Drmyo

Directions

Drmyo This page is about the personal experience of a surgeon and to share some knowledge about the surgery. Consultant Surgeon ( General & Colorectal Surgery)

ဖိတ်ကြားခြင်း*************၂၇/၉/၂၀၂၆ တနင်္ဂနွေနေ့မှာ Novotal Hotel Max မှာ ကျွန်တော် ဒေါက်တာမျိုးသက်အောင် က အူမကြီးကင်ဆာရ...
20/09/2026

ဖိတ်ကြားခြင်း
*************

၂၇/၉/၂၀၂၆ တနင်္ဂနွေနေ့မှာ Novotal Hotel Max မှာ ကျွန်တော် ဒေါက်တာမျိုးသက်အောင် က အူမကြီးကင်ဆာရောဂါခွဲစိတ်ခံရမယ့် လူနာတွေအတွက် အကောင်းဆုံး အမြန်ဆုံး အသက်သာဆုံး နလန်ထအောင် ဘာတွေလုပ်သင့်တယ်၊ နိုင်ငံတကာမှာ ဘာတွေလုပ်ကြတယ်ဆိုတဲ့ Enhanced Recovery After Surgery ( ERAS for Colorectal Cancer ) ကို ရှင်းပြမှာဖြစ်ပြီး အဟာရအထူးပြုဆရာဝန် ဒေါက်တာမေဖူးဇွန် ကလဲ အူမကြီးကင်ဆာလူနာတွေ မခွဲစိတ်ခင်နဲ့ ခွဲစိတ်ပြီးကာလ ဘာတွေ ဘယ်လိုစားသောက်နေထိုင်သင့်တယ်ဆိုတဲ့အကြောင်း နိုင်ငံတကာဆေးပညာ စံနှုန်းတွေနဲ့ ဆွေးနွေးပွဲလေးရှိလို့ ဖိတ်ကြားအပ်ပါတယ်။

ဆရာဝန်များအနေနဲ့ ပွဲကို လူကိုယ်တိုင်တက်ရောက်နိုင်ပြီး ပွဲစီစဉ်သူက နေ့လည်စာနဲ့ ဧည့်ခံမယ်ပြောပါတယ်။

၀၉ ၉၈၂ ၉၉၉ ၅၀၉ ဖုန်းနံပါတ်ကို ဆက်သွယ်၍ရသလို viber ကနေ စာပို့ပြီးတော့လဲ registration လုပ်လို့ရပါတယ်။ ဆရာဝန်တွေ အတွက်ပါ။ Pre operative care ၊ post operative care တွေကို ကောင်းစွာ updated ဖြစ်ပြီး GP ဆရာဝန်များ၊ Junior Doctor MO များအတွက် အလွန်အကျိုးရှိနိုင်ပါလိမ့်မယ်။ ပွဲချိန်ကလဲ ၃ နာရီတောင် ရတာမို့ ကျွန်တော်တို့နဲ့ အေးအေးဆေးဆေး ရင်းရင်းနှီးနှီး မေးချင်တာတွေမေးပြီး ဆွေးနွေးနိုင်ပါတယ်။

ဆရာဝန်မဟုတ်ဘဲ အူမကြီးကင်ဆာ ဗဟုသုတ ကို စိတ်ဝင်စားသူတွေ အနေနဲ့ ဖိတ်စာပါ zoom link ကနေ နားထောင်နိုင်သလို သိချင်တာတွေကိုလဲ zoom ကနေ ဆွေးနွေးလို့၊ မေးမြန်းလို့ရပါတယ်။ လူနာများ၊ လူနာ မိသားစုများအတွက် အလွန်အသုံးဝင် အကျိုးရှိမယ် မျှော်လင့်ပါတယ်။

ဒီပွဲက ဘာကြော်ငြာပွဲမှ မဟုတ်ပါဘူး။ ဘာဆေးအကြောင်းမှလဲ မပြောပါဘူး။ တကယ့် အူမကြီးကင်ဆာ အနှစ်သာရကိုပဲ ဆွေးနွေးမှာ ဖြစ်တဲ့အတွက် ဆရာဝန်များရော၊ ဆရာဝန်မဟုတ်ဘဲ စိတ်ဝင်စားသူများ အားလုံးကိုရော သေချာစွာ ဖိတ်ကြားအပ်ပါတယ်။

ဒေါက်တာ မျိုးသက်အောင်
အူမကြီးခွဲစိတ်အထူးကု ဆရာဝန်
ပင်လုံဆေးရုံ၊ ရန်ကုန်မြို့။

See ya !

23/08/2026

သေရေးရှင်ရေး
# # # # # # # # # # # #

လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်တော့်ရဲ့ ခွဲစိတ်ဆရာဝန်ဘဝမှာ ထူးထူးခြားခြားကြုံခဲ့ရတဲ့ အခြေအနေ လူနာ (၃) ယောက်ကို နမူနာပြုပြီး ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ အချိန်တိုင်း အခါတိုင်း တဆုံးထိ လူနာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ စွန့်စားနေတာဟာ အမြဲမမှန်နေဘူးလို့ ကျွန်တော့် ယူဆချက်ကို တင်ပြခဲ့ပါတယ်။ အဲ့ဒီ လူနာ (၃) ယောက်ကို ကျွန်တော် တဆုံးမစွန့်စားခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ခွဲစိတ်ဆရာဝန်သက်တမ်း ၁၇ နှစ်မှာ လူနာ(၃) ယောက်ကို လူနာအန္တရာယ်ကင်းရေးကို ရှေရှုပြီးနောက်ဆုတ်ခဲ့ရတဲ့အတွက် ကျွန်တော်ဟာ အမြဲ နောက်ဆုတ်နေတာ မဟုတ်ဘူးဆိုတာကတော့ အတော် ထင်ရှားပါတယ်။ ၁၇ နှစ်မှာ ၃ ယောက်ပဲ ကျွန်တော် လက်မြှောက်ခဲ့တာကိုး။ ကင်ဆာကြောင့် ခွဲမရတဲ့ လူနာတွေတော့ ဒီစာရင်းထဲ မပါဘူးပေါ့ဗျာ။

တကယ်တော့ ကျွန်တော်က တော်ရုံနောက်ဆုတ်လေ့ ရှိသူမဟုတ်ပါဘူး။
နောက်ဆုတ်ရေး ရှေ့တိုးစွန့်စားရေးဟာ လူနာ ဘာကြောင့် ခွဲစိတ်ရတယ်ဆိုတဲ့ အကြောင်းရင်းခံကပဲ အရေးကြီးပါတယ်။

ဥပမာ ထိခိုက်ဒဏ်ရာရနေတဲ့လူနာ၊ အူပိတ် အူပေါက်လို့ သွေးဆိပ်တက်နေတဲ့လူနာဆိုလို့ကတော့ ခွဲခန်းကုတင်ပေါ်မှာ ခွဲနေရင်းတောင် on table death ဖြစ်ရင် ဖြစ်ရပါစေ။ ကျွန်တော်က လုံးဝနောက်ဆုတ်မယ့်သူ မဟုတ်ပါဘူး။

ရန်ကုန်ဆေးရုံကြီးမှာနေစဉ်က ထိခိုက်ဒဏ်ရာရ၊ သွေးပေါင်ကျပြီးလူနာ ရှော့ခ်ရနေလို့ကတော့ ကျွန်တော်က တဆုံးဆော်မှာပါ။ အခုတော့ ဝန်ထမ်းလဲမဟုတ်တော့၊ ရန်ကုန်ဆေးရုံကြီးမှာလဲ မဟုတ်တော့တဲ့အတွက် ဒါမျိုးလူနာတွေက ကိုယ်တွေကြုံစရာ အခွင့်အလမ်းက အရမ်းနည်းသွားပါပြီ။ trauma လို့ခေါ်တဲ့ ထိခိုက်ဒဏ်ရာဟာ ဘယ်လောက်ပင်ဆိုးပါစေ လက်လျှော့ရမယ့် လူနာမဟုတ်ပါဘူး။

ဒီလို ထိခိုက်ဒဏ်ရာလူနာတွေအတွက် တချို့သော မေ့ဆေးဆရာဝန်များနဲ့ ကျွန်တော် ရန်တောင်ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် ( ဓါးထိုး၊ သေနတ်မှန်၊ ကားတိုက်၊ သေနတ်မှန်၊ ရထားကြိတ်၊ ပြုတ်ကျ) သွေးထွက်လွန်ပြီး shock ရှော့ခ်ရတဲ့အခါ မူအရ အမြန် ABC Airway Breathing Circulation ( quick resuscitation) လုပ်ပြီးတာနဲ့ ခွဲခန်းထဲ အမြန်ဆွဲသွင်းသင့်တာပါ။ မေ့ဆေးဆရာဝန် အများစုကတော့ ဒီမူတွေကို ကောင်းစွာကြေညက်ကြပြီး အတတ်နိုင်ဆုံး ခွဲခန်းထဲ အမြန်ရောက်အောင် လုပ်ကြပါတယ်။

သို့သော် တချို့ တချို့သော မေ့ဆေးဆရာဝန် အနည်းစုတို့ကား အလုပ်မလုပ်ချင်တာလား၊ အလုပ်မရှုပ်ချင်တာလား၊ စာပဲ သေချာမဖတ်တာလား မသိဘဲ အဓိပ္ပါယ်မဲ့ ကြန့်ကြာစေသော အမှုကို ပြုကြတတ်သည်။ ဥပမာ လူနာသည် အရက်သောက်ရင်း ရန်ဖြစ်၍ ဓါးနဲ့ထိုးကြသည်ဆိုပါတော့ ။ မေ့ဆေးဆရာဝန်က လူနာက အစားတွေစားထား၍ (၆) နာရီစောင့်အုန်းဆိုပါက ကျွန်တော်နှင့် ရန်ဖြစ်တော့သည်။ ဓါးနဲ့ထိုး၍ ရှော့ခ်ရနေပါတယ်ဆိုမှ အဘယ်မှာ ၆ နာရီစောင့်နိုင်အံ့နည်း။ ဒီလူနာမေ့ဆေးပေး၍ အန်ဖတ်ဆို့ကာမှ ဆို့ရော ( ဆို့တာနည်းအောင် လုပ်သည့်နည်းတွေရှိသည်၊ တကယ် အရေးပေါ်လျှင် ခုထမင်းစားထားလဲ ခု မေးဆေးပေးရမည်ပင်) အမြန်ခွဲသင့်သည် မဟုတ်ပါလား။ အန်ဖတ်ဆို့ပြီး သေဖို့က အခွင့်အလမ်းနည်းနည်းလေး၊ အခု ရှော့ခ်ရပြီး သေဖို့က တော်တော်သေချာနေပြီ မဟုတ်ပါလား။

အများစုသော မေ့ဆေးဆရာဝန်တို့ကတော့ သွေးဘယ်နှစ်လုံး in hand ရရင် ခွဲခန်းကို ဝင်ခဲ့တော့ဟူ၍ လမ်းဖွင့်ပေးထားကြတာများပါသည်။

တချို့သော မေ့ဆေးများနှင့်လဲ နောင်ဂျိန်ရသည်။ အကြောင်းကား လူနာသည် ထိခိုက်ဒဏ်ရာရသည်။ အခြေအနေမကောင်း။ အခြေအနေ မကောင်းမှန်း ကျွန်တော်လဲ သိသည်။ လူနာရှင် မိသားစုလဲသိသည်။ အခြေအနေမကောင်းသော်လဲ ကျွန်တော်က ခွဲသင့်သည်လို့ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဘယ်လောက်ပင် အခြေအနေ မကောင်းမကောင်း ခွဲခန်းထဲမှာ ကြိုးစားလျှင် ၁၀ ရာခိုင်နှုန်း ရှင်ဖို့ အခွင့်အလမ်းရှိအုန်းတော့ အဆိုပါ ၁၀ ရာခိုင်နှုန်းသည် ကြိုးစားသင့်သည်ဟု ကျွန်တော် ယုံကြည်သည်။ ဆုံးသွားဖို့ ၉၀% ရှိတာ ကျွန်တော်လဲ သိသည်။ လူနာမိသားစုကို ရှင်းပြ၊ မိသားစုက high risk consent ခွဲစိတ်နေရင်း အသက်ဆုံးနိုင်တာ သဘောတူတယ်၊ သူတို့ ကြိုးစားမယ်ဆို ကျွန်တော်တို့ ခွဲရုံပဲပေါ့။ မဟုတ်ပါလားဗျာ။ လူနာ ရှင်ခဲ့သော် အမြတ်၊ ဆုံးခဲ့သော် အရှုံးမဟုတ်၊ အရင်းဖြစ်ကြောင်း ကျွန်တော်က လူနာရှင်ကို ရှင်းပြသည်။ မခွဲရင် ဘယ်လိုမှ မရှင်၊ ဘာမျှော်လင့်ချက်မှ မရှိဘူး မဟုတ်ပါလား။

သို့သော် တချို့သော မေ့ဆေးဆရာဝန်တို့သည် လူနာကို မခွဲဖြစ်အောင် သွေးဆောင်ကြကုန်၏။ ခွဲလဲ ဆုံးမှာပဲ၊ မခွဲလဲ ဆုံးမှာပဲ။ ခွဲမနေနဲ့။ မေ့ဆေးပေးတာနဲ့ လူနာက ဆုံးမှာ၊ စသည်ဖြင့် ပြောကာ လူနာ၏ စိတ်ကို ယိုင်နဲ့စေသည်။ ကျွန်တော့်ကိုကျ ဆရာလူနာက မခွဲတော့ဘူးပြောတယ်၊ consent မပေးဘူးဟူ၍ လူနာနှင့် ပြန်တည်ပေးသည်။ ဆရာရယ် ခွဲလဲ ရှင်ဖို့ မလွယ်ပါဘူး၊ ခွဲမနေပါနဲ့ဟူ၍ ပြောသေးသည်။ သူကပဲ ကျွန်တော် အာရုံမနောက်ရအောင်၊ အန္တရာယ်ကင်းအောင် high risk လူနာတွေကို စေတနာနှင့် ရှင်းပေးသလို ပြောသေးသည်။

ကျွန်တော့် ဒေါသသည် အထွတ်အထိပ်သို့ရောက်သည်။ ဒေါသထွက်ခြင်းကား သူတို့မေ့ဆေးမပေးချင်တာကို မပေးချင်ဘူး မပြောဘဲ လူနာကို တနည်းလှည့်ပြီး ခွဲလဲရှင်မှာမဟုတ်ဘူးဟု သွေးဆောင်ခြင်းကို သိခြင်းကြောင့်ပေ။ လူနာရှင်က ခွဲလဲ မရှင်တော့ဘူးလို့ မေ့ဆေးဆရာဝန်က ပြောပါတယ်ဆိုပြီး မျက်ရည်လေးစမ်းစမ်းနဲ့ လာပြောကာ မရှင်မယ့်အတူတူ ကျွန်မ မခွဲတော့ဘူး ဖြစ်ကုန်သည်။

ကျွန်တော်က ဟုတ်တယ်လေ၊ ခွဲလဲ ရှင်ပါမယ်တော့ အာမဘန္ဓေတော့ မခံနိုင်ဘူး။ သို့သော် ကြိုးစားသင့်တယ်။ ရှင်ဖို့နည်းသော်ငြား သုည ဇီးရိုးမဟုတ်။ မခွဲလျှင်ကား ဘာမှ မမျှော်လင့်နဲ့တော့၊ မရှင်တော့မှာ မုချပေတည်း ဟူ၍သာ ပြောရလေတော့သည်။

ဒီလိုအချိန်မှာ လူနာရှင်အတွက် ဘာမှရွေးစရာ မကျန်တော့ပေ။ ဒါက တဆုံးစွန့်စားရမည့်အချိန်ဖြစ်နေပြီ။ ဒါကို လူနာရှင်ဖက်က သေချာသဘောမပေါက်၊ consent မပေးတော့ ကျွန်တော်လဲ ဘာမှ လုပ်မရတော့။ မေ့ဆေးကိုလဲ သွားပြီးရန်ဖြစ်၍ မရတော့။ လူနာက ခွဲဖို့သဘောမတူတော့၊ consent မပေးပါနှင့် ချည်တုပ်ပစ်လိုက်ပြီကိုး။

ကျွန်တော့် ယုံကြည်ချက်ကား မြန်မာပြည်၏ အကြီးဆုံးဆေးရုံ၊ ထိခိုက်ဒဏ်ရာကုသရာတွင် လူအစုံဆုံး၊ ပစ္စည်းအစုံဆုံးဆိုသည့် ရန်ကုန်ဆေးရုံကြီးက အမြင့်မားဆုံးသော စွန့်စားမှုဖြင့် most highest risk ကို တာဝန်ယူရမည် မဟုတ်ပါလား။ ဘာကို ကြောက်နေရမည်နည်း။ on table death ကို ( ခွဲစိတ်စဉ်သေဆုံးခြင်း) ကို ကြောက်နေရမည့် အချိန်မဟုတ်ဟု ယူဆသည်။ လူနာကို ဂွင်ရိုက်တာလဲ မဟုတ်၊ ပိုက်ဆံယူပြီးခွဲတာလဲမဟုတ်၊ လူနာက ထိခိုက်ဒဏ်ရာ၊ လွန်ခဲ့သော တနာရီကမှ အကောင်းကြီးကို ဘာကို ကြောက်၍ မခွဲဘဲ နေရမည်နည်း။
မရှင်ကာမှ မရှင်ရော ခွဲကိုခွဲ၍
ရသလောက် အစွမ်းကုန် ကြိုးစားသင့်သည် မဟုတ်ပါလား။ high risk perforation with septicemia လူနာတွေကို မခွဲရဘဲ drain ပဲထည့်နေခြင်းကိုလဲ ကျွန်တော် သဘောမတူပါ။ အေးဆေးအားမှ ရေးဖြစ်ပါအုန်းမည်။

နယ်ဆေးရုံဆိုရင်တော့ တမျိုးပေါ့။ ပစ္စည်းမစုံလို့ ၊ လူမစုံလို့ ရန်ကုန်သွားပါလုပ်၍ ရသော်လဲ ဒီရန်ကုန်ဆေးရုံကြီးကမှ trauma ထိခိုက်ဒဏ်ရာကို တဆုံးမဆော်လျှင် ဘယ်သူက လာခွဲပေးအုန်းမှာလဲ မဟုတ်ဘူးလားဗျာ။ စိတ်ထဲမှာ ကြိတ်မနိုင် ခဲမရ YGH ( ရန်ကုန်ဆေးရုံကြီး) သိက္ခာကျသည်ဆိုကာ ဒေါသက တနုံ့နုံ့ထွက်သည်။

အချုပ်ပြောရရင် အဲ့ဒီလူနာမခွဲဖြစ်၊ ဆုံးသွားပါသည်။ မေ့ဆေးကိုလဲ စိတ်ထဲကသာ ဒေါသထွက်လို့ရသည်။ လူနာရဲ့ ဇနီးက မေ့ဆေးဆရာဝန်စကား နားယောင်ကာ မရှင်နိုင်ရင် မခွဲတော့ပါဘူးဟူ၍ ဆင်ခြင်ဥာဏ်နည်းစွာ ဆုံးဖြတ်လေသဖြင့် သူသဘောမတူတော့ဘူးဆိုတော့ ကျွန်တော်လဲ ဂရုဏာ ဒေါသောပဲပေါ့ဗျာ။ လူနာ အမျိုးသမီးကသာ consent ပေးလို့ကတော့ ကျွန်တော် မရရအောင် တက်ရန်ဖြစ်ပြီး ခွဲသပေါ့။ စိတ်ထဲကတော့ ဒီအခြေအနေမျိုးမှာ ဘယ်ဆရာဝန်ကမှ ရှင်ပါမယ် အာမမခံဘူးဟေ့။ ဆရာဝန်ဆိုတာ အခုလို အခြေအနေဆိုးတာ မပြောနဲ့ ၊ သာမန်ခွဲစိတ်မှုတောင် ရှင်ရပါစေ့မယ်၊ ကောင်းရပါစေ့မယ် အာမခံဖြင့်ကုသည်ဆိုတာ ဆေးပညာမှာ ရှိမှ မရှိဘဲ။

ယခုတော့ ဒါမျိုးတွေ မကြုံရတော့ပါ။ မကြုံရဆို ဝန်ထမ်းမှ မဟုတ်တော့ဘဲကိုး။

အခုကျ တမျိုးဗျ။ ခဏ ခဏ ဘာကြုံသလဲဆိုတော့ ဗိုက်နာ၍ ဗိုက်တင်း၍ acute abdomen ဖြစ်၍ အရေးပေါ် ဗိုက်ခွဲရန် လို၊ မလို ကွန်ပြူတာဓါတ်မှန် urgent CT ရိုက်ခိုင်းလိုက်ပါက ဓါတ်မှန်ဌာနက ဒီလူနာ Metformin ဆီးချိုဆေး သောက်ထား၍ (၃) ရက်စောင့်ပြီးမှ CT ရိုက်ပါဆိုသော အူကြောင်ကြောင် အတွေးအခေါ်ပေတည်း။

အူပိတ်နေလို့ ၊ အူပေါက်နေလို့၊ သွေးဆိပ်တက်နေလို့ CT ရိုက်ပါတယ်။ ချက်ချင်း urgent ရိုက်ပါဆိုမှ ဒီ မက်ဖော်မင် ဆီးချိုဆေးကို လာပြောနေပေသေးသည်။ ဟေ့ နင့် မက်ဖော်မင်ကြောင့် ကျောက်ကပ်ထိမှာက မသေချာဘူး၊ ထိချင်မှလဲ ထိမှာ။ အခု septicemia ရမှာသေချာနေပြီမို့ နင့်ကျောက်ကပ်လဲ acute renal failure က လာမှာ သေချာတယ် ဆူဆဲမှ ရိုက်ပေးသည်။ ဘာက ဦးစားပေးဆိုတဲ့ priority ကို အသုံးမချဘဲ သာမန် elective guideline တွေ လာလုပ်နေတော့ မခက်ပါလား။

အဲ့လိုအချိန်မှာလဲ လူနာမိသားစုရဲ့ ဆုံးဖြတ်ချက်က အရေးကြီးသည်။ ခွဲစိတ်မှုသည် အူပိတ်၊ အူပေါက်၊ သွေးဆိပ်တက်ခြင်းတွင် အန္တရာယ်များမည်သာ။ သို့သော် ဒီအခြေအနေမှာ အူပိတ်၊ အူပေါက်ကို မခွဲလျှင် ရှင်မည် မဟုတ်ချေ။ တသိန်းတယောက်တော့ ရှင်ချင်ရှင်ပေလိမ့်မည်။ ကြံဖန်ငြင်းမှာစိုး၍ ကြိုကန်ထားရသေးသည်။ သာမန်အားဖြင့် မရှင်နိုင်ခြေ။ ခွဲလို့ ရှင်ရင် အမြတ်၊ မရှင်ရင် အရင်းလို့ပဲ သဘောထားပြီး ဆုံးဖြတ်ရမည့် ကိစ္စပေတည်း။

တခုပဲ ကွာသွားသည်။ ကျွန်တော် ယခင် းန်ကုန်ဆေးရုံကြီးတုန်းကလို နောက်ဆုံးခံတပ်မဟုတ်တော့၍ ဒေါသမထွက်တော့ပေ။ လူနာက high risk consent ကို လက်မခံပါက ရန်ကုန်ဆေးရုံကြီးမဟုတ်၍ ကျွန်တော်မှာ ဘာလောဘမှလဲ မရှိ၊ ဘာဒေါသမှလဲ မရှိ။ ပိုက်ဆံလိုချင်လို့ကတော့ ဒီလို လူနာတွေ ဘာလို့ ဦးနှောက်ခြောက်ခံပြီး ခွဲနေမလဲ။ ဟုတ်ဘူးလားဗျာ။ ဆူလွယ်နပ်လွယ်လေးတွေပဲ ခွဲနေမှာပေါ့။ high risk လူနာကို အပြင်မှာခွဲတယ်ဆိုတာ မိမိဂုဏ်သိက္ခာကို တန်ဖိုးထားသောကြောင့်နှင့် လူနာရှင်ရဲ့ မိမိအပေါ် ယုံကြည်ခြင်းကို တန်ဖိုးထားလေးစားသောကြောင့်သာ ခွဲခြင်းပေတည်း။ လူနာရှင်က သဘောပေါက်တယ်၊ သဘောတူတယ်နော်၊ အသက် ၉၀ ကျော် ရောဂါတွေ ပွစိတက်နေလဲ ခွဲပေးသည်။ အများကြီး ရှင်ကြသည်။ ဟိုတလောကဘဲ heart attack ( myocardial infarction) နှလုံးသွေးကြောပိတ်ထားတာ တပတ်ပဲ ရှိသေးသည့် လူနာ MI ရပြီးတပတ်အကြာ အူမကြီးကင်ဆာမှ အူပေါက်သဖြင့် ခွဲစိတ်ရာ ရှင်သည်။ အေးဆေးပဲ လူနာက လန်းလို့ ဖြာလို့။ လူနာရှင်တွေက ပညာတတ်သည်၊ စဉ်းစားတတ်သည်။ ဝေလေလေ မလုပ်။ မခွဲရင် မရှင်နိုင်တာ သူတို့နားလည်သည်။ ဆရာ ခွဲသာခွဲပါ။ ဒီလို ပူးပေါင်းဆောင်ရွက်ပေးတော့ ကျွန်တော်ကလဲ ခွဲရတာ အားရှိ၊ အစွမ်းကုန်စွန့်စား တာဝန်ယူပေးလိုစိတ်ဖြစ်မိသည်။ ယုံကြည်စွာ ဆရာဝန်နှင့်လူနာ ပူးပေါင်းဆောင်ရွက်ကြသောကြာင့် လူနာမှာ ကောင်းမွန်သော အခြေအနေကို ပြန်ရောက်ခဲ့ရတော့သည်။ ကျွန်တော် high risk ဆိုပြီး ထွက်မပြေးခဲ့ပေ။ နောက်မဆုတ်ခဲ့ပေ။

တချို့ လူနာရှင်တွေကကျတော့ အပြည့်အဝ မယုံကြည်ကြ။ ဒါမျိုးကြတော့လဲ ကျွန်တော်လဲ စွန့်စားလိုစိတ်မရှိတော့။ တချို့လူနာရှင်တွေက ကောင်းလျှင်သာ ကျေးဇူးတင်ချင်မှ တင်ပေလိမ့်မည်။ မကောင်းရင်တော့ ပြဿနာရှာဖို့ မောင်းတင်ထားတာ အာရုံက ရနေတတ်သည်။ ဒါကတော့ ဆရာဝန်ရဲ့ ဆဌမအာရုံပဲဗျ။ အဲ့လို လူနာရှင်တွေကျတော့လဲ အတော်လုပ်ရကိုင်ရခက်သည်။ တကယ်တော့ လူနာအတွက် အကျိုးမရှိပါ။ ကိုယ် မယုံကြည်သောဆရာဝန်ကို မရွေးသင့်ဘူး မဟုတ်ပါလား။

ကျွန်တော့်အစွဲပဲလား မသိ။ ကျွန်တော်သည် အဆိုပါ အရေးကြီး high risk လူနာ၊ လူနာမိသားစုနှင့် စကားပြောကြည့်သည်။ တချို့သည် မေးစရာရှိတာ ပြောစရာရှိတာကို စစ်စစ်ပေါက်ပေါက်မေးကြသော်လဲ consent ပေးပြီဆိုလျှင် တကယ် ယုံယုံကြည်ကြည်ပေးခြင်းဖြစ်၍ အလုပ်လုပ်၍ ကောင်းလှပြီး လူနာလဲ ကောင်းတာပဲ များသည်။

တချို့ကျ ပါးစပ်ကသာ ဆရာ့ကို အကုန်အပ်တယ်နော် ပြောနေသော်လဲ သူတို့ တကယ်မယုံကြည်မှန်း သိနေတတ်သည်။ ကိုယ့်ကို ချည်တုပ်ဖို့ကြိုးစားနေတာလို့ကျွန်တော်စိတ်က အာရုံရနေတတ်သည်။ သတိထား သတိထားဟူ၍။ တဆုံးစွန့်စားဖို့ တွန့်သွားသည်။

တကယ်တော့ အလွန်အန္တရာယ်များလှသော high risk လူနာ၊ high risk operation ခွဲမည်ဆိုပါက ဆရာဝန် နှင့် လူနာ၏ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် လူနာ၏ သေရေး ရှင်ရေးကို အတော်ကြီးကို သက်ရောက်မှုကြီးသည်ဟု ဆိုချင်ပါတော့သည်။

ခွဲစိတ်ဆရာဝန်တွေ ပြောလေ့ ပြောထရှိကြတဲ့ အင်္ဂလိပ်ဆိုရိုးလေး ရှိပါတယ်။

A good surgeon know how to operate.
A better surgeon know when to operate.
The best surgeon know when not to operate တဲ့။

When not to operate ဆိုတာက ကြောက်လို့ ခွဲစိတ်ဆရာဝန်က ရှောင်ထွက်တာ လစ်ပြေးတာ မဟုတ်။ ဟာသ အနေနဲ့က အဲ့လို လစ်သွားတာလို့ ပြောနေကြသည်။

တကယ်က အဲ့တာ judgement ဗျ။ အကောင်းဆုံး စဉ်းစားချင့်ချိန်နိုင်စွမ်းကို ဆိုလိုချင်တာလို့ ကျွန်တော် ထင်မိသည်။

Judgement ဘယ်က လာသလဲဆိုတော့ ပညာ ( wisdom) ကျင့်ဝတ်( ethic) အတွေ့အကြုံ( experience) ရုပ်ဝတ္တုပစ္စည်း ( facilities) လူနာ၊ လူနာမိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှု( cooperation) ဆရာဝန်ရဲ့ လုပ်ချင်ကိုင်ချင်စိတ် ( will to fight) ပေါ် မူတည်တယ် ထင်မြင်မိကြောင်းပါ ခင်ဗျား။


21/08/2026

မမိုက်ရဲခဲ့တဲ့ မောင်ရင်ငတေ
# # # # # # # # # # # # # # # # # # #

ကျွန်တော်တို့ ငယ်စဉ်က အလွန်နာမည်ကြီးခဲ့တဲ့ ကျော်ဟိန်းရုပ်ရှင် ၊ ဇာတ်ကားနာမည်က “ မောင်ရင် ငတေ မိုက်ကန်းသည်” တဲ့။ ငတေ မိုက်ချက်ကတော့ ကမ်းကို ကုန်ရောဆိုပါတော့ဗျာ။

ကျွန်တော် ဆေးကျောင်းသားဘဝ ထင်ပါရဲ့။ ဘဝမှာ တခါ မိုက်ကန်းခဲ့ဖူးသည်။ နေရာက ပါရမီလမ်းမ ပေါ်မှာ။ ယခင်က ဂျူးဘန်းလမ်း၊ မလိခလမ်းလဲ ခေါ်သပေါ့။

ကျွန်တော်သည် ကျွန်တော့်ရှေ့ကကားကို အရှိန်ဖြင့်ကျော်တက်ရန် ကြိုးစားနေသည်။ ကျွန်တော်သူ့ကို ကျော်တက်ဖို့ကြိုးစားနေတာ အနည်းငယ် ကြာနေလေပြီ။ ရှေ့ကားက လမ်းတောင်းရာမပေးသဖြင့် ကျွန်တော်က ဒေါသထွက်ပြီး အရှိန်မြှင့်ကာ အတင်းကျော်ရန် ကြိုးပမ်းနေသည်။ ရှေ့ကားကလဲ အရှိန်ထပ်မြှင့်ကာ ကျွန်တော့်ကို ပေးမကျော်။ လမ်းလဲမပေး။ ကျွန်တော် စိတ်တိုကာ အရှိန်ကို အသားကုန်မြှင့်ပြီး လမ်းပြောင်းပြန်ကျော်တက်ရန်ကြိုးစားခဲ့သည်။ ရှေ့ကားက ပေးမကျော်ပဲ အတင်းမောင်းလေသဖြင့် သူနဲ့ ကျွန်တော် အပြိုင်မောင်းနေစဉ် မျက်နှာချင်းဆိုင်က ကားတစီးလာနေသည်။ မျက်နှာချင်းဆိုင်ကားကလဲ ကျွန်တော်တို့၏ ပြိုင်ပွဲအတွင်း ဝင်လာကာ လမ်းပြောင်းပြန်ဖြစ်နေသော ကျွန်တော့်ကားကို မျက်နှာချင်းဆိုင် ဒဲ့ကြီး လုံးဝလဲ အရှိန်လဲ မလျှော့၊ လမ်းလဲ မလျှော့ပေးဘဲ ကျွန်တော်က လမ်းမှားနေသည်ဖြစ်၍ နင်လျှော့လျှင်လျှော့ ၊ မလျှော့ရင်တော့ ငါကအမှန်၊ ဒဲ့တိုက်ပစ်မယ်ဟူသော အထာဖြင့် ခေါင်းချင်းဆိုင် အရှိန်ဖြင့် တန်းတန်းကြီး ထိုးဝင်လာတော့သည်။

ကျွန်တော့် အခြေအနေမှာ ဘေးကားကလဲ မလျှော့၊ ကျော်လို့မရသေး။ မျက်နှာချင်းဆိုင်ကားကလဲ ဒဲ့ကြီး မလျှော့ ဝင်လာလေပြီ။ သူတို့ နှစ်စီးလုံးက မလျှော့သလို ကျွန်တော့် ဒေါသ နှင့် မာနကလဲ သူတို့ထက် မလျော့တော့ပြီ။ တစ်စီးကို ကျော်မရဖြစ်နေ၍ စိတ်တိုနေရသည့်အထဲ နောက်တကာင်က ကျွန်တောိ့ကို သင်ခန်းစာ လာပေးတာကြုံနေရပြန်လေပြီ။

ကျွန်တော်ကလဲ ထိုအချိန်က ဘယ်လိုများတောင် စိတ်မိုက် စိတ်ရိုင်းတွေ ပေါက်နေသည် မသိ။ ကျွန်တော် လမ်းမှားနေပြီ ဖြစ်သော်လဲ ကျွန်တော်ကလဲ မလျှော့ပေ။ ကျွန်တော်ကလဲ မိုက်ကန်းကာ လမ်းကိုလဲ မလျှော့၊ အရှိန်ကိုလဲ ပိုတောင်တိုးကာ လီဗာကိုတဆုံးနင်းချပစ်လိုက်သည်။ နောက်ဆုံး ရှေ့မျက်နှာချင်းဆိုင်ကားနှင့် တိုက်ခါနီး သီသီလေးအလိုတွင် ဟိုကားသည်လဲ မလျှော့သောအရှိန်ဖြင့် ကျွန်တော့်ဆီ ပြေးဝင်လာရာ ၊ ဘေးမှာလဲ ဟိုကားက ရှိနေသေးသည်နှင့် ကျွန်တော်စိတ်က ဒီတခါတော့ ငါတကယ်တိုက်ပြီ၊ ငါ သေလဲသေပြီဟု
မိုက်ကန်းသောစိတ်ဖြင့် စိတ်ဒုံးဒုံးချကာ စတီယာရင်ကို ညာဖက်ဘေးသို့ ဆွဲချပစ်လိုက်တော့သည်။ စိတ်ထဲမှာလဲ ငါသေပြီ၊ ဒုန်းကနဲ အုန်းကနဲ အသံကြားရပြီးလျှင် ငါလဲသေပြီဟုသာ သဘောထားကာ မျက်စိကို ဖျတ်ကနဲမှိတ်ကာ အားကုန်ညာဖက်သို့ ဆွဲချပစ်လိုက်တော့သည်။ ငါသေပြီပေါ့။ ဒီလောက် အရှိန်ပြင်းစွာ လီဗာကုန် ဆော်ထားရကား သေဖို့ကလွဲ ဘာရှိအုန်းမည်လဲ။ မျက်နှာချင်းဆိုင် ဒဲ့ကြီးလေ။

တဒင်္ဂမှာ ဖြစ်တဲ့ စိတ်မိုက်၊ စိတ်ရိုင်းများ ဘယ်လောက်ကြောက်ဖို့ကောင်းပါသနည်း။ ဘာမဟုတ်သည့် ကားကျော်လို့ မရသည့် ဒေါသကြောင့် အသက်အသေခံကာ မိုက်ကန်းခြင်းပေတည်း။

မျက်စိကို ဖြတ်ကနဲမှိတ်ကာ ငါသေပြီဟု အာရုံပြုလိုက်သော်လဲ၊ ဒုန်းကနဲ တိုက်သံမကြားရပါဘဲ ကျွန်တော့်ကားသည် ဟိုကားကို ကျော်တက်ပြီးသားဖြစ်၍ မျက်နှာချင်းဆိုင်ကားလဲ ဘယ်ရောက်သွားသည် မသိတော့။ ကျွန်တော့်စိတ်ထဲ ဟာ ငါမသေသေးဘူးဟ၊ ကားလဲ မတိုက်ဘူးဟဆိုကာ အံ့ဩသွားခဲ့သည်။ ဟိုကား ၂ စင်းကလဲ ဆက်လိုက်လာခြင်း မရှိ၊ ဆက်လဲ ရန်မဖြစ်ခဲ့ကြပေ။ မျက်စိတမှိတ် လျှပ်တပြတ်အတွင်း မိုက်ပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။ ဘေးကားကပဲ လျှော့လိုက်လေသလား၊ မျက်နှာချင်းဆိုင်ကားကပဲ နောက်ဆုံးမှာ လျှော့ပေးလိုက်သလား ကျွန်တော်လဲ မသိတော့။ ကျွန်တော့်ရင်မှာမူ အနည်းငယ် ခုန်နေသည်။ မိုက်ပွဲမှာ အောင်ပွဲရသည်ရယ်လို့တော့ မခံစားရ။ ချက်ချင်း စက္ကန့်ပိုင်းအတွင်း စိတ်ပြန်မှန်သွားကာ ငါသည်ဘာကြောင့် ဘာမဟုတ်သည့် ကားကျော်တက်ခြင်းအမှုကို အလျှော့မပေးဘဲ အသက်နှင့်ရင်း၍ မိုက်ရသလဲဟု စိတ်က စောကြောမိပါတော့သည်။ ငါ တော်တော်မိုက်တာပဲဟူ၍ အကြီးအကျယ် ဆင်ခြင်စဉ်းစားမိပါတော့သည်။ နောင်ကို မမိုက်တော့ဟူ၍လဲ သင်ခန်းစာ ရမိပါသည်။ ဘဝမှာ ဘာမဟုတ်သည့် အသေးအမွှားက သေမယ့်အခြေအနေအထိ မိုက်ဖူးခြင်းပင်။

လွန်ခဲ့သော ရက်အနည်းငယ်က ဗီယက်နမ်လေကြောင်းလိုင်း VN 34 သည် ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်မှ ပြေးလမ်းအတက်တွင် အရှိန်ဖြင့် runway တွင် ပျံတက်ရာ decision speed ဟုခေါ်သော V1 ကို မရောက်နိုင်ပဲ ပြေးလမ်းပေါ်တွင် အရှိန်တန့်သွားခြင်း (၂) ခါ ဖြစ်ခဲ့ပြီး လေယာဉ်မှူးက take off ကို abort မလုပ်ခဲ့ဘဲ အတင်းမရရအောင် ပြေးလမ်းအဆုံးထိ အရှိန်ကို အသားကုန်တင်ကာ သူသေကိုယ်သေ သဘောမျိုးလုပ်ခဲ့ကာ ပြေးလမ်းအဆုံးကို အနည်းငယ်ကျော်လွန်ခဲ့ပြီးမှ လေယာဉ်ခေါင်းမော့ကာ လေယာဉ်လေထဲ ကြွတက်ခဲ့ပေတော့သည်။ သို့သော် လေယာဉ်သည် ပြေးလမ်းကို ကျော်လွန်ခဲ့ခြင်းကြောင့် ဖုန်လုံးကြီးများထလာကာ လေယာဉ်တာယာတွေ ကွဲကုန်သည်။ အတင်းခေါင်းမော့ကာ ဆွဲတင်ခြင်းကြောင့် tail strike လေယာဉ်အမြှီးသည် မြေကြီးနှင့် ရိုက်မိကာ လေယာဉ်ကိုယ်ထည် ထိခိုက်ပျက်ဆီးရသည်။ ကံကောင်းလို့ မသေဘဲ လေထဲရောက်ရခြင်းဖြစ်ပြီး emergency MayDay ခေါ်ကာ မြူးနစ်လေယာဉ်ကွင်းပေါ် ၂ နာရီလောက်ဝဲ၊ လေယာဉ်ဆီတွေ သွန်ထုတ်ကာ ပြန်ဆင်းခဲ့ရလေတော့သည်။ ကံကောင်းလို့ လူအသေမပျောက်တော့ မရှိခဲ့။

ကျွန်တော် အဖြစ်နဲ့များ တူနေသလား ကျွန်တော် စဉ်းစားမိသည်။ ထို ကိစ္စတွင် လေယာဉ်မှူး၏
မိုက်ကန်းမှု တစုံတရာ ပါဝင်နေပါသလော။ ရောက်သင့်ရောက်ထိုက်သော အကွာအဝေးတွင် V1 ကို မရောက်ပါက ပြေးလမ်းအရှည် ကျန်နေသေးပါက ( မြူးနစ်လေဆိပ်၏ ပြေးလမ်းသည် အလွန်ရှည်သည်ဟုသိရ) ဘာကြောင့် လေယာဉ်ကို ရပ်မပစ်ဘဲ အတင်း မရရအောင် ပြေးလမ်းအဆုံးအထိ သူသေကိုယ်သေ full
Throttle နဲ့ ဆော်ခဲ့ပါသနည်း။ ပြေးလမ်းဆုံးသည့်တိုင် V1 ကို မရောက်ပါက သေဖို့သာ ရှိသည်မဟုတ်ပါလော။
တရားဝင် accident report မထွက်သေးသဖြင့် အသေးစိတ်တော့ဖြင့် မသိရသေးပါ။ သို့သော်ငြား ဒင်းလဲ ကျွန်တော့်လိုပဲ အဆိုပါ စက္ကန့်ပိုင်းအတွင်း မရမက လေထဲရောက်အောင် ဆွဲတင်မည်ဆိုသော မိုက်စိတ်ဝင်လေသလား မပြောတတ်။

ကျွန်တော် ၂၀၀၅ ခုနှစ် ဖောင်ကြီးသင်တန်းတက်ရစဉ်က တခြားဝန်ကြီးဌာနများမှ ပြန်တမ်းဝင်အရာရှိအဆင့်များလဲ အတူတူတက်ကြရပေရာ ကျွန်တော်နဲ့ ကုတင် အိမ်နီးနားခြင်းကား လေကြောင်းဦးစီးဌာနမှ လေကြောင်းထိမ်းအရာရှိ ATC air traffic controller အရာရှိပေတည်း။

ကျွန်တော်ကလဲ လေယာဉ်စိတ်ဝင်စားသူဖြစ်ရကား မြန်မာပြည်တွင် ဖြစ်ခဲ့သော လေယာဉ်မတော်တဆမှုများအကြောင်း ပြောခဲ့ကြရာ တချို့သော လေယာဉ်ပျံ ပျက်ကျမှုများသည် လေယာဉ်မှူးများ၏
မိုက်ကန်းမှုများကြောင့် ဖြစ်ရကြောင်း သူက ပြောပြခဲ့လေသည်။ ဒီမှာက ပိုင်းလော့တွေက ကျွန်တော်တို့ ATC တွေ စကား အမြဲအတိအကျ နားထောင်တာမဟုတ်ဘူးဗျ။ ရာသီဥတုမကောင်း၍ လေယာဉ်ကွင်းမှာ မြူပိတ်နေလို့ မဆင်းပါနဲ့ဆိုလဲ ကြိုးစားကြည့်အုန်းမယ်ဆိုပြီး တိမ်ကိုဖေါက်၍ အတင်းဆင်းချင်ဆင်းတာဗျ။ အဲ ဆင်းလာနိုင်တဲ့အခါရှိသလို ဖြစ်စရာ သေစရာရှိတော့ လေယာဉ်ပျက်ကျပြီး အကုန်သေတာပေါ့ဗျာတဲ့။ ယနေ့ခေတ် အချိန်အခါမှာတော့ ဒါမျိုး ရှိချင်မှ ရှိပေတော့မည်။ သို့သော် သူပြောသည်မှာက နယ်က လေယာဉ်ကွင်းလေးတွေဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ တကယ်က လေယာဉ်ဆင်းရန် ဘေးမကင်းပါက အန္တရာယ်ကင်းရေး ဦးစားပေးကာ ရာသီဥတုကောင်းသည့်ကွင်းကို divert လုပ်ပြီး ဆင်းသင့်ပါလျှက် လေယာဉ်မှူးက မလိုအပ်ဘဲ မိုက်စိတ်က စေ့ဆော်သောကြောင့် အားလုံးဒုက္ခရောက်ကာ သေမင်းဆီ ရောက်ရခြင်းပင်။ ကျွန်တော် ကားမောင်းရင်း မိုက်မိသလိုပေါ့ဗျာ။ လေယာဉ်မောင်းရင်းမိုက်တော့ ပိုဆိုးတာပေါ့လေ။

အင်း ပြောချင်တာက အခုမှ စမှာ။ စကားပျိုးနေရတာနဲ့ပဲ စာက တော်တော်ရှည်နေပေပြီ။ ကားမောင်း၊ လေယာဉ်မောင်းရင်း မိုက်တဲ့အကြောင်းကနေ ဘာကိုအဓိက ပြောချင်တာလဲဆိုတော့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ခွဲနေရင်းရော မိုက်ခဲ့လား ဆိုတာပါပဲ။

ဒီအတောအတွင်း လူနာတစ်ယောက် ကြုံရသည်။ လူနာက သည်းခြေအိတ်ကျောက်တည်ရာမှ သည်းခြေအိတ်ရောင်ကာ သည်းခြေအိတ်ပြည်တည်ရုံသာမက အသည်းတွင်ပါပြည်တည်သည်။ လွန်ခဲ့သော လအနည်းငယ်က ထိုပြည်တည်သည့် ကိစ္စဖြစ်သည်။ ထိုအချိန်ကာလတွင် ခွဲပါက မှန်ပြောင်းဖြင့်ခွဲ၍လဲ အဆင်မပြေနိုင်သောကြောင့် ဆေးဖြင့်ပင်ကုရာ အေးဆေးပဲ ကောင်းသွားသည်။ လအနည်းငယ်စောင့်ကာ ကလီဇာတွေ အရောင်ကျမည့်အချိန် ယခုပြန်ခွဲမည်လုပ်တော့ မှန်ပြောင်းဖြင့် ခွဲစိတ်ရန်ကြိုးစားကြည့်ရာ ခဲတောက်လုံးထွေးနေသောကြောင့် အဆင်မပြေပေ။ မှန်ပြောင်းနဲ့ ခွဲလို့မရတော့ ဗိုက်ဖွင့်ရသည်။ ဗိုက်ဖွင့်တော့လဲ သည်းခြေအိတ်သည် ပြားကပ်လိမ်တွန့်နေသည့်အတွက် ရှာလို့ပင် မရ။ သည်းခြေအိတ်နေရာမှာ duodenum လို့ခေါ်သော အူသိမ်ဦးပိုင်းက လုံးထွေးကပ်သပ်နေရုံမက tranverse colon လို့ခေါ်သည့် အူမကြီးကလဲ duodenum တွေ၊ သည်းခြေအိတ်တွေ၊ အူအမြှေး omentum တွေ ထွေးလုံးနေကာ အခဲလိုက်၊ အလုံးလိုက်ကြီးဖြစ်နေတော့သည်။ cholcystoduodenal fistula ရှိနေဖို့များသည်။ CBD လို့ခေါ်သည့် သည်းခြေပြွန်တွေနေရာမှာလဲ ခဲခဲတောက်နေသည်။ ခွါကြည့်ရာတွင်လဲ လုံးဝအဆင်မပြေ။ မရရအောင် ခွဲစိတ်ဆရာဝန်မာနကို ရှေ့တန်းတင်ပြီး အတင်းခွါ၊ အတင်းမိုက်ပါက duodenum အူသိမ်ပေါက်ပါက ကိုယ်ကျိုးနည်းမည် ဖြစ်လေသည်။ သည်းခြေလမ်းကြောင်း ဒဏ်ရာရခြင်း CBD injury နှင့် အူမကြီးပေါက်သွားပါကလဲ duodenum ပေါက်သလောက် မဆိုးစေကာမူ တော်တော်တော့ မလိုတာတွေလုပ်၊ ပိုက်ဆံတွေ သောက်သောက်လဲကုန်ကာ အာရုံနာက်ရမည်မှာ မလွဲတည်း။ လူနာအသက်ဆုံးဖို့ ရာခိုင်နှုန်း အရမ်းတက်သွားမည် ဖြစ်သလို ဆရာဝန်လဲ စိတ်ရော လူပါ ထောင်းလမောင်းကြေမည့် ကိစ္စပေတည်း။ ကျွန်တော် အတင်းမမိုက်ဖို့ဘဲ ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော့် ခွဲစိတ်ဖော် assistants တို့ကလဲ ကျွန်တော်ဆက်မမိုက်တာကို သဘောတူကြသည်။ အတင်းမမိုက်သင့်တော့ပြီပေါ့။

မာနကို ခဝါချကာ လူနာမိသားစုကို အခြေအနေမှန်ကို မကွယ်မဝှက်ဘဲ ရှင်းပြရပါတော့သည်။ အတင်းစွန့်စားပြီး မိုက်ပါက အခန့်မသင့်လျှင် လူနာဒုက္ခဖြစ်နိုင်၍ ဆက်မမိုက်ဖို့ ဆုံးဖြတ်လိုက်ရကြောင်းပေါ့ဗျာ။

စိတ်ထဲကတော့ နေလို့ထိုင်လို့ သိပ်ကောင်းလှတာမဟုတ်၊ မပျော်လှပေ။ အလုပ်တခု မပြီးမြောက်သလို ခံစားရသည်။ သို့သော် စိတ်၏ တခြားတဖက်တွင်လဲ ငါ့မာနအတွက် လူနာအသက်ကို အလောင်းအစားလုပ်ပြီး မမိုက်နဲ့ မမိုက်နဲ့။ လူနာ အန္တရာယ်ကင်းရေးကိုပဲ ဦးစားပေးတာ မှန်ပါတယ်လို့ ခံစားနေရလေသည်။

ကျွန်တော်သည် လူနာကို အမှန်အတိုင်းပဲ ပြောပြခြင်းကြောင့် လူနာရှင်ဖက်ကလဲ နားလည်လက်ခံကြပါပေသည်။ လိမ်ခြင်းသည် အကျိုးမရှိပေ။ အကြောင်းအရာ တခုကို လိမ်မိပါက ရှေ့နောက်အကြောင်း မကိုက်တော့ပေ။ တခုကို စလိမ်ပါက ထိုလိမ်ခြင်းကို
ဖုံးအုပ်ကာကွယ်ရန်အတွက် နောက်ထပ်အများကြီး ထပ်လိမ်ရတော့သည်။ ထိုအခါ အမြှီးအမောက်မတည့်တော့ပေ။

ခွဲလို့ မရခဲ့ပေမယ့် လူနာအတွက် ကျောက်ကိုမထုတ်နိုင်ခဲ့သော်လဲ small contracted gallbladder ဖြစ်နေပြီဖြစ်ခြင်းကြောင့် သူ့သည်းခြေအိတ်သည် ဘာမှလဲ အလုပ်မလုပ်တော့ပြီဖြစ်ခြင်းကြောင့် ပြဿနာတော့ မရှိလှပါ။ အတင်းမရရအောင်လုပ်ခြင်းဖြင့် duodenum ပေါက်၊ colon ပေါက်၊ CBD ပြဲ၍
Bile leak ရတာကမှ တိုင်ပတ်မည် ဖြစ်လေသည်။ ဒါမျိုး ဘဝမှာ (၂) ယောက် ကြုံခဲ့ရဘူးသည်။ ၂ ယောက်လုံး အန္တရာယ်တော့ မဖြစ်ခဲ့ပေ။

နောက်ထပ် မေ့မရနိုင်သော လူနာတစ်ယောက်ကား အူမကြီးကင်ဆာလူနာတစ်ဦး။ ကင်ဆာက ခွဲပြီး၊ လူနာကအကောင်း၊ ယာယီဝမ်းအိတ် covering ileostomy ထုတ်ထားသည်။ ထုံးစံအတိုင်း ကင်ဆာခွဲပြီး ၂ လလောက်နေတော့ ဝမ်းအိတ်ထုတ်ထားတဲ့ အူသိမ် ileostomy ကို ပြန်ပိတ်ရန်
ခွဲခန်းပြန်ဝင်သည်။ ileostomy သည် တခါမှ မကြုံဖူးလာက်အောင် တခြားတခြားသော အူသိမ်တို့နှင့် ညှိတွယ်ကာ ခဲတောက်နေသည်။ very dense adhesion ပါပဲဗျာ။ အူသိမ်ပြန်ဆက်ဖို့ရှင်းရာ ၁ စင်တီမီတာလောက်ရှင်းဖို့ နာရီဝက်လောက်ကြာနေသည်။ အူသိမ်ရဲ့ serosa ကလဲ ရောင်ကိုင်းနေသည်။ လူနာက သူ့ဟာသူတော့ လုံးဝအကောင်း။ ဗိုက်ထဲမှာမှ adhesion ခေါ် ညှိတွယ်မှုတွေက ခဲသဲနေခြင်းပေတည်း။ အဲ့လောက်ခဲသဲနေတော့ ပွဲမကြမ်းရဲတော့ပေ။ အူပေါက်သွားရင် အူနံရံကလဲ သိပ် healthy မဖြစ်၊ မကောင်းသဖြင့် ပြန်ဖာလို့ မလုံမှာ ကြောက်နေရသည်။ ဘာမှ သိပ်မဆွဲရဲ။ (၃) နာရီလောက်ရှင်းသော်လဲ ခရီးကမရောက်။ ileum ပြန်ဆက်ပြီး ပိတ်ဖို့ကလဲ လိုချင်သလောက် tension free မဖြစ်။

အတင်းမရရအောင် tension ရှိလျှက်ပြန်ဆက်ပါက အူဆက်သည့်နေရာက leak ( ယိုစိမ့်ခြင်း) ဖြစ်ဖို့တော်တော်များသည်။ အဲ့ leak ရပါက ileostomy ကို ပြန်ထုတ် exteriorize လုပ်ရုံဖြင့်မပြီး ၊ တဗိုက်လုံးက adhesion တွေခွါပြီး peritoneal toilet လုပ်မှ လူနာရှင်ပေလိမ့်မည်။ နို့မို leak ကရသော septicemia သွေးဆိပ်တက်ခြင်းဖြင့် လူနာ အသက်ဆုံးဖို့များသည်။ အခု ဒီအူလေး လေးငါးလက်မလောက်ရအောင်တောင် ၃ နာရီလောက်ရှင်းတာ ဘယ်လိုမှ အဆင်မပြေနေတာ တဗိုက်လုံးက adhesion ရှင်းရမယ်ဆို မတွေးရဲတော့။

ကဲ မဖြစ်ချေဘူး။ မာနတွေ ခဝါချရပြန်သည်။ လူနာမိသားစုကို ထွက်ရှင်းရပြန်သည်။ ကျွန်တော်တို့ ဘယ်လိုမှ ပြန်ဆက်ရန် စိတ်မချရ၍ မူလ ileostomy အတိုင်း ဝမ်းအိတ်နဲ့ပဲ ဆက်နေပေးပါ။ ကျွန်တော်တို့ အချိန်ထပ်စာင့်မည်။ အခဲအတောက် အကပ်အသပ်တွေ အူရောင်တာတွေ ကောင်းသွားမည့် နောက်ထပ် ၆ လ လောက်နေမှ ထပ်ကြိုးစားကြတာပေါ့ဟူ၍။ လူနာရှင်ဖက်ကလဲ သဘောတူပါသည်။

ထိုလူနာကို ၆ လမက ၁ နှစ်လောက် အေးအေးဆေးဆေးထားလိုက်သည်။ ကင်ဆာက အကုန်အိုကေ၊ ဘာမှ ပြဿနာမပေး။ ခုလောက်ဆိုရင်တော့ ကပ်တာတွေ လျော့လောက်ပြီဆိုတာ ဒုတိယအကြိမ် ပြန်ပိတ်ဖို့ ကြိုးစားကြသည်။

ကျွန်တော် ဟစ်၍သာ ငိုချင်တော့သည်။ လူနာသည် နောက်တစ်နှစ်စောင့်သည့်တိုင် adhesion ကပ်ခြင်း ခဲခြင်းသည် ဘာမှ ပိုမကောင်းလာပဲ ပထမအကြိမ်ကအတိုင်းပင် ခဲသဲနေဆဲပင်။ အချိန်အတန်ကြာ ကြိုးစားရှင်းကြသော်လဲ ဘယ်လိုမှ tension free anastomosis အူပြန်ဆက်ရန် စိတ်ချရသည့် အခြေအနေ မရှိသည်နှင့် လူနာမိသားစုကို ထွက်ရှင်းပြရပြန်လေတော့သည်။ ကျွန်တော်လဲ စိတ်ပျက်၊ သူတို့၏ စိတ်ပျက်ခြင်းမှာလဲ ပြောဖွယ်ရာမရှိတော့ပြီ။ သိူ့သော် ကျွန်တော်လဲ မိုက်ရူးရဲ မဆန်ရဲပေ။ သူ့ အူအခြေအနေက ပေါက်ရင် ဖာဖို့မလွယ်သည့် အခြေအနေဖြစ်သလို leak ရင်လဲ ပြန်ရှင်းဖို့ ဘယ်လိုမှ အဆင်မပြေလောက်သဖြင့် လူနာမှာ ကင်ဆာခွဲတာ ကောင်းသော်ငြား ဝမ်းအိတ်အပေါက်ကဖြင့် ပိတ်ရန်မဖြစ်နိုင်တော့ပေ။

ဒီ လူနာနှစ်ယောက်လုံးကို မိတ်ဆွေတို့ကြည့်ပါက သတိထားရမည်မှာ ကွန်ပြူတာဓါတ်မှန်၊ အာထရာဆောင်း၊ သံလိုက်ဓါတ်မှန်တို့သည် တခြား ကင်ဆာ ဘာညာ သာရကာ အလုံးတို့ကို မြင်ရသော်ငြား adhesion လို့ခေါ်သည့် အူနှင့် အူအမြှေးများကပ်ခြင်းကို ယခုထိပေါ်သမျှ အဆင့်မြင့် ဓါတ်မှန်တို့သည် မမြင်နိုင်ကြသေးချေ။ ဒါက ခွဲမှ သိရမည့် အခြေအနေ ဖြစ်နေဆဲပေ။

အူကပ်ခြင်းသည် အထူးအဆန်းမဟုတ်၊ ဗိုက်တခါခွဲဖူးလျှင်၊ အူရောင်ဖူးလျှင် ကပ်သည်ပင်။ ကပ်လျှင် dissection လုပ်ကာ ခွါ၍ ရပါသည်။ ခွါလဲ ခွါနေကြပါပဲ။ သို့သော်ငြား မကြုံစဖူး ထူးကဲလောက်အောင် မဲသဲခဲတောက်နေလောက်အောင် ကပ်ခြင်းကား ဒီ လူနာ (၃) ယောက်သည် ကျွန်တော့် ခွဲစိတ်ဆရာဝန်ဘဝတွင် စံတင်ရလောက်အောင် ကျွန်တော့်ကို ဦးနှောက်ခြောက်စေခဲ့သော မမေ့နိုင်သော လူနာတို့ ဖြစ်ခဲ့လေတော့သည်။ ဘဝမှာ လက်မြှောက်အရှုံးပေးခဲ့ရသော အမှတ်တရ (၃) ယောက်။

ထို လူနာ (၃) ယောက်လုံး ခွဲမရခဲ့သော်လဲ ဘာအန္တရာယ်မှတော့ဖြင့် မဖြစ်ခဲ့ကြပါ။ ကင်ဆာက ပြဿနာမပေးသော်လဲ ဝမ်းအိတ်ကတော့ ပိတ်မရတော့ခြင်းဖြစ်သည်။ သည်းခြေအိတ်လူနာတို့လဲ သည်းခြေအိတ်ထုတ်မရ၊ ကျောက်တွေကျန်နေသော်လဲ non functioning gallbladder with dense fibrosis တို့ကြောင့် ပြဿနာမရှိပဲ လူတွေကတော့ အကောင်းပင်။

ကျွန်တော် ဇွတ်မိုက်ပြီး မရရအောင် လုပ်ခဲ့လျှင် ကံကောင်းရင်လဲ သည်းခြေအိတ် တဝက်တပျက် subtotal cholecystectomy ထုတ်ချင် ထုတ်လို့ရသွားနိုင်ပါသည်။ သို့သော် မတော်မတည့် duodenum ပေါက် CBD ပြဲခဲ့လျှင်ကား သူတို့ လူ့ပြည်မှာ ရှိချင်မှလဲ ရှိကြပေတော့မည်။

ခွဲစိတ်တယ်ဆိုရာမှာ ကံဆိုးကံကောင်းဆိုပြီး လုပ်လို့ မဖြစ်ချေဘူး မဟုတ်ပါလား။ လုံးဝ အပိုင်လုပ်တာတောင် နောက်ဆက်တွဲပြဿနာ complications ဆိုတာက ရတတ်သေးသည်။ ကျွန်တော့် team ကို ကျွန်တော် အမြဲပြောလေ့ရှိသည်။ ဟဲ့ရောင်တွေ ခွဲရင်စိတ်ရင် ဘုရင့်နောင်ဖေါင်ဖျက်မလုပ်နဲ့နော်၊ ဒါစစ်တိုက်နေတာ မဟုတ်ဘူး၊ အမြဲတမ်း စိတ်ချရတဲ့ ထွက်ပေါက်ရှိမှ ပွဲကြမ်းကြဟေ့။ စွတ်ရွတ်ပွဲကြမ်းရင် တနည်း မိုက်ရင် ပြန်ထွက်စရာ လမ်းမရှိတော့ဘဲ လူနာလဲသေ၊ ကိုယ်လဲကြေတတ်သဟ ဟူ၍။

ခွဲစိတ်ဆရာဝန်သည် ကြောက်သင့်ကြောက်ထိုက်သော အရာကို ကြောက်သင့်သည်ဟု ကျွန်တော်ယူဆသည်။ ခွဲစိတ်ရင်း တခုခုဖြစ်ခဲ့သော် လူနာအန္တရာယ်ကင်းအောင် ဘာဆက်လုပ်မည်ဆိုတဲ့ သိုင်းကွက် ၂ ကွက် ၃ ကွက်တော့ အရန်ကျန်သင့်သည်။ အားကုန်သုံး မိုက်ပြီး ပြန်မထွက်တတ်တော့ဆိုတာ မဖြစ်သင့်။ အရာရာကြောက်ပြီး အရှုံးပေး လှည့်ပြန်မယ်ဆိုတာလဲ မဟုတ်သေး။ ထုံးစံအတိုင်း အစွန်းမရောက်ခြင်းသည် အကောင်းဆုံးတည်း။

ကျွန်တော် မောင်ရင် ငတေ ကား မမိုက်ကမ်းရဲသော ခွဲစိတ်ဆရာဝန် တစ်ယောက်ပါပေ။

First do no harm ဆိုတဲ့ ဆေးပညာ စကားကလဲ ရှိတယ် မဟုတ်လားဗျ။ ပထမဦးဆုံးကတော့ ကိုယ့်မိုက်တာကြောင့် လူနာကို အန္တရာယ်မဖြစ်စေနဲ့ပေါ့ဗျာ။ ကျွန်တော် ကားမောင်းတုန်းက ဘဝမှာ တခါမိုက်ခဲ့ဖူးပြီ။ ကံကောင်း၍ မသေခဲ့။ နောက်ထပ် မိုက်ဖို့တော့ ကျွန်တော် မစဉ်းစားတော့ပေ။


16/08/2026

အားလပ်ရက်တို့ရဲ့ ဒဿန /
ဟောလီးဒေး အက်ဆေး
# # # # # # # # # # # # # # #

ကျွန်တော် မနေ့ကညက ဆေးရုံက ပြန်ရောက်ပြီးကတည်းက ပျော်နေမိသည်။ ဘာတွေများ ပျော်စရာတွေ ကြုံခဲ့ရလို့တုန်းဆိုတော့ ဘာမှ ထူးထူးထွေထွေရယ်မဟုတ်ပါ။ နံနက်ဖြန် တနင်္ဂနွေနေ့မို့ ဆေးခန်းတွေမရှိ၊ ဆေးရုံတွေမသွား၊ ခွဲစရာတွေတင်မထားသည်မို့ ဒီညတော့ ငါတကယ်နားရပြီဆိုပြီး ပျော်နေမိခြင်းသာ ဖြစ်၏။ ခါတိုင်း ည (၁) နာရီလောက်မှ အိမ်ရောက်နေကျကို ဒီည (၁၁) နာရီမှာ အိမ်ပြန်ရောက်လာခြင်းကလဲ ထပ်တိုးပျော်စေသော အကြောင်းတည်း။

အိမ်ရောက်တာနဲ့ ချက်ချင်း ရေမိုးချိုးလိုက်တော့ ပိုလန်းသွားသည်။ ရေခဲသေတ္တာဖွင့်ပြီး ဘာလေး ညာလေးများ ရှိမလဲ ကြည့်တော့ ဝိုင် ၃ ပုလင်း နှင့် ဘီယာတို့ကို အေးပြီးသား အဆင်သင့်တွေ့လေရာ ဝိုင်အဖြူတစ်ပုလင်းကို ဆွဲထုတ်ရွေးချယ်လိုက်တော့သည်။ ငါးအရေခွံကြော်လေး တစ်ထုတ်ပါ အဆင်သင့် တွေ့ရကား ဝါးစရာလေးပါ အိုကေသွားတော့သည်။

ဧည့်ခန်းမှာထိုင်ကာ YouTube က သီချင်းရွေးသည်။ ဒီညမှာ သာယာငြိမ့်ညောင်းမှုကိုသာ အလိုရှိရကား Jazz music သံစဉ်တွေထဲမှာမှ ပျော့အိနေတဲ့ စန္ဒယားနဲ့ ဆက်ဇိုဖုန်းသံ နွဲ့နွဲ့လေးတွေကိုပဲ ရွေးဖွင့်လိုက်တော့သည်။

လူက jazz သံစဉ် နွဲ့နွဲ့လေးကြားမှာ ဝိုင်လေး တကြိုက်ကြိုက်လိုက်၊ ငါးအရေခွံကြော်လေးဝါးရင်း ခံစားနေစဉ် ထပ်ပြီး ဇိမ်ခံချင်စိတ်ဖြစ်လာပြန်သည်။

သောကြာနေ့က SSC ဆေးရုံကနေ အာယုဆေးရုံအကူးမှာ အချိန် နာရီဝက်လောက်စောနေတာကြောင့် တာမွေက စိတ်ကူးချိုချိုစာအုပ်ဆိုင်ကို ကားက ဦးတည်မိသည်။ အချိန်လေးရှိတုန်း စာအုပ်ဆိုင်လေး ဝင်မွှေအုန်းမယ်ပေါ့။ အော်ပီကျယ်ရဲ့ စာအုပ်နဲ့ သိပ္ပံမောင်ဝရဲ့ အောက်စဖို့တက္ကသိုလ်သွား ခရီးသွားမှတ်တမ်းစာအုပ်ကို ဝယ်သည်။ အော်ပီကျယ်က ကျွန်တော့်ဆရာ ဆရာကြီးဦးခင်မောင်အေးကလဲ လွန်စွာကြိုက်သောကြောင့် ဆရာကြီးအတွက်ပါ လက်ဆောင်တစ်အုပ်ထပ်ဝယ်သည်။ ပိုက်ဆံရှင်းနေတုန်း ဆိုင်က ကောင်မလေးက နယ်အော်ဒါစာအုပ်စာရင်းတွေ ရွတ်နေရာ ညွန့်ကြူးရဲ့ ပင်လယ်ဝံပုလွေဆိုသော အသံကို ကြားလေရာ ကျွန်တော့် ခေါင်းသည် ဆတ်ကနဲ ဖြစ်သွား၍ အဲ့စာအုပ်ရှိရင် ထည့်ပေးပါ ထပ်ပြောလိုက်ရာ ပင်လယ်ဝံပုလွေ စာအုပ်ပါ ရလာတော့သည်။

အမေရိကန်စာရေးဆရာ Jack London ရဲ့ Sea Wolf ဆိုသော ဝတ္တုဖြစ်ပြီး ကျွန်တော် ငယ်စဉ်က အကြိမ်များစွာဖတ်ဖူးပြီး ဂျက်လန်ဒန်ရဲ့ အတွေးအခေါ်၊ လှပမှုနဲ့ ကြမ်းတမ်းမှု၊ အမျိုးသားတွေနဲ့ ကြံ့ခိုင်မှုနဲ့ အမျိုးသမီးတို့ရဲ့ နူးညံ့မှုတို့ရဲ့ ပါဝါကို ဖော်ပြတဲ့ ဒီစာအုပ်ကို ကျွန်တော် အရမ်းသဘောကျခဲ့သည်။

အခု ဝိုင်ရယ်၊ Jazz ရယ်၊ sea wolf ရယ်ဆိုတော့ ဒီညကတော့ အရမ်းကို ပြီးပြည့်စုံနေလေပြီ။

Sea Wolf ကိုဖတ်ရင်း ဒီစာအုပ်ထဲမှာ ဘဝရဲ့ အနားယူရမှု အရသာ ဒဿနကို သွားတွေ့ပြန်သည်။ အနားယူတယ်ဆိုတာကလဲ အရမ်းပင်ပန်းနေမှ အနားယူရတာက အရသာ ပေါ်လွင်ပေသကိုး။ တကယ် မပင်ပန်းဘဲ အမြဲအနားယူနေရင် အရသာ သိပ်မရှိနိုင်ပေ။

ဒီတော့ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက် ဘယ်အချိန်တွေမှာ အနားယူခဲ့တာတွေက အရသာရှိခဲ့သလဲ ပြန်စဉ်းစားကြည့်မိတော့တယ်။

ငယ်စဉ်ဘဝ သူငယ်တန်းကနေ ဆယ်တန်းအထိ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေက အနားယူရတာ အရသာရှိသားပဲ။ ကျွန်တော်၏ မားသားသည် ကျောင်းစာများကို အထူးကြပ်မတ်ရကား ငယ်စဉ်တောင်ကြေးကလေးဘဝက တနင်္လာမှသည် ကြာသပတေးအထိ ညဖက်တွေ စာကျက်ရသည်။ ငယ်စဉ်က တီဗီအလွန်ကြည့်ချင်လှသော ကျွန်တော်သည် တနင်္လာမှ ကြာသပတေးအထိ TV မကြည့်ရချေ။ အိမ်စာလုပ်ရသည်။ စာဖတ်ရသည်။ နေ့လည်ကလဲ ကျောင်းကတက်ရသေးသည်။ ကလေးတစ်ယောက်အတွက်တော့ ဒီပင်ပန်းမှုဟာလဲ မနည်းလှပေဘူးဗျနော်။ ဟော သောကြာနေ့ရောက်မှ ကျောင်းက ပြန်လာလျှင် စာမလုပ်ရပေ။ ဆော့ကစား၊ ညဖက်လဲ TV ကြည့်ခွင့်ရသည်။ မြန်မာ့အသံက သောကြာညဆို တီဗီစီးရီးတွေကောင်းသည်။ စနေကျမှ အိမ်စာလုပ်ရသည်။ စနေမှာလဲ ပျော်နေသေးသည်။ တီဗီလဲ ကြည့်ရသည်။ သူငယ်ချင်းတွေနဲ့ တနေကုန် ကစားခွင့်ရသည်။ စာလဲ နည်းနည်းပဲလုပ်ရသည်။ နံနက်ဖြန်ကလဲ တနင်္ဂနွေဆိုတော့ ကျောင်းမဖွင့်သေးဘူးလေ။

အဲ့ တနင်္ဂနွေနေ့ မြန်မာ့အသံက နေ့လည်ပိုင်း ရုပ်ရှင်ကြည့်အပြီး တပတ်အတွင်း ပြည်တွင်းသတင်းများဆိုတာ လာရင်တော့ ကျွန်တော်စပြီး စိတ်ညစ်တော့သည်။ ပြည်တွင်းသတင်းက ပျင်စရာကောင်းလှသည့်အထဲ ညဖက် စာပြန်လုပ်ရအုန်းမည်၊ နံနက်ဖြန် ကျောင်းပြန်ဖွင့်ပြီဆိုတဲ့ အတွေးက ကျွန်တော့်ကို သူငယ်တန်းမှသည် ဆယ်တန်းအထိ နှိပ်စက်ခဲ့လေတော့သည်။

တက္ကသိုလ်ရောက်တော့ စနေ တနင်္ဂနွေ ခံစားချက်မရှိတော့ပေ။ မားသားကလဲ မကျပ်တော့ပေ။ ကျောင်းမှာလဲ သူငယ်ချင်းများနှင့် အလွန်ပျော်၊ အတန်းတက်ခြင်းမှာလဲ မိမိသဘောလွတ်လပ်၊ အိမ်စာဆိုတာလဲ မရှိရကား အားလပ်ရက်ရဲ့ အရသာလဲ မရှိတော့ပေ။ မရှိဆို ကျောင်းတက်ရတာကို ပိုတောင်ပျော်နေသေးတာကိုး ခင်ဗျ။

ဆေကျောင်းပြီးလို့ ဆရာဝန်ဖြစ်တော့လဲ အားလပ်ရက်ကို မတောင့်တမိ။ ဘာလို့ဆို ဆေးရုံမှာ အလုပ်လုပ်ရတာ စိတ်ပါပြီး အလွန်ပျော်နေသောကြောင့်ပင်။ ဆရာဝန်အငယ် ဘဝဆိုတော့လဲ လူသာပင်ပန်းတာ၊ တာဝန်မကြီးတော့ စိတ်က မပင်ပန်းလှပါဘူး။

ဘွဲ့လွန်ကျောင်းသားဘဝက speciality ward တခုမှာတော့ စိတ်ညစ်ဖူးသည်။ အလွန်စိတ်ပင်ပန်းဖူးခဲ့လေရာ အားလပ်ရက်ကို တတောင့်တတ ဖြစ်ခဲ့ရသည်။ ထို ward ၏ ဆရာကြီးသည် လွန်စွာကျပ်တည်းစွာ အုပ်ချုပ်၏။ လူနာဆောင် တခုလုံးကို သူ့အခန်းထဲမှနေ၍ cctv နှင့် ကြည့်နေ၏။ PG ကျောင်းသားတွေ ( ကျွန်တော် နှင့် ကျော်ထက် ( ယခု မကွေးမှာ ခွဲစိတ်တွဲဖက်ပါမောက္ခ) ) မှာ အသက်တောင် မနဲရှူနေရသည်။ မိုးလင်း မိုးချုပ် သတိအနေအထားနဲ့ ဖြစ်နေသည်။ နံနက်လာ ward round ၊ ရှိရှိသမျှ လူနာတို့၏ အကြောင်းကိုလဲ သိအောင်လုပ်ရ၊ ပါမောက္ခက စာအမြဲမေးနေရာ သူမေးတာတွေ ဖြေနိုင်အောင် တချိန်လုံးစာဖတ်နေရသည်။ ခွဲခန်းထဲမှာ အမြဲ အသင့် သတိအနေအထားဖြင့် ရှိနေရသည်။ လူပင်ပန်းတာကို ကျွန်တော်တို့က ခံနိုင်သည်။ သို့သော် ထို ward သည် စိတ်ပင်ပန်းလှသည်။ ကျွန်တော်တို့ အဆူခံထိသည့်အခါ ပါမောက္ခက ဆူသည်မှာ မင်းတို့ကောင်တွေ ပညာရပ်ကို ထဲထဲဝင်ဝင်မသိဘူး၊ ဒါကိုမသိတာက မင်းတို့ ward ထဲမှာ တကယ်ထဲထဲဝင်ဝင် မလုပ်လို့ပဲ စသည်ဖြင့် ဧရာမ စကားလုံးကြီးများဖြင့် တမင်တကာ နာကျင်အောင် ပြောသည်ဟု ခံစားရသည်။ မင်းတို့ကို အလုပ်လုပ်လို့ အထင်ကြီးထားတာ အလကားပဲ စသည်ဖြင့်။

ကျွန်တော်တို့လို ခဏတဖြုတ် ၂ လလောက်နေရသည့် သူတွေလဲ မသက်သာ။ သူ့ ward က မူလဌာနေ ဆရာဝန်အပေါင်းလဲ တနေ့တနေ့ ဘာအဆူခံရမလဲနှင့် ကြိတ်ကြိတ် ကြိတ်ကြိတ်၊ တိုးတိုး တိုးတိုးနှင့် ။ အားလုံးက ထိတ်ထိတ်ပြာပြာ ကြောက်နေကြရသည်။

ကျွန်တော် အဆိုပါ ပါမောက္ခကို ဆိုးသည်ဟု မဆိုလိုပါ။ သို့သော် သူ၏ အုပ်ချုပ်ပုံနှင့် နာကျင်အောင် ပြောဆိုပုံ၊ အသက်ရှူမဝအောင် ထားပုံမှာ မပျော်ပိုက်ပါချေ။ သူက တမင်သက်သက် training အနေဖြင့် မောင်းနေသည်ကို ကျွန်တော် နားလည်သော်လဲ ခွဲစိတ်ဆရာဝန်တို့၏ သဘောသဘာဝမှာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး
ညီအကိုလို အလုပ်လုပ်ရသော ပတ်ဝန်းကျင်ကိုသာ လိုချင်မြဲတည်း။

အဆိုပါ ဆရာကြီးသည် ကျွန်တော့်ကို သဘောကျ၍ အထူးကုဖြစ်ပါက သူ့ထံလာရန် ကျွန်တော့်အား သူ့အခန်းထဲခေါ်၍ နှစ်ဦးချင်းခေါ်ပြောပါသေးသည်။ သူ့ speciality သည် ပြောရရင် ဝင်ငွေကောင်းသော အလုပ်ပင်။ သို့သော် ကျွန်တော်မသွားလိုပါ။ ဘယ်လောက်ပင်ဝင်ငွေကောင်းသော်လဲ ကျွန်တော်အဲ့လို မပျော်ရသော ကျပ်တည်းလှသော အုပ်ချုပ်မှု ပုံစံတွင် မနေလိုသဖြင့် ကျွန်တော် အေးဆေးဆေးဆေး စဉ်းစားပါအုန်းမည်လို့သာ ဆရာကြီးအား အဖြေပေးလိုက်ပါသည်။ စိတ်ထဲကတော့ တခါတည်း ငြင်းမိပါသည်။

အဲ့လောက်ကျပ်တည်းလွန်းတော့ ငယ်စဉ်က စနေ၊ တနင်္ဂနွေတွေက ပြန်ပြီးအသက်ဝင်လာပြန်လေပြီ။ ရန်ကုန်ဆေးရုံကြီးမှာ တောက်လျောက်နေခဲ့ရစဉ်က အလုပ်လုပ်ရသည်ကို ပေါ့ပါးပျော်ရွှင်နေခဲ့မိသောကြောင့် စနေ၊ တနင်္ဂနွေတွေ ၊ အားလပ်ရက်တွေကို သတိတောင် မရခဲ့။ ဆေးရုံသွားရတာကို ဒုက္ခတို့၊ မောတယ်၊ ပင်ပန်းတယ် မထင်ခဲ့ပဲကိုး။

ယခုကျ ဆေးရုံမသွားချင်။ အားလပ်ရက်တွေကို မျှော်မိသည်။ ပိတ်ရက်တွေက အဖိုးတန်လာသည်။ အဲ့ဒီ ward မှာနေစဉ် နာဂစ်တိုက်ပြီးကာလ ဖြစ်လေရာ ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များကို နာဂစ်ဒေသများလို့ တခါသွား (၂) ပတ်ဖြင့် အလှည့်ကျ ပို့နေလေသည်။ ကျွန်တော် အဲ့ဒီ Ward မှာ စိတ်ညစ်နေစဉ် ဆရာညီညီဆွေ( ယခု အသည်းခွဲစိတ်ပါမောက္ခ) က သူ့အစား ကျွန်တော်သွားပေးပါလား ပြောလေရာ ကျွန်တော်မှာ ရေငတ်တုန်း ရေတွင်းတဲကျသလိုဖြစ်ပြီး ချက်ချင်းပင် ကျွန်တော် နာဂစ်တိုက်ရာ လပ္ပတ္တာမြို့ကို သွားမည်ဖြစ်ကြောင်း သဘောတူလိုက်ပါတော့သည်။ ကိုညီညီဆွေကတော့ ဒီကောင် တယ်သဘောကောင်းပါလား ထင်ပေလိမ့်မည်။ တကယ်ကတော့ ကျွနိတော်က ဒီ ward မှာ စိတ်ဖိဆီးလွန်းသဖြင့် ဒီ ward က (၂) ပတ်ထွက်ရလဲ ၂ ပတ် စိတ်သက်သာရာ ရသည်ဆိုကာ လပ္ပတ္တာမက ချင်းတောင်ပို့လဲ သွားမည်ပင်။

အမှတ်တရ ပြောပြရအုန်းမည်။ အဲ့ဒီ Ward မှာ (၂) လပြည့်လို့ နောက် Ward ပြောင်းရမည်ဆိုတော့ ကျွန်တော်နဲ့ ကျော်ထက် ပျော်လိုက်ကြတာလေ။ ဒီ ၂ လပြည့်ဖို့ လက်ချိုးရေတွက်ကာ စောင့်နေခဲ့ကြရသည် မဟုတ်ပါလား။ ဘာမှ ပြဿနာမတက်ဘဲ ဒီ ward က ထွက်ကြရတော့မည်။ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ ဖြစ်နေကြသည်။

ကျွန်တော်တို့ကပင် ကျွန်တော်တို့အား training ပေးသည့်အတွက် ကျေးဇူးတင်ပါသည်ဆိုတာ ward ထဲမှာ ကြက်သားဟင်းနဲ့ ပလာတာ နေ့လည်စာ ကျွေးလိုက်ကြသည်။ နောက်ဆုံးနေ့မှာတော့ ပါမောက္ခက ကျွန်တော်တို့ ၂ ယောက်ကို သူကျေနပ်ကြောင်း ပြောရှာပါပေသည်။

ကျွန်တော်တို့ ၂ ယောက်ကား ညနေ (၄) နာရီဆိုလျှင် လွတ်လပ်ရေးနေ့ အခါသမယကို ငံ့လင့်၍ နေလေပြီ။ အရင်တုန်းကတော့ ညနေ(၄) နာရီ အိမ်ပြန်လျှင် ပါမောက္ခက ဒီကောင်တွေ မကြိုးစားဟု မှတ်ချက်ပြုတတ်သဖြင့် ကျွန်တော်တို့မှာ ညနေ ၆ နာရီ ၇ နာရီမှပြန်၍ ကြိုးစားဟန်ဆောင်ရသည်။ ယခုတော့ နံနက်ဖြန် ဒီ ward တွင် မရှိတော့ပြီဖြစ်၍ (၄) နာရီတိတိမှာပင် လွတ်လပ်ရေး အချိန်အခါ ကျပြီဖြစ်လေသည်။

ကျွန်တော်နှင့် ကျော်ထက်သည် ဒီည ဒို့ အိမ်မပြန်ဘူး တိုင်ပင်ထားကြသည်။ လွတ်လပ်ရေးနေ့မို့ ပျော်လွန်းလို့ နှစ်ယောက်အတူတူ ကဲကြမည်ဖြစ်သည်။ တခြားသူငယ်ချင်းမပါပေ၊ သူနဲ့ကျွန်တော် နှစ်ယောက်သာ ဒီဒုက္ခတွေ နှစ်လအတူ ခံနေခဲ့ကြသဖြင့် လွတ်လပ်ရေးနေ့မှာလဲ နှစ်ယောက်အတူကဲကြမည်၊ လွတ်လပ်ရေး အရသာ ခံစားကြမည်ဆိုပြီး တစ်ယောက်ပိုက်ဆံ တစ်သိန်း ထည့်ထားကြသည်။ ၂၀၀၇ ခုနှစ်က ပိုက်ဆံတစ်သိန်းသည် တညတာအတွက် မနည်းလှပေ။

ညနေ ၄ နာရီ ဒေါင်ကနဲထိုးတာနဲ့ ကျွန်တော်နှင့် ကျော်ထက်သည် အနှိပ်ခန်းသို့ စတင် ချီတက်ကြလေ၏။ အကြာကြီး နှိပ်ခိုင်းပြီး နှစ်ယောက်သား နှစ်လစာ ရင်ဖွင့်နေကြသည်။ ရယ်မောနေကြသည်။ ဟာသတွေ လုပ်နေကြသည်။ ကဲ အနှိပ်ပြီးတော့ ဘားသွားသောက်ကြသည်။ ဘားပြီးတော့ KTV ကို ဆက်ကြသည်မှာ ပိုက်ဆံ ၂ သိန်းကုန်မှပင် ရပ်ကြလေတော့သတည်း။ ဪ အားလပ်ရက်ရဲ့ အရသာဆိုတာ ဒုက္ခကို ရင်းပြီးမှ သုခက လာသကိုးဗျ။

ဆရာဝန်ဘဝ ဒီ (၂) လသာ စိတ်ဆင်းရဲခဲ့ရပြီး ပျော်ရွှင်စွာ ပြန်လည်ဖြတ်သန်းကြရပြန်လေတော့ အားလပ်ရက်တွေက ဘာမှ အရသာ မရှိတော့ပြန်လေပြီတကား။

အားလပ်ရက် အရသာက ဘယ်မှာ ပြန်ပေါ်သလဲဆိုတော့ ကျွန်တော် စင်ကာပူဆေးရုံမှာ colorectal fellow ဘဝနဲ့ training ပြန်သွားရတော့ ပြန်ပေါ်လာပြန်လေပြီ။

စလုံးက ကျွန်တော့်ကို ဘယ်လောက်ခိုင်းလဲဆို ကျွန်တော် အစားမလျှော့ရပါပဲ တလအတွင်း ၁၇ ပေါင် ကျသွားသည်။ မိုးမလင်းမှီ အမှောင်ထဲမှာ ဆေးရုံရောက်ရသည်။ နံနက် ၆:၃၀ ဆေးရုံရောက်ဖို့ နံနက် ၅:၃၀ မှာ အိပ်ယာက ထရသည်။ အင်မတန် နံနက်မထချင်သော ကျွန်တော်မှာ နံနက်တိုင်း ၅:၃၀ နာရီနှိုးစက်ဖြင့် အိပ်ယာကထကာ ကျွန်တော်နေရာ Jurong East မှ ဆေးရုံရှိရာ Outram Park ဘူတာအထိ နာရီဝက် ရထားစီးရသည်။ ရထားသည် ဘယ်တော့မှ ထိုင်ခုံမရ။ ရထားပေါ်မှာ မတ်တပ်ရပ်ပြီး ကွင်းကလေးကိုဆွဲကာ ကျွန်တော်ငိုက်တတ်နေလေပြီ။ ညနေ အိမ်ပြန်တော့ ရထားစီးရင် မှောင်နေပြီ။

နံနက်ခင်း Outram Park ဘူတာကနေ Singapore General Hospital ရှိရာ ကုန်းကလေးကို တက်ရသည်။ ၁၀ မိနစ် ၁၅ မိနစ်လောက် လမ်းလျှောက်ရတိုင်း မြန်မာပြည်က ဆရာဝန်ဘဝကို လွမ်းမိသည်။ ပြန်ရမယ့် ရက်တွေကို နေ့တိုင်းရေတွက်မိသည်။ Ward ထဲမှာ အလုပ်လုပ်ရတိုင်း မြန်မာပြည်က ဆရာဝန်တွေ၊ ဆရာမတွေရဲ့ ပျော်ပျော်ကြီး အလုပ်လုပ်ခဲ့ရတာ သတိရသည်။ ငါသည် ဒီမှာ ပညာလာသင်ရပေမယ့် မပျော်ချေတကား။ စလုံးတွေရဲ့ အပြုံးအရယ်နည်းတဲ့ မျက်နှာတွေကို သဘောမကျမိ။ မြန်မာခွဲခန်းတွေမှာ လူနာတွေ တယောက်ပြီး တယောက်ခွဲနေရပေမယ့် တခါမှ မောတယ်လို့မထင်၊ အချင်းချင်း
စနောက်၊ ဟာသတွေပြောရင်း တဟီးဟီးတဟားဟားဖြင့် အလုပ်တွေ ပြီးသွားသည်။ SGH ရဲ့ ခွဲခန်းတွေမှာက အပြုံးတွေမရှိ၊ ရယ်သံတွေ တိတ်ဆိတ်နေသည်။ ဘာလို့ သူတို့အချင်းချင်း ဟာသတွေ မပြောကြတာလဲ စဉ်းစားလို့မရ။

စနေ တနင်္ဂနွေတွေက စင်ကာပူမှာ တကျော့ပြန် အသက်ဝင်လာခဲ့ပြန်လေပြီ။ သောကြောနေ့ နေ့လည်ဆို ကျွန်တော် ပျော်နေပြီ။ သောကြောနေ့ ညနေပိုင်းတိုင်း ကျွန်တော့် OPD အချိန်ရှိသည်။ ညနေ (၅:၃၀) လောက်ဆို ကျွန်တော် OPD ပြီးပြီ။ ကျောပိုးအိတ်ကောက်လွယ်ကာ SGH တောင်ကုန်းပေါ်ကနေ ပေါ့ပါးလန်းဆန်းစွာ လမ်းလျှောက်ပြီး Outram Park ဘူတာကို ဆင်းလာခဲ့တော့သည်။ ပုံမှန်ဆို ပင်ပန်းတယ်ဆိုပြီး ဆေးရုံက shuttle bus စောင့်စီးတတ်သော်လဲ သောကြာညနေတိုင်း ပျော်လို့ လမ်းလျှောက်ပြီးသာ ဆင်းသည်။ အဲ့ညနေ ကျွန်တော် အိမ်စောစောမပြန်ဘဲ တနေရာရာကို သွားတတ်သည်။

ပုံမှန်ဆို Jurong ကိုသာပြန်ပြီး HDB အောက်က ဟော်ကာစင်တာမှာ ၃ ကျပ် ၄ ကျပ်တန် ထမင်းတပွဲစားပြီး အိမ်ပြန်စာဖတ်၊ ဒါမှမဟုတ် ကွန်ပြူတာတလုံးနဲ့ပဲ အချိန်ဖြုန်းသည်။ ဒါက တနင်္လာကနေ ကြာသပတေးပေါ့။

သောကြာနေ့တွေ အသက်ဝင်လာတော့ ကျွန်တော်လျှောက်သွားသည်။ တခါတလေ နှစ်ထပ်ဘတ်စကားပေါ်မှာ ရှေ့ဆုံးခုံမှာထိုင်ရင်း ဦးတည်ရာမဲ့ လျှောက်စီးနေတတ်သည်။ လမ်းဘေးက သီးချင်းတီးဝိုင်းလေးတွေကို စိတ်ဝင်တစား နားထောင်နေတတ်သည်။ Marina bay မှာ လမ်းသွားလျှောက်သည်။ Chinese garden မှာ လမ်းလျှောက်ရတာ သဘောကျသည်။ သောကြာနေ့ဆို ကိုယ်စားချင်သည့် ဟင်း (၂) မျိုးလောက်ကို မချွေတာဘဲ မှာစားသည်။ စင်ကာပူမှာ စျေးကြီးသည့် ဘီယာကို ၈ ကျပ် ၉ ကျပ်ပေးပြီးသောက်သည်။ ပြီးရင် နံနက်ဖြန် နံနက် ငါထစရာမလိုဘူး၊ ဒီည ငါအိပ်ရပြီဆိုပြီး ကျေနပ်ပီတိ ဂွမ်းဆီထိနေတော့သည်။ စနေနေ့ တနေကုန် လျှောက်လည်၊ ကောင်းကောင်းအိပ်သည်။

တနင်္ဂနွေရောက်တော့ နေ့လည်လောက်ဆို ကျွန်တော့်စိတ်တွေ စတင်လေးလံ လာတော့သည်။ နံနက်ဖြန် နံနက် (၅:၃၀) အိပ်ယာက ထရပြန်တော့မည်လေ။

ငယ်ငယ်တုန်းက ကျောင်းသားဘဝက တပတ်အတွင်း ပြည်တွင်းသတင်းများဆိုတဲ့ တီဗီကြည့်နေရတဲ့ ခံစားချက်ကို အခု စင်ကာပူမှာ ပြန်ရနေပြန်ပါပကောလား။

ဖြစ်နိုင်ရင် အားလပ်ရက်တွေရဲ့ အရသာကို မရချင်မိပေ။ အားလပ်ရက်တွေကို တောင့်တနေမိတယ်ဆိုတာက အရမ်းပင်ပန်းနေလို့ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်ပါလား။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Drmyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share