10/02/2026
ဆေးဝါးနဲ့ပတ်သက်လို့ ဗဟုသုတ အနည်းအကျဉ်းတော့ရှိသင့်တယ်ဆိုတာကို ကျွန်တော် ခဏခဏပြောဖူးတယ်။
ဒီနေ့လည်း လူနာတယောက် ဆေးမှားသောက်နေတာဗျာ။
ဘယ်လိုလုပ်သိရသလဲဆိုရင် ကျွန်တော်က ဘယ်လူနာပဲ ဆေးခန်းလာပြပြ ပုံမှန်နေ့စဉ်သောက်နေတဲ့ဆေးရှိလားဆိုပြီး မေးလေ့ရှိတယ်။
ဒီနေ့လည်း ဒီလူနာကိုမေးတော့ ဆေး ၄မျိုးသောက်နေတယ်လို့သိရတယ်။ လေဖြတ်ထားတယ်၊ သွေးတိုးရှိတယ်လို့ပြောတယ်။
သူက ဆေးလည်းယူလာတော့ တောင်းကြည့်လိုက်တယ်။
အဲ့ဒီမှာ ဆီးချိုဆေးတမျိုးဖြစ်တဲ့ Gliclazide 80mg ကိုတွေ့တော့
"ဆီးချိုလည်း ရှိတာလား" လို့မေးလိုက်တယ်။
"ဆီးချိုက မရှိဘူး" လို့ဖြေတယ်။
"သောက်နေတဲ့ဆေးထဲမှာ ပါတယ်နော်" ဆိုပြီး ဆေးမှတ်တမ်းတောင်းကြည့်လိုက်တယ်။
ဆရာဝန်ညွှန်ကြားထားတာမှာ အဲ့ဆေးမပါဘူးဖြစ်နေတယ်။ ဆီးချိုလည်း စစ်ထားပါတယ်။ မရှိပါဘူး။
ဒါနဲ့ ဆက်စစ်ပေးရတယ်။
နောက်ဆုံးတော့ အကြောင်းရင်းကိုတွေ့တယ်။
Aspirin75mg ဆိုတဲ့ သွေးကျဲဆေးကုန်သွားလို့ ဆေးကဒ်အခွံကိုင်ပြီး သွားပြန်ဝယ်တာမှာ Gliclazide80mg ပေးလာတာ။ သွားဝယ်တာကလည်း ဆေးခန်းနဲ့တွဲလျက်ဖွင့်ထားတဲ့ဆေးဆိုင်ကပဲ။
ဘယ်လိုမှားသွားလဲတော့ မပြောတတ်ပါဘူး။
ဆေးပုံစံ၊ ဆေးကဒ်ပုံချင်းကလည်း တခြားစီကို။
ဒါနဲ့လူနာကပြောတယ်။
"ကျွန်တော်သွားဝယ်တော့ ပုံစံတူတော့ မရှိတော့ဘူး တူတာပေးလိုက်မယ်၊ သောက်လို့ရတယ်ဆိုပြီးပြောပေးလိုက်တာ"
"ရောင်းပေးတဲ့သူက ပြောသေးတယ်
ညွှန်ထားတာကတော့ 75 အားပေါ့
အခုပေးလိုက်တာက 80 အား
5 အားပဲ ကွာတယ် သောက်လို့ရတယ်တဲ့"
"ဒါနဲ့ ကုန်တိုင်းဒါပဲ ထပ်ဝယ်သောက်နေတာ" တဲ့။
အေးရောဗျာ။
ဒါကြောင့်ပြောတာ ဆေးဝါးဗဟုသုတလေးတွေ ဖြည့်ထားကြပါဦး။
ကိုယ်သောက်နေရတဲ့ဆေးဝါးတွေကို သိနိုင်ဖို့ ကြိုးစားကြပါ။
ဆေးကဒ်ပေါ်မှာ စာလုံးအကြီးနဲ့ ရေးထားတဲ့ Brand Name/ Trade Name ထက် ပါဝင်တဲ့ဆေးအမယ် Chemical Name / Generic Name ကိုသာ သေချာမှတ်ပေးပါ။ ဒါမှသာ ဝယ်တဲ့အခါ သေချာ စစ်ဆေးယူနိုင်မှာပါ။
ဒီရှေ့လျှောက် ဆေးဝါးအကြောင်းလေးတွေကို ရေးပေးပါဦးမယ်။
Over the counter drugs အိမ်သုံးဆေးဝါးတွေကနေ အရင် စရေးပေးပါမယ်။
နောက်မှ အသုံးများတဲ့ Prescription drugs ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သင့်တဲ့ ဆေးတွေအကြောင်း ဆက်ရေးပါမယ်။
ဖတ်ချင်ကြလားဗျာ။