14/04/2026
"အဆုတ်ထဲကရေနဲ့ အညာကမီး"
ရန်ကုန်မြို့စွန်က မြို့ငယ်လေးတစ်မြို့ရဲ့ အထူးကုဆေးခန်းတခုမှာပဲ ဖြစ်ပါတယ်။ အပြင်မှာတော့ ကားသံ၊ ဆိုင်ကယ်သံတွေနဲ့ ဆူညံနေပေမယ့် ဆေးရုံထဲက ကုသခန်းထဲမှာတော့ စက်ပစ္စည်းတချို့ရဲ့ မြည်သံနဲ့ ငြိမ်သက်ခြင်းက စိုးမိုးထားပါတယ်။ ကျွန်တော်ကတော့ procedure room လို့ခေါ်တဲ့ အခန်းထဲမှာပါ။ (ဘယ်လို ဘာသာပြန်ရမလဲ မစဉ်းစားမိတာနဲ့ အဲလိုပဲ ရေးလိုက်ပါတယ်)။
ခုလူနာက အဆုတ်တခြမ်း ရေအတော်ဝင်ပီး မောနေတဲ့ အခြေအနေပေါ့။ တီဘီကြောင့်လား ကင်ဆာလား စသဖြင့် အရည်စုပ်ထုတ်ပေးရင်း ဆေးစစ်ကြည့်ရမှာပါ။ အဆုတ်ထဲက အရည်စုပ်ထုတ်ဖို့ ထိုင်ခုံမှာ ထိုင်ရင်း ခုတင်ပေါ်မှီနေတဲ့ အသက် ၆၀ ကျော်အရွယ် အညာသားကြီးရဲ့ ကျောကုန်းကို Ultrasound စက်နဲ့ စမ်းသပ်နေတုန်း။
"ဟုတ်ပီ... အသက်ကို မှန်မှန်ရှူနော်၊ အရမ်းမလှုပ်နဲ့ဦး... ဆရာ အရည်အများဆုံးနေရာ ရှာပီး စုပ်ထုတ်ဖို့နေရာ မှတ်လိုက်ပီ။ အပ်လေးနဲ့ အဆုတ်ထဲက ရေတွေကို စုပ်ထုတ်ပေးမယ်။ မနာဘူး။ ထုံဆေးနဲ့ ထိုးပီးမှ စုပ်ထုတ်မှာ။ စိတ်မပူနဲ့။ ပီးရင် ဓါတ်ခွဲစစ်ဆေးဖို့လဲ ပို့ရမယ်။"စသဖြင့် ပြောလိုက်ပါတယ်။
ဆေးခန်းတံခါးရဲ့ ဟိုဘက်အခြမ်းမှာတော့ အပြင်ကစောင့်နေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေရဲ့ စကားသံတွေက ခပ်တိုးတိုး ထွက်ပေါ်နေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူတို့ပြောနေကြတာက အညာမြေက မီးသတင်းတွေ။
"အမေကြီးရယ်... အညာမှာကတော့ ရွာလုံးကျွတ်တွေ ပြာကျကုန်တာ၊ ကျုပ်မောင်လေးတို့ရွာဆို အခု တောထဲမှာပဲ နေနေရတယ်" လို့ အသံစူးစူးနဲ့ မိန်းမတစ်ယောက်က ပြောလိုက်သံကြားရတယ်။
"ဟဲ့ နင်တို့က ဘယ်ကလာတာတုန်း။ ကြားရတာ စိတ်မကောင်းပါဘူးဟယ်။ ခုတလော သတင်းတွေက ကောင်းကို မကောင်းဘူး သမီးရဲ့။ နေရာအစုံကို ဖြစ်နေတာပါအေ။ အမေတို့လဲ ဘာထူးလို့လဲ၊ တူတူပဲ။" အမေကြီးက ပြန်ဖြေတယ်။
အပြင်က အသံတွေက ကြားလိုက် မကြားလိုက်နဲ့ စကားပြောနေကြတယ်။ ကူပေးတဲ့ သူနာပြုဆရာမလေးကလဲ အဆုတ်ထဲက အရည်စုပ်ခံနေတဲ့ လူနာကို စောင့်ကြည့်ပေးရင်း အရည်စုပ်တဲ့ လုပ်ငန်းစဉ်ကိုကူညီပေးနေပါတယ်။
"ကဲ အဆုတ်ထဲက အရည်တွေ စစုပ်နေပီနော်။ ချောင်းမဆိုးရဘူး။ စကားမပြောရဘူး။ အောင့်တာ နာတာ မောတာ ရှိရင် လက်ထောင်အချက်ပြနော်။ ဆရာ အပ်ကို နောက်ကို ဆွဲထုတ်ပီး ရပီဆိုမှ ချောင်းဆိုး၊ စကားပြောရမယ်။ မဟုတ်ရင် အဆုတ်ကို အပ်ဖျားက ထိခိုက်မစိုးလို့။" စသဖြင့် လူနာကို အရည်စုပ်ထုတ်ပေးရင်း သတိပေးနေလိုက်ပါတယ်။
အဲဒီမှာတင် အပြင်က ခပ်အေးအေးနဲ့ အညာသံဝဲဝဲ လူကြီးတစ်ယောက်ရဲ့ အသံက ထွက်လာပြန်တယ်။
"နေပါဦး အမေကြီးရဲ့... ကျုပ်တို့ ကြားတာတော့ အဲဒါတွေက ဟိုဘက်က ကလေးတွေက ရှို့တာလို့လည်း ပြောကြတာပဲ မဟုတ်လား"
ခဏလောက် ငြိမ်သွားပြီးမှ အစောနက အသံစူးစူး ပိုင်ရှင်က ခပ်ပြတ်ပြတ် ပြန်ပြောတယ်။
"အို... အဘရယ်၊ အဘကလည်း ရွှေဘိုသားဆိုပြီး ရန်ကုန်နေတာကြာတာနဲ့ မသိတော့ဘူး။ စဉ်းစားကြည့်ပါဦး။ ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲမယ့်သူ ဘယ်မှာရှိမှာလဲ။ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်စပါးကျီတွေကို ကိုယ်တိုင် မီးရှို့ပြီး တောထဲမှာ ငှက်ပျောဖက်နဲ့ အိပ်ချင်မယ့်သူ ဒီလောကမှာ မရှိဘူးအဘရဲ့။ အဲဒီ ကလေးတွေ ဆိုတာတွေကလည်း ဒီရွာသားတွေရဲ့ သားသမီးတွေချည်းပဲလေ။ ကိုယ့်အမေ၊ ကိုယ့်အဖေကို နေစရာမရှိအောင် ဘယ်သူက လုပ်ရက်မှာလဲ"
ကျွန်တော်ကတော့ အပ်ကို သေသေချာချာ ထိုးသွင်းထားရင်း ဆေးထိုးပြွန်ထဲကို ဝါကျင့်ကျင့် အရည်တွေ တဖြည်းဖြည်း တက်လာတာကို ကြည့်နေမိတယ်။ လူနာဆီက တပိုက်စုပ်လိုက်၊ 3 ways ကို လှည့်ပီး အောက်က ရေသန့်ဗူးထဲကို တွန်းထုတ်လိုက်။ ပြန်လှည့်ပီး လူနာဘက်က အရည်တွေ စုပ်လိုက်၊ လူနာရဲ့ အခြေအနေကို အကဲခတ်လိုက် ဆက်တိုက်လုပ်နေရတာပေါ့။
အပြင်က အဘကတော့ မလျှော့သေးဘူး။
"ဒါပေမဲ့လည်း အဘတို့ ကြားတာကတော့ သတင်းပေးတွေရှိလို့ ရှို့တာလို့လည်း ဆိုကြတယ်လေ"
"အဘရယ်... တစ်ရွာလုံးမှာ သတင်းပေးက ဘယ်နှယောက် ရှိမှာမို့လို့လဲ။ တစ်ယောက်၊ နှစ်ယောက်အတွက်နဲ့ တစ်ရွာလုံးကို မီးတိုက်တယ်ဆိုတာကတော့ ဘယ်လိုမှ ယုတ္တိမရှိဘူး။ စဉ်းစားကြည့်လေ... အညာမှာက စပါးကျီတွေ၊ ကောက်ရိုးပုံတွေနဲ့ဆိုတော့ တစ်အိမ်ရှို့ရင် တစ်ရွာလုံးကူးတာ။ အခုက စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ မီးခိုးတွေက လိပ်တက်လာတာပဲ။ ဒိပြင်လူက ရှို့တာဆိုရင် ရွာသားတွေက ဝိုင်းငြှိမ်းကြမှာပေါ့။ အခုဟာကတော့ သေနတ်သံကြားလို့ ပြေးရတာနဲ့တင် ဘာမှမယူနိုင်ဘဲ ပြာဖြစ်တာပဲ"
ဘေးက အမေကြီးတို့ အဖွဲ့ကလဲ တိုးတိုး တိုးတိုးနဲ့ ပြောသံကြားတယ်။
"အဘရယ်... ကျုပ်တို့ အညာမှာကတော့ 'တောမီး' ထက် ကြောက်ရတဲ့ 'လူမီး' တွေ လောင်နေတာ" လို့ အမေကြီးက ခပ်တိုးတိုးနဲ့ စလိုက်တယ်။
အဘက နားမလည်သလိုနဲ့ "လူမီးဆိုတာက ဘယ်လိုလဲ အမေကြီးရဲ့၊ ကိုယ့်အချင်းချင်း ရှို့ကြတာကို ပြောတာလား"
"အို... အဘကလည်း။ တစ်ရွာလုံးက သွေးသားတွေလေ။ ဘယ်သူက ကိုယ့်အိမ်ကိုယ်ယာကို ကိုယ်တိုင် မီးစိုက်မလဲ။ အခုကတော့... သူတို့တွေ ရောက်လာပြီဆိုရင် မီးခိုးက အရင်ထွက်တာပဲ။ အဲဒီ သူတို့တွေ ပြန်သွားရင်တော့ ရွာဆိုတာ နာမည်ပဲ ကျန်တော့တာပေါ့။ သူတို့တွေ လေပေါ်က လာလဲ ကြောက်နေရတယ်။ မြေပြင်ကလာလဲ ကြောက်နေရတာပါပဲတော်"
အဘက သက်ပြင်းတစ်ချက်ချဟန် တူပါတယ်။ "ဒါပေမဲ့ အမေကြီးရာ... တစ်ဖက်က ပြန်ကြားရတာတော့ အဲဒီ သူတို့တွေက ရွာထဲမှာ pdfတွေ ရှိနေလို့ လုပ်ရတာပါလို့လည်း ဆိုကြတာပဲ မဟုတ်လား။ ကိုယ့်အိမ်ထဲမှာ မြွေဟောက်တွေ ခိုနေရင် အိမ်ကို ရှို့ပစ်မှ မြွေသေမယ်ဆိုတဲ့ သဘောမျိုးပေါ့"
အမေကြီးက အသံက နည်းနည်းမာသွားတယ်။
"အဘရယ်... မြွေဖမ်းချင်ရင် မြွေတွင်းကိုပဲ နှိပ်ရမှာပေါ့။ အခုဟာကတော့ မြွေရှိရှိ မရှိရှိ၊ အိမ်မှာရှိတဲ့ ဆန်အိုး၊ ဆီအိုး၊ အဝတ်အထည်ကအစ ပြာဖြစ်အောင် လုပ်သွားတာ။ အဲဒါက မြွေဖမ်းတာ မဟုတ်ဘူးအဘရယ်... အိမ်ရှင်ကိုပါ သေအောင် သတ်တာ။ အဘ စဉ်းစားကြည့်လေ... အဲဒီလို အလုပ်ခံရတဲ့ အိမ်ရှင်က မြွေကိုပဲ နာကျည်းမလား၊ အိမ်ရှို့တဲ့သူကိုပဲ နာကျည်းမလားဆိုတာ။"
လူငယ်လေးအသံကပါ ဝင်ထောက်တယ်။
"ဟုတ်တယ်အဘ။ ပြီးတော့ အဲဒီ သူတို့တွေက လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ။ ရွာသားတွေကတော့ အိမ်လေးတစ်လုံး ဆောက်ဖို့ ဘယ်လောက် ပင်ပန်းခဲ့ရလဲ သူတို့မှ မသိတာ။ သိလဲ ကိုယ်ချင်းမှ မစာနာတာ။ တစ်ဖက်က ကလေးတွေကတော့ ရွာထဲက ထွက်လာတဲ့သူတွေပဲဆိုတော့ ရွာကို ချစ်ကြတာပေါ့အဘရယ်။ ဘယ်သူက ကိုယ့်မွေးရပ်မြေကို ပြာကျစေချင်မလဲ။"
အဘက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်တယ်။ "အေးလေ... အဘလည်း တွေးမိပါတယ်။ တစ်အိမ်လောင်ရင် ဆယ်အိမ်ကူးတာ။ တစ်ရွာလုံး မီးဟုန်းဟုန်းတောက်နေတာကို ကြည့်ပြီး ပြုံးနေနိုင်တဲ့သူဟာ ကိုယ့်လူမျိုး ဟုတ်ပါဦးမလားလို့။"
"အဲဒါကြောင့်ပေါ့ အဘရယ်... အခု အဆုတ်ထဲ ရေဝင်တဲ့ ဦးကြီးဆိုလည်း ကြည့်လေ။ အိမ်မရှိတော့တဲ့နောက် တောထဲမှာ သစ်ပင်တွေကြား ဒီတိုင်း အခင်းလေးခင်းပီး အိပ်ရ၊ စိတ်တွေဆင်းရဲရနဲ့ ရင်ထဲက ပူတဲ့မီးက အပြင်က ရေတွေကို အဆုတ်ထဲအထိ ရောက်အောင် တွန်းပို့လိုက်သလိုပဲ" လို့ အမေကြီးက နိဂုံးချုပ်လိုက်တယ်။
ကျွန်တော့်လက်ထဲက ဆေးထိုးပြွန်ထဲမှာ အဆုတ်ထဲက ရေတွေ ပြည့်သွားတယ်။ ဒီရေတွေက လူနာကို အသက်ရှူကျပ်စေတာ။ ဒါကို ဖယ်ထုတ်ပေးမှ လူနာ အသက်ရှူချောင်မှာ။ ဆက်လုပ်စရာ လုပ်ပေးနေရင်း အပြင်က စကားသံတွေကတော့ ဆက်ရှိနေတုန်း။
"အေးလေ... အဘလည်း တွေးကြည့်တာပါ။ တကယ်တော့ မီးဆိုတာက ရှို့ရတာ လွယ်သလောက် ပြန်တည်ဆောက်ဖို့က မလွယ်ဘူး။ အခုလည်း ကြည့်ဦး... ဒီမှာ အဆုတ်ထဲ ရေဝင်လို့ လာကုရတဲ့ ဦးကြီးဆိုလည်း အညာကပဲ။ ဟိုမှာ မီးတွေလောင်တော့ စိတ်သောကတွေရောက်၊ ကျန်းမာရေးက ဂရုမစိုက်နိုင်နဲ့ နောက်ဆုံးတော့ ဒီလိုပဲ ဆေးခန်းရောက်လာရတာပေါ့"
သူတို့ပြောတာလဲ မှန်ပါတယ်။ ကျန်းမာရေးဆိုတာ သေချာဂရုစိုက်ရတယ်။ မဟုတ်ရင် ကူးစက်ရောဂါတွေဆို ပွားကုန် ကူးကုန်ရော။ ကိုယ်ခံအားက မကောင်းနိုင်တော့ဘူး။ သန့်ရှင်းတဲ့အစားအစာ၊ အာဟာရပြည့်တဲ့ အစားအစာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ စသဖြင့် သူတို့ ဘယ်တွေးနိုင်၊ ရနိုင်တော့မလဲ။ ဘယ်နေနိုင်တော့မလဲ။ ရောဂါဘယတွေ နှိပ်စက်တော့မှာပဲပေါ့။ အဲလို တွေးနေရင်းနဲ့ ကျွန်တော်လည်း အဆုတ်ထဲက ကျန်နေသေးတဲ့ အရည်တွေကို ခပ်မှန်မှန်လေး ဆက်စုပ်ပေးနေမိပါတယ်။
"ဟုတ်ပီနော်။ ချောင်းမဆိုးရဘူး။ စကားမပြောနဲ့။ ... ခဏတော့ စောင့်ဦးနော်၊ အရည်က နည်းနည်းများတော့ ကြာဦးမယ်။ တခုခုဆို ဆရာပြောတဲ့အတိုင်း လက်ထောင် အချက်ပြနော်" လို့ ပြောလိုက်တယ်။ လူနာရဲ့မျက်လုံးထဲမှာတော့ ပျောက်ဆုံးသွားတဲ့ အညာမြေက သူ့အိမ်လေးကို လွမ်းဆွတ်နေတဲ့ အရိပ်အယောင်တွေကို အထင်သား မြင်နေရပါတယ်။ စိတ်ဓါတ်ကျနေတဲ့ မျက်နှာက အထင်းသားပါပဲ။
အပြင်က စကားဝိုင်းကတော့ တော်တော်လေး အရှိန်တက်နေပြီ။ အစောနက အဘက သူ့ဖုန်းထဲက သတင်းတစ်ခုခုကို ဖတ်လိုက်ပုံရတယ်။
"ဒါနဲ့ အမေကြီးရဲ့... ဟိုနေ့က သတင်းထဲမှာတော့ pdf တွေက ရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ မီးလောင်တာဆိုပြီး ပါလာသေးတယ်၊ အဲဒါကော ဘယ်လိုလဲ" (သူတို့ပြောတဲ့အတိုင်း ရေးဖို့ကြ ခက်သလားလို့။ မရေးဘဲ လွှဲရေးတော့လဲ ကိုယ့်စာ ကိုယ် ဖက်ရတာကို ဘာမှန်းမသိတာနဲ့ တိုက်ရိုက်ပဲ ရေးလိုက်ပါတယ်။)
အညာသူ အမေကြီးက ခပ်အက်အက် ရယ်သံနဲ့ ပြန်ဖြေတယ်။
"အဘရယ်... ကျုပ်ဖြင့် ရယ်လည်းရယ်ချင်တယ်၊ ငိုလည်း ငိုချင်တယ်။ အဲ့ကလေးတွေဆိုတာ တောထဲမှာ ရရာသေနတ်တွေနဲ့ ကိုင်နေကြတာ။ အဘပြောတဲ့ လက်နက်ကြီးဆိုတာ ဘယ်နှမိုင်ဝေးဝေး ပစ်နိုင်လို့လဲ။ အခု လောင်နေတာတွေက ရွာလုံးကျွတ်တွေ။ အိမ်တစ်လုံးချင်းစီကို လိုက်ရှို့မှ အဲဒီလို ပြာကျတာ။ လက်နက်ကြီးကျည် တစ်လုံး နှစ်လုံးတည်းနဲ့ ရွာတစ်ရွာလုံး ပြာဖြစ်သွားတယ်ဆိုတာကတော့ အဘရာ... လွန်လွန်းလှပါတယ်။
ပီးတော့ တမြို့တရွာတဲလဲ မဟုတ်။ နေရာကို အများကြီးပဲ။ လောင်တာလောင်တာ ပြာကျကုန်တာဆိုရင်။ မကြားချင် မမြင်ချင်မှ အဆုံး။ ခုလိုမြို့ပေါ်နေပီး မျက်စိမှိတ် နားပိတ်နေမှသာ မသိရင် မသိမှာ။ ကျုပ်တိုမှာ ကိုယ်တွေ့ပါတော်"
ဘေးနားက ခပ်ငယ်ငယ် လူငယ်တစ်ယောက်ရဲ့ အသံကလည်း ကြားဖြတ်ထွက်လာတယ်။
"ဟုတ်တယ်အဘ... ကျွန်တော် မြေပြင်က ဗီဒီယိုတွေ ကြည့်ဖူးတယ်။ သူတို့စစ်ကြောင်းထွက်သွားပြီးမှ ရွာထဲက မီးခိုးတွေ အူထွက်လာတာ။ သူတို့က ရွာထဲမှာ စခန်းချတယ်၊ ချက်ပြုတ်စားသောက်တယ်၊ ပြန်ခါနီးကျမှ အကုန်ရှို့သွားတာ။ တစ်ခါတလေကျရင် ရွာထဲမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ရှို့တာအဘရဲ့။ အဲဒါက 'ဖြတ်လေးဖြတ်' တဲ့။ ရွာသားတွေကို ကြောက်အောင်လုပ်ပြီး တော်လှန်ရေးသမားတွေကို မကူညီရဲအောင် လုပ်တာ။"
အဘက ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားနေပုံရတယ်။ "အေးလေ... အဘကလည်း ဟိုဘက်က ပြောတာတွေကြားတော့ ဟုတ်နိုးနိုးနဲ့ တွေးမိတာပါ။ ဒါဆိုရင်တော့ ကိုယ့်ပြည်သူအချင်းချင်း အဲဒီလောက်ထိ လုပ်ရက်ပါ့မလားလို့ စဉ်းစားလို့မရလို့"
"လုပ်ရက်တာမှ အဘရယ်... အညာမြေက မြေပဲခင်းတွေ၊ နှမ်းခင်းတွေပါ မီးတိုက်တာ။ သူတို့က ရွာသားတွေကို ထောက်ပံ့နေသူတွေ၊ တဖွဲ့တည်းတွေလို့ စွပ်စွဲပြီး အိမ်တွေကို အကုန်မီးတိုက်တာ။ ရွာသားတွေက ကိုယ့်အိမ်လေး ပြာကျတာကို ကြည့်ပြီး ငိုနေရတာ အဘရဲ့။ ကလေးတွေက ရှို့တာဆိုရင် ရွာသားတွေက သူတို့ကို ဘယ်ထောက်ခံတော့မလဲ။ အခုကတော့ ရှို့လေလေ၊ လူတွေက သုတို့ကို ပိုပြီး နာကျည်းလေလေပဲ။ မတက်သာလို့သာပေါ့" လို့ အမေကြီးက အားမလိုအားမရ ပြောလိုက်တယ်။
လူငယ်လေးအသံက ထပ်ဖြည့်ပြောပြန်တယ်။
"နောက်တစ်ခုရှိသေးတယ်အဘ။ အခုခေတ်က ဂြိုဟ်တုပုံရိပ်တွေနဲ့ ကြည့်လို့ရတာ။ ကုလသမဂ္ဂတို့ ဘာတို့က အဲဒီပုံတွေကို ကြည့်ပြီး တပ်စစ်ကြောင်း သွားတဲ့လမ်းကြောင်းအတိုင်း မီးတွေလောင်နေတာကို သက်သေထုတ်နေကြတာ။ pdf သာ ရှို့တာဆိုရင် တပ်မရှိတဲ့ နေရာတွေမှာလည်း မီးလောင်ရမှာပေါ့။ အခုက တပ်ဝင်တဲ့ နေရာတွေပဲ ကွက်လောင်နေတာ အဘရဲ့။"
"တောမီးက စဆိုပီးတော့လဲ တွေ့လိုက်သေးတယ်" အဘက ပြန်ပြောရာ
"တောမီးဆိုလဲ မီး မီးနိုင်လွန်းတယ် အဘရယ်။ မတူညီတဲ့ နေရာတွေကို စုံရောပဲ။ အသိသာကြီးကို" ဟု အသံစူးစူးဖြင့် ပြန်ပြောသံကြားရ၏။
ကျွန်တော့်လက်ထဲက ဆေးထိုးပြွန်ထဲမှာ အရည်တွေက တော်တော်လေး စုမိနေပြီ။ အဆုတ်ထဲက ရေတွေ ထွက်လာလေလေ၊ လူနာဦးကြီးရဲ့ အသက်ရှူသံက ပိုပြီး မှန်လာလေလေပဲ။
အပြင်က သူတွေလဲ သူတို့ ခံစားချက်ကို သူတို့ချင်း ရင်ဖွင့်နေကြတာပေါ့။ အနီးကပ်ဆိုတော့လဲ အတိုင်းသား ကြားနေကြပဲလေ။ သူတို့ရဲ့ အပူတွေကို တကယ်ကို နားလည်ပါတယ်။ ကိုယ်ချင်းလဲ စာနာပါတယ်။ ကိုယ်တွေ ဇာတိကလဲ အညာပဲဆိုတော့လေ။ မိဘဆွေမျိုး သူငယ်ချင်းတွေ အများကြီး တွေ့ကြုံခံစားနေကြရတာလဲ ကိုယ်တိုင်သိတယ်လေ။
အဲလိုနဲ့ ဆက်ပီး အရည်တွေ စုပ်ထုတ်ပေးလာလိုက်တာ ရေသန့်ဗူးခွံနဲ့ တစ်ဗူးပြည့်လို့ နောက်တစ်ဗူးရဲ့ သုံးပုံ နှစ်ပုံလောက် ရောက်လာတယ်။ လူနာကလဲ လက်လေး ထောင်ပီး အချက်ပြတာနဲ့ အပ်ကို ဆွဲထုတ်ပီး အရည်စုပ်ထုတ်တာကို နားလိုက်ပါတယ်။
"ကဲ ရပီနော်။ ချောင်းဆိုးလို့ ရပါပီ။ အရည်တွေလဲ စုပ်ထုတ်ပီးပီ။ ဆရာတို့ အရည်စုပ်ထုတ်တာ တော်လိုက်တော့မယ်။" စသဖြင့် ရှင်းပြရင်း လက်စသပ်လိုက်ပါတယ်။
"ကဲ ဆရာမလေး၊ ခုန အရည်ဗူးလေး ၃ ဗူးက ဓါတ်ခွဲခန်းကို ပို့လိုက်၊ ဆရာ ဆေးစစ်ဖို့ စာရေးပေးလိုက်မယ်၊ လူနာကို နားတဲ့နေရာမှာ နားရင်း ၁၅ မိနစ်လောက် အောက်ဆီဂျင်လေး ပေးထားလိုက်ပါ။ မောတာ နာတာ မရှိဘူး။ အောက်ဆီဂျင်လဲ တည်ငြိမ်တယ်ဆိုရင် ပြန်လို့ရပါပီ။ မပြန်ခင် ဓါတ်မှန်ပြန်ရိုက်၊ ဆရာ့ဆီ viber ကနေ ပုံပို့ပေးဖို့လဲ ရေးထားတယ်။" လို့ သူနာပြုဆရာမလေးကို မှာရင်း
အပြင်က လူနာစောင့်ကို အထဲခေါ်ခိုင်းလိုက်ပါတယ်။ အပြင်က စကားဝိုင်းကလဲ ရပ်သွားပါတယ်။
"ကဲ... ဟုတ်ပီ။ လူနာ အဆုတ်ထဲကအရည်စုပ်တာ ပြီးပါပြီ။ ဆရာတို့ အရည် ၁၃၀၀ လောက် ထုတ်လိုက်တယ်။ လူနာလဲ အတော် သက်သာသွားပါလိမ့်မယ်။ အရည်ကို ဓါတ်ခွဲ စစ်ဆေးကြည့်မယ်။ အဖြေက တစ်ပါတ်ကြာရင် ရမယ်။ ခု မကြာခင် ဓါတ်မှန် ပြန်ရိုက်ကြည့်မယ်။ အရည်တွေ ဖယ်လိုက်တော့ အလုံးအခဲတွေ စသည် ရှိနေမလား မြင်ရမလား ပြန်ကြည့်ရမယ်။ ဆရာ့စီ viber ကနေ ပို့ပေးလိမ့်မယ်။
ထူးခြားတာ သိပ်မရှိရင် တစ်ပါတ်နေတော့မှ ဆရာတို့ ပြန်ကြည့်မယ်။ တခုခု မသင်္ကာစရာ အလုံးအခဲရှိနေရင် ဘာလုပ်စရာ လိုမလဲဆိုတာ ဆရာ viber ကနေ ပြန်ရေးပေးထားလိုက်မှာမို့ ဆေးခန်းမှာ ခဏ စောင့်ရင်း ပီးမှ ပြန်။ ဟုတ်ပီနော်။ ဘာသိချင်တာ ရှိသေးလဲ" စသဖြင့် ပြောရင်း သူတို့ရဲ့ ရောဂါအပေါ် စိတ်ပူပန်မှုတွေ ဆက်လုပ်စရာတွေ ရှင်းပြပေးဖြစ်ပါတယ်။
အဲလိုနဲ့ ဆေးခန်းကနေ ပြန်လာခဲ့တယ်။ ပြင်ပလူနာတွေ ကြည့်ပေးစီမံ၊ အရည်စုပ်ပေးစရာလူနာရှိရင် တခုခုစားပီး စောင့်ခိုင်းထားရတယ်။ သူတို့ အချိုဓါတ်ကျနေရင် ထုံဆေးပေးတာအခါ စိတ်လှုပ်ရှားတာနဲ့ ရောပီး မူးတာစသည် မရှိအောင်လို့ အဲ့လို စီမံရတယ်။ ပြင်ပလူနာအားလုံးလဲပီးရော အဲ့လူနာလဲ အဆင်သင့်ဖြစ်ရောဆိုမှ အရည်စုပ်ပေးဖို့ စလုပ်ရတာလေ။
ဒါကြောင့် အရည်စုပ်လူနာပီးရင် ဗိုက်ကလဲ အတော်ဆာပီ။ နောက်လူနာ ဆက်ကြည့်ဖို့ မရှိဘူး။ ပြန်ရုံပဲလေ။ ဆေးခန်းက ထွက်လာရင်း ဗိုက်ကလဲ ဆာ။ လူလဲ အတော် ပင်ပန်းနေပီ။ ကြားရသမျှနဲ့ ပိုလို့လဲ စိတ်မောရပါတယ်။ အဲဒီအချိန်မှာ ဆေးခန်းအပြင်ဘက်က နေ့လည်ခင်း နေရောင်ခြည်ဟာ အညာမြေက မီးလျှံတွေလိုပဲ ရဲရဲတောက် ပူလောင်နေပါတော့တယ်။
လူနာအကြောင်းလဲ တွေးရင်းနွေရာသီအပူရော၊ အညာအပူမီးတွေရောနဲ့ သင်္ကြန်ရေလဲ သူတို့ရဲ့ ရင်ကို မအေးစေနိုင်ပါဘူး။ အဆုတ်ထဲ ဖိနေတဲ့ အရည်တွေကို ဖယ်ထုတ်ပေးလိုက်လို့ အမောသက်သာသွားပေမယ့် ကျန်အမောတွေ သူ့တို့ခမျာ ဘယ်တော့ဘယ်လို သက်သာရှာပါ့မလဲလို့ တွေးမိတဲ့အခါ . . . ဪ လောကမှာ ပူလောင်မှုတွေ မပီးနိုင်ပါ့လား။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး စတဲ့ အရေးတွေ များလှပါလား။ ဆက်စပ်နေကြပါလား စသဖြင့် မပီးနိုင်တဲ့ အတွေးဝဲဂရက်ထဲမှာ ချာချာလည်ရင်းနဲ့ . . . . .