24/01/2026
😈အခုလက်ရှိ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နီပါဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘာတွေ သတိထားဖို့ လိုမလဲ။
🦠ကူးစက်နည်း
အဓိကက လင်းနို့နဲ့ ထိတွေ့ထားတဲ့ (လင်းနို့ရဲ့ တံတွေး၊ ကိုယ်တွင်းအရည်) အသီးတွေကို စားမိရာကနေ အဓိက ကူးစက်ပါတယ်။ လင်းနို့ကနေ လူကိုကူး၊ လူကနေလည်း လူကို ထပ်ကူးနိုင်ပါတယ်။ လူအချင်းချင်းကတော့ လူနာကို အနည်းကပ်ပြုစုပေးတဲ့အခါ လူနာရဲ့ တံတွေး၊ အရည်တွေကို ထိတွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။
🦠လက္ခဏာများ
ရောဂါပိုးစဝင်ပြီး ၄ရက်ကနေ ၁၄ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။
လက္ခဏာမပြတာလည်း ရှိသလို အသက်ရှူလမ်းကြောင်းထိခိုက်တာ၊ ဦးနှောက်ရောင်တာ၊ အသက်သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။ အများစုကတော့ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာတာ၊ အန်တာ၊ လည်ချောင်းနာတာ စဖြစ်ပါတယ်။
ဦးနှောက်ရောင်တယ်ဆိုရင်တော့ ခေါင်းမူးတာ၊ သတိမကောင်းတာ၊ တခြားအာရုံကြောနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ရုတ်တရက်မောတာတွေလည်း ဖြစ်တတ်ပါတယ်။
ဦးနှောက်ရောင်တဲ့ လူနာတွေက ပြန်ကောင်းတာများပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲလက္ခဏာလေးတွေတော့ ကျန်ခဲ့တတ်ပါတယ်။
🦠ကုသနည်း
မရှိပါ။ လက္ခဏာပေါ်လိုက်ပြီး သက်သာအောင်ပဲ လုပ်ပေးလို့ ရပါတယ်။
🦠ကာကွယ်နည်း
ကာကွယ်ဆေးလည်း မရှိပါ။
ဒါကြောင့် ကူးစက်မှုနည်းစေဖို့ သတိထားပြီး နေဖို့လိုပါတယ်။
လင်းနို့တွေကနေ လူကို မကူးစက်စေဖို့ လင်းနို့ရှိနေတဲ့နေရာက အစားအစာတွေကို ရှောင်ပါ။ လင်းနို့ကိုက်ထားတဲ့ ဒါမှမဟုတ် လင်းနို့နဲ့ ထိတွေ့ထားတယ်လို့ သံသယရှိတဲ့ အစားအစာတွေကို မစားပါနဲ့။ အသီးတွေ စားမယ်ဆို ရေစင်အောင်ဆေးပါ။ အခွံခွာစားပါ။
လူအချင်းချင်း မကူးစက်စေဖို့ လူနာကို ပြုစုတဲ့အခါ လက်အိတ်ဝတ်ပါ။ နှာခေါင်းစည်း တပ်ပါ။ လူနာနဲ့ ထိတွေ့ပြီးတိုင်း လက်ဆေးပါ။
🦠နီပါဗိုင်းရပ်စ်က အန္တရာယ်ရှိသလား။
နီပါဗိုင်းရပ်စ်က အခုမှ ဖြစ်လာတဲ့ ဗိုင်းရပ်စ်အသစ်မဟုတ်ပါ။ အရင်ကလည်း မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယတို့မှာ ဖြစ်ဖူးပါတယ်။ အခုက အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတဲ့အတွက် သတိထားသင့်ပါတယ်။ အကြောက်လွန်တာ၊ လုံးဝဂရုမစိုက်တာ အစွန်းနှစ်ဖက်ကို ရှောင်ပြီး ကာကွယ်ရမယ့် နည်းတွေကို လိုက်နာရင်း ရောဂါအကြောင်း နားစွင့်ဖို့၊ ကျွမ်းကျင်သူများရဲ့ အကြံပေးချက်များကို မျက်ခြေမပြတ် နားထောင်ဖို့ အကြံပေးလိုပါတယ်။