25/12/2021
ဝါးပေါင်းခံရည် (Bamboo Vinegar)
ဝါးပေါင်းခံရည်ဆိုစွာဇာဟင့်ပါလဲ?
ဝါးပေါင်းခံရည်ဆိုစွာ ဝါးကိုမသွီးအဖြစ်ထုတ်နီခါ ထွက်လာရေမီးခိုးကို ပေါင်းခံရေနည်းစနစ်နဲ့ ထုတ်ယူထားခြင်း ဖြစ်ပါရေ။
ဝါးပေါင်းခံရည်စွာ ဇာပိုင်အသွင်ရှိလဲ၊ ဇာတိပါဝင်ပါလဲ?
မီးခိုးနံ့သင်းသင်းချေနဲ့ လှပရေမဟော်ဂနီရောင်ရှိရေ အရည်တစ်မျိုးဖြစ်ပါရေ။ ယင်းမှာ ရီ၊ အော်ဂဲနစ် အက်စစ်တိ၊ ဖိနော၊ တီတုံး၊ အယ်ကိုဟော၊ အက်စတာနဲ့ အခြားဟိုက်ဒြိုကာဗွန်အုပ်စုတိပါဝင်ပါရေ။
ဝါးပေါင်းခံရည်ကို ဇာဖြစ်လို့အသုံးပြုသင့်စွာပါလဲ?
၂၁ရာစု ကမ္ဘာတစ်ဝန်း ဓာတုမြေသြဇာနဲ့စိုက်ပျိုးလို့ပျက်စီးခရရေ မြေဆီလွှာတိကိုပြုပြင်ပနာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တေ သဘာဝစိုက်ပျိုးမှုကို ချဉ်းကပ်နီရေခေတ်ဖြစ်ပါရေ။
ဒေဝါးပေါင်းခံရည်က စိုက်ပျိုးရေး၊ ရောဂါ/ ပိုးမွှားကာကွယ်ဆေး၊ မွှေးမြူရေးအပြင် အလှအပနှင့် ကျန်းမာရေး အတွက်လည်း ဉာဏ်ရှိရေပိုင် ထုတ်လုပ်သုံးစွဲနိုင်ရေ အံ့ဖွယ်သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါရေ။ ယင်းအပြင် ပျက်စီးနီရေ မြေတိပြုပြင်ဖို့နဲ့ သဘာဝမြေဆွေးပြုလုပ်ရာမှာ မြေအဆွီးမြန်စီလို့ သုံးစွဲဖို့ အထူးသင့်လျော်ကောင်းမွန်ရေ သဘာဝ ဝါးပေါင်းခံရည် ဖြစ်ပါရေ။
လက်တွီ့အသုံးပြု အတည်ပြုနိုင်ရေ နည်းလမ်းတိရှိပါလာ?
လက်တွီ့သုံးစွဲပြီး အသုံးပြုမှုတိကို ညွှန်ပြရကေ -ညီနံ့ပြင်းရေ ငါး၊ ငါးအသည်း ဆိတ်သား၊ အမဲသားရို့ကို ချက်စွာမှာထည့်သုံးကေ အနံ့ထိန်းပီးနိုင်ပါရေ။ ရီချိုးဖို့ခါ ရီတစ်ပုံးမှာ ဟင်းစားဇွန်း တစ်ဇွန်းထည့်ချိုးကေ သွီးလည်ပတ်မှု ကို ကောင်းမွန်စီပြီး လေရိုက်ခြင်းမှ ကာကွယ်နိုင်ရေအပြင်၊ ချွေးနံ့၊ ဂျိုင်းနံ့ဆိုးတိကို ပပျောက်စီနိုင်ရေ အကျိုးသတ္တိ ရှိရေ အံ့ဖွယ်သဘာဝ ဝါးပေါင်းခံရည် ဖြစ်ပါရေ။