Care by Heart

Care by Heart Mental Health Education and Knowledge Sharing (Psychoeducation)

ပျော်ရွှင်မှုတွေ ဘယ်ကလာသလဲ ?~~~နေ့တိုင်း ထမင်းဝဝလင်လင်စားနေရတဲ့သူတစ်ယောက်အတွက်တော့ ထမင်းတစ်နပ်ဟာ ထူးထူးခြားခြားပြင်ဆင်ထာ...
16/03/2026

ပျော်ရွှင်မှုတွေ ဘယ်ကလာသလဲ ?
~~~

နေ့တိုင်း ထမင်းဝဝလင်လင်စားနေရတဲ့သူတစ်ယောက်အတွက်တော့ ထမင်းတစ်နပ်ဟာ ထူးထူးခြားခြားပြင်ဆင်ထားခြင်းမရှိရင် ဘာမှထူးခြားဖြစ်စဥ်မဟုတ်တော့ဘူး။
သုံးလေးရက်ထမင်းမစားထားတဲ့သူအတွက်တော့ ဟင်းမပါတဲ့ ထမင်းဆီဆမ်းလေးနဲ့ ငရုတ်သီးကြော်သေးသေးက အလွန်အမင်းပျော်ရွှင်ကျေနပ်မှုကို ပေးကောင်းပေးလိမ့်မယ်။

ပထမဆုံးရတဲ့ အလုပ်သင်လစာလေး ငါးသောင်းက သင့်ကိုအရမ်းပျော်ရွှင်စေခဲ့ဖူးပေမယ့်
အခုလတိုင်းမှန်မှန်ရနေတဲ့ လစာဆယ်သိန်းက မျှော်စရာအနေနဲ့ရှိနေသေးပေမယ့် သိပ်ပျော်စရာတော့မကောင်းတော့ဘူး။

အတန်းထဲမှာ ပထမရတဲ့သူက အစပိုင်းတော့ တော်တော်ပျော်လိမ့်မယ်၊ ခဏခဏ ပထမချည်းရလာတဲ့အခါ ပထမဆိုတဲ့ဂုဏ်ပုဒ်က ပျော်စရာတစ်ခုမဟုတ်တော့ဘဲ မဖြစ်မနေရအောင်လုပ်ရမယ့် အလုပ်တစ်ခုလိုဖြစ်လာလိမ့်မယ်။

*** တကယ်တမ်းတော့ ပျော်ရွှင်မှုဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့အထဲမှာ အစကတည်းကရှိနေပြီးသားအရာပဲလေ။

- အဲ့ဒီပျော်ရွှင်မှုဆိုတဲ့အရာလေး ထွက်ပေါ်လာအောင်၊ ခံစားလို့ရလာအောင် ပါတ်ဝန်းကျင်ကအကြောင်းအရာတွေက လှုံ့ဆော်ပေးနေရုံပဲရှိတာ။

- ပါတ်ဝန်းကျင်ကအရာတွေအပေါ် မူတည်ပြီး ကျွန်တော်တို့တွေရဲ့ပျော်ရွှင်မှုက တိုက်ရိုက်အချိုးကျနေတယ်ဆိုတာ ထင်ယောင်ထင်မှားမှု သပ်သပ်ပဲဖြစ်တယ်။

- ရှည်ရှည်ဝေးဝေးမကြည့်ဘဲ စာမေးပွဲရမှတ်ကိုပဲကြည့်ရင် အမှတ်များလေလေ ပိုပျော်လေလေဖြစ်တယ်ဆိုတာ မဟုတ်ကြောင်းသိသာနေတာပဲ။ ၉၉မှတ်ပဲရတာဆိုပြီး ငိုနေတဲ့သူတွေ၊ အမှတ်၄၀ရတာကို ပျော်နေတဲ့သူတွေ . . .

- ဒါပေမယ့် နေ့စဥ်လူမှုဘဝမှာကျ ပိုက်ဆံများများရှိလေ ပိုပျော်လေ၊ စည်းစိမ်ဥစ္စာများများ ပိုင်ဆိုင်ထားလေ ပိုပျော်ရွှင်နိုင်လေလို့ အလိုလိုမှတ်ယူနေကြတယ်။
ဆင်းရဲတဲ့သူတွေကလဲ ကိုယ့်ထက်ပိုချမ်းသာတဲ့သူက ကိုယ့်ထက်ပိုပျော်နိုင်မယ်ပဲထင်ကြတယ်။
ချမ်းသာတဲ့သူတွေကလဲ ဆင်းရဲတဲ့သူတွေကို ငါတို့လောက်မပျော်နိုင်ကြရှာဘူးလို့ မြင်ကြတယ်။
ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ ခင်ဗျားတို့ထင်နေသလို ပြင်ပမှာလက်ဆုပ်လက်ကိုင်ပြလို့ရနေတဲ့ အရာတွေနဲ့ တိုက်ရိုက်အချိုးကျနေတာဟုတ်ရဲ့လား . . .
~~~

လူတစ်ယောက်နဲ့တစ်ယောက် ပျော်နိုင်စွမ်းတွေက မတူညီကြဘူး၊ ပျော်ပျော်နေတတ်တဲ့သူဟာ ပျော်တာပဲ။

လူတစ်ယောက်ရဲ့ အဆုံးအစွန်ပျော်နိုင်စွမ်းကို ၁၀၀ ရှိတယ်ဆိုကြပါစို့။ သူ့ကို ပြင်ပက ဘယ်လောက်ကောင်းတဲ့အရာကြီးပေးနေပေးနေ သူဟာ သူ့အဆုံးအစွန်ပျော်နိုင်စွမ်း ၁၀၀ထက် ပိုပျော်လို့မှမရတာ။

ပြီးတော့ ကျွန်တော်တို့ရှာဖွေနေတဲ့ ပျော်ရွှင်မှုဖြစ်စေနိုင်တဲ့အရာတွေဟာ ရိုးအီလာတတ်တဲ့သဘောမှာရှိတယ်။
- သင်ဟာပိုက်ဆံမရှိချိန်မှာ ပိုက်ဆံလေး တစ်သောင်းလောက်ရလာရင် ပျော်နေလိမ့်မယ်၊ တဖြည်းဖြည်းနဲ့ ပိုက်ဆံတစ်သောင်းဟာ သင့်အတွက် သိပ်ပျော်စရာမကောင်းတော့ဘူး။ ဒါပေမယ့် ပိုက်ဆံ တစ်သိန်းနှစ်သိန်းကတော့ သင့်ကိုပျော်စေလိမ့်ဦးမယ်၊ ဒီကနေ တဖြည်းဖြည်းနဲ့ ပိုက်ဆံ တစ်သိန်းနှစ်သိန်းကလဲ သင့်ကို မထူးခြားစေတော့တဲ့အခြေအနေရောက်လာမှာပဲ။
- ဒီတော့ သင့်ကသင့်မှာမရှိတဲ့တစ်ခုခုကို ရှာကြည့်လိမ့်မယ်၊ အီစီကလီလုပ်စရာ လက်တွဲဖော်ရှာမှာလား၊ အတူတူကဲကြမယ့် သူငယ်ချင်းမျိုးရှာမလား၊ မခံစားဖူးတဲ့အရသာတွေကိုရှာဖွေမလား။ ပထမဆုံးကြုံဖူးတဲ့အချိန်မှာတော့ သင်ပျော်မှာပါ၊ ပြီးရင်အရင်လိုပျော်စရာမကောင်းတော့တာကြောင့် နောက်ထပ်နောက်ထပ် ဆက်ရှာနေမိဦးမှာပဲ။
- ဒီလို ပိုပိုပြီးပျော်စရာတွေကိုရှာဖွေနေတာက ကိုယ့်ကိုပိုပိုပြီးပျော်ရွှင်လာစေတယ်လို့ ထင်ရင် မှားလိမ့်မယ်။
- ကိုယ်က အရင်လိုမပျော်နိုင်တော့လို့ကို အရင်လိုပျော်နိုင်ဖို့ ပျော်ရွှင်မှုနောက်ကို လိုက်နေရတာမဟုတ်ဘူးလား။
- ပျော်ရွှင်မှုကိုရှာဖွေနေရင်းနဲ့ ကိုယ်ကတော်ရုံတန်ရုံဆို မပျော်တတ်တဲ့သူဖြစ်သွားတာပဲ။
~~~

Dopamine Addiction ...

Post အစကနေ အခုအထိပြောလာတဲ့အကြောင်းအရာတွေကို စာသံပေသံနဲ့ လူအထင်ကြီးအောင် ပြောရရင်တော့ Dopamine addiction ပေါ့။

လူတွေဘာလို့ပျော်သလဲဆိုပြီး ဦးနှောက်ကြီးကိုအမျိုးမျိုးစမ်းသပ်ကြည့်ကြတဲ့အခါ ပျော်ရွှင်မှုနဲ့ဆိုင်တဲ့ ဓါတ်သဘာဝတွေရှိတယ်ဆိုပြီး၊
- Serotonin(ဆီရိုတိုနင်),
- Oxytocin(အောက်စီတိုစင်),
- Endorphine(အန်ဒေါဖင်း) နဲ့
- Dopamine(ဒိုပါမင်း) တွေပါလို့ဖော်ပြလာကြတယ်။

- Serotonin ဆိုတာနည်းနေရင် မပျော်တတ်တော့ဘူး၊
- Oxytocin ကကျ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်နဲ့ ပိုဆိုင်သွားတယ်၊
- Endorphine ကတော့ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန် ထွက်လာပြီးစိတ်ကြည်စေတဲ့ ဓါတ်သဘာဝတစ်မျိုး၊
- Dopamine ဆိုတာကမှ လူတွေတပ်တပ်မက်မက်လိုချင်ကြတဲ့ ပျော်ရွှင်မှုဆိုတာရဲ့ အဓိကဇာတ်လိုက်​ကျော်ကြီးပေါ့။

ဦးနှောက်ထဲက Nucleus Accumbens (NA လို့ပဲအတိုကောင်မှတ်လိုက်ပါ) ဆိုတဲ့နေရာမှာ ပျော်ရွှင်မှုရဲ့ဇာတ်လိုက်ကျော်ကြီး Dopamine များများရှိလာရင် များများပျော်မယ်၊ နည်းနည်းပဲရှိရင် သိပ်မပျော်တော့ဘူးတဲ့။

Post အစမှာပြောထားတဲ့ ပျော်ရွှင်မှုဆိုတဲ့ နေရာမှာ Dopamine ဆိုတာကို အစားထိုးလိုက်ရင် ဖြစ်စဥ်က အတူတူပဲ။
- အဆုံးသက်ကတော့ ဦးနှောက်ထဲမှာ Dopamine များများထွက်လာစေမယ့်အရာတွေကို ရှာဖွေရင်း ရှာဖွေရင်းနဲ့ ကိုယ့်ဦးနှောက်ကြီးက တော်ရုံတန်ရုံဆို Dopamine သိပ်မထွက်နိုင်တော့ဘူးဖြစ်သွားတာပဲ။

အဲ့လိုအခြေအနေကို Dopamine Addiction လို့ခေါ်လိုက်တာပဲ။ ဦးနှောက်ကြီးက Dopamine စွဲသွားပြီပေါ့။
~~~

မူးယစ်ဆေးစွဲသွားခြင်း
လောင်ကစားစွဲသွားခြင်း
Game စွဲသွားခြင်း
Social media စွဲနေခြင်း
အစားအသောက်ကို စွဲလန်းခုန်မင်ခြင်း (ကော်ဖီ၊ energy drink၊ binge eating habit...)
အလိုရမ္မက်တစ်ခုခုကို စွဲလန်းခြင်း တွေဟာလဲ ဒီ Dopamine addiction နဲ့ ဆက်စပ်နေတယ်။
~~~

Dopamine addiction ဖြစ်နေတာက ဘယ်လိုသိသာသလဲ?
Dopamine = ပျော်ရွှင်မှုလို့ ယေဘုယျချကြည့်လိုက်ရင် Dopamine addiction ဖြစ်တာက ပျော်ရွှင်မှုကို စွဲလန်းလာတာပဲ။
- ပျော်ရွှင်မှုပိုစွဲလန်းလာတယ်ဆိုတာ ပိုပျော်လာတာမဟုတ်ဘူး။
- ပိုပျော်ချင်လာတာ၊ အခုလက်ရှိအခြေအနေကို ပျော်စရာလို့သိပ်မထင်တော့တာ။
- ပျော်ဖို့အတွက်ကိုပဲ ဦးစားပေးလာတာ၊ မပျော်တဲ့အရာတွေကို မလုပ်ချင်တော့ဘူး၊ ပျော်စေတဲ့အရာကိုပဲ လုပ်ချင်တော့တာ။
- တစ်ချိန်ကကိုယ့်ကိုပျော်စေခဲ့တာတွေက အခုပျော်စရာမကောင်းတော့ဘူး၊ အဲ့နောက်မှာ ပျော်စရာကောင်းအောင် ဘာလုပ်ရမလဲပဲ ခေါင်းထဲတွေးနေမိတော့မှာ။
- ပျော်ရွှင်မှုကိုရှာဖွေနေရင်းနဲ့ ကိုယ်ကတော်ရုံတန်ရုံဆို မပျော်တတ်တဲ့သူဖြစ်သွားတယ်။ တနည်းအားဖြင့် ဦးနှောက်ကြီးက Dopamine ပိုလိုချင်နေပေမယ့် တော်ရုံတန်ရုံ Dopamine မထွက်တဲ့သူဖြစ်သွားတာ။
~~~

Dopamine စွဲနေတာကို ဘယ်လိုဖြတ်မလဲ ???

Dopamine detox လုပ်တယ်လို့ခေါ်တယ်။ Dopamine fasting လို့လဲခေါ်တယ်။
မြန်မာမှုပြုရရင်တော့ "ပျော်ရွှင်မှုနဲ့ အဆက်ဖြတ်ခြင်း" ဖြစ်မှာပေါ့

(Dopamine detox / Dopamine fasting ဘယ်လိုလုပ်ရမလဲ ဆိုတာက Google မှာ / Chat GPT မှာ အလွယ်ရှာကြည့်နိုင်တယ်၊ အခု post မှာက ဘာလို့ ဒါတွေလုပ်နေရတာလဲဆိုတဲ့ နောက်ကွယ်က အယူအစကိုပဲ ပြောပြပေးမှာ)

အခုဖြစ်နေတာက ပျော်ရွှင်မှုနောက်ကိုလိုက်ရင်း မပျော်တတ်တဲ့သူဖြစ်လာတာဆိုတော့ ဒီအခြေအနေကြီးကိုပြောင်းလဲနိုင်ဖို့က တစ်ချိန်ကကိုယ်ပျော်မယ်လို့ယူဆပြီး စွဲစွဲမြဲမြဲလုပ်နေဖူးတဲ့ အမူအကျင့်တွေအားလုံးကို တိခနဲရပ်ပြစ်လိုက်ရမှာ -
Google မှာရှာကြည့်ရင် ဘာတွေကိုရပ်ပါလို့ ပြောထားတာတွေ တွေ့ရလိမ့်မယ်၊ အဲ့အရာတွေက ကိုယ်လုပ်လက်စဖြစ်နေမှ ရပ်ပြစ်ရမှာ၊ အစကတည်းက ကိုယ်ကလုပ်လေ့မရှိဘူးဆိုရင် ဒီအချက်က ကိုယ်နဲ့ မဆိုင်ဘူး။
- ဥပမာ ကော်ဖီဖြတ်ပါလို့ ဆိုထားတယ်ဆိုပါတော့။ သင်က စိတ်ရှုပ်လာတိုင်း အဲ့စိတ်ရှုပ်တာတွေကိုရှင်းထုတ်ဖို့ ကော်ဖီသောက်နေကျသူဆိုရင်တော့ ကော်ဖီဖြတ်လိုက်ခြင်းက သင့်အတွက် ထိရောက်တဲ့ အကျိုးရလဒ်တစ်ခုခုပေးလိမ့်မယ်။ အစကတည်းက ကော်ဖီမကြိုက်တဲ့သူက ကော်ဖီမသောက်တာကို ငါတော့ ဒီအချက်တစ်ချက်လုပ်ထားတယ်လို့ မှတ်ယူလို့မရဘူး။
- ပျော်ချင်လို့ ကစားကွင်းမှာ တစ်နေကုန်တစ်ခုပြီးတစ်ခုဝင်ဆော့ပြီး အချိန်ဖြုန်းနေလေ့ရှိလား၊ အဲ့ဒါဆို သင်ဖြတ်ရမယ့်အထဲမှာ အဲ့အချက်ပါလိမ့်မယ်။
- ပျော်အောင် တစ်ညလုံးမအိပ်ဘဲ ဇာတ်လမ်းတွေထိုင်ကြည့်နေတတ်တဲ့အထဲပါလား၊ ဒါဆို သင်ဖြတ်တောက်ရမယ့်အထဲမှာ ဒါလဲပါတယ်။
- အပျင်းပြေဆိုပြီး social media ကိုအချိန်ပြည့်နီးနီးသုံးနေလား၊ ဒါဆို သင်ဖြတ်ရမှာထဲမှာပါတယ်။
- အချို့တွေရှာလေ့ရှိတဲ့ ပျော်ရွှင်မှုတွေက ဖော်ပြရနည်းနည်းခက်တယ် - ကိုယ့်ကိုကိုယ်ပျော်ရွှင်မှုရှာနေတယ်လို့တောင်မှ မထင်မိတတ်ဘူး (ကျွန်တော်ဆိုရင် ဆန့်ကျင်ဘက်အယူအစတွေကို အလွန်ခုန်ခုန်မင်မင်စွဲလန်းတယ် - ဒဿဂီရိက မင်းသားဖြစ်ပြီး ရာမကဗီလိန်ဆိုတာမျိုး၊ လူအများစုလက်ခံထားတဲ့ အမှန်ဆိုတာကို မှားနေပါတယ်လို့ဖော်ပြချက်မျိုး၊ အမှားကြီးသိသာနေတာကို မရမက အားသာချက်ရှာဖော်ပြတာမျိုး၊ ကမ္ဘာကြီးက အပြားကြီးဆိုတဲ့ theory တွေရှာဖတ်ရတာမျိုးပေါ့) အဲ့လိုအချက်တွေရှိရင်လဲ ရှင်းထုတ်ပြစ်ဖို့လိုတယ်။
- စာဖတ်တိုင်းလဲ ကောင်းတာမဟုတ်ဘူး၊ စာကိုစွဲလန်းပြီးဖတ်နေတဲ့သူတွေရှိတယ်။ (စာဖတ်တာကိုမကောင်းဘူးပြောတာမဟုတ်၊ စွဲလန်းသွားရင် ဘယ်အရာမှအဆင်မပြေဘူးကို ဆိုလိုတာ)
- club သွားတာတွေ၊ blind date လုပ်တာတွေ၊ one night stand တာတွေကလဲ အပျော်ဆိုပြီး သင်လုပ်မိနေတာတွေဖြစ်နေရင် ဖြတ်တောက်ရမှာဖြစ်တယ်။

သင်လိုက်နေတဲ့ အပျော်ဆိုတာတွေအားလုံးကိုရှင်းထုတ်လိုက်ပြီးရင် သင်ကဟာတာတာကြီးဖြစ်သွားလိမ့်မယ်။ ဒီဟာတာတာကြီးနေရာမှာ သင့်တော်တဲ့ ခံစားချက်တွေ ပြန်ဝင်လာအောင် ကြိုးစားရမှာ။

Post အလယ်လောက်မှာဖော်ပြထားတဲ့ Serotonin(ဆီရိုတိုနင်), Oxytocin(အောက်စီတိုစင်), Endorphine(အန်ဒေါဖင်း) ဆိုတာတွေ အမှတ်ပြန်ရကြည့်ပေးပါ။ အခုဖြတ်တောက်လိုက်တာတွေက တပ်တပ်မက်မက်လိုချင်နေတဲ့ Dopamine ကလာတဲ့ အပျော်တွေကိုပဲ ဖြစ်တယ်။ ကျန်တဲ့အရာတွေကလာတဲ့ ခံစားချက်တွေကို အသက်ပြန်သွင်းဖို့လိုတယ်။

Oxytocin ဆိုတာ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်နဲ့သက်ဆိုင်တာဆိုတော့ အဲ့အတွက် ဘာလုပ်လို့ရသလဲ?
- လူတွေနဲ့ ဆက်ဆံတာ၊ စကားပြောတာ၊ အချင်းချင်းကူညီတာ၊ မေတ္တာထားတာတွေက နေစပြီး ခိုင်မာတဲ့ friendship တည်ဆောက်တာ၊ ဘဝလက်တွဲဖော်ရှာဖွေတာတွေအထိပါဝင်တယ်။ ဒါပေမယ့် 🚨 လူဆိုတာ အလွန်ခန့်မှန်းရခက်တဲ့ သတ်ရှိဖြစ်တယ်၊ သင့်ကိုအဆင်ပြေတာပေးနိုင်သလို စိတ်ဒုက္ခတွေလဲပေးနိုင်တယ်။
- လူမှုဆက်ဆံရေးထက်လွယ်ကူတဲ့ သံယောဇဥ်တွေ မေတ္တာတွေကို ဘယ်လိုတည်ဆောက်လို့ရမလဲဆိုတော့ "အပင်စိုက်တာ"နဲ့ "အိမ်မွေးတိရစ္ဆာန်မွေးတာ"ပဲ။ ဒါတွေကနေလဲ bad feeling တွေပေးနိုင်တယ်ဆိုပေမယ့် သူတို့ကလူတွေထက်စာရင် ခန့်မှန်းလို့ရတယ်။

Endorphine က ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန် ထွက်လာပြီးစိတ်ကြည်စေတဲ့ ဓါတ်သဘာဝဖြစ်တာကြောင့် တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုရှိတာလေး တစ်ခုခုလုပ်ပေါ့။
(တစ်နေ့ကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာ ကိုယ်လက်လှုပ်ရှားမှုက ထပ်လုပ်ရဦးမှားလား ဆိုသူတွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ နောက်မှထပ်ရေးပေးမယ်)

Serotonin ဆိုတာနည်းနေရင် မပျော်တတ်တော့ဘူးဆိုတော့ serotonin ကိုပုံမှန်ပြန်ဖြစ်အောင်၊ နည်းမသွားအောင် ဘယ်လိုလုပ်ကြမလဲ?
- မှန်မှန်လုပ်နေရတဲ့ တစ်နေ့တာဖြစ်စဥ်တွေက ကိုယ့်ရဲ့ဦးနှောက်ထဲက serotonin ပမာဏကို ချိန်ညှိပေးနေတယ်လို့ဆိုတယ်။
- မနက်ထချိန် အိပ်ယာဝင်ချိန်ကို ပုံမှန်ဖြစ်စေတာ၊
မနက်အစောပိုင် အိပ်ယာထခါစပြုလေ့ရှိတဲ့ အလေ့အကျင့်တွေ၊ ညအိပ်ယာဝင်ခါနီးတိုင်း လုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေ၊
ပုံမှန်စားနေကျအချိန်မှာ အချိန်မှန်မှန်စားဖြစ်စေတာတွေ၊ စားတဲ့အခါ ပုံမှန်စားလေ့ရှိတဲ့ ပမာဏကိုထိန်းစားပေးတာတွေ (ကြိုက်လို့ပိုစားတာ၊ မကြိုက်လို့လျှော့စားတာ၊ မအားလို့ မစားဖြစ်တာမျိုးတွေကို ရှောင်တာပေါ့)
- အလုပ်ဆိုရင်လဲ အချိန်သတ်သတ်မှတ်မှတ်နဲ့ မှန်မှန်လုပ်ဖြစ်တာလေးတွေက သင့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်စေပါလိမ့်မယ်။
- တချို့တွေက (အများစုတောင်ဖြစ်မလားမသိဘူး) ဒီလိုပုံသေကားချပ်ဘဝကို မကြိုက်ကြပါဘူး။ အပြောင်းအလဲလေးနဲ့ အသစ်အဆန်းလေးတွေကိုပဲ လိုချင်ကြပါတယ်။ ဒီလိုဖြစ်နေတာကိုက Dopamine ကလာတဲ့ အပျော်ကို ​မျှော်လင့်နေတာလေ။
- မှန်မှန်လုပ်နေရတဲ့ နေ့စဥ်အလုပ်တွေက သင့်ကို ပျော်ချင်မှပျော်စေပါလိမ့်မယ်၊ ဒါပေမယ့် စိတ်မညစ်သွားအောင်၊ စိတ်မကျသွားအောင် ထိန်းပေးထားမယ့် အရာတွေပဲဖြစ်ပါတယ်။
~~~

အပျော်တွေကို တစ်သက်လုံးရှောင်နေရမှာလား ? (Dopamine ထွက်စေမယ့် အရာတွေကို အမြဲရှောင်ရမှာလား?)

မဟုတ်ပါဘူး။ အပျော်နောက်ကိုပဲလိုက်မိနေသူအတွက် အပျော်ကလိုက်လေဝေးလေဖြစ်နေတာကြောင့် ပုံမှန်ခံစားမှုတွေပြန်ဖြစ်လာအောင် အပျော်ရှာခြင်းကို ခေတ္တဖြတ်ထားတဲ့သဘောပါ။
သင်ပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ပျော်စရာတွေကို သင့်လိုက်ရှာနေစရာမလိုဘဲ သူ့အလိုလို ပြန်ခံစားလို့ရလာမှာပါ။

အချစ်ဟာ လိုက်လို့ပြေးတာလား၊ ပြေးလို့လိုက်တာလားတော့ မပြောတတ်ပေမယ့် ပျော်စရာတွေကတော့ လိုက်လေပြေးလေ၊ ရှာလေဝေးလေပါပဲ။

(((Dopamine Addiction, Dopamine Detox, Dopamine Fasting ဆိုတာတွေက စိတ်ဖြစ်စဥ်တွေကိုနားလည်လွယ်အောင် ရှင်းပြတဲ့ အယူအစပဲဖြစ်ပါတယ်၊ ဦးနှောက်ထဲမှာဖြစ်နေတာတွေကို အတိအကျ လေ့လာသက်သေပြထားချက်တွေ မဟုတ်သေးပါဘူး၊ အခုထိလေ့လာတွေ့ရှိထားချက်တွေက ရိုးရှင်းတဲ့ကောက်ချက်စွဲမှု လုပ်မရနိုင်သေးပါဘူး)))



(Photo from google image)

Address

51st
Mandalay
05041

Website

Alerts

Be the first to know and let us send you an email when Care by Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share