18/07/2022
ကျန်းမားရေးဗဟုသုတလေးပါ 😇😇😍
တားဆေးဆိုတိုင်း ကိုယ်ဝန်တားဖို့ပဲမဟုတ်ပါ 🌸
Health For Her ရဲ့ လေဒီတို့ရေ မင်္ဂလာပါ။
ဒီနေ့မှာတော့ အချို့သောအမျိုးသမီးလေးတွေကြုံတွေ့ရလေ့ရှိတဲ့ ရာသီမမှန်ခြင်းပြဿနာအကြောင်းပြောပြချင်ပါတယ်။
ကိုယ်ဝန်ရှိတာမဟုတ်ဘဲ အခြားသောအကြောင်းကြောင်းကြောင့် ရာသီမမှန်တာ၊ နောက်ကျတာတွေဖြစ်လို့ ဆေးခန်းပြတဲ့အခါမှာ ဆရာဝန်က တားဆေးကတ်လေးပေးလိုက်လို့ "ကျွန်မကတော့အပျိုပါ၊ ဒါသောက်လို့ဖြစ်ပါ့မလား ၊ဒါကိုဘာလို့ပေးတာလဲ "စသဖြင့် မေးခွန်းလေးတွေကြားရပါတယ်။
ဒီသန္ဓေတားဆေးတွေမှာ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစရိုဂျင် နဲ့ ပရိုဂျက်စတင် နှစ်မျိုးပါဝင်ပါတယ်။ ဒီဟော်မုန်းတွေရဲ့ အသုံးဝင်ပုံကအများကြီးရှိပါတယ်။ ဒီထဲကမှ အများစုက သန္ဓေတားဖို့အတွက် အသုံးပြုကျတာမို့ တားဆေးဆိုပြီး လူသိများသွားတာပါ။ တကယ်တော့ တားဆေးထက် ဟော်မုန်းထိန်းညှိဆေးလို့ပြောတာက ပိုပြီးအသုံးမှန်ပါတယ်။
ဟော်မုန်းထိန်းညှိဆေးဖြစ်တဲ့အတွက် ဟော်မုန်းမညီမျှလို့ဖြစ်တဲ့ ပြဿနာအကုန်လုံးအတွက် ချင့်ချိန်သုံးစွဲကုသလို့ရတယ်ဆိုတာကို သိထားရပါမယ်။
သားဥကြွေခြင်း၊ ရာသီလာခြင်းနဲ့ သန္ဓေတည်ခြင်း ဖြစ်စဥ်အားလုံးက အီစရိုဂျင်ဟော်မုန်းတွေကြောင့် ဖြစ်လာသလိုပဲ ရာသီမလာတာ၊ ရာသီထိန်တာတွေကလည်း အီစရိုဂျင်ဟော်မုန်းနည်းလို့ ဟော်မုန်းပမာဏမညီမျှလို့ဖြစ်တာပါ။
ဆေးခန်းပြရင် ရာသီလာအောင် ဆရာဝန်က ဟော်မုန်းပမာဏပြန်လည်ထိန်းညှိပေးဖို့အတွက် ဒီဆေးကိုပေးလေ့ရှိပါတယ်။ အများအားဖြင့်တော့ ဒီဆေးသောက်ပြီး တစ်ပတ်အတွင်း ရာသီပြန်မှန်လေ့ရှိပါတယ်။ ရာသီလာဖို့ လိုအပ်တဲ့ အီစရိုဂျင်ပမာဏကို ဖြည့်ပေးလိုက်တာနဲ့တူတူပါပဲ။
ဒါကြောင့် ကိုယ်က အပျိုဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ် ရာသီမလာလို့ဆေးခန်းပြတဲ့အခါ ဆရာဝန်က ဒီဆေးပေးလိုက်ရင် စိတ်ပူစရာမလိုဘဲ သောက်ပါနော် လေဒီတို့ရေ။ 🤗
ဟော်မုန်းထိန်းညှိဆေးတွေက ဒီလိုအကြောင်းအရာတွေအပြင် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုသက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဟော်မုန်းဝက်ခြံကုသမှုခံယူနေရတဲ့သူတွေကိုဆိုရင်လည်း အရေပြားဆရာဝန်တွေက ဒီဆေးထည့်ပေးလေ့ သောက်ခိုင်းလေ့ရှိပါတယ်။
ဒါဆိုရင်တော့ ဒီဟော်မုန်းဆေးလေးတွေကို သောက်ဖို့ စိတ်ထဲမှာ ဒွိဟဖြစ်တာ၊ အခက်အခဲဖြစ်တာတွေ မရှိလောက်တော့ဘူးထင်ပါတယ်။ ပတ်ဝန်းကျင်က ကိုယ့်ကိုထင်မြင်မယ့် အကြောင်းအရာတွေ အတင်းအဖျင်းတွေကို ခေါက်ထားလိုက်ပါလို့ပဲ အကြံပေးချင်ပါတယ်။ ကိုယ့်ကျန်းမာရေးကိစ္စနဲ့ တစ်ကိုယ်ရည်စိတ်ချမ်းသာမှုကိုသာ အာရုံစိုက်ပါ လေဒီတို့ရေ။ 👩⚕️💚
#ကိုယ်ဝန်တားဆေး #တားဆေး #ဟော်မုန်း