Hsu Clinic

Hsu Clinic Online medical consultation and health education

08/08/2022

အားလုံးပဲ မင်္ဂလာပါရှင် 👩🏻‍⚕️
ဆု ဆေးကုခန်း Page မှ ဒီတစ်ပတ် မျှဝေပေးသွားမယ့်
အကြောင်းအရာလေးကတော့ အမျိုးသမီးများ အတွက် အရေးကြီးတဲ့
သားအိမ်ခေါင်းကင်ဆာ အကြောင်းပဲ ဖြစ်ပါတယ်။ ထိုကင်ဆာသည် အမျိုးသမီးများအတွက်
အသံတိတ်လူသတ်သမားလို့တောင် တင်စားကြပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကျောင်းနေအရွယ်များမှ စ၍ ကာကွယ်ဆေးထိုးခြင်း၊ အသက်အရွယ်အလိုက်
အသိပညာပေးခြင်း နှင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး စောင့်ရှောက်မှုပေးကြပါတယ်။
သားအိမ်ခေါင်းကင်ဆာ ကို မိန်းကလေးများ အပျိုဖော်ဝင်ချိန်မှ စပြီး သွေးဆုံးပြီးအရွယ် အမျိုးသမီးများ အထိ သတိထားသင့်
ပါတယ်။ ကာကွယ်ဆေးကို ဆန့်ကျင်ဘက်လိင် နှင့် ထိတွေ့ဆက်ဆံမှု မရှိသေးသော မိန်းကလေးငယ်များ/အမျိုးသမီးများ ထိုးနှံခြင်းသည်
အထိရောက်ဆုံးဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လိင်အင်္ဂါတွင် ပါရှိသော Human papillomavirus (HPV) ဟုခေါ်သော
Virus သည် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသောကြောင့် ဖြစ်ပါတယ်။

🔍 သားအိမ်ခေါင်းကင်ဆာ ဘယ်လိုလူတွေများ အဖြစ်များသလဲ??
၁. အသက်ငယ်ငယ်တွင် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံမှု ရှိသော အမျိုးသမီးများ/ အိမ်ထောင်စောစောပြုသော အမျိုးသမီးများ
၂. လိင် ဆက်ဆံဖော်များသော အမျိုးသမီးများ / အိမ်​ထောင်ဆက်များသော အမျိုးသမီးများ
၃. ဆေးလိပ်သောက်သော အမျိုးသမီးများ ( ဆေးလိပ်သောက်ခြင်းသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသော (HPV) Virus ကို ကိုယ်ခံအားမှ တိုက်ထုတ်မှုကို ယုတ်လျော့စေသည် )
၄. ကိုယ်ခံအားကျဆင်းမှုရောဂါ (ဥပမာ - HIV) ရှိသော အမျိုးသမီးများ / ကာလရှည် ကိုယ်ခံအားချသောဆေးဝါးများ သောက်သုံးနေရသော အမျိုးသမီးများ စသူတို့တွင် အဖြစ်များပါတယ်။

🔍 သားအိမ်ခေါင်းကင်ဆာ၏ အဖြစ်များသည့် ရှေ့ပြေးလက္ခဏာများ
၁. ပုံမှန် မဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်းများ
- လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း / ဆက်ဆံတိုင်း နာကျင်နေခြင်း
- ရက်ရှည် ဓမ္မတာသွေးပေါ်ခြင်း/ အချိန်မဟုတ် ဓမ္မတာသွေးပေါ်ခြင်း
- သွေးဆုံးပြီးမှ ဓမ္မတာပြန်ပေါ်ခြင်း
၂. မိန်းမကိုယ် မှ အနံ့မကောင်းသည့်သွေး/အရည်များ ဆင်းခြင်း
၃. သိသိသာသာ စားမဝင်ခြင်း/ ကိုယ်အလေးချိန်လျော့ကျလာခြင်း / သွေးအားနည်းလာခြင်း
၄. ရက်ရှည် ဆီးစပ်/ခါး ကိုက်လာခြင်း
၅. ဆီးယိုစိမ့်ခြင်း စသည်တို့ကို သတိထားသင့်ပါတယ်။

🔍 စစ်ဆေးမှု နှင့် ကုသနည်းများ
အဓိကစစ်ဆေးမှုများ အနေဖြင့် သားအိမ်ခေါင်းမှ အကျိအချွဲကို ဓာတ်ခွဲစစ်ဆေးခြင်း (Pap smear)၊
သားအိမ်ခေါင်းကို မှန်ပြောင်းကြည့်ခြင်း (Colposcopy) နှင့် သားအိမ်ခေါင်း အသားစယူခြင်း (Biopsy) တို့ရှိပါတယ်။
အထက်ပါ သင့်တော်သော စစ်ဆေးမှုများမှ ရလဒ်ပေါ် မူတည်၍
- Loop Diathermy / Cold Coagulation
- ခွဲစိတ်ကုသခြင်း၊
- ဓာတ်ရောင်ခြည်ကင်ခြင်း၊
- ကင်ဆာဆေးသွင်းခြင်း စသဖြင့် ကုသမှု အဆင့်ဆင့်ရှိပါတယ်။

အထက်ဖော်ပြပါ လက္ခဏာများ ခံစားနေရခြင်း (သို့မဟုတ်) မိမိကိုယ်ကို သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်မှုပြုလုပ်လိုပါက
သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးများ၊ မိသားစု ဆရာဝန်များ နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါတယ်။

29/03/2022

အားလုံးပဲမဂႅလာပါရှင့် 👩‍⚕

အားလုံးပဲသိချင်နေကြတဲ့ ၂၀၂၂ အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး(၄မျိုးစပ်)ကို ဆုဆေးခန်းမှာ ထိုးလို့ရပါပြီ ဆိုတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်။

💉 တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်သူများ
- ကလေးသူငယ်များ
- အသက် ၆၅ နှင့်အထက်လူကြီးများ
- ကိုယ်ဝန်ဆောင်မိခင်များ
- သွေးတိုး၊ ဆီးချို၊ နှလုံး နှင့် အခြားရောဂါအခံရှိသူများ
- ကျန်းမာရေးဝန်ထမ်းများ
- ကိုယ်ခံအားမကောင်း၍ မကြာခဏဖျားနာတတ်သူများ

💉 ကလေးငယ်များ အသက် ၆ လမှစပြီးထိိုးနိုင်ပါတယ်။ အသက် ၉ နှစ်အောက် ကလေးများအနေနဲ့ကတော့ အရင်နှစ်တွေက ရာသီတုပ်ကွေးကာကွယ်ဆေး တခါမှမထိုးဖူးဘူးဆိုရင် ပထမတကြိမ်ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးဖို့လိုပါတယ်။ အသက် ၉ နှစ်အထက် ကလေးများနဲ့ လူကြီးများကတော့ ၁ ကြိမ်သာထိုးရမှာဖြစ်ပါတယ်။ ဆေးထိုးပြီး ၂ပတ်/၃ပတ်အတွင်း ဆေးအာနိသင်စရမှာဖြစ်ပါတယ်။

💉 ဆေးထိုးလိုသူများအနေနဲ့ ဆုဆေးခန်း page messenger (သို့မဟုတ်) ဆေးခန်း ဖုန်းနှင့် Viber နံပါတ် 09972979759 သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ဆေးခန်းသို့လာရောက်ရန် ခက်ခဲသူများအနေဖြင့် အိမ်အရောက် ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုအားလည်း မေးမြန်းဆွေးနွေးနိုင်ပါတယ်။

🏥 ဆု ဆေးကုခန်း၊ ကမ္ဘာ့ရတနာဘဏ်ဘေး၊ မြို့မစျေးအနီး၊ အောင်ဆန်းလမ်း၊ သံဖြူဇရပ်မြို့။
⏰ နေ့စဥ် နံနက် ၇ နာရီ မှ ည ၇ နာရီ။

17/03/2022

21.3.2022 (တနလႅာနေ့) မှ 25.3.2022 (သောကြာနေ့) ထိ ဆေးခန်းခေတ္တပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
လူနာအဟောင်းများ၏ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ ဆေးခန်းဖုန်းနံပါတ်/page messenger/viber မှတဆင့် မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင်။

12/02/2022

🚨 ယခုအခါ COVID-19 positive case များပြန်လည်များပြားလာသည့်အတွက် အပြင်ထွက်သည့်အခါတိုင်း mask ကိုမဖြစ်မနေတပ်ဆင်ပေးကြပါရန် ထပ်မံသတိပေးလိုပါတယ်ရှင် 😷
🚨 ကျန်းမာရေးကိစ္စများအားလည်း page ရဲ့ messenger မှတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🚨 ဆေးခန်းအား နေ့စဥ် မနက် ၇ နာရီမှ ည ၇ နာရီထိဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခန်းလာပြသည့်အခါ မဖြစ်မနေ mask တပ်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

🏥 ဆု ဆေးခန်း၊ စျေးကြီးအနီး၊ အောင်ဆန်းလမ်း၊ သံဖြူဇရပ်မြို့။
ောဂါမိမိကစကာကွယ်ပါ
#မိမိပတ်ဝန်းကျင်ကိုကာကွယ်ပါ

26/11/2021

အားလုံးပဲမင်္ဂလာပါရှင့် 👩‍⚕

1.12.2021 နှင့် 2.12.2021 ၂ ရက် ခေတ္တဆေးခန်းပိတ်မှာဖြစ်ပြီး 3.12 2021 (သောကြာနေ့) ညနေ ၄ နာရီမှစ၍ ပုံမှန်အတိုင်း ဆေးခန်းပြန်ဖွင့်ပါမယ်။ လူနာအဟောင်းများ ကိစ္စအထွေအထူးရှိပါက ဆေးခန်းဖုန်းနံပါတ် (သို့) page messenger မှတဆင့်ဆက်သွယ်နိုင်ပါတယ်။

20/11/2021

အားလုံးပဲမင်္ဂလာပါရှင် 👩🏼‍⚕️

ဒီတစ်ပတ်မှာ ပြောပြပေးချင်တာကတော့ “Family planning နှင့် သားဆက်ခြားခြင်းများ”အကြောင်းပဲဖြစ်ပါတယ်။ အခုခေတ်အခါမှာ မိသားစုတစ်ခု စပြီးထူထောင်ပြီဆိုရင်တော့ အားလုံးမှာ ဘယ်နှနှစ်ကြာရင်ကလေးယူမယ်၊ ချက်ချင်းကလေးယူမယ်၊ မယူသေးဘူး၊ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်နှနှစ်ခြားမယ် စသဖြင့် ကိုယ့်မိသားစုအခြေအနေပေါ်မူတည်ပြီး ရည်ရွယ်ထားကြတာတော့ ရှိကြမှာပါနော်။
အဲ့အတွက်ကြောင့်မို့လို့ ကိုယ့်မိသားစုအတွက် ကိုယ်ရည်မှန်းထားတဲ့အတိုင်း အစီအစဉ်တကျဖြစ်ဖို့ဆိုရင်တော့ သားဆက်ခြားနည်းကို စနစ်တကျလိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။ နည်းလမ်းအမျိုးမျိုးမှာလည်း ကောင်းကျိုး၊ ဆိုးကျိုး အမြဲဒွန်တွဲနေတာကြောင့် မိမိနဲ့သင့်တော်မယ့်နည်း တခုကိုရွေးချယ်နိုင်ပါတယ်။

အရင်ဆုံး အမျိုးသမီးများ အသုံးပြုနိုင်တဲ့နည်းလမ်းများကို ပြောပြပေးပါမယ်။

(၁) နေ့စဉ်သုံးတားဆေးကဒ် သောက်သုံးခြင်း
တစ်နေ့တစ်လုံး နေ့စဉ် အချိန်မှန်မှန် သောက်သုံးရမှာဖြစ်ပါတယ်။ ဆေးကဒ်ရဲ့ နောက်ဆုံး အနီတန်းကိုရောက်ရင် ရာသီပေါ်မှာဖြစ်ပြီး ဆေးတစ်ကဒ်ကုန်တာနဲ့ နောက်တစ်ကဒ်ကို ဆက်ပြီးသောက်သွားရမှာဖြစ်ပါတယ်။ ဆေးသောက်ဖို့ မေ့ခဲ့တယ်ဆိုရင် သတိရရချင်းမှာ မေ့ခဲ့တဲ့ဆေးကိုသောက်ပြီး ကျန်ဆေးတွေကိုသူ့သောက်နေကြအချိန်မှာ ပုံမှန်အတိုင်းဆက်သောက်သွားပါ။ ဘယ်နှစ်တန်းမြောက်မှာ ဘယ်နှစ်လုံးမေ့ခဲ့တယ်ဆိုတာ မှတ်ထားပြီး ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပါ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ တစ်ခုသတိပေးချင်တာကတော့ နေ့စဉ်သုံးတားဆေးကဒ်ဟာ အရေးပေါ်တားဆေးမဟုတ်တဲ့အတွက် တူတူနေပြီးမှ စသောက်မယ်ဆိုရင်တော့ ကိုယ်ဝန်မတားနိုင်ပါဘူး။
✅ ကောင်းကျိုးအနေနဲ့ကတော့ ရာသီမမှန်တာ၊ ရာသီလာစဉ်ကိုက်ခဲတာ၊ သွေးဆင်းများတာ စတာတွေကိုပါ အတိုင်းအတာတစ်ခုအထိ သက်သာစေပါတယ်။ ဆေးဖြတ်ပြီးရင် ကလေးပြန်ရဖို့ အကြာကြီး မစောင့်ရပါဘူး။
⚠️ ဆိုးကျိုးအနေနဲ့ကတော့ နေ့စဉ်သောက်ရတဲ့အတွက် မေ့နိုင်တာ၊ အချိန်ကျော်သွားတာ၊ ခေါင်းတခြမ်းကိုက်တတ်တဲ့ ဝေဒနာရှိရင် ပိုဆိုးတတ်တာ၊ ပျို့အန်တတ်တာ၊ ကိုယ်အလေးချိန်အနည်းငယ်တက်လာတာ စတာတွေဖြစ်တတ်ပါတယ်။ သွေးတိုး၊ ဆီးချိုရှိသူတွေ၊ အဝလွန်သူတွေ၊ သွေးကြောပိတ်ဖူးသူတွေ မသုံးသင့်ပါဘူး။

(၂) အရေးပေါ်တားဆေးကဒ်
အကာအကွယ်မသုံးပဲ တူတူနေမိတာ၊ ပုံမှန်တားနေကျနည်းလမ်းများမှ အမှားအယွင်းတခုခုဖြစ်ပြီး အရေးပေါ်တားဖို့ လိုအပ်တဲ့အခါ(ဥပမာ- အကာအကွယ် ကွန်ဒုံးပေါက်ပြဲခြင်း၊ ဆေးကဒ်သောက်ဖို့မေ့ခဲ့တဲ့အခါ) များမှာ အရေးပေါ်သုံးဖို့ဖြစ်ပါတယ်။
✅ အရေးပေါ်အခြေအနေဖြစ်ခဲ့ပြီး ၇၂နာရီအတွင်း သောက်သုံးသင့်ပါတယ်၊ မြန်မြန်သောက်လေ ကိုယ်ဝန်မရနိုင်လေဖြစ်ပါတယ်။
⚠️ ဆေးသောက်ပြီးရင်တော့ ရာသီပေါ်ချိန်မဟုတ်သေးပဲလည်း သွေးနည်းနည်းဆင်းတတ်ပါတယ်၊ အရေးပေါ်တားဆေးဖြစ်တဲ့အတွက် ရည်ရှည်သန္ဓေတားဖို့ မသင့်တော်ပါဘူး။

(၃) ၃ လခံတားဆေးထိုးခြင်း
ကိုယ်ဝန်အကြာကြီးတားချင်သူတွေ ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုပါ။ ၃လ တစ်ကြိမ် (အတိအကျဆိုလျှင် ၁၂ ပတ်တခါ) အသားဆေးထိုးဖို့လိုပါမယ်။ ထိုးပြီးရင်တော့ ရာသီမမှန်တာ၊ လုံးဝမလာတာဖြစ်နိုင်ပါတယ်၊ ဆေးအာနိသင်ကြောင့်ဖြစ်တာမို့လို့ ရာသီမပေါ်လည်း စိုးရိမ်စရာမလိုပါဘူး၊ ဆေးထိုးဖို့ ရာသီပြန်ပေါ်တဲ့အထိလည်း စောင့်စရာမလိုပါဘူး၊ ထိုးရမယ့် ရက်ချိန်းအတိအကျအတိုင်း ဆေးဆက်ထိုးသွားနိုင်ပါတယ်။ တချို့ တချို့တွေမှာတော့ ပုံမှန်အတိုင်းလည်း ရာသီပေါ်တတ်ပါတယ်။
✅ ၃လမှတခါ ဆေးထိုးရမယ်၊ ဆေးကဒ်လို ခဏခဏမမေ့တော့ဘူး။ ဆေးကဒ်လိုမျိုး နို့ထွက်မနည်းတာကြောင့် ကလေးမီးဖွားပြီးရင် ထိုးလို့ရပါတယ်။
⚠️ ကလေးပြန်ရဖို့ အချိန်စောင့်ရတဲ့အတွက် လပိုင်းလောက်ပဲ ကိုယ်ဝန်တားချင်သူတွေ မသုံးသင့်ပါဘူး၊ ဆေးထိုးစမှာ တချို့ကတော့ သွေးဆင်းတာများတတ်ပါတယ်၊ ဒါမျိုးဆိုရင်တော့ ဆက်သုံးသင့် မသုံးသင့် ဆရာဝန်နဲ့ပြန်တိုင်ပင်ပါ။

(၄) လက်မောင်းတွင်းထည့် သန္ဓေတားနည်း
လက်မောင်းအောက် အရေပြားအတွင်းသို့ ပလတ်စတစ်ချောင်းကဲ့သို့ အရာလေး ထည့်ထားရတာဖြစ်ပါတယ်၊ ထိုးဆေးနည်းတူပဲ ဟော်မုန်းပါတဲ့ နည်းလမ်းဖြစ်ပြီး ၃နှစ်ခံ၊ ၅နှစ်ခံ စသဖြင့်ရွေးချယ်နိုင်ပါတယ်။
✅ နှစ်နဲ့ချီပြီး သန္ဓေတားနိုင်မယ်၊ ထုတ်ပြီးမကြာမီ ကိုယ်ဝန်ပြန်ရနိုင်တယ်။
⚠️ ထိုးဆေးလိုပဲ ရာသီမမှန်တာ၊ များတာ၊ မပေါ်တာဖြစ်တတ်ပါတယ်။

(၅) သားအိမ်တွင်းထည့် သန္ဓေတားနည်း
ဟော်မုန်းပါတဲ့နည်းနဲ့ မပါတဲ့နည်း၊ ၅ နှစ်ခံ မှ ၁၀နှစ်ခံ စသဖြင့်မိမိနဲ့ သင့်တော်ရာကိုရွေးချယ်နိုင်ပါတယ်၊ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သားအိမ်တွင်းသို့ T ပုံစံ သန္ဓေတားပစ္စည်းထည့်ထားရမှာပါ။ သားအိမ်ထဲကနေ ထွက်နေမယ့် ကြိုးစလေးရှိနေပါမယ်။ မွေးလမ်းကြောင်းတလျောက်ပိုးဝင်တဲ့ လက္ခဏာရှိသူတွေ၊ သားအိမ်အနေအထားမမှန်သူတွေနဲ့တော့ မသင့်တော်ပါဘူး။
✅ နှစ်အကြာကြီး သန္ဓေတားနိုင်မယ်၊ ဟော်မုန်းနဲ့မတည့်သူတွေအတွက် ဟော်မုန်းမပါတဲ့နည်းလမ်းကိုရွေးနိုင်ပါတယ်။ ကိုယ်ဝန်ပြန်ရဖို့ အကြာကြီးစောင့်စရာ မလိုပါဘူး။
⚠️ ဟော်မုန်း ပါ/မပါ ပေါ်မူတည်ပြီး သွေးဆင်းများတာ၊ နည်းတာ၊ ရာသီမမှန်တာ၊ ကိုက်ခဲတာ၊ ရှားရှားပါးပါး ပစ္စည်းထွက်ကျလာတာမျိုးလည်းရှိတတ်ပါတယ်။ ရာသီလာပြီးတိုင်း မိန်းမကိုယ်ထဲက ကြိုးစလေးကိုတော့ ရှိ/မရှိ စစ်ကြည့်ပေးဖို့လိုပါတယ်။

(၆) သားကြောဖြတ်ခြင်း
အသက်လည်းရလာပြီ၊ ကလေးလည်း လုံးဝထပ်မယူဖို့ သေချာပြီဆိုရင်တော့ သားကြောဖြတ်လို့ရပါတယ်၊ ခွဲစိတ်မှုအသေးစားလုပ်ဖို့လိုပါမယ်။ အသက်ငယ်သေးတယ်၊ ကလေးလည်း ၁ ယောက်၊ ၂ ယောက်ပဲရှိသေးတယ်ဆိုရင်တော့ ဆရာဝန်တွေက သားကြောမဖြတ်ပေးတတ်ကြပါဘူး။ အချိန်မရွေး အကြောင်းတခုခုကြောင့် ကလေးထပ်လိုချင်တာမျိုးဆိုရင် ဒုက္ခရောက်နိုင်လို့ပါ။

(၇) ရက်ရှောင်နည်း
ကိုယ်ဝန်ရသွားနိုင်တဲ့ အခွင့်အလမ်းများတဲ့အတွက် အသေးစိတ်မပြောပြတော့ပါဘူး။

အမျိုးသားများဘက်က အသုံးပြုနိုင်မယ့်နည်းကတော့ အကာအကွယ်(ကွန်ဒုံး)အသုံးပြုခြင်း နှင့် သားကြောဖြတ်ခြင်း တို့ပဲဖြစ်ပါတယ်။
အကာအကွယ်သုံးခြင်းအားဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
သားကြောဖြတ်နည်းကတော့ အမျိုးသမီးများကဲ့သို့ပဲ ခွဲစိတ်မှုအသေးစားပြုလုပ်ရမှာဖြစ်ပြီး ကလေးထပ်မယူဖို့လုံးဝသေချာပြီဆိုမှပြုလုပ်သင့်ပါတယ်။

“ဘေးအိမ်ကအစ်မကြီးက တားဆေးထိုးတယ်ဆိုလို့ သမီးလည်းလိုက်ထိုးလိုက်တယ်၊ ကလေးလိုချင်နေတာကြာပြီ အခုထိပြန်မရသေးဘူး”
“ညီမကအလုပ်အရမ်းများတာ၊ ဆေးကဒ်သောက်တာလည်းမေ့လိုက်၊ ပြန်သောက်လိုက်နဲ့ မမှန်ဘူး၊ အခုရက်ကျော်နေပြီ ရာသီမပေါ်တော့လို့ ဆီးစစ်ကြည့်တာ ၂ ကြောင်းပေါ်တယ်” စတဲ့ စတဲ့ ပြဿနာတွေ အများကြီးကြုံရတတ်ပါတယ်။

ဒါကြောင့်မို့လို့ သားဆက်ခြားခြင်းကို အများအသုံးများတဲ့နည်းလမ်းကို ကိုယ်ပါလိုက်သုံးကြည့်တာမျိုးထက် မိမိနဲ့ကိုက်ညီမယ့်နည်းလမ်းကို တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး သေချာရွေးချယ်သင့်ပါတယ် ဆိုတဲ့အကြောင်း ထပ်ပြီးပြောပြချင်ပါတယ်။

❓ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တာရှိရင်တော့ Chat box မှာမေးထားနိုင်ပါတယ်။
🏥 ဆု ဆေးခန်း၊ စျေးကြီးအနီး၊ အောင်ဆန်းလမ်းမကြီး၊ စက်သစ်ရပ်၊ သံဖြူဇရပ်မြို့။
⏰ ဆေးခန်းဖွင့်ချိန် - မနက် ၇ နာရီ မှ ည ၇ နာရီ

Address

Thanbyuzayat

Website

Alerts

Be the first to know and let us send you an email when Hsu Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category