ၊ ညအိပ်မပျော်ဘဲ စာဆက်ကျက်တာတွေကို မကြာခဏ တွေ့ရပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ်က ဖျားနေတယ်ဆိုတာ ကိုယ်ခံအားက ရောဂါပိုးကို တိုက်ထုတ်နေတဲ့အချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ
အိပ်ရေးပျက်တာ
အနားမယူဘဲ စာဆက်ကျက်တာ
ကျောင်းမှာ တစ်နေ့လုံး ထိုင်နေရတာ
ရေသောက်နည်းတာ၊ အစားအသောက်မဝင်တာ
တွေက ခန္ဓာကိုယ်ကို ပိုပင်ပန်းစေပြီး အဖျားပိုကြာနိုင်သလို ပြန်နာတာလည်း ဖြစ်နိုင်ပါတယ်။
အဖျားတက်တဲ့အချိန်မှာတော့ ✅ ရေလုံလောက်အောင် သောက်ပါ။ ✅ အာဟာရစုံလင်မျှတအောင် စားပါ။ ✅ ညဘက် အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူပါ။ ✅ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို မှန်မှန်သောက်ပါ။
တစ်ရက်၊ နှစ်ရက်လောက် အနားယူလိုက်တာကြောင့် စာနည်းနည်းကျန်နိုင်ပါတယ်။ ဒါပေမယ့် မသက်သာသေးဘဲ အတင်းကျောင်းတက်တာက ရောဂါပိုရှည်ပြီး စာပါ ပိုထိခိုက်နိုင်ပါတယ်။
အဖျားသက်သာပြီး နေကောင်းလာမှ ကျောင်းပြန်တက်၊ စာပြန်လုပ်တာက ရေရှည်မှာ ပိုအကျိုးရှိပါတယ်။
⚠️ အကယ်၍ အဖျား ၃ ရက်ထက်ပိုကြာတာ၊ အသက်ရှူခက်တာ၊ သတိလစ်တာ၊ အရမ်းအားနည်းတာ၊ သောက်မဝင် စားမဝင်ဖြစ်တာတွေရှိရင် ဆေးခန်း သို့မဟုတ် ဆေးရုံကို အမြန်ပြသင့်ပါတယ်။