Nutri Facts by Dr Thin Zar

Directions

Nutri Facts by Dr Thin Zar Sharing nutritional facts

01/10/2026

RiteBite Max Protein Myanmar ကနေ sample ပို့ထားတဲ့ products တွေရဲ့ nutritional facts လေးတွေ sharing လုပ်ပေးထားပါတယ်

အစားအစာတွေကို ရေခဲသေတ္တာထဲမှာ ဘယ်လိုသိမ်းဆည်းမလဲ?မီးဖိုချောင်မှာ မရှိမဖြစ်အသုံးဝင်တဲ့အရာထဲမှာ ရေခဲသေတ္တာဟာလဲ တစ်ခုအပါအဝင...
24/09/2026

အစားအစာတွေကို ရေခဲသေတ္တာထဲမှာ ဘယ်လိုသိမ်းဆည်းမလဲ?

မီးဖိုချောင်မှာ မရှိမဖြစ်အသုံးဝင်တဲ့အရာထဲမှာ ရေခဲသေတ္တာဟာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ခုခေတ်အိမ်တိုင်းနီးပါးမှာ ရေခဲသေတ္တာရှိကြပါတယ်။
အဲ့တာကြောင့် ရေခဲသေတ္တာကို ဘယ်လိုသေချာထိန်းသိမ်းမလဲ? အစားအသောက်များသန့်ရှင်းပြီး ရောဂါဖြစ်စေခြင်းကင်းရှင်းစေရန်အတွက် ဘယ်လို သိမ်းဆည်းမလဲ? စတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

သိပ္ပံပညာမထွန်းကားခင်အခါကတော့ လူတွေဟာရေခဲတုံးတွေကို အသုံးပြုပြီး အစားအစာတွေကိုအေးခဲအောင် တာရှည်ခံအောင်ပြုလုပ်ခဲ့ကြပါတယ်။
ရေထဲမှာ ဆိုဒီယမ်နိုက်ထရိုက်တို့ ပိုတက်စီယမ်နိုက်ထရိုက်တို့ထည့်ပြီး ရေရဲ့အပူချိန်လျော့ကျနိုင်တာကိုလဲ ဖြည်းဖြည်းချင်းလေ့လာတွေ့ခဲ့ကြတယ်။
၁၅၅၀ ခုနှစ်မှာတော့ ဝိုင်ကို အပူချိန်လျှော့ထားတဲ့ရေထဲထည့်ပြီးအသုံးပြုခြင်အားဖြင့် “to refrigerate” ဆိုတဲ့ အသုံးအနှုန်းလေးကို စတင်အသုံးပြုခဲ့ကြပါတယ်။
၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ​တော့ လေသန့်စင်တဲ့စနစ်၊ အိုဇုန်းလွှာမပျက်အောင် ကာကွယ်တဲ့စနစ် စသည်ဖြင့် အဆင့်မြှင့်တင်ခဲ့ကြပါတယ်။

ဘက်တီးရီးယားတွေဟာ ၄၀ ဒီဂရီဖာရင်ဟိုက်အထက်ဆို ပွါးများလွယ်ကြပါတယ်။
သူတို့က အစားအစာရဲ့ အနံ့အရသာကိုမပြောင်းစေတဲ့အတွက် ရုတ်တရက်ကြည့်ရုံနဲ့ မပြောနိုင်ပါဘူး။
၄၀ ဒီဂရီဖာရင်ဟိုက်အောက်ဆိုရင် ဘက်တီးရီးယားများ၏ရန်မှ အများစုကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်ထားရုံနဲ့ အားလုံးလုံခြုံပြီလို့ ထင်တတ်ကြပါတယ်။
တကယ်တော့ ဘယ်အစားအစာကို ဘယ်နေရာမှာထားမလဲ၊ ဘယ်လိုသိမ်းမလဲ ဆိုတာလည်း အရေးကြီးပါတယ်။

ပထမဆုံးအနေနဲ့—

၁။ ရေခဲသေတ္တာအပူချိန်ကို 4°C အောက်မှာထားပါ။
အပူချိန်မမှန်ရင် ဘက်တီးရီးယားတွေ ပိုမိုပွားများနိုင်ပါတယ်။
အပူချိန်လျော့ကျစေနိုင်တဲ့ မလိုအပ်ပဲ ရေခဲသေတ္တာတံခါး ခဏခဏဖွင့်ခြင်းမျိုးကိုလဲ ရှောင်ရပါမယ်။

၂။ အစိမ်းစားအသား၊ ငါးနဲ့ ပင်လယ်စာတွေကို သီးခြားထုပ်ပိုးထားပါ။
အထူးသဖြင့် ချက်ပြီးသားအစားအစာတွေနဲ့ မရောအောင် သီးခြားထားဖို့ အရေးကြီးပါတယ်။

၃။ အစိမ်းစားအသားနဲ့ ငါးတွေကို အောက်ဆုံးအဆင့် သို့ အခဲခန်းသီးသန့်မှာ ထားပါ။
အသားကနေ ထွက်လာနိုင်တဲ့ အရည်တွေက အခြားအစားအစာတွေပေါ် မကျစေဖို့နဲ့ တာရှည်ခံစေဖို့ပါ။

၄။ ချက်ပြီးသားအစားအစာတွေကို အဖုံးပါတဲ့ ဘူးတွေထဲ ထည့်သိမ်းပါ။
အစားအစာတွေကို ဖုံးအုပ်ထားတာက contamination ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

၅။ ပူနေတဲ့အစားအစာကို အပြင်မှာ အချိန်အကြာကြီး မထားပါနဲ့။
ချက်ပြီးသားအစားအစာတွေကို လုံလောက်အောင် အေးမြစေပြီး မကြာခင် ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်ပါတယ်။

၆။ ရေခဲသေတ္တာကို အရမ်းပြည့်ကျပ်အောင် မထည့်ပါနဲ့။
လေဝင်လေထွက်ကောင်းမှ အအေးဓာတ်ကို ပိုမိုညီညာစွာ ထိန်းထားနိုင်မှာပါ။

၇။ အစားအစာတွေကို ရက်စွဲတပ်ပြီး အရင်ထည့်ထားတာကို အရင်အသုံးပြုပါ။
“First in, first out” လို့ မှတ်ထားလို့ရပါတယ်။
အစားအစာကို မစားပဲ ကြာရှည်သိမ်းထားလျှင်လဲ အစားအစာ၏ အရည်အသွေးကျစေတတ်တာကို သတိချပ်စေချင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့—
ရေခဲသေတ္တာထဲမှာ သိမ်းထားတယ်ဆိုတာ အစားအစာက အမြဲတမ်း လုံခြုံနေမယ်လို့ မဆိုလိုပါဘူး။
အစားအစာတစ်ခုခုမှာ အနံ့၊ အရောင်၊ အရသာ ပုံမှန်မဟုတ်တာ ဒါမှမဟုတ် ပျက်စီးနေတဲ့ လက္ခဏာတွေရှိရင် မစားဘဲ စွန့်ပစ်တာက ပိုလုံခြုံပါတယ်။

ရေခဲသေတ္တာ တာရှည်ခံ၍ သန့်ရှင်းစေရန်👉

ရေခဲသေတ္တာမှာ ရေခဲများကပ်နေပါက ချွန်ထက်သောအရာများဖြင့် လုံးဝမခွါမိစေရန် သတိပြုပါ။
အရည်များဖိတ်ကျလျှင် ချက်ချင်းသုတ်ပေးပါ။
တစ်ပတ်တစ်ခါ မစားဖြစ်သော အစားအစာများကိုလဲ ရှင်းလင်းရပါမယ်။
အနံ့အသက်ကောင်းစေရန်အတွက် ခွက်တစ်ခုထဲမှာ ဆားဆော်ဒါမှုန့်ထည့်ပြီးလဲ ထားလို့ရပါတယ်။
Chemical ပါဝင်သော အရည်များဖြင့် ဆေးကြောခြင်းဟာ အစားအစာအတွက်ရော ရေခဲသေတ္တာအတွက်ပါ ထိခိုက်နိုင်၍ ရှောင်သင့်ပါတယ်။
Condenser coil ကိုလဲ ဘရပ် သို့ ဖုန်စုပ်စက် အသေးဖြင့်ပုံမှန်သန့်ရှင်းပေးခြင်းဖြင့် ရေခဲသေတ္တာကြာရှည်ခံမှုကို ထိန်းသိမ်းနိုင်ပါတယ်။

အနံ့ဆိုးထွက်နေလျှင်👉

Vinegar နဲ့ရေ သို့ ဆားဆော်ဒါနဲ့ ရေကို အသုံးပြု၍ သန့်ရှင်းနိုင်ပါတယ်။
ကော်ဖီစေ့လတ်လတ်ဆတ်ဆတ်ကြိတ်ထားတာကိုခွက်တစ်ခုထဲထည့်ထားရင် အနံ့ဆိုးများအား စုတ်ယူနိုင်စွမ်းရှိပါတယ်။
ဗနီလာကို အဝတ်တစ်ခုမှာစိမ်ပြီး အခဲခန်းထဲမှာတံခါးမဖွင့်ပဲ ၂၄ နာရီထားလဲရပါတယ်။
ဈေးကွက်မှာ ရောင်းချတဲ့ အနံ့ဆိုးပျောက်တဲ့ ပစ္စည်းများကိုလဲ အသုံးပြုနိုင်ပါတယ်။

အစားအစာများကို ဘယ်နှစ်ရက်အတွင်း ရေခဲသေတ္တာထဲမှာ ထားစားလျှင် အကောင်းဆုံးဖြစ်မလဲ?
အသားကြိတ်သားနှင့် ကလီစာ -၂ ရက်
အသား - ၅ ရက်
ကြက်သား - ၂ ရက်
ငါး - ၂ ရက်
ဘေကွန် - ၇ ရက်
ဝက်အူချောင်းအစိမ်း - ၂ ရက်
တာရှည်ခံအစားအစာများ ဗူးဖွင့်ပြီးလျှင် - ၂/၃ ရက်
ကြက်ဥ - ၃-၅ ပတ်

အစားအစာကို မှန်ကန်စွာ သိမ်းဆည်းခြင်းက အစားအစာကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ရာမှာ အရေးကြီးပါတယ်။

Dr. Thin Zar Wai
Clinical Nutritionist
Source - fsis.usda.gov

💧 တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ?“တစ်နေ့ကို ရေ ၂ လီတာ မဖြစ်မနေသောက်ရမယ်” ဆိုတာ ကြားဖူးကြမှာပါ။ဒါပေမယ့် တကယ်တော့ လူတိုင်...
21/09/2026

💧 တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ?

“တစ်နေ့ကို ရေ ၂ လီတာ မဖြစ်မနေသောက်ရမယ်” ဆိုတာ ကြားဖူးကြမှာပါ။

ဒါပေမယ့် တကယ်တော့ လူတိုင်းအတွက် တစ်နေ့ကို ရေဘယ်လောက်သောက်ရမယ်ဆိုပြီး ပမာဏတစ်ခုတည်း သတ်မှတ်ထားတာ မရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ ရေလိုအပ်ချက်က လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်လို့ပါ။

ဒါဆို ဘယ်လောက်သောက်ရမလဲ?
ရေလိုအပ်ချက်က အသက်၊ ခန္ဓာကိုယ်အရွယ်အစား၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ အစားအစာကနေ ရရှိတဲ့ ရေပမာဏပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ဒါဆို လက်တွေ့မှာ ဘယ်လိုသောက်ကြမလဲ? 💧
ရိုးရှင်းတဲ့ Daily Guide တစ်ခုကတော့—

🌅 မနက်အိပ်ရာထတဲ့အချိန် — ရေ ၁ ခွက်

🍽️ မနက်စာ၊ နေ့လယ်စာ၊ ညစာအချိန်တွေမှာ — ရေ ၁ ခွက်စီ

☀️ နေ့ခင်းပိုင်းမှာ — ရေငတ်တဲ့အခါ ပုံမှန်သောက်ပါ

🏃‍♀️ လေ့ကျင့်ခန်းလုပ်တဲ့အချိန် — ချွေးထွက်သလောက် ရေဓာတ်ပြန်ဖြည့်ပါ

🌙 ညအိပ်ခါနီး — ရေအများကြီး တစ်ခါတည်းမသောက်ဘဲ လိုအပ်ရင် အနည်းငယ်သောက်ပါ

ဒီလိုနဲ့ တစ်နေ့တာလုံး ရေကို ခွဲပြီးသောက်တာက တစ်ခါတည်း အများကြီးသောက်တာထက် ပိုလက်တွေ့ကျပါတယ်။

နောက်တစ်ချက်က ဆီးအရောင်ကိုလည်း ကြည့်နိုင်ပါတယ်။
တစ်နေ့တာအတွင်း ဆီးအရောင်က အဝါဖျော့ဖျော့ ဖြစ်နေရင် ရေဓာတ်လုံလောက်နေတဲ့ လက္ခဏာတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

ပူတဲ့ရာသီဥတုမှာ နေထိုင်ရသူတွေ၊ ချွေးအများကြီးထွက်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေကတော့ ပုံမှန်ထက် ရေပိုလိုအပ်နိုင်ပါတယ်။

ဒါပေမယ့် ရေကို အလွန်အကျွံသောက်ဖို့လည်း မလိုပါဘူး။

နောက်တစ်ချက်က တစ်နေ့တာရေဓာတ်ရရှိမှုမှာ သောက်တဲ့ရေတင်မကပါဘူး။
နို့၊ ဟင်းချို၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေလို အစားအစာနဲ့ အဖျော်ယမကာတွေကနေလည်း ရေဓာတ်ရရှိပါတယ်။

ရေက ဘာကြောင့် အရေးကြီးတာလဲ? 💧
* ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေစေတယ်
* ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်
* ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
* အစာချေဖျက်မှုကို ကူညီပြီး ဝမ်းချုပ်ခြင်းကို လျော့နည်းစေတယ်
* ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို အထောက်အကူပြုပြီး စွန့်ပစ်ပစ္စည်းတွေကို ဆီးနဲ့အတူ ဖယ်ရှားနိုင်ဖို့ ကူညီပေးတယ်
* ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှုနဲ့ အာရုံစူးစိုက်နိုင်မှုကို အထောက်အကူပြုတယ်
* အသားအရေ ကျန်းမာကောင်းမွန်နေစေဖို့ အထောက်အကူပြုတယ်

ဒါကြောင့်—
💧 ရေငတ်တဲ့အခါ ရေသောက်ပါ။
💧 ပူတဲ့ရာသီဥတုနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာ ပိုဂရုစိုက်ပါ။
💧 တစ်နေ့ကို “၂ လီတာ မဖြစ်မနေ” ဆိုပြီး အားလုံးအတွက် တစ်ပုံစံတည်း မသတ်မှတ်ပါနဲ့။
💧ရောဂါအခံရှိသူများ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ရဲ့ ရေလိုအပ်ချက်ကို နားထောင်ပြီး လုံလောက်အောင် သောက်ပေးကြပါနော်…

Dr. Thin Zar Wai
Clinical Nutritionist

🍊 အသီးကိုအလုံးလိုက်စားတာနဲ့ အသီးဖျော်ရည်သောက်တာ ဘယ်ဟာပိုကောင်းလဲ?“အသီးဆိုရင် အသီးအလုံးလိုက်စားတာနဲ့ ဖျော်ရည်လုပ်သောက်တာ ...
19/09/2026

🍊 အသီးကိုအလုံးလိုက်စားတာနဲ့ အသီးဖျော်ရည်သောက်တာ ဘယ်ဟာပိုကောင်းလဲ?

“အသီးဆိုရင် အသီးအလုံးလိုက်စားတာနဲ့ ဖျော်ရည်လုပ်သောက်တာ ဘယ်ဟာပိုကောင်းလဲ?” ဆိုတာ မေးကြတာများပါတယ်။

အဖြေကတော့ — ပုံမှန်နေ့စဉ်စားသုံးဖို့ဆိုရင် အသီးအလုံးလိုက်စားတာကို ပိုပြီးရွေးချယ်သင့်ပါတယ်။ 🍎
ဘာကြောင့်လဲဆိုတော့ အသီးမှာ အမျှင်ဓာတ် (fibre) ပါဝင်ပါတယ်။
Fibre က ဗိုက်ပြည့်ဝမှုကို ပိုကြာကြာခံစေပြီး၊ အသီးကိုလည်း တဖြည်းဖြည်းစားရတာကြောင့် တစ်ခါတည်း အများကြီးစားမိဖို့ နည်းပါတယ်။
ဒါပေမယ့် အသီးကို ဖျော်ရည်လုပ်လိုက်တဲ့အခါ အမျှင်ဓာတ်အများစု လျော့နည်းသွားနိုင်ပါတယ်။
ပြီးတော့ ဖျော်ရည်တစ်ခွက်သောက်ဖို့ဆိုရင် အသီးအများကြီး လိုနိုင်တဲ့အတွက် အသီးအလုံးလိုက်စားတာထက် ပိုလွယ်လွယ်ကူကူ အများကြီးစားသုံးမိနိုင်ပါတယ်။

100% fruit juice ဆိုရင်တော့ အသီးမှာပါတဲ့ vitamin နဲ့ အခြားအာဟာရဓာတ်တချို့ကို ရရှိနိုင်ပါတယ်။
ဒါပေမယ့် သကြားထပ်ထည့်ထားတဲ့ juice တွေကိုတော့ ပိုပြီးသတိထားသင့်ပါတယ်။
ပုံမှန် အရွယ် အသီး တစ်လုံးမှာ ကယ်လိုရီ ၆၀ ဝန်းကျင်ပါဝင်တာကြောင့် အသီးများများနဲ့ ဖျော်ထားတဲ့ ဖျော်ရည်မှာ ကယ်လိုရီ အများအပြား ပါဝင်နိုင်ပါတယ်။

💡 ဒါကြောင့် မှတ်ထားရမယ့် အချက်ကတော့—
“အသီးကို သောက်တာထက် စားပါ” 🍎
နေ့စဉ်အတွက် အသီးရွေးမယ်ဆိုရင် အသီးအလုံးလိုက်စားခြင်းကို ဦးစားပေးရွေးချယ်ကြရအောင်နော်။

Dr. Thin Zar Wai
Clinical Nutritionist

🥚 ကြက်ဥစားရင် Cholesterol တက်မှာလား?🤔ကြက်ဥအနှစ်စားရင် ဘာဆိုးကျိုး ဘာကောင်းကျိုးရှိနိုင်မလဲ???အရင်ဆုံး ကြက်ဥရဲ့ အာဟာရတန်ဖ...
07/09/2026

🥚 ကြက်ဥစားရင် Cholesterol တက်မှာလား?🤔
ကြက်ဥအနှစ်စားရင် ဘာဆိုးကျိုး ဘာကောင်းကျိုးရှိနိုင်မလဲ???

အရင်ဆုံး ကြက်ဥရဲ့ အာဟာရတန်ဖိုးလေးကို ပြောပြချင်ပါတယ်
ကြက်ဥတစ်လုံးမှာ
၇၀-၇၈ ကယ်လိုရီ
ကစီဓာတ် ~ ၀.၆ ဂရမ်
အသားဓာတ် ~ ၆-၇ ဂရမ်
အဆီဓာတ် ~ ၅ ဂရမ် (ပြည့်ဝဆီ ~ ၁.၆ ဂရမ်)
ကိုလက်စထရော - ၁၈၆ ဂရမ် ပါဝင်ပါတယ်

ဒါပေမယ့် အစားအစာထဲက Cholesterol ကို စားလိုက်တာနဲ့ သွေးထဲက Cholesterol တိုက်ရိုက်တက်သွားတယ်လို့တော့ ရိုးရှင်းစွာ မပြောနိုင်ပါဘူး
ခန္ဓာကိုယ်ကလည်း Cholesterol ကို ကိုယ်တိုင်ထုတ်လုပ်ပါတယ်
ပြီးတော့ သွေးတွင်း Cholesterol အပေါ် သက်ရောက်မှုမှာ အစားအစာထဲက Saturated Fat (ပြည့်ဝဆီ) နဲ့ Trans Fat ပမာဏ ကလည်း အရေးကြီးပါတယ်

🥚 ကြက်ဥမှာ တခြားအာဟာရတန်ဖိုးတွေ ဘာတွေပါသေးလဲ?
ကြက်ဥတစ်လုံးမှာ -
💪 Selenium (ကိုယ်ခံအားကောင်းစေခြင်း)
🦷 Vitamin D (အရိုးသန်မာစေခြင်း)
🧠 Choline (ဦးနှောက်မှတ်ဉာဏ်ကောင်းစေခြင်း)
👁️ Lutein & Zeaxanthin (မျက်စိအားကောင်းစေခြင်း)
🩸 Vitamin B12 (သွေးအားကောင်းစေခြင်း)
💪 Vitamin B2 (အာဟာရဓာတ်မှ ခန္ဓာကိုယ်အတွက်လိုအပ်သော စွမ်းအင်ထုတ်ရာတွင် ကူညီပေးခြင်း)
စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်

ကြက်ဥအကာမှာ ~ ၁၇ ကယ်လိုရီနဲ့ အသားဓာတ် ~ ၃.၆ ဂရမ် ပါဝင်ပြီး အဆီနဲ့ ကစီဓာတ် မပါဝင်ပါဘူး
ကြကဥအနှစ်မှာတော့ ~ ၅၃ ကယ်လိုရီနဲ့ အသားဓာတ် ~ ၂.၄ ဂရမ်၊ အဆီဓာတ် ~ ၄.၅ ဂရမ် ပါဝင်ပါတယ်
တခြားပါဝင်တဲ့ အာဟာရအများစုကတော့ ကြက်ဥအနှစ်မှာပါဝင်တာဖြစ်ပါတယ်
အဲ့ဒါကြောင့် ကြက်ဥအနှစ်ကို ဖယ်ပစ်လိုက်ရင် အာဟာရဓာတ်တချို့လည်း လျော့နည်းသွားနိုင်ပါတယ်

❤️ နှလုံးကျန်းမာရေးအတွက်ရော?
ကျန်းမာတဲ့လူအများစုအတွက် ကြက်ဥကို အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုအဖြစ် တစ်နေ့လျှင် အနှစ် ၂ လုံးထိ စားသုံးနိုင်ပါတယ်

ဒါပေမယ့် ကိုယ့်မှာ သွေးတွင်း LDL cholesterol မြင့်နေခြင်း၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ စတဲ့ ကျန်းမာရေးအခြေအနေတွေရှိရင်တော့ တစ်ပတ်မှာ ကြက်ဥအနှစ် ၄ လုံးထိပဲ စားသင့်ပါတယ်

🍳 ကြက်ဥစားတဲ့ပုံစံလည်း အရေးကြီးပါတယ်
ကြက်ဥကို -
✅ ပြုတ်စားခြင်း
✅ Poached egg
✅ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲစားခြင်း
တို့လို ပိုမိုကျန်းမာတဲ့ပုံစံတွေနဲ့ စားနိုင်ပါတယ်

ကြက်ဥကို Butter၊ Bacon၊ Sausage၊ အဆီများတဲ့ processed foods တွေနဲ့ မကြာခဏတွဲစားတာထက် ဟင်းသီးဟင်းရွက်၊ Whole grains နဲ့ Protein source ကောင်းတွေနဲ့ တွဲစားတာ ပိုကောင်းပါတယ်

အစားအစာတစ်မျိုးတည်းကို ကြောက်ရမယ့်အစား
👉 အစားအသောက်ပုံစံတစ်ခုလုံး
👉 စားသုံးတဲ့ပမာဏ
👉 ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ
တွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်

ကြက်ဥအနှစ်မှာ cholesterol ပါလို့ စားလို့ရရဲ့လားဆိုသူများအတွက် ဒီ post လေးက အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်

Dr. Thin Zar Wai
Clinical Nutritionist

🎬 Milk နဲ့ Whey Protein ဘာကွာလဲ? 🥛💪“Milk နဲ့ Whey Protein ဆိုတာ တူတူပဲလား?”မတူပါဘူးဒါပေမယ့် နှစ်ခုလုံးက နို့ကနေ ရရှိလာတဲ...
05/09/2026

🎬 Milk နဲ့ Whey Protein ဘာကွာလဲ? 🥛💪

“Milk နဲ့ Whey Protein ဆိုတာ တူတူပဲလား?”

မတူပါဘူး
ဒါပေမယ့် နှစ်ခုလုံးက နို့ကနေ ရရှိလာတဲ့ Protein နဲ့ ဆက်နွယ်နေပါတယ်

အရင်ဆုံး Milk (နို့) အကြောင်းပြောရရင် -
🥛 နို့ဆိုတာ အစားအစာတစ်မျိုးဖြစ်ပြီး Protein (အသားဓာတ်)၊ Carbohydrate (ကစီဓာတ်)၊ Fat (အဆီဓာတ်)၊ Calcium၊ Vitamins နဲ့ Minerals (သတ္ထုဓာတ်) စတဲ့ အာဟာရဓာတ်တွေ အမျိုးမျိုး ပါဝင်ပါတယ်
🥛 နို့ထဲမှာ အဓိက Protein နှစ်မျိုးရှိပါတယ်
🥛 Casein နဲ့ Whey Protein ပါ
🥛 အကြမ်းဖျင်းအားဖြင့် နို့ Protein ရဲ့ အများစုက Casein ဖြစ်ပြီး ကျန်တဲ့အပိုင်းက Whey Protein ဖြစ်ပါတယ်

ဒါဆို Whey Protein ကရော ဘာလဲ?
💪 Whey Protein ဆိုတာ နို့ထဲက Whey အပိုင်းမှာ ပါတဲ့ Protein ကို ခွဲထုတ်ပြီး Protein ပိုမိုစုစည်းထားတဲ့ ပုံစံ ဖြစ်ပါတယ်
💪 ဒါကြောင့် Whey Protein Powder တွေမှာ ပုံမှန်နို့ထက် Protein ပိုမိုများပြားပြီး၊ ထုတ်ကုန်အမျိုးအစားပေါ်မူတည်ပြီး Fat နဲ့ Lactose ပမာဏလည်း ပိုနည်းနိုင်ပါတယ်
💪 Whey Protein မှာလည်း အမျိုးအစားတွေရှိပါတယ်။
👉Whey Protein Concentrate — WPC
👉Whey Protein Isolate — WPI နဲ့
👉Whey Protein Hydrolysate ဆိုပြီး တွေ့ရနိုင်ပါတယ်

အထူးသဖြင့် Nutrition Label ဖတ်တဲ့အခါ သတိထားရမယ့်အချက်တစ်ခုရှိပါတယ်
🔖Product တစ်ခုရဲ့ Nutrition Facts မှာ “Protein – 10 g” လို့ ရေးထားတာနဲ့ “Whey Protein – 10 g” လို့ အဓိပ္ပါယ်မရပါဘူးနော်
🔖Protein 10 g ပါတယ်ဆိုတာက စုစုပေါင်း Protein ပမာဏ ကို ပြောတာဖြစ်နိုင်ပါတယ်
🔖Whey Protein ပါဝင်မှုကို သိချင်ရင် Ingredients List ကိုပါ ကြည့်ရပါမယ်
ဥပမာ - Whey Protein Concentrate (WPC) / Whey Protein Isolate (WPI) ဆိုတဲ့ စာတွေ ပါဝင်နေလားဆိုတာ ကြည့်နိုင်ပါတယ်

အတိုချုပ်ပြောရရင်—
🥛 Milk = အာဟာရဓာတ်မျိုးစုံ ပါဝင်တဲ့ အစားအစာ
💪 Whey Protein = နို့ကနေ ရရှိတဲ့ Protein ကို ပိုမိုစုစည်းထားတဲ့ Protein source
ဒါကြောင့် “Protein ပါတယ်” နဲ့ “Whey Protein ပါတယ်” ဆိုတာ မတူပါဘူး

အစားအစာနဲ့ Nutritional Supplement တွေကို ဝယ်တဲ့အခါ ရှေ့က Marketing စာသားတွေကိုပဲ မကြည့်ဘဲ Nutrition Facts နဲ့ Ingredients List ကိုပါ ဖတ်တတ်ဖို့ အရေးကြီးပါတယ်

Dr. Thin Zar Wai
Clinical Nutritionist

🌾 Fiber (အမျှင်ဓာတ်) ဆိုတာ ဘာလဲ? ဘာကြောင့် လိုအပ်တာလဲ?Fiber ဆိုတာ အစားအစာတွေထဲမှာပါတဲ့ အာဟာရဓာတ်တစ်မျိုးပါချေဖျက်လို့မရတ...
02/09/2026

🌾 Fiber (အမျှင်ဓာတ်) ဆိုတာ ဘာလဲ? ဘာကြောင့် လိုအပ်တာလဲ?

Fiber ဆိုတာ အစားအစာတွေထဲမှာပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ
ချေဖျက်လို့မရတဲ့ ကစီဓာတ်တစ်မျိုးဆိုလဲ မှန်ပါတယ်�ဒါပေမယ့် ကျွန်မတို့နေ့စဉ်စားသောက်တဲ့အခါ Protein, Vitamin, Mineral တွေကိုပဲ အာရုံစိုက်ပြီး Fiber ကိုတော့ မေ့နေတတ်ကြပါတယ်
တကယ်တော့ Fiber က ကျွန်မတို့ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရတစ်မျိုးပါ

Fiber ကို အကြမ်းဖျင်းအားဖြင့် Soluble Fiber နဲ့ Insoluble Fiber ဆိုပြီး နှစ်မျိုးခွဲလို့ရပါတယ်
Soluble Fiber က အူထဲမှာ ရေကို စုပ်ယူပျော်ဝင်ပြီး gel လိုမျိုးဖြစ်လာနိုင်ပါတယ်�ဒါကြောင့် အစာချေဖျက်မှုနဲ့ သွေးတွင်းသကြားဓာတ်၊ Cholesterol (အဆီဓာတ်) ထိန်းချုပ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်
အဲ့ဒါအပြင် အစားစားချင်စိတ်ကိုလဲ လျော့ကျစေပါတယ်
Insoluble Fiber ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အစာအကြွင်းအကျန်တွေကို ရွေ့လျားစေဖို့ ကူညီပေးပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်

ဒါဆို Fiber ကို ဘယ်ကနေ ရနိုင်မလဲ?
🥬 ဟင်းသီးဟင်းရွက်တွေ�🍎 အသီးအနှံတွေ�🫘 ပဲအမျိုးမျိုး�🌾 Whole grains�🥜 အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ Fiber ကြွယ်ဝစွာ ပါဝင်ပါတယ်

Soluble fiber များသော အစားအစာများ
အုတ်ဂျုံ
ချီယာစေ့
အစေ့အဆန်များ
ပဲအမျိုးမျိုး
ပဲနီလေး
ပန်းသီး
ဘလူးဘယ်ရီသီး

Insoluble fiber များသော အစားအစာများ
အခွံမချွတ်ထားသော ဆန်၊ပြောင်းများ
ဆန်လုံးညို
ပဲတောင့်ရှည်
အစိမ်းရောင်အရွက်များ
သီဟိုဠ်စေ့
အခွံမာသီးနှင့် အစေ့အဆန်များ
အခွံစားလို့ရသောအသီးများ (ပန်းသီး၊ သစ်တော်သီး)

နောက်တစ်ခု အရေးကြီးတာက Fiber စားသုံးမှုကို တစ်ခါတည်း အများကြီး တိုးလိုက်တာထက် တဖြည်းဖြည်း တိုးပေးတာ ပိုကောင်းပါတယ်
တစ်နေ့လျှင် fiber ကို ၂၅ ကနေ ၃၅ ဂရမ်လောက်အထိ စားပေးသင့်ပါတယ်�ပြီးတော့ ရေကိုလည်း လုံလောက်အောင် သောက်ပေးဖို့ လိုပါတယ်

ဒါကြောင့် နေ့စဉ်စားတဲ့အစားအစာတွေမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ပဲအမျိုးမျိုးကို ပုံမှန်ထည့်စားပေးကြရအောင်နော်🥗🫘🍅🍑🥬🥦

Dr. Thin Zar Wai
Clinical Nutritionist

29/08/2026

Thanks Glucomeal 💝

01/06/2026

၁ နှစ်ကျော် ကလေးအရွယ်မှစပြီး နို့ကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ကလေးများဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း၊ အရိုးနှင့်သွားများကို ကျန်းမာစေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်များကို ဖြည့်တင်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်ရှင်

World Milk Day 🥛

Dr. Thin Zar Wai
Clinical Nutritionist


28/05/2026

2026 World Nutrition Day
Theme - Shaping the Future of Joint Nutrition Action in a Changing World

အားလုံးပဲ အာဟာရမျှတစွာ စားသောက်ခြင်းဖြင့် ပိုမိုကျန်းမာသော ဘဝကို တည်ဆောက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်

Dr. Thin Zar Wai
Clinical Nutritionist


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Nutri Facts by Dr Thin Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category