03/06/2026
သေးငယ်တဲ့ နေရာ ဆိုပေမယ့် နာကျင်မှု၊လက်လှုပ်ရှားမှုကနေတဆင့် နေ့စဉ်ဘဝ ကို စိတ်အနှောင့်အယှက်ဖြစ်စေနိူင်သော
Trigger finger ဆိုတာ ဘာလဲ?
“လက်ချောင်းလှုပ်ရှားတဲ့ အရွတ်က ရောင်ရမ်းထူလာပြီး အရွတ်လမ်းကြောင်းထဲမှာ ညပ်နေလို့ ကွေးဆန့်တဲ့အခါ တစ်ဆို့တစ်ဆို့ဖြစ်ပြီး လက်ချောင်းပြန်ဆန့်ရတာခက်တဲ့ ရောဂါ” လို့ ပြောနိုင်ပါတယ်။
အပ်ချည်ကြိုးတစ်ချောင်းမှာ အဖုလေးတစ်ခု ဖြစ်နေတယ်ဆိုပါတော့....
အဲဒီအဖုပါတဲ့ ကြိုးကို အပေါက်ကျဉ်းကျဉ်းလေးထဲ ဆွဲဖြတ်တဲ့အခါ—
* အဖုလေးနားရောက်လာရင် တစ်ဆို့သွားမယ်။
* နည်းနည်းပိုဆွဲလိုက်မှ ဖြတ်ကျော်သွားမယ်။
Trigger finger မှာလည်း အရွတ်ပေါ် အဖုလေး (nodule) ဖြစ်လာပြီး အရွတ်လမ်းကြောင်းထဲမှာ ညပ်နေတာ ဖြစ်ပါတယ်။
-------------
Trigger Finger ဘာကြောင့် ဖြစ်ရသလဲ?
အဓိကကတော့ လက်ချောင်းအရွတ် (tendon) နဲ့ အရွတ်လမ်းကြောင်း (pulley) ရောင်ရမ်းပြီး ထူလာလို့ ဖြစ်ပါတယ်။
အဖြစ်များတဲ့ အကြောင်းရင်းများ
1. လက်ကို အလုပ်များများ သုံးခြင်း
* အရာဝတ္ထုကို တင်းတင်းဆုပ်ကိုင်ရတဲ့ အလုပ်များ
* စက်ကိရိယာအသုံးပြုခြင်း
* ဥယျာဉ်စိုက်ပျိုးခြင်း
* အပ်ချုပ်ခြင်း
* လက်ကို ထပ်ခါထပ်ခါ အသုံးပြုရတဲ့ အလုပ်များ
အချိန်ကြာလာရင် အရွတ်ကို ပွတ်တိုက်မှုများပြီး ရောင်လာနိုင်ပါတယ်။
2. အသက်အရွယ်
* အသက် 40–60 ဝန်းကျင်မှာ ပိုတွေ့ရတတ်ပါတယ်။
3. ဆီးချိုရောဂါ
Diabetes Mellitus ရှိသူတွေမှာ Trigger Finger ဖြစ်နိုင်ခြေ ပိုများပါတယ်။
4. အဆစ်ရောင်ရောဂါများ
ဥပမာ
* Rheumatoid Arthritis
* အခြား အဆစ်နှင့် အရွတ်ရောင်ရမ်းရောဂါများ
5. လက်ဒဏ်ရာ
* လက်ချောင်းကို ထိခိုက်ဒဏ်ရာရဖူးခြင်း
* ခွဲစိတ်မှုနောက်ပိုင်း အမာရွတ်ဖြစ်ခြင်း
----------------------
Trigger Finger ရှိရင် ဘာတွေ ခံစားရလဲ?
* မနက်ပိုင်း လက်ချောင်းတင်းနေခြင်း
* ကွေးဆန့်တဲ့အခါ “ကလစ်” သို့မဟုတ် “ထောက် .. ထောက်"နဲ့ ခံစားရခြင်း
* လက်ချောင်းအရင်း နာခြင်း
* ဆိုးလာရင် ကွေးနေပြီး ပြန်မဆန့်နိုင်ခြင်း
စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။