19/05/2026
“အိုနာကျချိန်”
သက်ရွယ်ကြီးလာ ငါ့ခန္ဓာကား
ဇရာဝါးမျို ယိုယွင်းအိုပြီ
ကိုယ်တိုင်ကိုယ်ကျ စားသောက်မရ
ထူလိုမရ ထမရနှင့် ထိုင်ကယိမ်းယိုင်
မခိုင်အားပျော့ နွမ်းလျဖျော့တော့
အပေါ့အလေး အရှက်ဝေးလျက်
အိပ်ရာထက်ဝယ် ယိုလတ်ကုန်ပြီ
သူများမှီမှ ကိစ္စပြီးရ
လိုဆန္ဒကို မပြောဆိုနိုင်
မြင်နိုင်ကြားစွမ်း နည်းပါးဆုတ်လာ
ဘာဆိုဘာမှ သုံးမရပါ
သည်ခန္ဓာကို ကောင်းသလိုသာ
လုပ်ချင်ရာသာ လုပ်ကြပါလေ
မျက်နှာငယ်နှင့် မျှော်လင့်အားကိုး
စိုးကြောက်ပုံကို မပြလိုငြား
ဖုံးထားမရ ပေါ်နေကြလိမ့်
ဒုက္ခစုံထုပ် ဤကိုယ်ရုပ်ကို မလိုချင်တော့
မလျော့ချစ်ခြင်း ငြိုငြင်ကင်းကာ
ကြင်ကြင်နာနာ ပြုစုကာနေ
သူတို့တွေလည်း ပန်းနေရောပေါ့ …
သေပါတော့ဟု ဆုတောင်းမကောင်း
ထိုဆုတောင်းသာ တောင်းကောင်းပါကား
ငါတောင်းချင်၏ နေ့ရှိခံစား
သေခြင်းနားနီး အချည်းနှီးကိုယ်
စက္ကန့်ဆိုမျှ ရှင်ရသက်ရှည်
မနေလိုပြီ ကိုယ်လိုမကျ
နေရနာရ ခံရဒုက္ခ
မမြဲလှရာ မှတ်နေပါငြား
ထွေပြားအာရုံ များစုံတွေကြား
ဝိုးတိုးဝါးတား အထင်မှားချင်
သင်…ယမမင်း သင့်စာရင်းမှာ
ငါများကျန်နေခဲ့သလား။
(သန်းထွန်းအောင်)