01/08/2026
August လ ရဲ့ ပထမဦးဆုံး စာမူရှင်ကတော့ MSMRT အတွင်းရေးမှူး ဒေါ်ယဥ်ယဥ်သန်း ပဲဖြစ်ပါတယ်ရှင်
ဓါတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဆိုင်ရာ အသိပညာ အတတ်ပညာ အတွေ့အကြုံများ ဝေမျှပေးလို့ ကျေးဇူးပါရှင့်
YNO (01.08.2026)
#ကျွန်မနဲ့ဓါတ်မှန်ပညာသည်ခရီးအစ
ဓါတ်မှန်ပညာသည် လို့သုံးရင် လူတချို့ကကြိုက်မှာမဟုတ်မှန်းကျွန်မသိပါတယ်။အဲ့လိုမသုံးပြန်ရင်လည်းကျွန်မတို့ကဆေးလောကရဲ့ဟိုမရောက်ဒီမရောက်ကြားလောကသားတွေဖြစ်ခဲ့တာကိုး။
ရှေးရှေးကာလအစအခြေအနေတွေကို သက်ဆိုင်ရာSenior တွေကိုသေချာမေးပြီးမှဘဲထပ်ရေးပြပါမယ်။ကျွန်မကတော့ကျွန်မ အတွေ့အကြုံကိုအခြေခံပြီးရေးပြမှာပါ။
ကျွန်မက၁၉၈၅စက်တင်ဘာမှာ ရန်ကုန်တက္ကသိုလ် (ပင်မ)ကနေ သတ္တဗေဒနဲ့ဘွဲ့ရပါတယ်။
၁၉၈၆ မှာ ဆေးဘက်ပညာသည်ဒီပလိုမာ Paramedicalခေါ်တော့ ပေးမှာက DPMS လက်မှတ်(Diploma of Paramedical Sciences ၂နှစ်သင်တန်းကို သတ္တဗေဒဘွဲ့ရခေါ်တော့ ဝင်ခွင့်ကိုရေးဖြေ နှုတ်ဖြေနဲ့ဆိုက်ကိုTest ဖြေပြီးအောင်တော့တက်ရတယ်ပေါ့။အစိုးရထောက်ပံ့ကြေး ၈၄ ကျပ်လို့ထင်ပါတယ်မမှတ်မိတော့ဘူး။ အခုပြင်ပလူနာဌာနနဲ့တွဲရက် ၃ထပ်ဆောင်ဆိုတာ Paramedical အတွက် ကိုလဲဘိုစီမံကိန်းနဲ့ဆောက်ခဲ့တဲ့အဆောက်အအုံလို့ဆရာတွေပြောတာကြားဖူးခဲ့ပါတယ်။ဓါတ်မှန်ဘာသာရပ်ဆိုတာ မိတ်ဆွေအစ်မတစ်ယောက်တက်ခဲ့တာမို့ ကိုယ်လဲ ဓါတ်မှန်ခဲ့တာပါဘဲ။ ပညာတွေဝါသနာတွေဘာတွေမသိပါဘူး၊ကျောင်းပြီးရင်အလုပ်တန်းရမယ်၊မိဘအတွက်ဝန်မပိတော့ဘူးပေါ့၊၊ကျွန်မဝါသသနာပါတာကကျောင်းဆရာမ။တက္ကသိုလ်မှာQမဝင်တော့ အမေကဆရာမမလုပ်ရဘူးကျန်တာကြိုက်တာလုပ်ဆိုလို့ရွေးလိုက်တဲ့လမ်း။ကိုယ့်အလှည့်ကျမှခေါ်တာကဘွဲ့ရ။ရရမဲ့ဘွဲ့သတ္တဗေဒတဲ့၊၊ဘဝကုသိုလ်ကံတွေကဆန်းကြယ်တယ်ဆိုတာနောက်ပိုင်းမှာပိုသိလာရတယ်။လူကောင်ကပိန်ပိန်သေးသေး ပေါင်ချိန်၉၀ကျော်လောက်ရှိမယ်ထင်တာဘဲ၊ကျောင်းတက်ရတာကရန်ကုန်ပြည်သူ့ဆေးရုံကြီး နေတာကအင်းစိန်မြို့အိမ်ကနေကား၂ဆင့်စီးပြီးမနက်၈နာရီအရောက် ညနေ၄နာရီပြန်။ဗိုက်ပူ ဘတ်စ်ကားစီးပြီးစံပြမှတ်တိုင်ဆင်း သရက်တောကျောင်းတိုက်ဘေးပလက်ဖောင်းကနေဆေးရုံကြီးထိလမ်းလျှောက် တက်ရတာ။စာသင်ခန်းကမြေအောက်ထဲမှာ ဆေးဝါးဌာနနဲ့ကပ်ရက်။စာသင်ချိန်မရှိရင် ၂ထပ်ကဌာနကိုတက် လက်တွေ့လုပ်ရမဲ့အခန်းထဲဝင် ရိုက်စရာရှိတာရိုက်နဲ့ ဆရာတွေကလည်းအလုပ်တဖက်နဲ့မို့ အားချိန်မှာမှစာသင်နိုင်တယ်။တခုကောင်းတာက စာတွေ့ရောလက်တွေ့ရော'လူနာတွေနဲ့ရော တပြိုင်နက်ထိတွေ့ခွင့်ရခဲ့တာပါဘဲ။အရင်ခေတ်က cassette လို့ခေါ်တဲ့ ဖလင်ထဲ့ထားတဲ့သတ္တုပြားထူထူ cassette တွေကိုအထပ်လိုက်သယ်ပြီးအမှောင်ခန်းထဲပို့ အမှောင်ခန်းတာဝန်ကျဝန်ထမ်းတွေဆေးတဲ့ဖလင်စိုစိုတွေအပြင်ကယူ အခြောက်ခံတာခံ။စိုစိုဖတ်ဖတ်ပေးစရာရှိတာပေး။ညနေကျောင်းဆင်းအိမ်ပြန်ရင်ဆေးရည်နံ့တသင်းသင်း၊ကိုယ်တိုင်အမှောင်ခန်းထဲဝင်ဆေးရတဲ့အခါတွေလည်းရှိတော့ အဝတ်အစားတွေဆိုလည်းဆေးစွန်းစက်တွေပရပွနဲ့ပေါ့။ကျွန်မကပိန်သေးသေးမို့ ဆရာတွေက သတင်းပို့တဲ့နေ့ကဆို ၄ပိသာလောက်လေးမဲ့cassette အထပ်လိုက်သယ်နိုင်ပါ့မလားတောင်မေးခဲ့ရတာ။ရွေးချယ်ပြီးပြီဆိုတော့လည်း ဆက် လုပ်ပေါ့။ ပြီးဆုံးအောင်တော့လျှောက်ရမှာဘဲလေ။
ကျွန်မတက်တဲ့ 16 batch မှာကျောင်းတော်သူကျောင်းတော်သားကဓါတ်မှန်မှာ ၃ယောက်ကြီးများတောင်။
ကိုအောင်ဇော်မြင့်(ကွယ်လွန်)
မသွင်သွင်စိုး
ကျွန်မ ယဥ်ယဥ်သန်း(စုစု)တိုပေါ့ရှင် ။ဓါတ်မှန်ဆိုတာရောင်ခြည်သုံးဘာသာရပ်မို့ လူကြိုက်နည်းတာလည်းပါမယ်ထင်ပါတယ်။
ကျောင်းတက်ပြီး၄လလောက်မှာ ကျွန်မခန္ဓာကိုယ်မှာ ဗမာလိုအခေါ်စုန်းကိုက်တယ်ပေါ့အညိုအမဲသွေးယိုကွက်တွေပေါ်လာပါတော့တယ်။
ဆရာတွေမျက်စိမျက်နှာပျက်နဲ့ ဓါတ်မှန်ဌာနမှူးဆရာကြီးဦးထွန်းရီက သင်တန်းမှူးဆရာကြီးဦးအုံးလွင်ကိုဒီကလေးမကို Medicalမှာပြပေးလိုက်ဆိုပြီးဆေးတွေစစ်ရပါတော့တယ်။ကိုယ်ကတော့ ဘာမှမသိ။ဆရာတွေခေါ်ရာနောက်လိုက်ရတာပေါ့။ဒီလိုနဲ့စခဲ့တဲ့ခရီးကပြန်လှည့်ကြည့်တော့ နှစ်ပေါင်း ၄၀တောင်ရှိပါပေါ့လား။.....
အခါအခွင့်သင့်ရင် လျှောက်ခဲ့ရလုပ်ခွင်အမှတ်တရလေးတွေရေးပြပါအုံးမယ်။
ယဥ်ယဥ်သန်း
(Radiographer)
၂၁.၇.၂၀၂၆