10/07/2026
မေး - လည်ပင်း အာရုံကြောညပ်တာဟာ အာရုံကြော လွတ်အောင် ပြန်လည် ကုသလို့ရပါသလား ? ပြန်လည် ပျောက်ကင်းနိုင်ပါသလားရှင့်
လည်ပင်းဆစ် (C1 to C7) ကြားမှာ အာရုံကြောညှပ်တဲ့ဝေဒနာ (Cervical Radiculopathy) ဟာ တကယ်ကို ခံရခက်ပြီး နေ့စဉ်ဘဝကိုအနှောင့်အယှက်ပေးတဲ့ ပြဿနာတစ်ခုပါ။
အတိုချုပ်ဖြေရရင် အာရုံကြောကို ပြန်လွတ်အောင် ၈၀%-၉၀% သော အခြေအနေတွေမှာ ခွဲစိတ်စရာမလိုဘဲ ထိရောက်စွာ ကုသလို့ ရပါတယ်ရှင့်။ ပြန်လည်ကောင်းမွန်လာအောင် ကုသပေးလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
အာရုံကြောပြန်လွတ်လာအောင် ကုသပေးနိုင်တဲ့ အဓိကနည်းလမ်းတွေကို အားလုံးလဲ ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင့် .....
ပထမဦးစွာ လည်ပင်းအာရုံကြောညက်တဲ့ ဝေဒနာကို ခံစားရတဲ့သူတစ်ယောက်အတွက် အရိုးအကြော အဆစ်ဆိုင်ရာ ဆရာဝန်ကြီးနဲ့ အရင် ပြသဖို့ လိုအပ်ပါတယ်။
လိုအပ်သော X rays MRI လိုအပ်သော စမ်းသပ်စစ်ဆေးမှု များ ပြုလုပ်ပြီးနော် စနစ်တကျ ကုသမှု ယူရမှာ ဖြစ်ပါတယ်။
1 ) ဆေးဝါးဖြင့် ကုသခြင်း (Medical Management)
နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပြီး အာရုံကြော သက်သာစေဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်ရောင်ရမ်းမှုကျဆေးများ (NSAIDs): အာရုံကြောပတ်ပတ်လည်က ရောင်ရမ်းမှုကို လျော့ကျစေပြီး ဖိအားသက်သာစေပါတယ်။
ကြွက်သားဖြေလျော့ဆေးများ (Muscle Relaxants): လည်ပင်းနာလို့ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။
အာရုံကြောဆေးများ (Neuropathic Pain Medications): အာရုံကြောညှပ်လို့ ထုံကျဉ်တာ၊ ဖျဉ်းဖျဉ်းတောက်တာတွေကို သက်သာစေပါတယ်။
2 ) Physiotherapy Management အရိုးအကြောအဆစ်ဆိုင်ရာ ပြန်လည်သန်စွမ်းရေး ကုသမှုများ
ကုသမှု နည်းလမ်းများထဲမှာ ဒါကတော့ ရေရှည်အတွက် အထိရောက်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး ကုသမှု ဖြစ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ Physiotherapist (အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးပညာရှင်) တွေနဲ့ စနစ်တကျ ပြသကုသရပါမယ်
Manual Therapy (Cervical Traction): လည်ပင်းရိုးတွေကို စက်နဲ့ဖြစ်စေ၊ လက်နဲ့ဖြစ်စေ အသာအယာ ဆွဲဆန့်ပေးပြီး ညှပ်နေတဲ့ လည်ပင်းဆစ်ကြားနေရာကို ကျယ်လာစေကာ အာရုံကြောကို ဖိမိရာကနေ လွတ်လာအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
Exercises: လည်ပင်းနဲ့ ပခုံးတစ်ဝိုက်က ကြွက်သားတွေကို သန်မာလာစေပြီး လည်ပင်းဆစ်တွေအပေါ် သက်ရောက်နေတဲ့ ဖိအား (Pressure) ကို လျှော့ချပေးမယ့် လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။
Posture Correction: ခေါင်းငုံ့ဖုန်းကြည့်တာ၊ ကွန်ပျူတာရှေ့မှာ ပုံစံမမှန်ဘဲ ထိုင်တာတွေက လည်ပင်းရိုးကို ပိုညှပ်စေလို့ လည်ပင်းအနေအထားကို တည့်မတ်အောင် ပြုပြင်ပေးရပါမယ်။
3 ) အနားယူခြင်းနှင့် အပူ/အအေးကပ်ခြင်း
Soft Cervical Collar: လည်ပင်းကို အရမ်းမလှုပ်ရှားမိစေဘဲ အာရုံကြော အနားရအောင် ရက်တို (ဥပမာ- တစ်ပတ်ခန့်) လည်ပင်းစွပ် စွပ်ထားနိုင်ပါတယ်။ (ရေရှည်စွပ်ရင်တော့ ကြွက်သားချည့်နဲ့တတ်လို့ သတိပြုရပါမယ်)။
Ice/Heat Therapy: လတ်တလော အရမ်းနာနေရင် ရေခဲကပ်ပေးပြီး၊ နာတာရှည် ကြွက်သားတောင့်တင်းနေရင် ရေနွေးအိတ်ကပ်ပေးလို့ ရပါတယ်။
4 ) Injection (ဆေးထိုးကုသခြင်း)
တကယ်လို့ ဆေးသောက်တာ၊ Physiotherapy လုပ်တာတွေနဲ့မှ မသက်သာရင် ဆရာဝန်က လည်ပင်းအာရုံကြောအနားကို စတီးရွိုက်ဆေး (Epidural Steroid Injection) တိုက်ရိုက်ထိုးပြီး ရောင်ရမ်းမှုကို ချက်ချင်းလျော့ကျသွားအောင် လုပ်ပေးတတ်ပါတယ်။
5 ) ခွဲစိတ်ကုသခြင်း (Surgery)
ဒါကတော့ နောက်ဆုံးအဆင့်ဖြစ်ပြီး လူနာအနည်းစုမှာပဲ လိုအပ်ပါတယ်။ ဆေးကုသမှုအားလုံး ခံယူပြီးလို့ (၆ ပတ်ကနေ ၃ လကျော်အထိ) လုံးဝမသက်သာရင် သို့မဟုတ် လက်မမသယ်နိုင်တော့တဲ့အထိ အာရုံကြော ပျက်စီးလာရင်တော့ ညှပ်နေတဲ့ အရိုးနု/အရိုးစွန်းကို ဖယ်ရှားဖို့ ခွဲစိတ်ရတတ်ပါတယ်။
ဒါကြောင့် ရောဂါတစ်ခု ဖြစ်လာပြီဆို စိတ်ရှည်စွာ ကုသပေးပါ။ အလွယ်လမ်းမလိုက်ကြဖို့ နည်းစနစ်တကျ မှန်မှန်ကန်ကန် ကုသကြဖို့ လိုအပ်ပါတယ်ရှင်။
Light Physiotherapy Clinic
#အရိုးအကြောအဆစ်ဆိုင်ရာကျန်းမာရေးဗဟုသုတ
Crd Photos from Google
Reference
Cleveland Clinic. (n.d.). Cervical radiculopathy (pinched nerve). Retrieved July 10, 2026, from https://my.clevelandclinic.org/health/diseases/22639-cervical-radiculopathy-pinched-nerve