Dr Myo Kyi Maung

Dr Myo Kyi Maung အဆုတ်နဲ့ရင်ခေါင်း ဆိုင်ရာ ကျန်းမာရ? အထွေထွေရောဂါ အထူးကု သမားတော်
အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ဆရာဝန်ကြီး

"အဆုတ်ထဲကရေနဲ့ အညာကမီး"ရန်ကုန်မြို့စွန်က မြို့ငယ်လေးတစ်မြို့ရဲ့ အထူးကုဆေးခန်းတခုမှာပဲ ဖြစ်ပါတယ်။ အပြင်မှာတော့ ကားသံ၊ ဆို...
14/04/2026

"အဆုတ်ထဲကရေနဲ့ အညာကမီး"

ရန်ကုန်မြို့စွန်က မြို့ငယ်လေးတစ်မြို့ရဲ့ အထူးကုဆေးခန်းတခုမှာပဲ ဖြစ်ပါတယ်။ အပြင်မှာတော့ ကားသံ၊ ဆိုင်ကယ်သံတွေနဲ့ ဆူညံနေပေမယ့် ဆေးရုံထဲက ကုသခန်းထဲမှာတော့ စက်ပစ္စည်းတချို့ရဲ့ မြည်သံနဲ့ ငြိမ်သက်ခြင်းက စိုးမိုးထားပါတယ်။ ကျွန်တော်ကတော့ procedure room လို့ခေါ်တဲ့ အခန်းထဲမှာပါ။ (ဘယ်လို ဘာသာပြန်ရမလဲ မစဉ်းစားမိတာနဲ့ အဲလိုပဲ ရေးလိုက်ပါတယ်)။

ခုလူနာက အဆုတ်တခြမ်း ရေအတော်ဝင်ပီး မောနေတဲ့ အခြေအနေပေါ့။ တီဘီကြောင့်လား ကင်ဆာလား စသဖြင့် အရည်စုပ်ထုတ်ပေးရင်း ဆေးစစ်ကြည့်ရမှာပါ။ အဆုတ်ထဲက အရည်စုပ်ထုတ်‌ဖို့ ထိုင်ခုံမှာ ထိုင်ရင်း ခုတင်ပေါ်မှီနေတဲ့ အသက် ၆၀ ကျော်အရွယ် အညာသားကြီးရဲ့ ကျောကုန်းကို Ultrasound စက်နဲ့ စမ်းသပ်နေတုန်း။

"ဟုတ်ပီ... အသက်ကို မှန်မှန်ရှူနော်၊ အရမ်းမလှုပ်နဲ့ဦး... ဆရာ အရည်အများဆုံးနေရာ ရှာပီး စုပ်ထုတ်ဖို့နေရာ မှတ်လိုက်ပီ။ အပ်လေးနဲ့ အဆုတ်ထဲက ရေတွေကို စုပ်ထုတ်ပေးမယ်။ မနာဘူး။ ထုံဆေးနဲ့ ထိုးပီးမှ စုပ်ထုတ်မှာ။ စိတ်မပူနဲ့။ ပီးရင် ဓါတ်ခွဲစစ်ဆေးဖို့လဲ ပို့ရမယ်။"စသဖြင့် ပြောလိုက်ပါတယ်။
ဆေးခန်းတံခါးရဲ့ ဟိုဘက်အခြမ်းမှာတော့ အပြင်ကစောင့်နေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေရဲ့ စကားသံတွေက ခပ်တိုးတိုး ထွက်ပေါ်နေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူတို့ပြောနေကြတာက အညာမြေက မီးသတင်းတွေ။

"အမေကြီးရယ်... အညာမှာကတော့ ရွာလုံးကျွတ်တွေ ပြာကျကုန်တာ၊ ကျုပ်မောင်လေးတို့ရွာဆို အခု တောထဲမှာပဲ နေနေရတယ်" လို့ အသံစူးစူးနဲ့ မိန်းမတစ်ယောက်က ပြောလိုက်သံကြားရတယ်။

"ဟဲ့ နင်တို့က ဘယ်ကလာတာတုန်း။ ကြားရတာ စိတ်မကောင်းပါဘူးဟယ်။ ခုတလော သတင်းတွေက ကောင်းကို မကောင်းဘူး သမီးရဲ့။ နေရာအစုံကို ဖြစ်နေတာပါအေ။ အမေတို့လဲ ဘာထူးလို့လဲ၊ တူတူပဲ။" အမေကြီးက ပြန်ဖြေတယ်။

အပြင်က အသံတွေက ကြားလိုက် မကြားလိုက်နဲ့ စကားပြောနေကြတယ်။ ကူပေးတဲ့ သူနာပြုဆရာမလေးကလဲ အဆုတ်ထဲက အရည်စုပ်ခံနေတဲ့ လူနာကို စောင့်ကြည့်ပေးရင်း အရည်စုပ်တဲ့ လုပ်ငန်းစဉ်ကိုကူညီပေးနေပါတယ်။

"ကဲ အဆုတ်ထဲက အရည်တွေ စစုပ်နေပီနော်။ ချောင်းမဆိုးရဘူး။ စကားမပြောရဘူး။ အောင့်တာ နာတာ မောတာ ရှိရင် လက်ထောင်အချက်ပြနော်။ ဆရာ အပ်ကို နောက်ကို ဆွဲထုတ်ပီး ရပီဆိုမှ ချောင်းဆိုး၊ စကားပြောရမယ်။ မဟုတ်ရင် အဆုတ်ကို အပ်ဖျားက ထိခိုက်မစိုးလို့။" စသဖြင့် လူနာကို အရည်စုပ်ထုတ်ပေးရင်း သတိပေးနေလိုက်ပါတယ်။

အဲဒီမှာတင် အပြင်က ခပ်အေးအေးနဲ့ အညာသံဝဲဝဲ လူကြီးတစ်ယောက်ရဲ့ အသံက ထွက်လာပြန်တယ်။
"နေပါဦး အမေကြီးရဲ့... ကျုပ်တို့ ကြားတာတော့ အဲဒါတွေက ဟိုဘက်က ကလေးတွေက ရှို့တာလို့လည်း ပြောကြတာပဲ မဟုတ်လား"

ခဏလောက် ငြိမ်သွားပြီးမှ အစောနက အသံစူးစူး ပိုင်ရှင်က ခပ်ပြတ်ပြတ် ပြန်ပြောတယ်။

"အို... အဘရယ်၊ အဘကလည်း ရွှေဘိုသားဆိုပြီး ရန်ကုန်နေတာကြာတာနဲ့ မသိတော့ဘူး။ စဉ်းစားကြည့်ပါဦး။ ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲမယ့်သူ ဘယ်မှာရှိမှာလဲ။ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်စပါးကျီတွေကို ကိုယ်တိုင် မီးရှို့ပြီး တောထဲမှာ ငှက်ပျောဖက်နဲ့ အိပ်ချင်မယ့်သူ ဒီလောကမှာ မရှိဘူးအဘရဲ့။ အဲဒီ ကလေးတွေ ဆိုတာတွေကလည်း ဒီရွာသားတွေရဲ့ သားသမီးတွေချည်းပဲလေ။ ကိုယ့်အမေ၊ ကိုယ့်အဖေကို နေစရာမရှိအောင် ဘယ်သူက လုပ်ရက်မှာလဲ"

ကျွန်တော်ကတော့ အပ်ကို သေသေချာချာ ထိုးသွင်းထားရင်း ဆေးထိုးပြွန်ထဲကို ဝါကျင့်ကျင့် အရည်တွေ တဖြည်းဖြည်း တက်လာတာကို ကြည့်နေမိတယ်။ လူနာဆီက တပိုက်စုပ်လိုက်၊ 3 ways ကို လှည့်ပီး အောက်က ရေသန့်ဗူးထဲကို တွန်းထုတ်လိုက်။ ပြန်လှည့်ပီး လူနာဘက်က အရည်တွေ စုပ်လိုက်၊ လူနာရဲ့ အခြေအနေကို အကဲခတ်လိုက် ဆက်တိုက်လုပ်နေရတာပေါ့။

အပြင်က အဘကတော့ မလျှော့သေးဘူး။
"ဒါပေမဲ့လည်း အဘတို့ ကြားတာကတော့ သတင်းပေးတွေရှိလို့ ရှို့တာလို့လည်း ဆိုကြတယ်လေ"

"အဘရယ်... တစ်ရွာလုံးမှာ သတင်းပေးက ဘယ်နှယောက် ရှိမှာမို့လို့လဲ။ တစ်ယောက်၊ နှစ်ယောက်အတွက်နဲ့ တစ်ရွာလုံးကို မီးတိုက်တယ်ဆိုတာကတော့ ဘယ်လိုမှ ယုတ္တိမရှိဘူး။ စဉ်းစားကြည့်လေ... အညာမှာက စပါးကျီတွေ၊ ကောက်ရိုးပုံတွေနဲ့ဆိုတော့ တစ်အိမ်ရှို့ရင် တစ်ရွာလုံးကူးတာ။ အခုက စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ မီးခိုးတွေက လိပ်တက်လာတာပဲ။ ဒိပြင်လူက ရှို့တာဆိုရင် ရွာသားတွေက ဝိုင်းငြှိမ်းကြမှာပေါ့။ အခုဟာကတော့ သေနတ်သံကြားလို့ ပြေးရတာနဲ့တင် ဘာမှမယူနိုင်ဘဲ ပြာဖြစ်တာပဲ"

ဘေးက အမေကြီးတို့ အဖွဲ့ကလဲ တိုးတိုး တိုးတိုးနဲ့ ပြောသံကြားတယ်။
"အဘရယ်... ကျုပ်တို့ အညာမှာကတော့ 'တောမီး' ထက် ကြောက်ရတဲ့ 'လူမီး' တွေ လောင်နေတာ" လို့ အမေကြီးက ခပ်တိုးတိုးနဲ့ စလိုက်တယ်။
အဘက နားမလည်သလိုနဲ့ "လူမီးဆိုတာက ဘယ်လိုလဲ အမေကြီးရဲ့၊ ကိုယ့်အချင်းချင်း ရှို့ကြတာကို ပြောတာလား"
"အို... အဘကလည်း။ တစ်ရွာလုံးက သွေးသားတွေလေ။ ဘယ်သူက ကိုယ့်အိမ်ကိုယ်ယာကို ကိုယ်တိုင် မီးစိုက်မလဲ။ အခုကတော့... သူတို့တွေ ရောက်လာပြီဆိုရင် မီးခိုးက အရင်ထွက်တာပဲ။ အဲဒီ သူတို့တွေ ပြန်သွားရင်တော့ ရွာဆိုတာ နာမည်ပဲ ကျန်တော့တာပေါ့။ သူတို့တွေ လေပေါ်က လာလဲ ကြောက်နေရတယ်။ မြေပြင်ကလာလဲ ကြောက်နေရတာပါပဲတော်"

အဘက သက်ပြင်းတစ်ချက်ချဟန် တူပါတယ်။ "ဒါပေမဲ့ အမေကြီးရာ... တစ်ဖက်က ပြန်ကြားရတာတော့ အဲဒီ သူတို့တွေက ရွာထဲမှာ pdfတွေ ရှိနေလို့ လုပ်ရတာပါလို့လည်း ဆိုကြတာပဲ မဟုတ်လား။ ကိုယ့်အိမ်ထဲမှာ မြွေဟောက်တွေ ခိုနေရင် အိမ်ကို ရှို့ပစ်မှ မြွေသေမယ်ဆိုတဲ့ သဘောမျိုးပေါ့"

အမေကြီးက အသံက နည်းနည်းမာသွားတယ်။
"အဘရယ်... မြွေဖမ်းချင်ရင် မြွေတွင်းကိုပဲ နှိပ်ရမှာပေါ့။ အခုဟာကတော့ မြွေရှိရှိ မရှိရှိ၊ အိမ်မှာရှိတဲ့ ဆန်အိုး၊ ဆီအိုး၊ အဝတ်အထည်ကအစ ပြာဖြစ်အောင် လုပ်သွားတာ။ အဲဒါက မြွေဖမ်းတာ မဟုတ်ဘူးအဘရယ်... အိမ်ရှင်ကိုပါ သေအောင် သတ်တာ။ အဘ စဉ်းစားကြည့်လေ... အဲဒီလို အလုပ်ခံရတဲ့ အိမ်ရှင်က မြွေကိုပဲ နာကျည်းမလား၊ အိမ်ရှို့တဲ့သူကိုပဲ နာကျည်းမလားဆိုတာ။"

လူငယ်လေးအသံကပါ ဝင်ထောက်တယ်။
"ဟုတ်တယ်အဘ။ ပြီးတော့ အဲဒီ သူတို့တွေက လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ။ ရွာသားတွေကတော့ အိမ်လေးတစ်လုံး ဆောက်ဖို့ ဘယ်လောက် ပင်ပန်းခဲ့ရလဲ သူတို့မှ မသိတာ။ သိလဲ ကိုယ်ချင်းမှ မစာနာတာ။ တစ်ဖက်က ကလေးတွေကတော့ ရွာထဲက ထွက်လာတဲ့သူတွေပဲဆိုတော့ ရွာကို ချစ်ကြတာပေါ့အဘရယ်။ ဘယ်သူက ကိုယ့်မွေးရပ်မြေကို ပြာကျစေချင်မလဲ။"

အဘက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်တယ်။ "အေးလေ... အဘလည်း တွေးမိပါတယ်။ တစ်အိမ်လောင်ရင် ဆယ်အိမ်ကူးတာ။ တစ်ရွာလုံး မီးဟုန်းဟုန်းတောက်နေတာကို ကြည့်ပြီး ပြုံးနေနိုင်တဲ့သူဟာ ကိုယ့်လူမျိုး ဟုတ်ပါဦးမလားလို့။"

"အဲဒါကြောင့်ပေါ့ အဘရယ်... အခု အဆုတ်ထဲ ရေဝင်တဲ့ ဦးကြီးဆိုလည်း ကြည့်လေ။ အိမ်မရှိတော့တဲ့နောက် တောထဲမှာ သစ်ပင်တွေကြား ဒီတိုင်း အခင်းလေးခင်းပီး အိပ်ရ၊ စိတ်တွေဆင်းရဲရနဲ့ ရင်ထဲက ပူတဲ့မီးက အပြင်က ရေတွေကို အဆုတ်ထဲအထိ ရောက်အောင် တွန်းပို့လိုက်သလိုပဲ" လို့ အမေကြီးက နိဂုံးချုပ်လိုက်တယ်။

ကျွန်တော့်လက်ထဲက ဆေးထိုးပြွန်ထဲမှာ အဆုတ်ထဲက ရေတွေ ပြည့်သွားတယ်။ ဒီရေတွေက လူနာကို အသက်ရှူကျပ်စေတာ။ ဒါကို ဖယ်ထုတ်ပေးမှ လူနာ အသက်ရှူချောင်မှာ။ ဆက်လုပ်စရာ လုပ်ပေးနေရင်း အပြင်က စကားသံတွေကတော့ ဆက်ရှိနေတုန်း။

"အေးလေ... အဘလည်း တွေးကြည့်တာပါ။ တကယ်တော့ မီးဆိုတာက ရှို့ရတာ လွယ်သလောက် ပြန်တည်ဆောက်ဖို့က မလွယ်ဘူး။ အခုလည်း ကြည့်ဦး... ဒီမှာ အဆုတ်ထဲ ရေဝင်လို့ လာကုရတဲ့ ဦးကြီးဆိုလည်း အညာကပဲ။ ဟိုမှာ မီးတွေလောင်တော့ စိတ်သောကတွေရောက်၊ ကျန်းမာရေးက ဂရုမစိုက်နိုင်နဲ့ နောက်ဆုံးတော့ ဒီလိုပဲ ဆေးခန်းရောက်လာရတာပေါ့"

သူတို့ပြောတာလဲ မှန်ပါတယ်။ ကျန်းမာရေးဆိုတာ သေချာဂရုစိုက်ရတယ်။ မဟုတ်ရင် ကူးစက်ရောဂါတွေဆို ပွားကုန် ကူးကုန်ရော။ ကိုယ်ခံအားက မကောင်းနိုင်တော့ဘူး။ သန့်ရှင်းတဲ့အစားအစာ၊ အာဟာရပြည့်တဲ့ အစားအစာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ စသဖြင့် သူတို့ ဘယ်တွေးနိုင်၊ ရနိုင်တော့မလဲ။ ဘယ်နေနိုင်တော့မလဲ။ ရောဂါဘယတွေ နှိပ်စက်တော့မှာပဲပေါ့။ အဲလို တွေးနေရင်းနဲ့ ကျွန်တော်လည်း အဆုတ်ထဲက ကျန်နေသေးတဲ့ အရည်တွေကို ခပ်မှန်မှန်လေး ဆက်စုပ်‌ပေးနေမိပါတယ်။

"ဟုတ်ပီနော်။ ချောင်းမဆိုးရဘူး။ စကားမပြောနဲ့။ ... ခဏတော့ စောင့်ဦးနော်၊ အရည်က နည်းနည်းများတော့ ကြာဦးမယ်။ တခုခုဆို ဆရာပြောတဲ့အတိုင်း လက်ထောင် အချက်ပြနော်" လို့ ပြောလိုက်တယ်။ လူနာရဲ့မျက်လုံးထဲမှာတော့ ပျောက်ဆုံးသွားတဲ့ အညာမြေက သူ့အိမ်လေးကို လွမ်းဆွတ်နေတဲ့ အရိပ်အယောင်တွေကို အထင်သား မြင်နေရပါတယ်။ စိတ်ဓါတ်ကျနေတဲ့ မျက်နှာက အထင်းသားပါပဲ။

အပြင်က စကားဝိုင်းကတော့ တော်တော်လေး အရှိန်တက်နေပြီ။ အစောနက အဘက သူ့ဖုန်းထဲက သတင်းတစ်ခုခုကို ဖတ်လိုက်ပုံရတယ်။

"ဒါနဲ့ အမေကြီးရဲ့... ဟိုနေ့က သတင်းထဲမှာတော့ pdf တွေက ရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ မီးလောင်တာဆိုပြီး ပါလာသေးတယ်၊ အဲဒါကော ဘယ်လိုလဲ" (သူတို့ပြောတဲ့အတိုင်း ရေးဖို့ကြ ခက်သလားလို့။ မရေးဘဲ လွှဲရေးတော့လဲ ကိုယ့်စာ ကိုယ် ဖက်ရတာကို ဘာမှန်းမသိတာနဲ့ တိုက်ရိုက်ပဲ ရေးလိုက်ပါတယ်။)

အညာသူ အမေကြီးက ခပ်အက်အက် ရယ်သံနဲ့ ပြန်ဖြေတယ်။
"အဘရယ်... ကျုပ်ဖြင့် ရယ်လည်းရယ်ချင်တယ်၊ ငိုလည်း ငိုချင်တယ်။ အဲ့ကလေးတွေဆိုတာ တောထဲမှာ ရရာသေနတ်တွေနဲ့ ကိုင်နေကြတာ။ အဘပြောတဲ့ လက်နက်ကြီးဆိုတာ ဘယ်နှမိုင်ဝေးဝေး ပစ်နိုင်လို့လဲ။ အခု လောင်နေတာတွေက ရွာလုံးကျွတ်တွေ။ အိမ်တစ်လုံးချင်းစီကို လိုက်ရှို့မှ အဲဒီလို ပြာကျတာ။ လက်နက်ကြီးကျည် တစ်လုံး နှစ်လုံးတည်းနဲ့ ရွာတစ်ရွာလုံး ပြာဖြစ်သွားတယ်ဆိုတာကတော့ အဘရာ... လွန်လွန်းလှပါတယ်။
ပီးတော့ တမြို့တရွာတဲလဲ မဟုတ်။ နေရာကို အများကြီးပဲ။ လောင်တာလောင်တာ ပြာကျကုန်တာဆိုရင်။ မကြားချင် မမြင်ချင်မှ အဆုံး။ ခုလိုမြို့ပေါ်နေပီး မျက်စိမှိတ် နားပိတ်နေမှသာ မသိရင် မသိမှာ။ ကျုပ်တိုမှာ ကိုယ်တွေ့ပါတော်"

ဘေးနားက ခပ်ငယ်ငယ် လူငယ်တစ်ယောက်ရဲ့ အသံကလည်း ကြားဖြတ်ထွက်လာတယ်။

"ဟုတ်တယ်အဘ... ကျွန်တော် မြေပြင်က ဗီဒီယိုတွေ ကြည့်ဖူးတယ်။ သူတို့စစ်ကြောင်းထွက်သွားပြီးမှ ရွာထဲက မီးခိုးတွေ အူထွက်လာတာ။ သူတို့က ရွာထဲမှာ စခန်းချတယ်၊ ချက်ပြုတ်စားသောက်တယ်၊ ပြန်ခါနီးကျမှ အကုန်ရှို့သွားတာ။ တစ်ခါတလေကျရင် ရွာထဲမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ရှို့တာအဘရဲ့။ အဲဒါက 'ဖြတ်လေးဖြတ်' တဲ့။ ရွာသားတွေကို ကြောက်အောင်လုပ်ပြီး တော်လှန်ရေးသမားတွေကို မကူညီရဲအောင် လုပ်တာ။"

အဘက ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားနေပုံရတယ်။ "အေးလေ... အဘကလည်း ဟိုဘက်က ပြောတာတွေကြားတော့ ဟုတ်နိုးနိုးနဲ့ တွေးမိတာပါ။ ဒါဆိုရင်တော့ ကိုယ့်ပြည်သူအချင်းချင်း အဲဒီလောက်ထိ လုပ်ရက်ပါ့မလားလို့ စဉ်းစားလို့မရလို့"

"လုပ်ရက်တာမှ အဘရယ်... အညာမြေက မြေပဲခင်းတွေ၊ နှမ်းခင်းတွေပါ မီးတိုက်တာ။ သူတို့က ရွာသားတွေကို ထောက်ပံ့နေသူတွေ၊ တဖွဲ့တည်းတွေလို့ စွပ်စွဲပြီး အိမ်တွေကို အကုန်မီးတိုက်တာ။ ရွာသားတွေက ကိုယ့်အိမ်လေး ပြာကျတာကို ကြည့်ပြီး ငိုနေရတာ အဘရဲ့။ ကလေးတွေက ရှို့တာဆိုရင် ရွာသားတွေက သူတို့ကို ဘယ်ထောက်ခံတော့မလဲ။ အခုကတော့ ရှို့လေလေ၊ လူတွေက သုတို့ကို ပိုပြီး နာကျည်းလေလေပဲ။ မတက်သာလို့သာပေါ့" လို့ အမေကြီးက အားမလိုအားမရ ပြောလိုက်တယ်။

လူငယ်လေးအသံက ထပ်ဖြည့်ပြောပြန်တယ်။

"နောက်တစ်ခုရှိသေးတယ်အဘ။ အခုခေတ်က ဂြိုဟ်တုပုံရိပ်တွေနဲ့ ကြည့်လို့ရတာ။ ကုလသမဂ္ဂတို့ ဘာတို့က အဲဒီပုံတွေကို ကြည့်ပြီး တပ်စစ်ကြောင်း သွားတဲ့လမ်းကြောင်းအတိုင်း မီးတွေလောင်နေတာကို သက်သေထုတ်နေကြတာ။ pdf သာ ရှို့တာဆိုရင် တပ်မရှိတဲ့ နေရာတွေမှာလည်း မီးလောင်ရမှာပေါ့။ အခုက တပ်ဝင်တဲ့ နေရာတွေပဲ ကွက်လောင်နေတာ အဘရဲ့။"

"တောမီးက စဆိုပီးတော့လဲ တွေ့လိုက်သေးတယ်" အဘက ပြန်ပြောရာ
"တောမီးဆိုလဲ မီး မီးနိုင်လွန်းတယ် အဘရယ်။ မတူညီတဲ့ နေရာတွေကို စုံရောပဲ။ အသိသာကြီးကို" ဟု အသံစူးစူးဖြင့် ပြန်ပြောသံကြားရ၏။

ကျွန်တော့်လက်ထဲက ဆေးထိုးပြွန်ထဲမှာ အရည်တွေက တော်တော်လေး စုမိနေပြီ။ အဆုတ်ထဲက ရေတွေ ထွက်လာလေလေ၊ လူနာဦးကြီးရဲ့ အသက်ရှူသံက ပိုပြီး မှန်လာလေလေပဲ။

အပြင်က သူတွေလဲ သူတို့ ခံစားချက်ကို သူတို့ချင်း ရင်ဖွင့်နေကြတာပေါ့။ အနီးကပ်ဆိုတော့လဲ အတိုင်းသား ကြားနေကြပဲလေ။ သူတို့ရဲ့ အပူတွေကို တကယ်ကို နားလည်ပါတယ်။ ကိုယ်ချင်းလဲ စာနာပါတယ်။ ကိုယ်တွေ ဇာတိကလဲ အညာပဲဆိုတော့လေ။ မိဘဆွေမျိုး သူငယ်ချင်းတွေ အများကြီး တွေ့ကြုံခံစားနေကြရတာလဲ ကိုယ်တိုင်သိတယ်လေ။

အဲလိုနဲ့ ဆက်ပီး အရည်တွေ စုပ်ထုတ်ပေးလာလိုက်တာ ရေသန့်ဗူးခွံနဲ့ တစ်ဗူးပြည့်လို့ နောက်တစ်ဗူးရဲ့ သုံးပုံ နှစ်ပုံလောက် ရောက်လာတယ်။ လူနာကလဲ လက်လေး ထောင်ပီး အချက်ပြ‌တာနဲ့ အပ်ကို ဆွဲထုတ်ပီး အရည်စုပ်ထုတ်တာကို နားလိုက်ပါတယ်။

"ကဲ ရပီနော်။ ချောင်းဆိုးလို့ ရပါပီ။ အရည်‌တွေလဲ စုပ်ထုတ်ပီးပီ။ ဆရာတို့ အရည်စုပ်ထုတ်တာ တော်လိုက်တော့မယ်။" စသဖြင့် ရှင်းပြရင်း လက်စသပ်လိုက်ပါတယ်။

"ကဲ ဆရာမလေး၊ ခုန အရည်ဗူးလေး ၃ ဗူးက ဓါတ်ခွဲခန်းကို ပို့လိုက်၊ ဆရာ ဆေးစစ်ဖို့ စာရေးပေးလိုက်မယ်၊ လူနာကို နားတဲ့နေရာမှာ နားရင်း ၁၅ မိနစ်လောက် အောက်ဆီဂျင်လေး ပေးထားလိုက်ပါ။ မောတာ နာတာ မရှိဘူး။ အောက်ဆီဂျင်လဲ တည်ငြိမ်တယ်ဆိုရင် ပြန်လို့ရပါပီ။ မပြန်ခင် ဓါတ်မှန်ပြန်ရိုက်၊ ဆရာ့ဆီ viber ကနေ ပုံပို့ပေးဖို့လဲ ရေးထားတယ်။" လို့ သူနာပြုဆရာမလေးကို မှာရင်း
အပြင်က လူနာစောင့်ကို အထဲခေါ်ခိုင်းလိုက်ပါတယ်။ အပြင်က စကားဝိုင်းကလဲ ရပ်သွားပါတယ်။

"ကဲ... ဟုတ်ပီ။ လူနာ အဆုတ်ထဲကအရည်စုပ်တာ ပြီးပါပြီ။ ဆရာတို့ အရည် ၁၃၀၀ လောက် ထုတ်လိုက်တယ်။ လူနာလဲ အတော် သက်သာသွားပါလိမ့်မယ်။ အရည်ကို ဓါတ်ခွဲ စစ်ဆေးကြည့်မယ်။ အဖြေက တစ်ပါတ်ကြာရင် ရမယ်။ ခု မကြာခင် ဓါတ်မှန် ပြန်ရိုက်ကြည့်မယ်။ အရည်တွေ ဖယ်လိုက်တော့ အလုံးအခဲတွေ စသည် ရှိနေမလား မြင်ရမလား ပြန်ကြည့်ရမယ်။ ဆရာ့စီ viber ကနေ ပို့ပေးလိမ့်မယ်။

ထူးခြားတာ သိပ်မရှိရင် တစ်ပါတ်နေတော့မှ ဆရာတို့ ပြန်ကြည့်မယ်။ တခုခု မသင်္ကာစရာ အလုံးအခဲရှိနေရင် ဘာလုပ်စရာ လိုမလဲဆိုတာ ဆရာ viber ကနေ ပြန်ရေးပေးထားလိုက်မှာမို့ ဆေးခန်းမှာ ခဏ စောင့်ရင်း ပီးမှ ပြန်။ ဟုတ်ပီနော်။ ဘာသိချင်တာ ရှိသေးလဲ" စသဖြင့် ပြောရင်း သူတို့ရဲ့ ရောဂါအ‌ပေါ် စိတ်ပူပန်မှုတွေ ဆက်လုပ်စရာတွေ ရှင်းပြပေးဖြစ်ပါတယ်။

အဲလိုနဲ့ ဆေးခန်းကနေ ပြန်လာခဲ့တယ်။ ပြင်ပလူနာတွေ ကြည့်ပေးစီမံ၊ အရည်စုပ်ပေးစရာလူနာရှိရင် တခုခုစားပီး စောင့်ခိုင်းထားရတယ်။ သူတို့ အချိုဓါတ်ကျနေရင် ထုံဆေးပေးတာအခါ စိတ်လှုပ်ရှားတာနဲ့ ရောပီး မူးတာစသည် မရှိအောင်လို့ အဲ့လို စီမံရတယ်။ ပြင်ပလူနာအားလုံးလဲပီးရော အဲ့လူနာလဲ အဆင်သင့်ဖြစ်ရောဆိုမှ အရည်စုပ်ပေးဖို့ စလုပ်ရတာလေ။

ဒါကြောင့် အရည်စုပ်လူနာပီးရင် ဗိုက်ကလဲ အတော်ဆာပီ။ နောက်လူနာ ဆက်ကြည့်ဖို့ မရှိဘူး။ ပြန်ရုံပဲလေ။ ဆေးခန်းက ထွက်လာရင်း ဗိုက်ကလဲ ဆာ။ လူလဲ အတော် ပင်ပန်းနေပီ။ ကြားရသမျှနဲ့ ပိုလို့လဲ စိတ်မောရပါတယ်။ အဲဒီအချိန်မှာ ဆေးခန်းအပြင်ဘက်က နေ့လည်ခင်း နေရောင်ခြည်ဟာ အညာမြေက မီးလျှံတွေလိုပဲ ရဲရဲတောက် ပူလောင်နေပါတော့တယ်။

လူနာအကြောင်းလဲ တွေးရင်းနွေရာသီအပူရော၊ အညာအပူမီးတွေရောနဲ့ သင်္ကြန်ရေလဲ သူတို့ရဲ့ ရင်ကို မအေး‌စေနိုင်ပါဘူး။ အဆုတ်ထဲ ဖိနေတဲ့ အရည်တွေကို ဖယ်ထုတ်ပေးလိုက်လို့ အမောသက်သာသွားပေမယ့် ကျန်အမောတွေ သူ့တို့ခမျာ ဘယ်တော့ဘယ်လို သက်သာရှာပါ့မလဲလို့ တွေးမိတဲ့အခါ . . . ဪ လောကမှာ ပူလောင်မှုတွေ မပီးနိုင်ပါ့လား။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး စတဲ့ အရေးတွေ များလှပါလား။ ဆက်စပ်နေကြပါလား စသဖြင့် မပီးနိုင်တဲ့ အတွေးဝဲဂရက်ထဲမှာ ချာချာလည်ရင်းနဲ့ . . . . .

အထူးကုတောင်က အူအတက်ယောင် လူနာများ ၄ ဇာတ်သိမ်းဗဟုသုတအနေနဲ့ အရင်ဖြေပေးရရင် Spinal Anesthesia (ခါးထဲ ဆေးထိုးပြီး အောက်ပိုင်...
14/04/2026

အထူးကုတောင်က အူအတက်ယောင် လူနာများ ၄ ဇာတ်သိမ်း

ဗဟုသုတအနေနဲ့ အရင်ဖြေပေးရရင် Spinal Anesthesia (ခါးထဲ ဆေးထိုးပြီး အောက်ပိုင်း ထုံစေတာ) နဲ့ အူအတက် (Appendectomy) ခွဲလို့ ရပါတယ်။ တကယ်တော့ အူအတက်ခွဲရင် တစ်ကိုယ်လုံးမေ့စေတဲ့ General Anesthesia ထက် ခါးထုံဆေးကို ပိုတောင် သုံးကြပါသေးတယ်။

လူနာက မျက်စိကြီးအပြူးသားနဲ့ ဆရာဝန်တွေ ပြောသမျှ ကြားနေရတာပေါ့။ ဒါပေမဲ့ "ဘာမေ့ဆေး/ထုံဆေးမှ မပါဘဲ" ခွဲဖို့ကတော့ မဖြစ်နိုင်ပါဘူး။ လူနာက နာလွန်းလို့ တက်သွားနိုင်ပါတယ်။ အခု ဇာတ်လမ်းထဲမှာတော့ "မေ့ဆေး" ပြတ်နေလို့ "ထုံဆေး" နဲ့ပဲ ခွဲရမယ့် အခြေအနေပေါ့ဗျာ။

ကဲ... ဇာတ်လမ်းလေး ဆက်လိုက်ရအောင်။

အနာတူမှ စာနာသူလို့ ပြောလို့ ရပါတယ်။
နာရီဝက်လောက် အံကြိတ်အောင့်ခံပြီးတဲ့နောက် ကိုထွန်းတောက်တစ်ယောက် လူနာတင်ကုတင်လေးနဲ့အတူ အထူးကုဆောင်ထဲ ပြန်ရောက်လာပါတယ်။ ခါးအောက်ပိုင်းက ထုံနေတုန်းဆိုတော့ သူ့ခြေထောက် သူရှိမှန်းတောင် မသိရရှာဘူး။

ဘေးက ကုတင် (၄) မှာတော့ ဦးဘကောင်းက မေ့ဆေးရှိန်မပြယ်သေးဘဲ တဗောင်ဗောင်နဲ့ ဟောင်နေတုန်း။
"ဂွမ်း... ဂွမ်း... နိုင်ငံတော်က ဂွမ်း... မရှိဘူးလား..."
ကိုထွန်းတောက်က နုံးချိနေတဲ့ကြားက ခပ်ဟဟ ရယ်လိုက်မိတယ်။

"အန်ကယ်ရယ်... အိပ်မက်ထဲမှာတောင် ဂွမ်းရှာနေရရှာတယ်။ အန်ကယ်ကတော့ မေ့နေလို့ တော်သေးတာပေါ့၊ ကျွန်တော်ကတော့ ဓားသွားနဲ့ အရေပြား ပွတ်တိုက်သံကိုတောင် 'စနစ်သစ်ရဲ့ တေးသံ' လိုမျိုး နားထောင်ခဲ့ရတာ"

ခဏနေတော့ ဦးဘကောင်း မျက်လုံးပွင့်လာတယ်။ မျက်လုံးက နီစွေးလို့။ သူက ကိုထွန်းတောက်ကို မြင်မြင်ချင်း ပထမဆုံး မေးတာက -
"ကိုထွန်းတောက်... ငါ့အူအတက်ရော? အဲ့ဒီ အူအတက်ကို ငါ့ကို ပြန်ပေးပါ၊ ငါက အမှတ်တရ သိမ်းထားချင်လို့"

"အန်ကယ်ရယ်... အဲ့ဒီ အူအတက်က 'အမှိုက်တောင်း' ထဲ ရောက်သွား‌လောက်ပါပီဗျ။ အန်ကယ်တို့ စနစ်ဟောင်းက အရာတွေလိုပဲ၊ ပုပ်သိုးနေတာတွေကို ဖယ်ထုတ်ပစ်လိုက်မှ လူက ရှင်သန်မှာပေါ့"

ဦးဘကောင်းက အားမရှိတဲ့ကြားက မျက်မှောင်ကြုတ်တယ်။

"မင်းကတော့... အမြဲတမ်း နိုင်ငံရေးနဲ့ပဲ နှိုင်းနေတော့တာပဲ။ ငါက ငါ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုမို့လို့ နှမြောတာပါ။ ဒါနဲ့... မင်းရော ခွဲလို့ ပြီးပြီလား။ ဆရာဝန်တွေက 'ခေတ်မီ' ရဲ့လား"

"ခေတ်မီတာထက် 'လက်မြန်' တယ်လို့ ပြောရမယ် အန်ကယ်။ မေ့ဆေးမရှိလို့ ထုံဆေးနဲ့ပဲ ခွဲလိုက်ရတာ။ ကျွန်တော်ကတော့ နည်းပညာအကြောင်း ပြောချင်ပေမဲ့၊ ဓားက ဗိုက်ပေါ်ရောက်လာတော့ 'မြန်မြန်ပြီးရင် တော်ပါပြီ' ဆိုတဲ့ ဝါဒတစ်ခုတည်းပဲ ကျန်တော့တယ်"

အဲ့ဒီအချိန်မှာပဲ အဆောင်ထဲကို ဆရာဝန်ကြီး ရောက်လာပြန်တယ်။ အခုတော့ သူက နှာခေါင်းစည်း (Mask) ကို ချွတ်ထားပြီ။ မျက်နှာကတော့ ဆီစိမ်ဦးထုပ် ဆောင်းထားသလိုပဲ ပြောင်လက်နေတာပဲ။

"ကဲ... ဝါဒသမားကြီးတို့။ နှစ်ယောက်လုံး ဗိုက်ထဲက အပိုပစ္စည်းတွေ ထွက်သွားပြီဆိုတော့ ပေါ့သွားကြပြီပေါ့။ ဒါပေမဲ့ အခက်အခဲက အခုမှ စမှာနော်"

ဦးဘကောင်းနဲ့ ကိုထွန်းတောက် ပြိုင်တူ မေးလိုက်ကြတယ်။ "ဘာအခက်အခဲလဲ ဆရာဝန်ကြီး"

"ဆေးရုံမှာက 'ပိုးသတ်ဆေး' (Antibiotics) က မနက်ဖြန်ထိပဲ ခံမယ်။ နောက်ထပ် ဆေးတွေ ရောက်ဖို့က လမ်းမှာ ဘတ်ဂျက်ကိစ္စနဲ့ ငြိနေပြန်ပြီ။ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကတော့ 'စေတနာရှင်' လုပ်ပြီး ကိုယ့်ဆေးကိုယ် ထပ်ဝယ်ရလိမ့်မယ်။ အစိုးရကတော့ ဆေးဝါးဝယ်ဖို့ 'တင်ဒါ' ခေါ်နေတုန်းပဲ"

ဦးဘကောင်းက သူ့ရဲ့ ပိုက်ဆံအိတ်ကို စမ်းကြည့်တယ်။ ကိုထွန်းတောက်ကလည်း သူ့ဖုန်းကို ကြည့်တယ်။

"အန်ကယ်... အခုကတော့ ကျွန်တော်တို့ရဲ့ ဝါဒတွေက အရေးမကြီးတော့ဘူးဗျ။ အန်ကယ်မှာ ပိုက်ဆံပါလား၊ ကျွန်တော့်မှာက Digital Money ပဲ ရှိတာ။ အဲ့ဒီတော့ အန်ကယ်က ငွေစက္ကူထုတ်၊ ကျွန်တော်က ဆေးဆိုင်ကို 'Delivery' ခေါ်ပေးမယ်။ ဒါဟာ 'ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု' (PPP) စနစ်ပဲ"

ဦးဘကောင်းက တစ်ချက် ရယ်လိုက်တယ်။ ချုပ်ရိုးက နာသွားလို့ မျက်နှာကြီး ရှုံ့သွားပေမဲ့ သူက ကျေနပ်ပုံရတယ်။

"အေး... ကိုထွန်းတောက်။ မင်းပြောတာ မှန်တယ်။ နိုင်ငံရေးဆိုတာ ခဏထား၊ အခုတော့ ငါတို့ရဲ့ 'အူတိုင်' တွေ မပုပ်ဖို့က အဓိကပဲ။ ငါ ငွေထုတ်ပေးမယ်၊ မင်းကတော့ အဲ့ဒီ ခေတ်သစ်နည်းပညာနဲ့ ဆေးမြန်မြန်ရောက်အောင် လုပ်စမ်းပါ"

ဆေးရုံရဲ့ အမှောင်ထဲမှာ၊ ဖယောင်းတိုင်မီးလေးရဲ့ အလင်းအောက်မှာ... ရှေးရိုးစွဲ နိုင်ငံရေးသမားကြီးနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်လေးတို့ဟာ ပိုးသတ်ဆေး တစ်ပုလင်းအတွက် "မဟာမိတ်" ဖွဲ့လိုက်ကြပါပြီ။

မနက်ခင်း လင်းကြက်တွန်သံနဲ့အတူ ဆေးရုံဝင်းထဲကို နေရောင်ခြည်နုနုလေး ဖြတ်သန်းဝင်ရောက်လာပါတယ်။ ဆေးရုံရဲ့ အရန်မီးစက်ကြီးကတော့ "ငါ့တာဝန် ကျေပြီ" ဆိုတဲ့ အထာနဲ့ တစ်ချက် နှစ်ချက် ချောင်းဆိုးပြီး ငြိမ်ကျသွားလေရဲ့။

ဦးဘကောင်းနဲ့ ကိုထွန်းတောက်ကတော့ ကုတင်ပေါ်မှာ ပက်လက်ကလေးတွေ။ ကိုထွန်းတောက်ရဲ့ ဖုန်းထဲက "Digital" စနစ်နဲ့ မှာလိုက်တဲ့ ဆေးပုလင်းလေးတွေက ဦးဘကောင်းရဲ့ "ငွေစက္ကူ" အိုကြီးတွေနဲ့ လဲလှယ်ပြီး ကုတင်ဘေးမှာ ရောက်နေပါပြီ။

"ကိုထွန်းတောက်... ငါ စဉ်းစားမိတယ်ကွာ" ဦးဘကောင်းက မျက်နှာကြက်က ပင့်ကူအိမ်တွေကို ကြည့်ရင်း ခပ်တိုးတိုး ပြောတယ်။ "ငါတို့ တိုင်းပြည်မှာက ဝါဒတွေကသာ တန်းစီနေတာ၊ လူနာတွေအတွက် ဂွမ်းနဲ့ ပိုးသတ်ဆေးကတော့ အမြဲတမ်း 'တန်း' လွတ်နေသလိုပဲ"

ကိုထွန်းတောက်က ခါးထုံဆေးရှိန် ပြယ်စပြုပြီမို့ ဗိုက်က အနာကို အံကြိတ်ခံရင်း ပြန်ဖြေတယ်။

"အဲ့ဒါကြောင့် ကျွန်တော် ပြောတာပေါ့ အန်ကယ်ရယ်။ ဝါဒဆိုတာ ဗိုက်ဝမှ၊ အနာပျောက်မှ ဆက်ငြင်းလို့ ရတာ။ အခုကြည့်... အန်ကယ်လည်း အူအတက် မရှိတော့ဘူး၊ ကျွန်တော်လည်း မရှိတော့ဘူး။ နှစ်ယောက်လုံးမှာ 'အတက်' တွေ မရှိတော့တဲ့အချိန်ကျမှ တစ်ယောက်ကိုတစ်ယောက် ပိုမြင်လာရတယ် မဟုတ်လား"

အဲ့ဒီအချိန်မှာပဲ သူနာပြုဆရာမလေးက ဆေးရုံဆင်းဖို့ စာရွက်တွေ ကိုင်ပြီး ရောက်လာတယ်။ မျက်နှာကတော့ အရင်အတိုင်း "ပန်းကန်ပြားနဲ့ ရိုက်ထားသလို" ပြုံးမယောင်ယောင်နဲ့ပေါ့။

"ကဲ... ဝါဒသမားကြီးတို့။ မကြာခင် ဆေးရုံဆင်းလို့ ရပါမယ်။ ဒါပေမဲ့ သတိပေးလိုက်မယ်... အပြင်ရောက်ရင် အပူအစပ်တွေ လျှော့စားကြဦး။ ဗိုက်ထဲမှာ ဝါဒတွေ ပြန်တက်လာလို့ နောက်တစ်ခါ ပြန်လာရင်တော့ ခွဲစိတ်ခန်းထဲမှာ ဓားတင်မကဘူး၊ ဆရာဝန်ပါ ရှိချင်မှ ရှိတော့မှာနော်။ အခုတောင် ဆရာဝန်ကြီးတွေက လစာမလောက်လို့ နိုင်ငံခြားထွက်ဖို့ 'Passport' လုပ်နေကြပြီ"

ဦးဘကောင်းနဲ့ ကိုထွန်းတောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ နိုင်ငံရေး ငြင်းခုံနေကြတုန်း၊ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပညာရှင်တွေကတော့ "စနစ်" ကို စိတ်ကုန်ပြီး ထွက်ခွာဖို့ ပြင်နေကြပြီ။

ကိုထွန်းတောက်က သူ့ကျောပိုးအိတ်ကို လွယ်ရင်း ဦးဘကောင်းကို လှမ်းနှုတ်ဆက်လိုက်တယ်။

"အန်ကယ်... အပြင်မှာ ပြန်ဆုံရင်တော့ ကျွန်တော်တို့ 'အူအတက်' အကြောင်း မဟုတ်ဘဲ 'လူ' အကြောင်းပဲ ပြောကြရအောင်ဗျာ"

ဦးဘကောင်းက ပြုံးလိုက်တယ်။
"အေးပါကွာ... ဒါပေမဲ့ မင်းရဲ့ 'Digital' ပိုက်ဆံထဲမှာ ငါ့ကို ပြန်အမ်းရမယ့် ငါးထောင်တန် တစ်ရွက်တော့ ကျန်သေးတယ်နော်။ အဲ့ဒါကတော့ 'အတိုး' မတက်ခင် မြန်မြန်ပြန်ပေးဦး"

ဆေးရုံဝင်းထဲကနေ သူတို့နှစ်ယောက် ထွက်ခွာသွားကြတယ်။ တစ်ယောက်က တောင်ဘက်၊ တစ်ယောက်က မြောက်ဘက်။ လမ်းခွဲသွားကြပေမဲ့ သူတို့ဗိုက်ပေါ်က "ချုပ်ရိုး" တွေကတော့ တူညီတဲ့ ဆေးရုံ၊ တူညီတဲ့ ဆရာဝန်နဲ့ တူညီတဲ့ "ပိုးသတ်ဆေးပြတ်လပ်မှု" ကြားက ပေါ်ထွက်လာတဲ့ သမိုင်းမှတ်တမ်းတွေပါပဲ။

နေမင်းကတော့ မြင့်တက်လာပါပြီ။ ဒါပေမဲ့ ဆေးရုံကြီးရဲ့ နံရံဟောင်းတွေပေါ်မှာတော့ "လူတိုင်းအတွက် ကျန်းမာရေး" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကတော့ စာလုံးတွေ တစ်လုံးချင်း ကွာကျရင်း... လာသမျှလူကို ပြုံးစစနဲ့ ကြည့်နေဆဲ။

ပီးပါပီ။
တကယ်တော့ နိုင်ငံရေးဆိုတာ အူအတက်လိုပါပဲ။ မနာမချင်းတော့ ကိုယ့်ထဲမှာ ရှိနေမှန်း သတိမထားမိကြဘူး။ နာလာပြီဆိုရင်တော့ ဘယ်ဝါဒရှိရှိ၊ ဘယ်သူ့လက်ထဲက ဓားနဲ့ဖြစ်ဖြစ် "ဖြတ်ထုတ်" ပစ်လိုက်ချင်ကြတာပါပဲ။

အထူးကုဆောင်က အူအတက်ယောင်လူနာများ ၃"ဒါကတော့ အလှူရှင်တွေပါရှင်။ 'နိုင်ငံရေးဝါဒကင်းစင်သော အူအတက်ဖေးမကူညီရေးအသင်း' တဲ့။ သူတိ...
13/04/2026

အထူးကုဆောင်က အူအတက်ယောင်လူနာများ ၃

"ဒါကတော့ အလှူရှင်တွေပါရှင်။ 'နိုင်ငံရေးဝါဒကင်းစင်သော အူအတက်ဖေးမကူညီရေးအသင်း' တဲ့။ သူတို့က ဆေးရုံမှာ ဆေးပြတ်နေတယ်ဆိုလို့ ပိုးသတ်ဆေးနဲ့ ဂွမ်းတွေ လာလှူတာ"

ဦးဘကောင်းက ပြုံးလိုက်တယ်။ "တွေ့လား ကိုထွန်းတောက်... ဒါဟာ 'စေတနာ' ဗျ။ စနစ်က ဘယ်လောက်ပဲ ပျက်ပျက်၊ ငါတို့ လူမျိုးတွေရဲ့ စေတနာကတော့ အားကိုးရမြဲပဲ"

ကိုထွန်းတောက်ကတော့ ခေါင်းခါပြတယ်။
"အန်ကယ်ရယ်... ဒါဟာ 'စေတနာ' မဟုတ်ဘူး၊ 'စနစ်ရဲ့ အားနည်းချက်ကို ပရဟိတနဲ့ ဖာထေးနေရတာ' လို့ ခေါ်တယ်။ ဆေးရုံမှာ ဆေးရှိနေရမယ့်အစား အလှူရှင်ကို စောင့်နေရတာဟာ ဂုဏ်ယူစရာ မဟုတ်ဘူး၊ ရှက်စရာကြီးဗျ"

ဆရာဝန်ကြီးက သေတ္တာထဲက ပိုးသတ်ဆေးပုလင်းကို ထုတ်ကြည့်ရင်း ဝင်ပြောတယ်။

"ကဲ... ဝါဒကတော့ နောက်မှ ဆက်ငြင်းကြ။ အခုတော့ ပစ္စည်းစုံပြီ။ ကံစမ်းမဲနှိုက်ကြမလား... ဘယ်သူ့အူကို အရင်ထုတ်မလဲ?"

အမှောင်ထဲမှာ ဖယောင်းတိုင်မီးက ငြိမ်းခါနီးဖြစ်နေပါပြီ။ ခွဲစိတ်ခန်းတံခါးကြီးကတော့ "ကျွီ" ခနဲ ပွင့်သွားတယ်။

"ကဲ... ခွဲစိတ်ခန်းထဲမှာတော့ မီးစက်အရန်လိုင်း ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုင်းက မီးသီး သုံးလုံးပဲ လင်းမယ်။ အဲယားကွန်းတော့ မရဘူးနော်၊ အခန့်မသင့်ရင် ဆရာဝန်ချွေးက လူနာဗိုက်ထဲ ကျနိုင်တယ်"

ဆရာဝန်ကြီးက ခပ်ပြတ်ပြတ်ပြောရင်း ဦးဘကောင်းကို အရင်ဆုံး ကုတင်ပေါ် တင်လိုက်တယ်။ ဦးဘကောင်းက မျက်နှာကြက်က ဝါကျင်ကျင် မီးသီးလေးကို ကြည့်ပြီး သက်ပြင်းချတယ်။

"ကိုထွန်းတောက်... ငါ အရင်သွားပြီ။ မင်းလည်း ငါ့နောက်က လိုက်ခဲ့ဦး။ ခွဲစိတ်ခန်းထဲမှာတော့ ဝါဒတွေ မရှိဘူး၊ ငါတို့နှစ်ယောက်လုံးက 'လူနာ' ဆိုတဲ့ အဆင့်အတန်း တစ်ခုတည်းပဲ ရှိတော့တယ်"

ကိုထွန်းတောက်က ကုတင်ဘေးကနေ လိုက်လာရင်း ပြုံးလိုက်တယ်။
"အန်ကယ်... အမှန်တရားက အဲ့ဒီမှာပဲ။ ဓားအောက်ရောက်မှ လူချင်းတူသွားတာ။ ဒါပေမဲ့ အန်ကယ် သတိထားဦး၊ မေ့ဆေးပေးလိုက်ရင် အိပ်မက်ထဲမှာ နိုင်ငံရေးတွေ လျှောက်မပြောနဲ့ဦး။ အိပ်မက်ထဲမှာတောင် 'အထက်' က လူတွေက စောင့်ကြည့်နေဦးမှာ"

ဦးဘကောင်းက ပြန်ပြောဖို့ ပါးစပ်ဟအပြင်... မေ့ဆေးဆရာဝန်က နှာခေါင်းစည်း (Mask) ကို အုပ်လိုက်ပါပြီ။

"ကဲ... အန်ကယ်၊ တစ်ကနေ ဆယ်အထိ ရေတွက်စမ်းပါ။ ပြီးရင်တော့ အန်ကယ် လိုချင်တဲ့ 'ငြိမ်းချမ်းတဲ့ လောက' ကို ရောက်သွားလိမ့်မယ်"

ဦးဘကောင်းရဲ့ အသံက တဖြည်းဖြည်း တိုးဝင်သွားတယ်။

"တစ်... နှစ်... သုံး... နိုင်ငံတော်... စနစ်... ဂွမ်း... ဂွမ်း..."

ခွဲစိတ်ခန်းထဲမှာ အသံတွေ တိတ်ဆိတ်သွားတယ်။ ဓားသံ၊ ကတ်ကြေးသံနဲ့ ဆရာဝန်ကြီးရဲ့ ချွေးသုတ်ပေးနေတဲ့ ဆရာမလေးရဲ့ အသက်ရှူသံပဲ ကျန်တော့တယ်။

ကိုထွန်းတောက်ကတော့ ခွဲစိတ်ခန်းအပြင်ဘက်မှာ ကျန်ခဲ့တယ်။ သူကတော့ ခေတ်သစ်လူငယ်ပီပီ ဖုန်းထဲမှာ 'Battery' ဘယ်လောက်ကျန်သေးလဲဆိုတာ အရင်ကြည့်တယ်။ လိုင်းကတော့ နည်းနည်းပြန်တက်လာပြီ။ သူ စတေးတပ် (Status) တစ်ခု တင်လိုက်တယ်။

"စနစ်က ပျက်နေပေမဲ့၊ ပိုးသတ်ဆေးကတော့ အလှူရှင်နဲ့ ရောက်လာတယ်။ ကျွန်တော်တို့ တိုင်းပြည်က ဆေးရုံတွေဟာ စေတနာနဲ့ အရှိတရားကြားမှာ ဒယိမ်းဒယိုင် လျှောက်နေရတုန်းပဲ။"

အဲ့ဒီအချိန်မှာပဲ ခွဲစိတ်ခန်းထဲကနေ ဆရာမလေးတစ်ယောက် ထွက်လာတယ်။ မျက်နှာကတော့ မကောင်းလှဘူး။

"ကိုထွန်းတောက်... ရှင်က ကုတင် (၄) က ဦးဘကောင်းရဲ့ လူနာစောင့်လား?"

ကိုထွန်းတောက် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။
"မဟုတ်ဘူး ဆရာမ၊ ကျွန်တော်ကလည်း လူနာပဲ။ ဒါပေမဲ့ သူ ဘာဖြစ်လို့လဲ?"

"ဦးဘကောင်းက မေ့ဆေးရှိန်နဲ့ အိပ်မက်ထဲမှာ အော်နေတာ။ 'ငါ့အူအတက်ကို မျိုးချစ်စိတ်နဲ့ပဲ ပြန်ချုပ်ပေးပါ' တဲ့။ ဆရာဝန်ကြီးက ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေလို့"

ကိုထွန်းတောက်က ခေါင်းခါလိုက်တယ်။
"အန်ကယ်ကတော့ အိပ်မက်ထဲမှာတောင် 'မူဝါဒ' မချနိုင်သေးဘူးပဲ။ ဆရာမ... သူ့ကို ပြောလိုက်ပါ။ ခေတ်မီတဲ့ ပိုးသတ်ဆေးနဲ့ နည်းစနစ်နဲ့ပဲ ချုပ်လိုက်ပါ၊ မျိုးချစ်စိတ်ကတော့ အနာကျက်မှ ပြန်ထည့်လို့ ရပါတယ်လို့"

ဇာတ်လမ်းကတော့ ခွဲစိတ်ခန်းထဲမှာ တစ်ပိုင်း၊ အပြင်မှာ တစ်ပိုင်းနဲ့ အရှိန်တက်လာပါပြီ။ ဦးဘကောင်း ခွဲပြီးရင်တော့ ကိုထွန်းတောက် အလှည့်ပေါ့။

ဦးဘကောင်းကို ခွဲစိတ်ခန်းထဲ သွင်းသွားပြီး နာရီဝက်လောက်အကြာမှာတော့ ကိုထွန်းတောက် အလှည့်ရောက်လာပါတယ်။ ခွဲစိတ်ခန်းတံခါးကြီး ပြန်ပွင့်လာတော့ ဦးဘကောင်းကို အပြင်ထုတ်လာတာမဟုတ်ဘဲ ဆရာမလေးက လာခေါ်တာပါ။

"ကိုထွန်းတောက်... ကဲ၊ ရှင့်အလှည့်။ ကုတင်ပေါ် တက်တော့"

ကိုထွန်းတောက် ခွဲစိတ်ခန်းထဲရောက်တော့ စောစောက သူထင်ထားသလို မမှောင်တော့ဘူး။ မီးသီးဝါကျင်ကျင် သုံးလုံးက လူနာရဲ့ ဗိုက်ပေါ်ကိုပဲ အားစိုက်ပြီး လင်းပေးထားတယ်။ ဘေးနားက စက်ပစ္စည်းအဟောင်းကြီးတွေကတော့ "ဝူး... ဝူး..." နဲ့ အသံမြည်နေတာက ဟောင်းလွန်းလို့ တာဝန်မကျေချင်တော့တဲ့ ပုံစံမျိုး။

"ဆရာဝန်ကြီး... အန်ကယ်ရော အဆင်ပြေရဲ့လား" ကိုထွန်းတောက်က ကုတင်ပေါ်လှဲရင်း မေးလိုက်တယ်။

"အဆင်ပြေပါတယ်... အူအတက်ကတော့ ထုတ်လိုက်ပြီ။ ဒါပေမဲ့ သူ့အူအတက်က တော်တော်မာတာပဲ၊ နိုင်ငံရေးခံယူချက်တွေများ ကပ်နေသလား အောက်မေ့ရတယ်။ ကဲ... မင်းကိုတော့ မေ့ဆေး မပေးတော့ဘူးနော်"

ကိုထွန်းတောက် မျက်လုံးပြူးသွားတယ်။
"ဗျာ... ဘာလို့လဲ ဆရာဝန်ကြီး။ ကျွန်တော်က လူငယ်ဆိုပေမဲ့ အသားလှီးတာကိုတော့ အောင့်ခံနိုင်တဲ့ 'စူပါမန်း' မဟုတ်ဘူးဗျ"

ဆရာဝန်ကြီးက လက်ထဲက မေ့ဆေးပုလင်းကို လှုပ်ပြတယ်။
"မေ့ဆေးက အစောက ဦးဘကောင်းကို ပေးလိုက်တာနဲ့ ကုန်သွားပြီ။ အပြင်က လှူတဲ့ထဲမှာလည်း တစ်ပုလင်းပဲ ပါတာလေ။ အခု နောက်ထပ် အလှူရှင် လာဖို့ကလည်း လမ်းမှာ ကားပိတ်နေပြန်ပြီ။ မင်းက ခေတ်သစ်လူငယ်ဆိုတော့ 'Local Anesthesia' (ထုံဆေး) လောက်နဲ့ပဲ ခံနိုင်ရည်ရှိအောင် ကျင့်ရမယ်"

ကိုထွန်းတောက် စိတ်ထဲမှာ "ဂွမ်း" ခနဲ ဖြစ်သွားတယ်။ စောစောက သူပြောခဲ့တဲ့ 'ခေတ်မီနည်းပညာ' တွေ၊ 'စနစ်သစ်' တွေက အခုတော့ ထုံဆေးတစ်ပုလင်း ရှေ့မှာ ဒူးထောက်နေရပြီ။

"ဒါဟာ မမျှတဘူးဗျာ... ဒါဟာ ခွဲခြားဆက်ဆံမှုပဲ။ အန်ကယ်ကျတော့ အိပ်ပျော်သွားပြီး၊ ကျွန်တော်ကျမှ ဘာလို့ မျက်မှောက်ပြုပြီး အလှီးခံရမှာလဲ"

"ဒါက ခွဲခြားတာမဟုတ်ဘူး ကိုထွန်းတောက်၊ ဒါက 'လက်တွေ့ကျကျ စီမံခန့်ခွဲခြင်း' (Crisis Management) လို့ ခေါ်တယ်။ ရှိတဲ့ အရင်းအမြစ်ကို အထိရောက်ဆုံး သုံးစွဲတာပေါ့။ ကဲ... ဆရာမ၊ ထုံဆေးပဲ ပြင်လိုက်တော့"

ဆရာဝန်ကြီးက ဓားကို ကိုင်လိုက်တဲ့အချိန်မှာပဲ ဘေးက 'Heart Rate Monitor' (နှလုံးခုန်နှုန်းတိုင်းစက်) ကြီးက "တီး... တီး..." နဲ့ အသံမြည်ပြီး မျက်နှာပြင်က လိုင်းတွေ ပျောက်သွားတယ်။

"ဟော... တွေ့လား ဆရာဝန်ကြီး။ စက်က Error တက်နေပြီ။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နည်းပညာ အဆင့်အတန်းပဲ" ကိုထွန်းတောက်က ကြောက်ကြောက်နဲ့ အပြစ်ရှာလိုက်သေးတယ်။

"စက်က Error တက်တာမဟုတ်ဘူး ကိုထွန်းတောက်... ဘက်ထရီကုန်သွားတာ။ မေ့ဆေးမရှိတာကို စိတ်မပူနဲ့၊ အခု နှလုံးခုန်နှုန်းတိုင်းစက်မရှိတာကိုပဲ ပိုစိုးရိမ်ရမယ်။ မင်းရဲ့ နှလုံးက ဘယ်လောက်မြန်မြန် ခုန်နေလဲဆိုတာ ငါတို့က လက်နဲ့စမ်းပြီး ခန့်မှန်းရတော့မှာ"

ကိုထွန်းတောက် သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။ တကယ့် လက်တွေ့ဘဝရဲ့ နိုင်ငံရေးနဲ့ ကျန်းမာရေးစနစ်ဆိုတာ အပြောကောင်းရုံနဲ့ မရဘူး၊ ဓားအောက်ရောက်တဲ့အခါ 'ပစ္စည်းစုံဖို့' က ပိုအရေးကြီးမှန်း သူ ကောင်းကောင်းကြီး နားလည်သွားပြီ။

"ကဲ... ကိုထွန်းတောက်၊ ဗိုက်ကို မကြည့်နဲ့။ မျက်လုံးပိတ်ထားပြီး မင်းဖြစ်ချင်တဲ့ 'စနစ်သစ်' အကြောင်းပဲ စဉ်းစားနေလိုက်။ ငါ စခွဲပြီနော်"

ကိုထွန်းတောက် မျက်လုံးကို တင်းတင်းပိတ်လိုက်တယ်။ သူ့စိတ်ထဲမှာတော့ "ငါသာ အာဏာရရင် ဒီဆေးရုံကို အရင်ဆုံး မီးစက်အကောင်းစား ဝယ်ပေးမယ်၊ ဆေးတွေ လိုအပ်သလို ရစေရမယ်" လို့ ကြုံးဝါးနေမိတော့တယ်။

ခွဲစိတ်ခန်းထဲမှာ ဓားသံ၊ ကတ်ကြေးသံတွေနဲ့အတူ ကိုထွန်းတောက်ရဲ့ အံကြိတ်သံက ဟန်ချက်ညီညီ ထွက်ပေါ်နေပါတယ်။

နောက်အပိုင်းမှာတော့... နှစ်ယောက်လုံး သတိရလာပြီး လူနာဆောင်ထဲမှာ ပြန်ဆုံတဲ့အခါ၊ သူတို့ရဲ့ "အူအတက်မရှိသော ဗိုက်များ" နဲ့ ဘယ်လို နိုင်ငံရေးသစ်ကို ဆက်ဆွေးနွေးကြမလဲဆိုတာ ရင်ခုန်စရာပါပဲ။

ဒီတစ်ခါတော့... ထုံဆေးနဲ့ ခွဲရတဲ့ ကိုထွန်းတောက်ရဲ့ "လက်တွေ့ဘဝ အတွေ့အကြုံ" က ဦးဘကောင်းရဲ့ "အိပ်မက်ဝါဒ" ကို ဘယ်လို တုံ့ပြန်မလဲ?

(ဆက်ရန်)

အထူးကုဆောင်က အူအတက်ရောင်လူနာများ ၂ဦးဘကောင်းနဲ့ ကိုထွန်းတောက် နှစ်ယောက်လုံး ခဏ ငြိမ်သွားကြတယ်။ အမှောင်ထဲမှာ တစ်ယောက်ရဲ့ အ...
13/04/2026

အထူးကုဆောင်က အူအတက်ရောင်လူနာများ ၂

ဦးဘကောင်းနဲ့ ကိုထွန်းတောက် နှစ်ယောက်လုံး ခဏ ငြိမ်သွားကြတယ်။ အမှောင်ထဲမှာ တစ်ယောက်ရဲ့ အသက်ရှူသံကို တစ်ယောက် ကြားနေရတယ်။

"တွေ့လား ကိုထွန်းတောက်... ငါတို့ကတော့ အမှန်တရားအတွက် ငြင်းနေကြတာ။ ကြားကလူကတော့ ငါတို့ကို ကြည့်ပြီး စိတ်ပျက်နေပြီ။ ဒါဟာ ငါတို့ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေပဲ" ဦးဘကောင်းက ခပ်တိုးတိုး ညည်းလိုက်တယ်။

"အန်ကယ်ပြောတာ မှန်တယ်... ကြားကလူက စိတ်ပျက်နေပြီ။ ဒါပေမဲ့ အဲ့ဒီလူ စိတ်ပျက်တာက ကျွန်တော်တို့ ငြင်းနေလို့တင် မဟုတ်ဘူး၊ သူ့လက်ထဲမှာ ဝယ်ထားရတဲ့ ဆေးစာရင်းချလန်ကြီးက ပိုက်ဆံအိတ်ထက် ပိုထူနေလို့ဗျ"

ကိုထွန်းတောက်က ဖုန်းမီးရောင်အောက်မှာ သူ့လက်ထဲက ဆေးစာရွက်တွေကို တဖျပ်ဖျပ် ခါပြလိုက်တယ်။

"ကြည့်စမ်းအန်ကယ်... အစိုးရဆေးရုံမှာ 'အခမဲ့' ကုပေးနေပါတယ်ဆိုပြီး အပြင်က ဝယ်ခိုင်းလိုက်တာတွေက ဂွမ်းကနေ ဂလူးကို့စ်အထိပဲ။ ကျွန်တော်တို့မှာ ကျန်းမာရေးအတွက် အခွန်ပေးထားရတယ်၊ အခု ဆေးရုံတက်တော့လည်း ကိုယ့်အိတ်ထဲကစိုက်ရတယ်။ ဒါကို အန်ကယ်တို့က 'ပြည်သူဗဟိုပြု' တဲ့။ ကျွန်တော့်အမြင်ကတော့ ဒါဟာ 'ပြည်သူ့အိတ်ကပ်ဗဟိုပြု' တာဗျ"

ဦးဘကောင်းက အမှောင်ထဲမှာ တစ်ချက် ဟောက်လိုက်တယ်။
"မင်းကလည်း ကိုထွန်းတောက်ရာ... တိုင်းပြည်က ဆင်းရဲပါတယ်ဆိုတာ မင်းသိသားပဲ။ ရှိတဲ့ ဘတ်ဂျက်လေးနဲ့ လူတိုင်းကို ဂွမ်းပေးနေရင် ငါတို့ တိုင်းပြည် ဘယ်လိုလုပ် ချမ်းသာမလဲ။ ဒါက 'မျှဝေခံစားခြင်း' ဝါဒပဲ။ မင်းမှာ ပိုရင် မင်းဝယ်၊ မရှိတဲ့သူကို ဆေးရုံက ပေးမယ်။ အဲ့ဒါ တရားမျှတမှုပဲ မဟုတ်လား"

"အန်ကယ်ရယ်... မျှဝေခံစားတာ မဟုတ်ဘူး၊ 'အပေါ်ယံ ဟန်ပြတာ' လို့ ခေါ်တယ်။ ဆေးရုံရှေ့မှာ ဆိုင်းဘုတ်ကြီးကတော့ 'လူတိုင်းအတွက် ကျန်းမာရေး' တဲ့။ အထဲရောက်တော့ 'ပိုက်ဆံရှိမှ ကျန်းမာရေး' ဖြစ်နေတာ။ ကျွန်တော်တို့ ကုတင်ဘေးက လူနာကို ကြည့်ပါဦး... သူ့မှာ ဆေးဝယ်ဖို့ ပိုက်ဆံမရှိလို့ ဆရာမလေးကို တောင်းပန်နေရတာ။ ဒါဟာ အန်ကယ်တို့ ဂုဏ်ယူနေတဲ့ စနစ်ရဲ့ ထွက်ကုန်ပဲ"

ကိုထွန်းတောက်ရဲ့ စကားက ခပ်ပြင်းပြင်း။ အဲ့ဒီအချိန်မှာပဲ အဆောင်ထဲကို သူနာပြုဆရာမလေးက ဖယောင်းတိုင်တစ်တိုင် ကိုင်ပြီး ရောက်လာပြန်တယ်။
"ကဲ... ကဲ... ကုတင် (၄) နဲ့ (၅) က လူကြီးမင်းတို့။ ငြင်းနေတာနဲ့တင် ဗိုက်မနာတော့ဘူးမလား? အခု မီးစက်က ဆီပြတ်သွားလို့ ခေတ္တရပ်နားထားပါတယ်။ ခွဲစိတ်ခန်းထဲက လူနာတောင် လက်နှိပ်ဓာတ်မီးနဲ့ ခွဲရမလိုဖြစ်‌နေတာ။ အန္တရာယ်က များကများနဲ့။ ရှင်တို့ နှစ်ယောက်ထဲက ဘယ်သူက အရင် ဝင်ချင်လဲ"

ဦးဘကောင်းက ဖယောင်းတိုင်မီးရောင်အောက်မှာ ဆရာမလေးကို မော့ကြည့်ပြီး -
"ဆရာမလေး... ဒီက ကိုထွန်းတောက်ကို အရင်သွင်းလိုက်ပါ။ သူက 'ခေတ်သစ်' ဆိုတော့ အမှောင်ထဲမှာ ခွဲရတာကို ပိုသဘောကျမှာပါ။ ငါကတော့ ရှေးလူကြီးဆိုတော့ မီးလေးလင်းမှ၊ အစီအစဉ်တကျလေးမှ ခွဲချင်တာ"

ကိုထွန်းတောက်ကလည်း မခံဘူးဗျ။
"မဟုတ်တာ အန်ကယ်ရယ်... အန်ကယ်က 'ဦးစားပေး' ရမှာပေါ့။ အန်ကယ်တို့ ဝါဒအရဆိုရင် လူကြီးတွေကို အရင် နေရာပေးရတာ မဟုတ်လား။ အခုလည်း အရင်ဝင်လိုက်ပါ၊ ကျွန်တော်ကတော့ ဒီမိုကရေစီနည်းကျ 'တန်းစီ' ပြီးမှ ဝင်ပါ့မယ်။ ခွဲစိတ်ခန်းထဲမှာ ဓားက တုံးနေလား၊ ထက်နေလားဆိုတာ အန်ကယ် အရင်သွားစမ်းကြည့်ပေးပါဦး"

ဆရာမလေးက သက်ပြင်းတစ်ချက် ချလိုက်တယ်။
"တော်ကြပါတော့ရှင်... ဓားကလည်း မတုံးပါဘူး၊ ခွဲစိတ်ဆရာဝန်ကလည်း ရှိပါတယ်။ ပြဿနာက ခွဲစိတ်ခန်းထဲမှာ 'ပိုးသတ်ဆေး' ပြတ်နေတာ။ အဲ့ဒါ ဘယ်သူက အပြင်ထွက်ဝယ်ပေးမှာလဲ? ဝါဒအသာထား... ပိုက်ဆံဘယ်သူ အရင်ထုတ်မလဲပဲ ပြောစမ်းပါ"

ဦးဘကောင်းနဲ့ ကိုထွန်းတောက် နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ဝါဒတွေက ခဏတာ ပျောက်ကွယ်သွားပြီး၊ "ပိုက်ဆံအိတ်" ကသာလျှင် အဓိက ဖြစ်လာတဲ့ အခိုက်အတန့်ပေါ့။
နောက်အပိုင်းမှာတော့ ဒီပိုးသတ်ဆေးကို ဘယ်သူက ဝယ်ပေးမှာလဲ၊ ဝယ်ပေးတဲ့သူကရော ဘာတွေ ဆက်ပြီး လေကန်ဦးမလဲဆိုတာ ဆက်ကြည့်ရအောင်ဗျာ။
ဒီတစ်ခါ ဆရာမလေးရဲ့ "ပိုးသတ်ဆေး" ကိစ္စကတော့ တကယ့် လက်တွေ့ဘဝရဲ့ အခါးသီးဆုံးထဲက တခုပဲလေ။

ဆရာမလေးရဲ့ "ပိုးသတ်ဆေး" မေးခွန်းက အထူးကုဆောင်ထဲမှာ ပစ်လိုက်တဲ့ ဗုံးတစ်လုံးလိုပါပဲ။ ဦးဘကောင်းရော၊ ကိုထွန်းတောက်ပါ ခဏတော့ "ဝါဒ" ဆွံ့အသွားကြတယ်။

"ပိုးသတ်ဆေးက ဆေးရုံမှာ မရှိဘူးဆိုတော့... ဒါက ဘယ်လိုဖြစ်တာလဲ ဆရာမလေး။ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်တွေထဲမှာ ပိုးသတ်ဆေးက မပါဘူးလား"
ဦးဘကောင်းက သိသိကြီးနဲ့ မေးခွန်းထုတ်တာပါ။ သူက စနစ်ကို ကာကွယ်ချင်ပေမဲ့ ကိုယ့်ဗိုက်ကို ဓားနဲ့လှီးမယ့်အချိန်မှာ "ပိုး" ပါသွားမှာကိုတော့ တကယ်ကြောက်ပုံရတယ်။
"အန်ကယ်ရယ်... ဘတ်ဂျက်ဆိုတာက စက္ကူပေါ်မှာပဲ ရှိတာလေ။ လက်တွေ့မှာတော့ ပိုးသတ်ဆေးတင်မကဘူး၊ ဆရာဝန်တွေ လက်ဆေးတဲ့ ဆပ်ပြာတောင် ကုန်နေတာ နှစ်ပတ် သုံးပါတ်ရှိပြီ။ ရှင်တို့ကသာ ဝါဒတွေနဲ့ ရန်ဖြစ်နေကြတာ၊ ကျမတို့မှာတော့ ရေတောင် ဝယ်သုံးနေရတယ်"

ဆရာမလေးက ခပ်ပြတ်ပြတ်ပြောပြီး ဖယောင်းတိုင်ကို ကုတင်ကြားက စားပွဲပေါ်မှာ ဒီအတိုင်း စိုက်ထားခဲ့တယ်။
ကိုထွန်းတောက်ကတော့ သူ့ပိုက်ဆံအိတ်ကို ထုတ်ကြည့်ရင်း ခပ်ရွဲ့ရွဲ့ ရယ်လိုက်တယ်။

"တွေ့လား အန်ကယ်... ဒါဟာ 'ဗဟိုက ထိန်းချုပ်တဲ့ စနစ်' ရဲ့ ရလဒ်ပဲ။ ပိုးသတ်ဆေး တစ်ပုလင်း ဝယ်ဖို့တောင် နေပြည်တော်က ညွှန်ကြားချက်ကို စောင့်နေရသလား မှတ်ရတယ်။ တကယ်ကတော့ ဒီဆေးရုံအုပ်ကြီးက သူ့ကားဆီဖိုးကိုတော့ ပိုးသတ်ဆေး ဘတ်ဂျက်ထဲက နှိုက်သုံးချင်သုံးနေမှာ။ ဒါကို အန်ကယ်က 'အစီအစဉ်တကျ' ရှိတယ်လို့ ပြောချင်သေးတာလား"

ဦးဘကောင်းက အံကိုကြိတ်ပြီး ပြန်ပြောတယ်။
"ကိုထွန်းတောက်... မင်းကလည်း အဆိုးမြင်လွန်းပါတယ်။ အဂတိဆိုတာကတော့ လူရှိရင် ရှိမှာပဲလေ။ ဒါပေမဲ့ မင်းတို့ပြောတဲ့ လွတ်လပ်ခွင့်တွေရလာရင်ရော ပိုးသတ်ဆေးက အလကားရမှာမလို့လား။ အခုတော့ ငါပဲ ဝယ်ပေးလိုက်ပါ့မယ်။ ငါ့မှာက 'တိုင်းပြည်အတွက်' ဆိုတဲ့ စိတ်ဓာတ်ရှိတယ်"

"အန်ကယ်ကလည်း... တိုင်းပြည်အတွက်ဆိုတာထက် ကိုယ့်ဗိုက်ထဲက 'အူ' အတွက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်" လို့ ကိုထွန်းတောက်က ပြန်ပက်တယ်။

"ဒါပေမဲ့ အန်ကယ်က စနစ်ဟောင်းသမားဆိုတော့ အပြင်က ဝယ်ရတဲ့ဆေးကို ယုံကြည်ပါ့မလား။ အပြင်ကဆေးတွေက 'လွတ်လပ်တဲ့ ဈေးကွက်' ကလာတာဆိုတော့ အတုတွေလည်း ပါချင်ပါမှာနော်"

ဦးဘကောင်းက မျက်မှောင်ကြုတ်သွားတယ်။
"အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ်ကွာ... အခုတော့ ငါတို့နှစ်ယောက်လုံးက လှေတစ်စင်းတည်း စီးနေရတာ။ မင်းမှာ ပိုက်ဆံပါလား? ငါ့မှာက ငါးထောင်တန်တွေပဲပါတယ်။ အပြင်က ဆေးဆိုင်က ငါးထောင်တန်ဆိုရင် အစစ်လား၊ အတုလား ခွဲနေဦးမှာ။ မင်းရဲ့ ခေတ်သစ် 'Digital Money' တွေရော ဒီဆေးရုံရှေ့က ဆိုင်မှာ သုံးလို့ရရဲ့လား"

ကိုထွန်းတောက်က သူ့ဖုန်းကို မြှောက်ပြတယ်။
"ဒါပေါ့ အန်ကယ်... ဒါပေမဲ့ အခက်အခဲက မီးပျက်တော့ အင်တာနက်လိုင်းကလည်း 'လိပ်' ဖြစ်နေတာပဲ။ ကျွန်တော်တို့ တိုင်းပြည်က Digital စနစ်ကလည်း 'မီးလင်းမှ အလုပ်လုပ်တဲ့ စနစ်' ဖြစ်နေတာကိုး။ အန်ကယ်က ငွေစက္ကူထုတ်၊ ကျွန်တော်က လိုင်းဆွဲ... ဘယ်သူက အရင် ဆေးရမလဲဆိုတာ ပြိုင်ကြည့်ရအောင်"

အဲ့ဒီအချိန်မှာပဲ ကုတင် (၆) က လူနာက ထပ်အော်ပြန်တယ်။
"ဟေ့လူတို့... ခင်ဗျားတို့ နှစ်ယောက် ပိုးသတ်ဆေး အပြိုင်ဝယ်နေတုန်း ကျုပ်ဗိုက်ထဲက ပိုးတွေကတော့ မိသားစုလိုက် အိမ်ထောင်ရက်သား ကျကုန်တော့မယ်။ တစ်ယောက်ယောက် မြန်မြန်သွားဝယ်ပေးကြပါဗျာ!"

အမှောင်ထဲမှာ ဖယောင်းတိုင်မီးက တဖြည်းဖြည်း တိုလာပြီ။ နိုင်ငံရေးသမားနှစ်ယောက်ကတော့ ပိုးသတ်ဆေးဝယ်ဖို့ "ဘယ်သူက ပိုမျိုးချစ်သလဲ" ဆိုတာကို အငြင်းပွားရင်း အချိန်ဖြုန်းနေကြတုန်း။

ဦးဘကောင်းက သူ့ရဲ့ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်အိုကြီးကို ထုတ်ပြီး ငါးထောင်တန် အထပ်လိုက်ကို စမ်းတဝါးဝါးနဲ့ ရေတွက်နေပါတယ်။

"ကိုထွန်းတောက်... မင်းကြည့်ထား။ ဒီငွေစက္ကူတွေပေါ်မှာ ငါတို့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ပုံဖြစ်ဖြစ် နိုင်ငံကိုယ်စားပြု တိရစ္စာန်ပုံဖြစ်ဖြစ် ပါတယ်။ ဒါဟာ ခိုင်မာမှုပဲ။ မင်းရဲ့ ဖုန်းထဲက ဂဏန်းတွေကတော့ မီးပျက်ရင် ပျောက်သွားနိုင်ပေမဲ့၊ ငါ့ပိုက်ဆံကတော့ အမှောင်ထဲမှာလည်း အလုပ်လုပ်တယ်"
ဦးဘကောင်းက ငါးထောင်တန်တစ်ရွက်ကို လေထဲမှာ တဖျပ်ဖျပ် ခါပြရင်း ကြုံးဝါးလိုက်တာပေါ့။

ကိုထွန်းတောက်ကတော့ အားမလိုအားမရနဲ့ ဖုန်းကို လေထဲမြှောက်ပြီး လိုင်းရှာနေတုန်း။
"အန်ကယ်ရယ်... အဲ့ဒီငွေစက္ကူတွေက ရေတိုင်ကီထဲက ရေလိုပဲ၊ တန်ဖိုးက တဖြည်းဖြည်း လျော့နည်း (Inflation) နေတာ အန်ကယ် သတိမထားမိဘူးလား။ အရင်က ငါးထောင်တန် တစ်ရွက်ဆိုရင် ပိုးသတ်ဆေး တစ်ဗူး ဝယ်လို့ရပေမဲ့၊ အခုတော့ ပိုးသတ်ဆေး ပုလင်းခွံတောင် ရပါ့မလား မသိဘူး။ ကျွန်တော့်ရဲ့ Digital စနစ်ကသာ အနာဂတ်ဗျ။ အခု လိုင်းလေး နည်းနည်းတက်လာပြီ... ကြည့်နေလိုက်"

အဲ့ဒီအချိန်မှာပဲ အပြင်ကနေ လူတစ်ယောက် "ဒုန်း... ဒုန်း" နဲ့ ပြေးဝင်လာတယ်။ ကိုထွန်းတောက်ရဲ့ လူနာစောင့် ညီငယ်လေးပေါ့။ လက်ထဲမှာတော့ ပိုးသတ်ဆေးပုလင်း မပါဘူး၊ စုတ်ပြတ်နေတဲ့ စက္ကူစလေး တစ်ရွက်ပဲ ပါလာတယ်။

"ကိုထွန်းတောက်... မရဘူးဗျ။ အပြင်က ဆေးဆိုင်က ပိတ်သွားပြီ။ ဆိုင်ရှင်က ပြောတယ်... ကုန်ဈေးနှုန်းက ခဏခဏ တက်နေလို့ ဒီနေ့ ရောင်းရတဲ့ ပိုက်ဆံနဲ့ မနက်ဖြန် ပစ္စည်းပြန်ဝယ်ရင် ရှုံးမှာစိုးလို့ ဆိုင်ပိတ်ပြီး နားနေတာတဲ့"

ဦးဘကောင်းက မျက်လုံးပြူးသွားတယ်။
"ဘာ... ဆိုင်ပိတ်တယ်? ဒါဟာ ဈေးကစားတာပဲ။ ဒါဟာ ပြည်သူကို ဓားစာခံလုပ်တာပဲ။ ငါသာ အာဏာရှိရင် အဲ့ဒီဆိုင်ရှင်ကို..."

"အန်ကယ်ကလည်း... အမိန့်နဲ့ အုပ်ချုပ်လို့ ရတာက လူပဲရှိတယ်၊ ဈေးကွက်ကို အမိန့်ပေးလို့ မရဘူးဗျ။ အန်ကယ် လုပ်တက်တာလဲ ဒါပဲ ရှိပုံရတယ်။ဖမ်းမယ် ဆီးမယ် ဒါပဲ။ အဲဒါနဲ့က ဘာမှ တည်ဆောက်လို့ မရဘူးဗျ။" လို့ ကိုထွန်းတောက်က ခပ်အေးအေး ပြန်ပက်လိုက်တယ်။ "ဈေးကွက်ဆိုတာ ယုံကြည်မှု (Trust) ပေါ်မှာ သွားတာ။ အခုက ဘယ်သူ့ကိုမှ ယုံလို့မရတဲ့ ခေတ်ဖြစ်နေတော့ ဆိုင်ရှင်ကလည်း သူ့ပစ္စည်း သူဖက်ထားတာပေါ့"

အဲ့ဒီအချိန်မှာပဲ အမှောင်ထဲကနေ "ခပ်ဟဟ" ရယ်သံကြီးတစ်ခု ထွက်လာတယ်။ မေ့ဆေးဆရာဝန်ကြီး ပြန်ရောက်လာတာပါ။ ဒီတစ်ခါတော့ သူ့လက်ထဲမှာ ဓာတ်ခဲအားနည်းနေတဲ့ လက်နှိပ်ဓာတ်မီးလေး တစ်လက် ပါလာတယ်။

"ကဲ... ဝါဒသမားကြီးတို့။ ပိုးသတ်ဆေး မရှိတော့လည်း မပူကြပါနဲ့။ ကျုပ်တို့မှာ 'တိုင်းရင်းဆေး' ရှိတာပဲ။ အနာကို အရက်ပြန်နဲ့ ဆေးလို့မရရင် ထုံးနဲ့ နနွင်းနဲ့ အုံမလား? ဒါမှမဟုတ် အန်ကယ်တို့ ပြောပြောနေတဲ့ 'အမျိုးသားရေး စိတ်ဓာတ်' နဲ့ပဲ ပိုးတွေကို မောင်းထုတ်မလား? "လမ်းမှာ ကားပိတ်နေလို့ နောက်ကျတာ မဟုတ်ဘူး။ ကားထဲက ဆီပြတ်သွားလို့ တွန်းလာရတာ။ ကဲ... ဘယ်သူ့ကို အရင် မေ့ဆေးပေးရမလဲ?"

ဦးဘကောင်းက မျက်နှာကြီး ပျက်သွားတယ်။
"ဆရာဝန်ကြီးကလည်းဗျာ... နောက်စရာလား။ ပိုးဝင်ရင် သေကုန်မှာပေါ့"

"မသေပါဘူး အန်ကယ်ရာ..." ဆရာဝန်ကြီးက ခပ်ရွဲ့ရွဲ့ ဆက်ပြောတယ်။ "ဒီတိုင်းပြည်မှာ ခုလို ငြင်းလိုက်ခုံလိုက်နဲ့ မပီးဆုံးနိုင်အောင် ငြင်းနေတဲ့ နိုင်ငံရေး အဆိပ်အတောက်တွေကိုတောင် ခံနိုင်ရည်ရှိနေတဲ့ လူတွေပဲ၊ ပိုးသတ်ဆေး မပါတဲ့ ခွဲစိတ်ဓားလောက်ကတော့ အပန်းမကြီးပါဘူး။ ကဲ... ဘယ်သူ့ကို အရင် ခွဲရမလဲ? ဝါဒ အရင်တက်တဲ့သူလား၊ အူအတက် အရင် ယောင်တဲ့သူလား?"

ကိုထွန်းတောက်က ဦးဘကောင်းကို ကြည့်လိုက်တယ်။ ဦးဘကောင်းကလည်း ကိုထွန်းတောက်ကို ကြည့်လိုက်တယ်။ နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ ဝါဒတွေ မရှိတော့ဘူး။ "အသက်ဘေး" ဆိုတဲ့ တူညီတဲ့ ကြောက်စိတ်တစ်ခုပဲ ကျန်တော့တယ်။

"အန်ကယ်... အရင်သွားလိုက်ပါ" ကိုထွန်းတောက်က လေသံပြောင်းသွားတယ်။

"အန်ကယ်က အသက်ကြီးပြီဆိုတော့ ခံနိုင်ရည် နည်းမှာစိုးလို့"
ဦးဘကောင်းက ခေါင်းခါလိုက်တယ်။

"မင်းပဲ အရင်သွားပါ ကိုထွန်းတောက်ရာ... မင်းက တိုင်းပြည်ရဲ့ အနာဂတ်ဆိုတော့ မင်းကို အရင် အကောင်းအတိုင်း ဖြစ်စေချင်တယ်။ ငါကတော့ 'စနစ်ဟောင်း' ထဲမှာပဲ အမှောင်ထဲ ခဏ စောင့်နေပါ့မယ်"

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် "နေရာပေး" နေကြတဲ့ မြင်ကွင်းက ကြည်နူးစရာလိုလိုနဲ့ တကယ်တော့ အလွန်ကို ရယ်စရာကောင်းတဲ့ အခြေအနေတခုပါပဲ။

မေ့ဆေးဆရာဝန်ကြီးက နှစ်ယောက်လုံးကို ကြည့်ပြီး သူ့လက်ထဲက အားနည်းနေတဲ့ ဓာတ်မီးကို စားပွဲပေါ် ဒေါက်ခနဲ တင်လိုက်တယ်။

"ကဲ... နေရာချင်း ဖယ်ပေးမနေကြနဲ့တော့။ ခွဲစိတ်ခန်းထဲမှာ ကုတင်ကလည်း တစ်လုံးတည်းရှိတာ။ ခင်များတို့ ဝါဒတွေအတိုင်းဆိုရင်တော့ အရင်ဝင်တဲ့သူက 'အာဏာရ' ပြီး၊ ကျန်ခဲ့တဲ့သူက 'အတိုက်အခံ' ဖြစ်ကျန်ရစ်မှာပဲ"

ဆရာဝန်ကြီးက ပြောရင်းဆိုရင်းနဲ့ လက်အိတ်ကို စွပ်လိုက်တယ်။ ဒါပေမဲ့ လက်အိတ်ကလည်း အပေါက်ကြီးနဲ့။ ဆရာဝန်ကြီးက အပေါက်ကိုကြည့်ပြီး တစ်ချက်မဲ့ပြုံး ပြုံးလိုက်သေးတယ်။

"ကြည့်စမ်း... ဒီလက်အိတ်ကလည်း တိုင်းပြည်ရဲ့ ဥပဒေတွေအတိုင်းပဲ၊ ဟာကွက်တွေက အများသား။ ကဲ... ဘယ်သူ့ကို အရင် တင်ရမလဲ"

ဦးဘကောင်းက သူ့ရဲ့ ငါးထောင်တန် အထပ်လိုက်ကြီးကို ကုတင်ဘေးက စားပွဲပေါ် ပစ်တင်လိုက်တယ်။

"ဆရာဝန်ကြီး... ဒီမှာ ပိုက်ဆံ။ ဒီကောင်လေး ကိုထွန်းတောက်ကို အရင်ခွဲပေးလိုက်ပါ။ သူက တိုင်းပြည်ကို ပြောင်းလဲချင်နေတာ၊ ဗိုက်နာနေရင် သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ငါကတော့ ဒီဒဏ်ရာမျိုးနဲ့ ယဉ်ပါးနေပါပြီ"

ကိုထွန်းတောက်က မျက်မှောင်ကြုတ်ပြီး ဦးဘကောင်းကို ကြည့်လိုက်တယ်။ စောစောက ရန်စောင်နေတဲ့ မျက်လုံးတွေ မဟုတ်တော့ဘူး။

"အန်ကယ်... အဲ့ဒါက အန်ကယ်တို့ရဲ့ 'လူကြီးလူကောင်း ဝါဒ' လား။ ပိုက်ဆံနဲ့ နေရာဦးပေးတာမျိုးကို ကျွန်တော်က လက်ခံရမှာလား။ ကျွန်တော်ကတော့ 'တန်းစီခြင်း၊ အလှည့်လိုက်လုပ်ခြင်း' စနစ်ကိုပဲ ယုံကြည်တယ်။ ဒါပေမဲ့ အန်ကယ်က လူကြီးဖြစ်နေလို့ ကျွန်တော်က ဦးစားပေးတာပါ"

"တော်ကြပါတော့ဗျာ..." ကုတင် (၆) က လူနာက အားမရှိတဲ့ကြားက လှမ်းအော်ပြန်တယ်။ "ခင်ဗျားတို့က ခွဲစိတ်ခန်းဝင်ခါနီးတောင် အရှုံးမပေးချင်ကြဘူး။ ဟိုမှာကြည့်... ဆရာမလေးလဲ ပြန်လာပြီ"

သူနာပြုဆရာမလေး ပြန်ရောက်လာတာကတော့ ထူးခြားတယ်။ သူ့လက်ထဲမှာ ပိုးသတ်ဆေးပုလင်း မဟုတ်ဘဲ၊ 'ပုလင်းတူ' တစ်လုံး ပါလာတယ်။

"ဒါက ဘာလဲ ဆရာမလေး" ကိုထွန်းတောက်က မေးလိုက်တယ်။

"ဒါလား... ဒါက ခွဲစိတ်ခန်းထဲက ဆရာဝန်ကြီးတွေအတွက် 'ဓာတ်စာ' လေ။ မီးကလည်း ပျက်၊ လေအေးပေးစက်ကလည်း မရ၊ ဗိုက်ကလည်း ဆာနေတဲ့ ဆရာဝန်တွေ လက်မတုန်အောင် အချိုရည် တိုက်ရမှာပေါ့။ ရှင်တို့အတွက် ပိုးသတ်ဆေးကတော့... ဟောဟိုမှာ ရောက်လာပြီ"

ဆေးရုံစင်္ကြံလမ်းအတိုင်း ခြေသံပြင်းပြင်းတွေ ကြားလိုက်ရတယ်။ ပြီးတော့ ဝတ်စုံပြည့် ဝတ်ထားတဲ့ လူတစ်စု ရောက်လာတယ်။ သူတို့လက်ထဲမှာ သေတ္တာအဖြူကြီးတစ်လုံး ပါလာတယ်။

(ဆက်ရန်)

Address

Naypyidaw
15011

Telephone

+959797755558

Website

Alerts

Be the first to know and let us send you an email when Dr Myo Kyi Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Myo Kyi Maung:

Shortcuts

Share

Category