17/05/2026
❒ အမှတ်ရစေ၊ သိသိနေ
ဒီကနေ့ ဟောမည့် တရားတော်ကတော့ ဝိပဿနာ လုပ်ငန်းစဉ် တရားတော်ကြီးပဲ။ ဝိပဿနာရှုပုံ လုပ်ငန်းစဉ်တွေကို ကမ္မဌာန်းပေးတဲ့ အနေနဲ့ ဟောသွားမယ့် တရားတော်ကြီးလို့ ဆိုလိုတယ်။ ဒီတရားတော်ကို အခုလို ဟောရတာကတော့ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးရဲ့ အဖွဲ့ခွဲ ဖြစ်တဲ့ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့က လျှောက်ထား တောင်းပန်လို့ ဟောရတာပဲ။
အဲဒီ သာသနာ့ဒါယကာအဖွဲ့ရဲ့ လျှောက်ထားပုံကတော့ ဗမာပြည်မှာ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် လူတိုင်း လူတိုင်း ဝိပဿနာလုပ်ငန်းစဉ်ကို နားလည်ပြီး အားထုတ်နိုင်အောင် သိလွယ်တဲ့နည်းနဲ့ ဟောပါတဲ့။ ပြီးတော့ သွားလာရောင်းဝယ်ရင်း အလုပ်အကိုင်မပျက်လဲ အားထုတ်သွားနိုင်အောင် လွယ်ကူတဲ့နည်းနဲ့လည်း ဟောပါတဲ့။
အင်း… ဒီလို ခိုင်းတဲ့အတိုင်း ဟောရမယ်ဆိုတော့ ကျမ်းဂန် စကားတွေ၊ အကြောင်းယုတ္တိတွေ ဒီလို နက်နဲတာတွေကို ထုတ်ပြနေဖို့ မလိုတော့ပါဘူး။ ဒီတော့ အချိန်ကလည်း (၁၅) မိနစ်ထဲဆိုတော့ တကယ်တမ်း အားထုတ်သွားရမယ့် လုပ်ငန်းစဉ်ကိုချည်း လွယ်လွယ်နဲ့ တည့်တိုး ဟောသွားရတော့မှာပဲ။
ကဲ…စပြီး ဟောတော့မယ်…
သတော - အမှတ်ရလျက်၊ သမ္ပဇာနော - သိလျက်၊ ဝိဟရေယျ - နေရာ၏၊ အယံ - အမှတ်ရစေ၊ သိသိနေ ဆိုတဲ့ ဤစကားသည် ငါဘုရားကို အားထားနေကြသော သင်ချစ်သား၊ ချစ်သမီးတို့အတွက်၊ အမှာကံ - ဘုရားဖြစ်သော ငါတို့၏၊ အနုသာသနီ - အကြိမ်ကြိမ်အခါခါ ပေးတော်မူပါသော အဆုံးအမတော်ကြီးပါပေတည်း။
ပါဠိလိုကတော့ ❛ သတော သမ္ပဇာနော ❜ ၊ ဗမာလိုက ❛ အမှတ်ရစေ ၊ သိသိနေ ❜ ဆိုတဲ့ ဒီစကား နှစ်လုံးဟာ အဓိပ္ပါယ်အားဖြင့် အင်မတန်ကျယ်ပြန့်တယ်။ ပိဋကတ် သုံးပုံနဲ့ ညီမျှနေတယ်။ ဝိပဿနာလုပ်ငန်းစဉ် ဟူသမျှဟာလည်း ဒီစကား နှစ်လုံးထဲမှာ အကျုံးဝင်နေတယ်။ ဒါကြောင့် အမှတ်ရပြီး သိရတဲ့ ဒီ ဝိပဿနာလုပ်ငန်းဟာ ဗုဒ္ဓသာသနာတော်မှာ အရေးကြီးဆုံး လုပ်ငန်းကြီးလို့ ဆိုနိုင်တယ်။
နေရာတကာမှ အမှတ်ရပြီး သိနေတယ်ဆိုရင် ဗုဒ္ဓသာသာသနာတော်မှာ ကိစ္စပြီးသွားတော့တာပဲ။ ကိစ္စပြီး ဆိုတာက သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားတာကိုပဲ ဆိုလိုတယ်။ ဒီအထဲမှာ အယုတ်ဆုံး သောတာပန် ဖြစ်သွားတယ် ဆိုရင်ကို အပါယ်ဘေးက လုံးဝ လွတ်မြောက်သွားတော့တာပဲ။ ဒါကြောင့် အပါယ်ဘေးက လွတ်ချင်တဲ့သူတိုင်း အမှတ်ရပြီး သိရတဲ့ ဒီ ဝိပဿနာလုပ်ငန်းကြီးကို ပြည့်စုံအောင် အားထုတ်သွားကြဖို့ပဲ။
ဒီနေရာမှာ အမှတ်ရပြီး သိရမယ့် ဌာနက ဘယ်နှစ်ပါးရှိသလဲလို့ဆိုရင် - (၆) ပါးရှိပါတယ်။
ဘာများလဲလို့ ဆိုရင် - မြင်တာက တစ်ဌာန၊ ကြားတာက တစ်ဌာန၊ နံတာက တစ်ဌာန၊ စားတာက တစ်ဌာန၊ ထိတာက တစ်ဌာန၊ သိတာက တစ်ဌာန။ ဟောဒီ (၆) ဌာနပါပဲ။ ဒီ (၆) ဌာနကို ဒွါရ (၆) ပါးလို့ ခေါ်တယ်။ ဒီ ဒွါရ (၆)ပါးက ထင်ရှားပေါ်လာတဲ့ ရုပ်နာမ်တွေကို မသိ၊ မမှတ်လို့ အမှန်တိုင်း မသိရင် နိစ္စ၊ သုခ၊ အတ္တ လို့ ထင်မြင်စွဲလမ်းပြီး ကိလေသာတွေ ကံတွေ ဖြစ်ပွားသွားနိုင်တယ်။ ဟောဒီကံတွေက ဘဝသံသရာ ဆင်းရဲတွေ ဖြစ်ပွားသွားနိုင်တယ်။
ရှုမှတ်ပြီး အမှန်တိုင်း သိနေရင်တော့ ဟောဒီ နိစ္စ၊ သုခ၊ အတ္တ အစွဲတွေ၊ ကိလေသာတွေ၊ ကံတွေ၊ ဘဝသံသရာ ဆင်းရဲတွေ ဖြစ်ခွင့် မရဘဲ ငြိမ်းသွားနိုင်တယ်။
ဒါကြောင့် မြင်ရာဌာနကလည်း၊ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ်ပြီး သိရမယ်။ ကြားရာဌာနကလည်း ကြားတိုင်း ကြားတိုင်း ကြားတယ် ကြားတယ်လို့ ရှုမှတ်ပြီး သိရမယ်။ နံရာဌာနကလည်း နံတိုင်း နံတိုင်း နံတယ် နံတယ်လို့ ရှုမှတ်ပြီး သိရမယ်။ စားရာဌာနကလည်း အရသာကို သိတိုင်း သိတိုင်း သိတယ် သိတယ်လို့ ရှုမှတ်ပြီး သိရမယ်။ ထိရာဌာနကလည်း ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့ ရှုမှတ်ပြီး သိရမယ်။
ဒီသိမှု ဆိုတာကတော့ ခန္ဓာအားဖြင့် အလွန်ကျယ်ဝန်းတဲ့အတွက် မှတ်သိရမယ့် ထိသိမှုတွေကလည်း အလွန်ပဲများတယ်။ ခြေကစပြီး ခေါင်းအထိ တစ်ကိုယ်လုံး အတွင်းရော အပြင်ရော အသွေးအသား ကောင်းတယ့် နေရာတိုင်း နေရာတိုင်းက ထိသိမှုတွေ အများကြီးပဲ ဖော်ပြနေတယ်။ အဲဒါတွေကို အကုန်လုံးသိအောင် ရှုမှတ်သွားဖို့ပဲ။
ဒီတော့ ကွေးတယ်၊ ဆန့်တယ်၊ သွားတယ်၊ ရပ်တယ်၊ ထိုင်တယ်၊ အိပ်တယ်၊ ဖောင်းတယ်၊ ပိန်တယ်လို့ ဒီလို ဆိုရတာတွေကလည်း ဒီ ထိသိမှုတွေချည်းပဲ။ လက်ထဲ ခြေထဲ၊ ကိုယ်ထဲ ဗိုက်ထဲများမှာ ရှိတဲ့ သဟဇာတ ရုပ်နဲ့ တိုက်ဆိုင်ပြီး အထိအသိ ရုပ်တွေအသစ်အသစ် ထင်ရှားဖြစ်နေတာတွေပဲ။
ဒါကြောင့် ကွေးမှု ဆန့်မှု စသည်ကို ပြုပြင်တိုင်း ပြုပြင်တိုင်းလည်း ကွေးတယ်၊ ဆန့်တယ်၊ သွားတယ်၊ ရပ်တယ်၊ ထိုင်တယ်၊ အိပ်တယ်၊ ဖောင်းတယ်၊ ပိန်တယ် စသည်ဖြင့် အကုန်လုံးသိအောင် ရှုမှတ်သွားဖို့ပဲ။ ဒီတော့ ကြံသိရာဌာနကလည်း ကြံစည်စဉ်းစားတိုင်း၊ စိတ်ကူးတိုင်း၊ သိတိုင်း၊ ကြံတယ်၊ စဉ်းစားတယ်၊ သိတယ် စသည်ဖြင့် ရှုမှတ်ပြီး သိရမယ်။ အခုပြောခဲ့တာတွေက ဝိပဿနာရဲ့ အခြေခံ လုပ်ငန်းစဉ်ပဲ။ ဒါလောက်ဆိုရင် အခြေခံ လုပ်ငန်းစဉ်မှာတော့ ပြည့်စုံနေပါပြီ။
ဒီလုပ်ငန်းစဉ်အတိုင်း ရှုမှတ်သွားမယ် ဆိုရင် နာမရူပ ပရိစ္ဆေဒဉာဏ်က စပြီး အနုလောမဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တိုင်အောင် ဝိပဿနာဉာဏ်စဉ်တွေဟာ သူ့အလိုလိုပဲ တိုးတက် တိုးတက်ပြီး ဖြစ်သွားနိုင်ပါတယ်။
သို့ပေမယ့် အားထုတ်ခါစမှာတော့ အခု ပြောခဲ့တဲ့အတိုင်း ဒွါရခြောက်ပါးလုံးက ပြုမှုဟူသမျှကို အကုန်လုံး လိုက်ပြီး စေ့စေ့စပ်စပ် မမှတ်နိုင်သေးဘူး။ ဒါကြောင့် ဒီလို သမာဓိဉာဏ်အား မရှိသေးခင်မှာတော့ ရှုမှတ်စရာ ခပ်နည်းနည်း၊ ခပ်ကြမ်းကြမ်း၊ ခပ်လွယ်လွယ်ကစပြီး ရှုမှတ်ရတယ်။
ရုပ်၊ နာမ်မှာ ဒီ ၂မျိုးထဲကဆိုရင် နာမ် ဆိုတာက ပိုလို့ အသိခက်တယ်၊ ရုပ်ဆိုတာကတော့ ကြမ်းတမ်း ထင်ရှားလို့ သိလွယ်ပါတယ်။ ဒါကြောင့် အားထုတ်စ ပုဂ္ဂိုလ်မှ ရုပ်ကစပြီး ရှုမှတ်ရတယ်။ ရုပ်ထဲမှာလည်း မြင်ရတဲ့ အဆင်းရုပ်၊ ကြားရတဲ့ အသံရုပ် အစရှိတဲ့ ဒီလို ဝိကာရရုပ်တွေက သိမ်မွေ့လို့ အသိခက်တယ်။
တွေ့ထိရတဲ့ မဟာဘုတ်ရုပ်ကြီးတွေကတော့ ကြမ်းတမ်းထင်ရှားလို့ အသိလွယ်ပါတယ်။ ဒါကြောင့် တွေ့ထိရတဲ့ မဟာဘုတ်ရုပ်ကြီးတွေက စပြီး ရှုမှတ်ရတယ်။ ဒီ မဟာဘုတ်ရုပ်ကြီးတွေ ဆိုတာကလည်း ကိုယ်ထဲက အတွေ့အထိ ထင်ရှားရာမှာ စူးစိုက်ပြီး တစ်ခုခုကိုတော့ ထင်ရှားတွေ့ပြီး သိရှိသွားနိုင်ပါတယ်။
ဒါကြောင့် မဟာဘုတ်ရုပ်ကြီးတွေက စပြီး ထင်ရှားသိသွားရအောင် ကိုယ်ထဲက အတွေ့အထိ ထင်ရှားရာမှာ စူးစိုက်ပြီး ရှုမှတ်ဖို့ရာ အရေးကြီးဆုံးပဲ ဆိုတာကို အခြေခံ အဆင့်နဲ့ နားလည်ထားကြရမယ်။ ကဲ အခုဒီကစပြီး ရှုမှတ်ပုံကိုချည်း ပြောသွားတော့မယ်။
စိတ်ကတာဝန် ကင်းရှင်းပြီး၊ လွတ်လပ်မှု၊ ဆိတ်ငြိမ်မှု ရနေတဲ့အချိန်မှာ တစ်နေ့လုံး၊ တစ်ညလုံး မဟုတ်တောင်မှ နာရီပိုင်းလောက်ပဲဖြစ်ဖြစ်၊ မိနစ်ပိုင်းလောက်ပဲ ဖြစ်ဖြစ် နေ့တိုင်း နေ့တိုင်း ကိုယ့်အတွက် အားထုတ်စရာ အချိန်လေးက လူတိုင်းလူတိုင်းမှာ ရှိစေရမယ်။
အဲဒီလို လွတ်လပ်မှု၊ ဆိတ်ငြိမ်မှု ရနေတဲ့ အချိန်ကာလမှာ တရားအားထုတ်ဖို့ ထိုင်နေတယ်ဆိုပါတော့ ဒီလို ထိုင်နေရင်း မဂ်ဖိုလ်၊ နိဗ္ဗာန်ရောက်ဖို့ အပါယ်ဘေးက လွတ်ဖို့ တရားအားထုတ်ရတော့မယ်လို့ ရှေးဦးစွာ ဒီလို နှလုံးသွင်းပြီး စိတ်ကို အားတက်စေရမယ်။
ပြီးတော့ ကိုယ်ထဲမှာ ဖြစ်တဲ့အတိုင်း ထိုင်တယ် ထိုင်တယ်လို့ မပြတ်မှတ်နေပါ။ ထိုင်တယ်ဆိုတဲ့ ဒီအချိန်ကလေးကတော့ စိတ်ထဲကသာ နှလုံးသွင်းဖို့ပါပဲ။ ပါးစပ်ကတော့ ဆိုနေဖို့ မလိုပါဘူး။ မှတ်ဆိုတာကလည်း သိအောင်လို့ နှလုံးသွင်းတာပဲ။ ဒါကြောင့် ထိုင်တယ် ထိုင်တယ်လို့ မှတ်တိုင်း မှတ်တိုင်း အောက်ပိုင်း ကိုယ်ကခွေလို့ အထက်ပိုင်း ကိုယ်က ထောင်လို့ တောင့်ပြီး ထိုင်နေတာကို မျက်စိနဲ့ မြင်သလို သေသေချာချာပဲ သိရှိသွားစေရမယ်။
သမာဓိဉာဏ် ရင့်လာတော့ ထိုင်နေတဲ့ စိတ်ကြောင့် အသစ်အသစ် တောင့်တင်း၊ တောင့်တင်းပြီး ထိသိရတဲ့ ထိုင်တဲ့ အမူအရာ ပရမတ် ရုပ်သက်သက်ကိုချည်း သိရှိသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ထဲမှာ စူးစိုက်ပြီး ထိုင်တယ် ထိုင်တယ် လို့သာ မပြတ်ရှုမှတ်နေရမယ်။ ထိုင်တယ်လို့ချည်း မှတ်နေရတာကို လွယ်လွန်းနေတယ်လို့ ထင်ရင်လည်း တင်ပါးဆီကပဲ ဖြစ်ဖြစ် တစ်ခြားကိုယ် အစိတ်အပိုင်းထဲကပဲ ဖြစ်ဖြစ် ထင်ရှား ထိသိနေတဲ့ တစ်နေရာရာကို စူးစိုက်ပြီး ထိတယ် လို့လည်း မှတ်လိုက်ပါဦး။
အဲဒီလို မှတ်တဲ့အခါမှာလည်း ထိသိနေတာလေးကို သေသေချာချာ သိသွားစေရမယ်။ ပြီးတော့ ကိုယ်ထဲမှာ ပြန်ပြီး ထိုင်တယ်လို့ မှတ်ပြီးတော့ ထိရာမှာ စူးစိုက်ပြီး ထိတယ်လို့ မှတ်။ ဒီနည်းဖြင့် ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ် လို့ ထိုင်ရာမှာ တစ်လှည့်၊ ထိရာမှာ တစ်လှည့် ဒီလို မှတ်နေရမယ်။ လှဲအိပ်နေရင်လည်းပဲ ဒီလိုနည်းတွေ မှတ်နိုင်ပါတယ်။ အိပ်တယ် ထိတယ်၊ အိပ်တယ် ထိတယ် လို့ ဒီလို မှတ်နေရုံပါပဲ။
ဒီလို အထိုင်နဲ့အထိ၊ အအိပ်နဲ့အထိ ရွှေ့ပြောင်း ရွှေ့ပြောင်းပြီး မှတ်ရတာကို စိတ်ပင်ပန်းတယ်လို့ထင်ရင် ဒီထပ် မှတ်လို့ လွယ်တာကတော့ ဗိုက်က ဖောင်းတက်လာတာနဲ့ ပိန်ကျသွားတာပဲ အဲဒါကို မှတ်ရတာကတော့ ပိုပြီး လွယ်ကူတတ်တယ်။ ဒါကြောင့် ဆရာတော်တို့က ယောဂီတွေကို အများအားဖြင့် ဒီ ဖောင်းမှု ပိန်မှုကစပြီး ရှုမှတ်ဖို့ သင်ကြားနေတယ်။
ရှေးဦးစွာ ဗိုက်ကို စိတ်နဲ့စိုက်ပြီး ကြည့်နေရမယ်။ ဖောင်းတက်လာတာကိုလည်း တွေ့ရမယ်။ ပိန်ကျ သွားတာကိုလည်း တွေ့ရမယ်။ စိတ်နဲ့ စိုက်ကြည့်နေရုံနဲ့ မထင်ရှားသေးဘူးဆိုရင် ဗိုက်မှာ လက်နဲ့ထိထား၊ ထင်ရှားလာလိမ့်မယ်။ အဲဒီလို ထင်ရှားလာတော့ ဗိုက်က ရုပ်တွေ ဖောင်းကြွလာတာကို ဖောင်းတယ်လို့ပဲမှတ်၊ ပိန်ကျသွားတာကို ပိန်တယ်လို့ပဲမှတ်၊ ဖောင်းသွားတာ ဖောင်းဆုံး တိုင်အောင်၊ ပိန်သွားတာ ပိန်ဆုံးတိုင်အောင် တစ်ရွေ့ခြင်း ရွေ့ရွေ့သွားတာကို မျက်စိနဲ့ မြင်သလို ထင်ထင်ရှားရှား သိသိ သွားစေရမယ်။
အဲဒီလို သေသေချာချာ သိအောင် ဖောင်းတိုင်း၊ ပိန်တိုင်း စူးစိုက်ပြီး ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ မပြတ်ရှုမှတ်နေရမယ်။ ဒီလို မှတ်နေရင်း စိတ်က တစ်ခြားကိုလည်း ထွက်ထွက်သွားလိမ့်ဦးမယ်။ လူက အိမ်မှာ ရှိနေပေမယ့် စိတ်ဆိုတာကတော့ မနေဘူး၊ သူက မြို့ထဲရွာထဲရော၊ တစ်ခြားနေရာတွေရော လျှောက်ပြီး လည်နေတတ်တယ်။ လုပ်ငန်းကိုင်ငန်းတွေကို ကြံစည်စဉ်းစားနေတတ်တယ်။
အဲဒီလို စိတ်ကူး ကြံစည်မှုတွေကိုလည်း ထွက်တယ်၊ သွားတယ်၊ စိတ်ကူးတယ်၊ ကြံတယ်၊ စဉ်းစားတယ် စသည်ဖြင့် ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီး ရှုမှတ်ရမယ်။ ပြီးတော့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ ပြန်ပြီး မှတ်မြဲတိုင်းပဲ မှတ်နေရုံပါပဲ။ ဒီလို ဖြစ်ပေါ်နေတဲ့ စိတ်ကလေးတွေကို ရှုမှတ်ပြီး သိနေတာက စိတ္တာနုပဿနာတဲ့။
ပြီးတော့ ကိုယ်ထဲမှာ ညောင်းမှု၊ ပူမှု၊ ယားယံမှု၊ နာကျင်မှု စတဲ့ မခံသာတဲ့ ဝေဒနာလေးတွေကလည်း ထင်ရှားပေါ်ပေါ်လာလိမ့်ဦးမယ်။ အဲဒါတွေကိုလည်း စူးစိုက်ပြီး ညောင်းတယ် ညောင်းတယ် ပူတယ် ပူတယ် စသည်ဖြင့် မပျောက်မချင်း ရှုမှတ်ရမယ်။ ဒီလို ဝေဒနာတွေဟာ သမာဓိဉာဏ် အားကောင်းလာတော့ မှတ်နေရင်း မကြာခင်ပဲ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဲဒီလို ပျောက်ကွယ်သွားတော့ ဖောင်းတယ်၊ ပိန်တယ်လို့ မှတ်မြဲ ပြန်မှတ်နေရုံပဲ။ ဒီလို ဝေဒနာတွေကို ရှုမှတ်ပြီး သိနေတာကတော့ ဝေဒနာနုပဿနာပဲ။
ညောင်းလို့ ပူလို့ မခံသာလို့ ပြင်ချင်လာပြန်ရင်လည်း အဲဒီ စိတ်ကိုပဲ ပြင်ချင်တယ်၊ ပြင်ချင်တယ်လို့ မှတ်ရမယ်။ လက်ခြေကို ပြုပြင်တဲ့အခါမှာလည်း ပြုပြင်တိုင်း ကြွတယ် ကြွတယ်၊ ရွှေ့တယ် ရွှေ့တယ် ၊ ကွေးတယ် ကွေးတယ် စသည်ဖြင့် စူးစူးစိုက်စိုက် ရှုမှတ်ပြီး ပြုပြင်ရမယ်။ အားလုံး ဖြည်းဖြည်းချင်းပဲ ပြုပြင်ရမယ်။ မြန်မြန်ကြီး ပြုပြင်ရင်တော့ ဘာမှ သိမှာ မဟုတ်တော့ဘူး။
ထချင်တဲ့ အခါမှာလည်း ထချင်တယ်၊ ထတယ် လို့ မှတ်ပြီးတော့ တရွေ့ခြင်း ကြွတက်လာတဲ့ ကိုယ်ကို စူးစိုက်ပြီး ထတယ် ထတယ်လို့ မှတ်ရင်း ဖြည်းဖြည်းပဲ ထရမယ်။ ရပ်မိတော့ တောင့်ပြီး ရပ်နေတဲ့ ကိုယ်ကို စူးစိုက်ပြီး ရပ်တယ်, ရပ်တယ်လို့ မှတ်ရမယ်။ လှမ်းကြည့်မိရင် ကြည့်တယ် မြင်တယ်လို့ မှတ်လိုက်ရဦးမယ်။
သွားတဲ့အခါမှာတော့ သွားတယ် သွားတယ် လို့ပဲ ဖြစ်ဖြစ် ညာလှမ်းတယ်၊ ဘယ်လှမ်းတယ် လို့ပဲ ဖြစ်ဖြစ်၊ ကြွတယ် လှမ်းတယ် ချတယ် လို့ပဲ ဖြစ်ဖြစ် စူးစူးစိုက်စိုက် ရှုမှတ်ပြီး သွားရမယ်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ခြေထောက်ကြွတာလေးကစပြီ နင်းချပြီးသည့်တိုင်အောင် တရွေ့ချင်း ရွေ့ရွေ့သွားတာကို သေသေချာချာ သိသွားစေရမယ်။
အတိုချုပ် ပြောရမယ် ဆိုရင် သွားနေတဲ့အခါမှာ ခြေလှမ်းကိုပဲ စူးစိုက်ပြီးတော့ သွားတယ် သွားတယ် လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ် လို့ပဲ ဖြစ်ဖြစ်၊ ကြွတယ် လှမ်းတယ် ချတယ်လို့ပဲ ဖြစ်ဖြစ် မပြတ်မှတ်သွားဖို့ပဲ။ ထိုင်နေတဲ့အခါ အိပ်နေတဲ့အခါများမှာတော့ အထူးမှတ်စရာမရှိရင် ဗိုက်က ဖောင်းတာ ပိန်တာကိုပဲ စူးစိုက်ပြီးတော့ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ မပြတ်မှတ်နေရုံပါပဲ။
ဒီထဲက စိတ်ကူးစိတ်သန်းမှုတွေ ဖြစ်လာရင် အဲဒီ စိတ်ကူးတွေကို လိုက်ပြီး မှတ်ရမယ်။ ပြီးရင် ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ ပြန်ပြီး မှတ်သွားရုံပါပဲ။ ဒီထဲက ညောင်းမှု၊ ပူမှု၊ နာကျင်ကိုက်ခဲမှု အစရှိတဲ့ ဝေဒနာထူးတွေ ပေါ်လာပြန်ရင်လည်း အဲဒီ ဝေဒနာတွေကိုပဲ လိုက်ပြီး မှတ်ရအုံးမယ်၊ ပြီးရင် ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ် လို့ပြန်ပြီး မှတ်သွားရုံပါပဲ။ ကွေးမှု၊ ဆန့်မှု၊ လှုပ်ရှားမှု၊ ပြုပြင်မှု ရှိပြန်ရင်လည်း အဲဒါတွေကို လိုက်ပြီး မှတ်ရဦးမယ်။ ပြီးရင် ဖောင်းတယ်၊ ပိန်တယ် လို့ပြန်ပြီး မပြတ်ဆက်မှတ်သွားရုံပါဘဲ။
ဒီနည်းအတိုင်း နေ့စဉ် နာရီဝက်၊ တစ်နာရီ စသည်ဖြင့် ရိုရိုသေသေ မပြတ်ရှုမှတ်သွားမယ် ဆိုရင် တစ်နေ့ထက် တစ်နေ့၊ တစ်လထက် တစ်လ သမာဓိဉာဏ်တွေ ရင့်ရင့်ပြီး ကိုယ်တိုင်သိ ဝိပဿနာဉာဏ်တွေ ထူးထူးခြားခြား ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များလည်း ရှိနေပါတယ်။ ဝိပဿနာဉာဏ် ပြည့်စုံလာတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားနိုင်ပါတယ်။
ဒါကြောင့် မဂ်ဖိုလ် နိဗ္ဗာန်ကို လက်ငင်းရစေ နိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်ကြီးကိုတော့ ငါရပေပြီလို့ ဝမ်းမြောက်ဝမ်းသာပြီး ဒီလုပ်ငန်းစဉ်အတိုင်း ရှုမှတ်၍ မကြာခင်ပဲ မဂ်ဖိုလ် နိဗ္ဗာန်ကို တွေ့မြင်ပြီး အပါယ်ဘေးကြီးက လုံးဝ လွတ်မြောက်ရတော့မယ်လို့ ယုံကြည်စိတ်ချ ပြီး ကြိုးကြိုးစားစား အားထုတ်ကြရမယ်။
အချိန်က ကျနေပြီ။ တရားတော်ကို အဆုံးသတ်တော့မယ်။ နေ့စဉ် နာရီဝက်ဖြစ်ဖြစ်၊ တစ်နာရီ၊ နှစ်နာရီ ဖြစ်ဖြစ် ရိုရိုသေသေ ရှုမှတ် အားထုတ်ကြ၍ ဘုရား၊ ရဟန္တာ၊ အရိယာ အရှင်မြတ်တို့ မျက်မှောက် တွေ့ရ သိရသော နိဗ္ဗာန် တရားတော်မြတ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း…။
သာဓု…သာဓု…သာဓု
📌 မဟာစည်ဆရာတော်ဘုရားကြီး
#မြတ်ဗုဒ္ဓတရားများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်