07/05/2024
ခွေးကိုက်တာနဲ့ခွေးရူးပြန်ကာကွယ်ဆေးထိုးသင့်ကြောင်းပြန်လည်မျှဝေပေးတာပါရှင့်
ဆရာ၀န်ဖြစ်ကတည်းက ခွေးရူးပြန်ရောဂါကို ၂ခါပဲတွေ့ဖူးသေးတယ်။ပထတစ်ခါက အလုပ်သင်ဆရာ၀န်ဘ၀တုန်းက ကလေးဆေးရုံမှာ...။ဒုတိယတစ်ခါကတော့ ဆေးခန်းမှာ....
အဲ့ဒီနေ့တော့ တော်တော်ကိုအမှတ်တရဖြစ်ခဲ့တဲ့နေ့...ဆေးခန်းမှာလူနာရှုပ်တဲ့နေ့၊လူနာများတာမဟုတ်ဘူး...။လာတဲ့လူနာတွေလည်းကြည့်လိုက်ဦး၊ဆိုင်ကယ်မှောက်တဲ့လူနာက၂ယောက်။တစ်ယောက်အနာကကြီးတော့ ချုပ်ပေးရမှာ။ခေါင်းပေါ်သစ်သားချောင်းပြုတ်ကျပြီး ခေါင်းပေါက်တဲ့ လက်သမားဆရာက တစ်ယောက်၊သူလည်းချုပ်ရမှာပဲ....အိမ်အောက်မှာက နှလုံးရောဂါနှင့်အမေကြီးကို oxygenပေးထားရတယ်။ခေါင်းချုပ်နေတုန်းမှာပဲ အဲ့လူနာရောက်လာတာ....ကိုယ်လည်းချုပ်ရင်းနှင့်ပဲ မေးရတယ်။
ဘာဖြစ်လို့လဲ ဦးလေး
ထွေထွေထူးထူးတော့ဟုတ်ပါဘူး လက်ကအနာလေးလာပြတာပါ ဆရာလေး....
အနာက ဘယ်လိုကနေဘယ်လိုဖြစ်တာတုန်း၊ဖြစ်တာရောဘယ်လောက်ကြာပြီလဲဗျ
ယားလို့ကုတ်တာကနေစပြီးဖြစ်သွားတာပါ ၂ပတ်လောက်တော့ရှိပြီ ဆရာလေးရေ အခုမှပိုဆိုးလာလို့လာပြတာပါ။
အနာကိုကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ အသားနီလန်အောင်ကိုကုတ်ထားတာ အဆီတ၀င်း၀င်းကိုဖြစ်နေတယ်။တော်တော်ယားသလားဗျ...
ယားတာတော့မပြောပါနဲ့တော့ ကုတ်ထားတာသာကြည့်ပါတော့ ဆရာလေး
အမာရွတ်လေးက စယားပြီးကုတ်ရင်းကုတ်ရင်း ဒီလိုဖြစ်သွားတာပါဗျာ
နောက်ကော ဘာဖြစ်သေးလဲ၊ဘာလိုခံစားရသေးလဲ
လူကြီးကနူံးနေတယ်ဆရာ၊မနေ့ညကလည်းရေသောက်တာ နင်နေတယ် ဘယ်လိုမှသောက်မရဘူး....
ဘယ်လို ရေနင်တယ် ဟုတ်လား....?
ဟုတ်တယ် ဆရာလေး ရေနင်တာကတော့ ညတစ်ရေးနိူးလာမှဖြစ်နေတာ မနေ့က ရေခဲရေသောက်များသွားလို့လားနေမှာလည်ချောင်းတွေ နာနေသလိုပဲ
ဦးလေး တံတွေးမြိုချရင်ကော နာလား
မနာဘူး ဆရာလေး အစာစားလည်းမနာဘူး၊မနင်ဘူး ရေသောက်တာမှာပဲဖြစ်နေတာ
ဒါနဲ့ သူနှင့်ပါလာတဲ့သူ့သမီးကို မုန့်သွား၀ယ်ခိုင်းပြီး လူနာကို မုန့်စားခိုင်းကြည့်တော့ ဘာမှမဖြစ်ဘူး။ရေသောက်ခိုင်းတော့မှ စတော့တာပဲ...ရေခွက်ကိုယူပြီးပါးစပ်ကိုတေ့တဲ့အချိန်အထိအကောင်းပဲ၊ရေ၀င်တော့မှ ဖူးဖူးဆိုပြီး မှုတ်ထုတ်တယ်၊ရေခွက်ကလွတ်ကျသွားတယ်။လူကြည့်လိုက်တော့ ဝေဒနာတစ်ခုခုကို ခံစားလိုက်ရသလိုဖြစ်သွားတာကိုတွေ့ရတယ်...။
ဦးလေး ခွေးကိုက်ခံရဖူးသေးလား...?
ဟုတ် လွန်ခဲ့တဲ့၂လလောက်တော့ အကိုက်ခံရဖူးပါတယ်၊အကြီးကြီးတော့မဟုတ်ဘူး။ပေါက်သွားပြီးသွေးစို့ရုံလေးပဲဖြစ်တာဆရာလေး အခုလက်အနာဖြစ်တဲ့နေရာကို အဟပ်ခံရတာပါ....
ဘယ်ကခွေး အကိုက်ခံရတာလဲဗျ
အိမ်ကခွေးပါဗျာ အခြားခွေး၀င်ကိုက်ပြီး နေမကောင်းဖြစ်နေတာ၊သူ့ကိုထမင်းသွားကျွေးနေတုန်း ဗြုန်းခနဲ လက်ကိုဟပ်လိုက်တာပါ ဆရာလေး
အဲ့ခွေးရော အခုရှိသေးလား?နေရောကောင်းရဲ့လား?
သေပြီ ဆရာလေး
ဘယ်လိုဖြစ်ပြီးသေသွားတာလဲဗျ....
ကျွန်တော်သတ်လိုက်တာပါ၊ကျွန်တော့ကိုပြန်ကိုက်လို့သတ်လိုက်တာပါ၊စိတ်ဆိုးပြီးသာသတ်လိုက်ရတယ်၊ရင်ထဲတော့မကောင်းဘူး။အရမ်းလိမ္မာတဲ့ခွေးလေး၊အရင်ကဆို ဘာလုပ်လုပ်ပြန်မကိုက်တဲ့ခွေး အခုနေမကောင်းတော့ စိတ်မကြည့်လို့ထင်ပါရဲ့ဗျာ....
သေချာပြီ ခွေးရူးပြန်ရောဂါပဲ။ယားတယ်၊လူနူံးတယ်၊အသိသာဆုံးအချက်ကတော့ ရေကြောက်တာပဲ။ဒါနဲ့ လူနာသားသမီးတွေကိုပြောရတယ်။လူနာကဆေးထိုးစရာမလိုပါဘူး။သောက်ဆေး၊လိမ်းဆေးဆိုရပါတယ်။ဦးလေး အိမ်ပြန်နှင့် ကျွန်တော် သူတို့ကိုဆေးပေးလိုက်မယ်၊လိမ်းဆေးကတော့ ၀ယ်ရမှာ...
လူနာပြန်သွားမှ သူ့သားသမီးတွေပြောရတယ်၊ခင်ဗျားတို့အဖေကတော့ ခွေးရူးပြန်ရောဂါဖြစ်နေဖို့များတယ်။ဆေးရုံသွားပါ...
မဖြစ်နိူင်တာ ဆရာလေးရယ် ကျွန်မတို့အဖေက အစာရေမြိုကျဉ်းတာပါ။
ဘယ်သူကပြောတာလဲဗျ
ဟိုဆရာကြီးကပြောလိုက်တာ သူကုပေးမယ်တဲ့ လက်ကအနာကိုသာ ဆရာလေးဆီသွားပြဆိုလို့ လာပြတာပါ...
(သူတို့ပြောတဲ့ဆရာကြီးဆိုတဲ့လူက ရမ်းကုကြီး၊အဲ့ငနဲ တလွဲလုပ်သမျှကို ရွာထဲက ဆရာ၀န်တွေကခံနေရတာ ထားပါတော့ ဒီအကြောင်းကို သပ်သပ်ရေးမှာ)
သွေးထွက်၊အသားနီလန်လောက်အောင် ကုတ်ရတဲ့အယားမျိုးကရှားတယ်ဗျ၊ဒါဖြစ်စေတဲ့အကြောင်းတွေထဲမှာ ခွေးရူးပြန်ရောဂါလည်းပါတယ်။နောက်ပြီး အစာရေမြိုကျဉ်းရင်လည်း အစာစားရလည်းခက်တယ်။အခုခင်ဗျားဆို့အဖေက အစာစားတော့ ဘာမှမဖြစ်ဘူး၊ရေသောက်တော့မှဖြစ်နေတာ၊ရေနင်တာဆို ြေဖြေးဖြေးခြင်းသောက်ရင်ရကောင်းရနိူင်ဦးမယ်၊အခုဟာက ရေကိုကြောက်နေတာ...ဆေးရုံသွားပြပါဗျာ
ဒါနဲ့သူတို့ပြန်သွားကြတယ်။ဆေးခန်းကိုသူတို့လာတုန်းက မနက် ၁၀နာရီသာသာလောက်ပဲရှိသေးတာ နေ့လည်၁နာရီလောက်ကျတော့ လူနာကစပြီးဖောက်လာလို့ ဆေးရုံသွားကြပါတယ်။ဆေးရုံကလည်း ဒါခွေးရူးပြန်တာ၊ကုလို့တော့မရတော့ဘူး၊ဒါပေမယ့် လူနာစောင့်တွေက ဝိုင်းတောင်းဆိုမှုကြောင့် ခွေးရူးပြန်ရောဂါကုသဆေး တစ်လုံးတော့ထိုးပေးလိုက်ပါတယ်။ဒါနဲ့သူတို့အိမ်ပြန်လာတယ်။ညနေ၅နာရီမှာ လူနာဆုံးပါတယ်....အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါပါ။
အကယ်၍ခွေးအကိုက်ခံရလျှင် ခွေးကို မသတ်ပါနဲ့ ၊ခွေးကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ခွေးကိုက်ခံရတဲ့ ဒဏရာကို ရေများများနှင့် အနည်းဆုံး၁၅မိနစ်ခန့်ကြာအောင်ဆေးပါ၊ဆပ်ပြာသုံးစွဲနိူင်ပါတယ်။ရေဆေးပြီး အရက်ပြန်ဖြင့်သန့်စင်ပါ၊ပြီးရင် tincture of iodineနှင့်ထပ်မံ သန့်စင်ပါ၊နီးစပ်ရာဆေးရုံ၊ဆေးခန်းကိုအမြန်ဆုံးသွားပါ။
ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို အဆင့်၃ဆင့်ခွဲပါတယ်။
အဆင့်၁.....ထိတွေ့ရုံ၊အရေပြားအကောင်းပေါ်ကိုလျှာဖြင့်အလျက်ခံရခြင်း။
အဆင့်၂.....အကိုက်မခံသော်လည်း ငုံခဲခံရခြင်း၊သွေးမထွက်ဘဲ ပွန်းရာခြစ်ရာရှိခြင်း
အဆင့်၃.....အရေပြားပေါက်ပြဲပြိ်းသွေးထွက်အောင် အကိုက်ခံရ၊အကုတ်ခံရခြင်း၊အနာပေါ်ကို လျှာဖြင့်အလျက်ခံရခြင်း
အဆင့်၁အတွက်ကတော့ ခွေးမရူးကြောင်းသေချာသိလျှင် ကုသရန်မလိုပါဘူး။
အဆင့်၂အတွက်မှာတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး(eg verorab,ravibar)ထိုးဖို့ လိုအပ်လာပါပြီ။ကာကွယ်ဆေးထိုးရာမှာ ၂နည်းရှိပါတယ်။ပထမနည်းကတော့အကိုက်ခံရခြင်းတစ်လုံးထိုး၊နောက်၃ရက်မြောက်မှာတစ်လုံး၊နောက်၇ရက်မြောက်နေ့မှာတစ်လုံး၊နောက်၁၄ရက်မြောက်နေ့မှာတစ်လုံး၊နောက် ၂၈ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း၅လုံးထိုးရပါမယ်။
နောက်တစ်နည်းက စစခြင်းကာကွယ်ဆေး၂လုံးကိုတစ်ခါတည်းထိုးရပါမယ်။နောက်၇ရက်မြောက်နေ့မှာ တစ်လုံး၊နောက်၂၁ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်းဆေး၄လုံးထိုးရပါတယ်။ကြိုက်တဲ့နည်းနှင့်ထိုးလို့ရပါတယ်။လူကြီးဆိုရင် လက်မောင်း၊ကလေးဆိုရင် ပေါင်အရှေ့ဘက်ထိုးရပါမယ်။ကာကွယ်ဆေးထိုးနေတုန်း ခွေးမရူးကြောင်းသေချာသိရင် ဆေးထိုးတာကို ရပ်ချင်ပါကရပ်နိူင်ပါတယ်။
အဆင့်၃အတွက်ကတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးရော၊ကုသဆေး(RIG) (eg favirab,equirab)ပါထိုးဖို့လိုအပ်လာပါတယ်။ကာကွယ်ဆေးကတော့အဆင့်၂အတိုင်းကလိုပါပဲ။ကုသဆေးကတော့ ကိုယ်အလေးချိန်နှင့်တွက်ပြီးမှထိုးရပါတယ်။human RIGဆိုရင် 20IU/kg of body weightပါ၊Equine RIGဆိုရင် 40IU/kg of body weightပါ။ပုံမှန်အားဖြင့်လူကြီးဆိုဆေးနှစ်လုံး၊ကလေးဆိုဆေးတစ်လုံးကုန်လေ့ရှိပါတယ်။ဆေးကို ဒဏ်အတွင်းနှင့် ဒဏ်ရာပတ်လည်ကိုထိုးရပါတယ်။ပိုတဲ့ဆေးတွေကို ကာကွယ်ဆေးထိုးတဲ့နေရာနှင့်ဝေးတဲ့နေရာမှာ အသားဆေးထိုးရပါတယ်။ကာကွယ်ဆေးထိုးတဲ့နေရာဆန့်ကျင်ဖက်မှာထိုးရမှာပါ။
ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို မလိုအပ်ပဲချုပ်လေ့မရှိပါဘူး။ချုပ်ဖို့လိုအပ်လာရင်လည်း RIGဆေးအရင်ထိုးပြီး နာရီအနည်းငယ်ကြာမှချုပ်ပါတယ်။
အရင်က ကာကွယ်ဆေးအပြည့်ထိုးဖူးတဲ့သူများ ခွေးပြန်အကိုက်ခံရပါကကာကွယ်ဆေးပဲပြန်ထိုးဖို့လိုအပ်ပါတော့တယ်။ အကိုက်ခံရခြင်းတစ်လုံး၊နောက်၃ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း ၂လုံးပဲထိုးရတော့မှာပါ။
ဆေးတွေအားလုံးရဲ့စုစုပေါင်းတန်ဖိုးက အများသောအားဖြင့်၁သိန်းနီးပါးပဲကျပါတယ်။ကလေးဆို ၆သောင်း၊၇သောင်းပါ။ကျွန်တော့ဆရာတွေပြောသလိုပဲ ခွေးရူးပြန်ရောဂါဆိုတာ ခွေးအကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထား၊မဟုတ်ရင် ခွေးရူးပြန်ရောဂါလက္ခဏာ တစ်ခုပေါ်လာတာနဲ့ ရာနှုန်းပြည့်သေပါတယ်၊ကုသလို့မရသေးပါဘူးတဲ့......ဒါကြောင့်ခွေးအကိုက်ခံရပါကငွေ၁သိန်းကိုမမြင်ကြဘဲ ကာကွယ်ဆေးထိုးကြပါလို့တိုက်တွန်းပါရစေ.....
သက်ပိုင်စိုး