Floca's Quest Log

Call Directions

Floca's Quest Log Husband, Father, Doctor, Gamer

App ဝယ်ထားတဲ့သူတွေ အခန်း ၁၃ ကို Down ပြီး ဖတ်လို့ရပါပြီ။ အပေါ်ထောင့်က Sync Updates ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခဏစောင့်...
17/10/2026

App ဝယ်ထားတဲ့သူတွေ အခန်း ၁၃ ကို Down ပြီး ဖတ်လို့ရပါပြီ။ အပေါ်ထောင့်က Sync Updates ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခဏစောင့်လိုက်ရင် Chapter 13 ပွင့်လာပါလိမ့်မယ်။ တင်ထားတာတော့ ၂ ရက်‌လောက် ရှိပါပြီ။ မအားတာနဲ့ Post မတင်ဖြစ်သေးတာပါ။ လောလောဆယ် ပြန်နေတာ Battle of Tumbleton နားရောက်နေပါပြီ။

သွေးနှင့် မီးလျှံ(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)အခန်း ၈ - စမ်းသပ်မှုကာလ‌ခုနစ်ပြည်ထောင်ကို ပြန်လည်ဖွဲ့စည်း...
16/10/2026

သွေးနှင့် မီးလျှံ
(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)

အခန်း ၈ - စမ်းသပ်မှုကာလ

‌ခုနစ်ပြည်ထောင်ကို ပြန်လည်ဖွဲ့စည်းခြင်း

အပိုင်း ၄

Application နှင့် ဖတ်လိုပါက ဤ Post အားဖတ်ပါ။

https://www.facebook.com/share/p/1QMC9mewNT/

ဘုရင်သည် သူ၏ မိဖုရားကြောင့် ပျော်ရွှင်နေရပြီး ခုနစ်ပြည်ထောင်သည်လည်း ၎င်းတို့၏ အိမ်ထောင်မင်္ဂလာကြောင့် ပျော်ရွှင်နေကြသော်လည်း မိမိတွင် စမ်းသပ်မှုများ ရင်ဆိုင်ရမည့် အချိန်ကာလ ရောက်ရှိလာမည်ဟု ကြိုတင်မျှော်မှန်းခဲ့ခြင်းသည်လည်း မမှားခဲ့ပေ။ အတိုင်ပင်ခံကောင်စီကို ပြန်လည်ဖွဲ့စည်းပြီး အရှင်ရိုဂါ နှင့် မိဖုရား အလစ်ဆာ တို့ကို ပြန်လည်သင့်မြတ်စေကာ နန်းတော်၏ ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန် အခွန်အသစ်များ ပြဋ္ဌာန်းပြီးသည့်နောက်တွင် အခက်ခဲဆုံး ဖြစ်လာမည့် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအရာမှာ သူ၏ အစ်မဖြစ်သူ ရေနာ ပင် ဖြစ်လေသည်။

လိုင်မန်လန်နစ္စတာ နှင့် Casterly Rock တို့ကို နှုတ်ဆက်ထွက်ခွာခဲ့ပြီးကတည်းက ရေနာ တာဂေးရီးယန်း နှင့် သူမ၏ အခြွေအရံအဖွဲ့သည် Ashemark ၏ မာဘရန်း အိမ်တော်၊ Castamere ၏ ရိမ်းအိမ်တော်၊ Golden Tooth မှ လက်ဖ်ဖော့အိမ်တော်၊ Wayfarer’s Rest မှ ဗန့်စ်အိမ်တော်နှင့် နောက်ဆုံးတွင် Pinkmaiden ၏ ပိုက်ပါအိမ်တော်တို့ထံ သွားရောက်လည်ပတ်ရင်း ကိုယ်ပိုင် ခရီးစဉ်တစ်ခုကို လှည့်လည်ခဲ့ကြသည်။ သူမ မည်သည့်နေရာသို့ လှည့်လည်သွားလာသည်ဖြစ်စေ ပြဿနာများသာ ပေါ်ပေါက်ခဲ့သည်။ “စစချင်းမှာတော့ သူတို့အားလုံး နွေးနွေးထွေးထွေးပါပဲ” ဟု မင်္ဂလာပွဲအပြီးတွင် မောင်တော်နှင့် တွေ့ဆုံစဉ် သူမက ပြောခဲ့သည်။ “ဒါပေမယ့် ကြာကြာမခံပါဘူး။ ငါ့ကို မကြိုဆိုကြတာ ဒါမှမဟုတ် လွန်လွန်ကဲကဲ ကြိုဆိုကြတာ ဒွိဟဖြစ်စရာပါပဲ။ ငါနဲ့ ငါ့လူတွေကို ဧည့်ခံရတဲ့ ကုန်ကျစရိတ်ကို သူတို့ ညည်းတွားကြပေမဲ့ သူတို့ကို စိတ်လှုပ်ရှားစေတာက ဒရင်းဖိုင်းယား ပဲ။ အချို့က သူ့ကို ကြောက်ကြတယ်။ အများစုကတော့ သူ့ကို လိုချင်ကြတာ။ ငါ့ကို စိတ်အနှောင့်အယှက် အပေးနိုင်ဆုံးက အဲဒီ့လောဘသားတွေပဲ။ သူတို့ဟာ ကိုယ်ပိုင် နဂါးတွေကို အသည်းအသန် လိုချင်နေကြတယ်။ အဲဒါကိုတော့ ငါ သူတို့ကို ပေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ ဘယ်ကို သွားရမှာလဲ။”

“ဒီမှာလေ” ဟု ဘုရင်မင်းမြတ်က အကြံပြုခဲ့သည်။ “နန်းတွင်းကိုပဲ ပြန်လာခဲ့ပါလား။”

“ပြီးတော့ မင်းရဲ့ အရိပ်အောက်မှာပဲ ထာဝရ နေရမှာလား။ ငါ့မှာ ကိုယ်တိုင် ရပ်တည်ဖို့ နေရာတစ်ခု လိုအပ်တယ်။ ဘယ် အရှင်သခင်ကမှ ငါ့ကို မခြိမ်းခြောက်နိုင်၊ နယ်မနှင်နိုင် ဒါမှမဟုတ် ငါ့ရဲ့ အကာအကွယ်အောက်မှာ ရှိနေတဲ့သူတွေကို ဒုက္ခမပေးနိုင်တဲ့ နေရာမျိုးပေါ့။ ငါ့မှာ မြေနေရာရယ်၊ စစ်တပ်တစ်ခုနဲ့ ရဲတိုက်တစ်ဆောင် လိုတယ်”

“အစ်မတော် အတွက် မြေနေရာ ရှာပေးနိုင်ပါတယ။၊ ရဲတိုက်တစ်ဆောင်လည်း ဆောက်ပေးနိုင်ပါတယ်” ဟု ဘုရင်မင်းမြတ်က ပြောခဲ့သည်။

“မြေကွက်တွေ အားလုံးက ပိုင်ရှင်ရှိပြီးသား၊ ရဲတိုက်တွေ အားလုံးမှာလည်း သူ့လူနဲ့သူ ရှိနေပြီးသား” ဟု ရေနာ က ပြန်လည် တုံ့ပြန်ခဲ့သည်။ “ဒါပေမဲ့ ငါ ပိုင်ဆိုင်ခွင့်ရှိတဲ့ နေရာတစ်ခုတော့ ရှိတယ်။ မောင်တော်၊ မင်း ထက်စာရင် ငါက ပိုပြီး ပိုင်ဆိုင်ခွင့်ရှိတယ်။ ငါဟာ နဂါးသွေးပါသူ ဖြစ်တယ်။ ငါ့ဖခင်ရဲ့ နန်းစိုက်ရာနေရာ၊ ငါ မွေးဖွားခဲ့တဲ့ နေရာကို ငါ လိုချင်တယ်။ ငါ Dragonstone ကို လိုချင်တယ်။”

ထိုအရာနှင့် ပတ်သက်၍ ဘုရင် ဂျေဟဲရစ် ၌ ပြန်လည် ဖြေကြားရန် အဖြေမရှိခဲ့ဘဲ ဤကိစ္စကို စဉ်းစားသုံးသပ်ပေးမည်ဟုသာ ကတိပြုခဲ့လေသည်။ ကောင်စီသို့ ထိုမေးခွန်းကို တင်ပြသည့်အခါ တာဂေးရီးယန်းအိမ်တော်၏ ဘိုးဘေးဘီဘင် နန်းစိုက်ရာနေရာကို မုဆိုးမ မိဖုရားကြီးထံ လွှဲပြောင်းပေးရန် ကန့်ကွက်သည့်နေရာတွင် ၎င်းတို့ အားလုံး တညီတညွတ်တည်း ဖြစ်ခဲ့ကြသော်လည်း မည်သူမျှ ပိုမို ကောင်းမွန်သည့် ဖြေရှင်းနည်းကိုမူ မပေးနိုင်ခဲ့ကြချေ။

ဤကိစ္စကို သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် ဘုရင်မင်းမြတ်သည် သူ၏ အစ်မဖြစ်သူနှင့် ထပ်မံ တွေ့ဆုံခဲ့သည်။ “အစ်မတော်အတွက် Dragonstone ကို စံမြန်းရာအဖြစ် ပေးသနားပါ့မယ်” ဟု ဘုရင်က သူမအား ပြောခဲ့သည်။ “ဘာလို့လဲဆိုတော့ နဂါးသွေးပါသူတွေအတွက် ဒီထက် ပိုပြီး သင့်တော်တဲ့ နေရာမရှိလို့ပါပဲ။ သို့သော်လည်း အစ်မတော်ဟာ ထိုကျွန်းနဲ့ ရဲတိုက်ကို ဆက်ခံရမှာ မဟုတ်ဘဲ ပေးသနားမှုကြောင့်သာ ပိုင်ဆိုင်ရမှာ ဖြစ်တယ်။ ငါတို့ရဲ့ အဖိုးတော်ဟာ တိုက်ပွဲနဲ့ မီးလျှံတွေကို အသုံးပြုပြီး ခုနစ်ပြည်ထောင်ကို တစ်ခုတည်း ဖြစ်အောင် ပြုလုပ်ခဲ့တာပါ။ အစ်မတော်အတွက် သီးခြား နိုင်ငံတော်တစ်ခု ပိုင်းခြားပေးလိုက်သလို ဖြစ်သွားလို့တော့ မဖြစ်ဘူး။ အစ်မတော်ဟာ ဂုဏ်ထူးဆောင် မိဖုရားတစ်ပါး ဖြစ်ပေမဲ့ ငါကိုယ်တော်ဟာ ဘုရင် ဖြစ်ပြီး ဘုရင်တစ်ပါးရဲ့ အမိန့်အာဏာဟာ Oldtown ကနေ မဟာတံတိုင်း အထိ Dragonstone ပေါ်မှာပါ သက်ရောက်နေပါတယ်။ အစ်မတော်ရော အဲဒီ့အချက်ကို သဘောတူရဲ့လား”

“မောင်တော်... မင်းဟာ သံပလ္လင်ပေါ်မှာ ထိုင်ရတာ မခိုင်မာသေးလို့ ကိုယ့်ရဲ့ သွေးရင်းကိုပါ မင်းရှေ့မှာ ဒူးထောက်ခိုင်းဖို့ လိုအပ်နေတာလား” ဟု ရေနာ က ပြန်လည် စောင်းမြောင်းပြောဆိုခဲ့သည်။ “ဖြစ်လေသမျှ အကြောင်း အကောင်းကြီးပေါ့လေ။ ငါ့ကို Dragonstone နဲ့ နောက်ထပ် လိုချင်တာတစ်ခု ပေးပါ။ ဒါဆိုရင် ငါ မင်းကို နောက်ထပ် ဒုက္ခမပေးတော့ပါဘူး”

“နောက်ထပ် တစ်ခု ဟုတ်လား” ဟု ဂျေဟဲရစ် က မေးမြန်းခဲ့သည်။

“အေရီယာ။ ငါ့ရဲ့ သမီးတော်ကို ငါ့ထံ ပြန်လည် အပ်နှင်းစေချင်တယ်”

“ကောင်းပြီ” ဟု ဘုရင်က မိန့်ဆိုခဲ့သည်။ သက်တော် ရှစ်နှစ်မျှသာ ရှိသေးသော အေရီယာ တာဂေးရီးယန်း သည် သံပလ္လင်၏ တရားဝင် အရိုက်အရာ ဆက်ခံသူ၊ အမွေဆက်ခံမည့်သူ ဖြစ်သဖြင့် ဤသည်မှာ အလွန် အလျင်စလို ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် ဤဆုံးဖြတ်ချက်၏ နောက်ဆက်တွဲ ရလဒ်များကို နောင်နှစ်များစွာ ကြာသည်အထိ သိရှိကြရမည် မဟုတ်ပေ။ လက်ရှိတွင်မူ ဤကိစ္စမှာ ပြီးစီးသွားခဲ့ပြီး အနောက်ဘက်ဒေသ၏ ဘုရင်မကြီးသည် ရုတ်ခြည်းပင် အရှေ့ဘက်ဒေသ၏ ဘုရင်မကြီး ဖြစ်လာခဲ့တော့သည်။

ဂျေဟဲရစ် နှင့် အယ်လီဆန်း တို့ နန်းစံရန် ခြေချလိုက်သည်နှင့်အမျှ ထိုနှစ်သည် နောက်ထပ် အကျပ်အတည်းများနှင့် စမ်းသပ်မှုများ မရှိဘဲ ကုန်လွန်ခဲ့လေသည်။ အတိုင်ပင်ခံကောင်စီ အစည်းအဝေးများသို့ မိဖုရား စတင် တက်ရောက်လာသည့်အခါ ကောင်စီဝင် အချို့ အံ့အားသင့်သွားခဲ့ကြသည်။ ၎င်းတို့သည် အစပိုင်းတွင် မိမိတို့အချင်းချင်း တိုးတိုးတိတ်တိတ် ကန့်ကွက်စကားများ ပြောဆိုခဲ့ကြသော်လည်း မကြာမီပင် ထိုသို့ပင် မပြောဆိုတော့ပေ။ အကြောင်းမှာ မိဖုရားငယ်လေးသည် ပညာရှိ၍ စာပေတတ်မြောက်ကာ ပါးနပ်သူဖြစ်ကြောင်း၊ မည်သည့် ဆွေးနွေးပွဲတွင်မဆို ကြိုဆိုရမည့်သူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။

အယ်လီဆန်း တာဂေးရီးယန်းတွင် သူမ၏ ဦးလေးတော် မီဂေါ သရဖူကို မတရား လုယူခြင်း မပြုမီ ကလေးဘဝ အချိန်ကာလများ၏ ပျော်ရွှင်ဖွယ် အမှတ်တရများ ရှိခဲ့သည်။ သူမ၏ ဖခင် အေးနီးစ် စိုးစံစဉ်ကာလအတွင်း သူမ၏ မိခင် မိဖုရား အလစ်ဆာ သည် နန်းတွင်းကို သီချင်းသံများ၊ ပွဲလမ်းသဘင်များနှင့် အလှတရားများ ပြည့်နှက်နေသည့် ခမ်းနားသော နေရာတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့သည်။ ဂီတပညာရှင်များ၊ ဇာတ်ခုံအကပညာရှင်များနှင့် စာဆိုတော်များသည် သူမနှင့် ဘုရင်၏ မျက်နှာသာပေးမှုကို ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ပွဲတော်များတွင် Arbor မှ ဝိုင်များသည် ရေကဲ့သို့ စီးဆင်းခဲ့ပြီး Dragonstone ၏ ခန်းမများနှင့် ကွင်းပြင်များတွင် ရယ်မောသံများ ဆူညံနေခဲ့ကာ နန်းတွင်းအမျိုးသမီးများသည် ပုလဲများနှင့် စိန်များကို ဆင်မြန်းလျက် တောက်ပနေခဲ့ကြသည်။ မီဂေါ၏ နန်းတွင်းမှာမူ မှောင်မိုက် စုတ်ပြတ်သော နေရာတစ်ခု ဖြစ်ခဲ့ပြီး ဘုရင် အေးနီးစ်ခေတ်၏ အမှတ်တရများသည် မုဆိုးမ မိဖုရားကြီးအတွက် နာကျင်ဖွယ် ဖြစ်ခဲ့သည့်အပြင် အရှင်ရိုဂါ မှာလည်း စစ်လိုလားသော စိတ်ဓာတ်ရှိသူဖြစ်ရာ “ဇာတ်ခုံအကပညာရှင်တွေနဲ့ မျောက်တွေဟာ တူတူပါပဲ။ နှစ်ကောင်လုံး ခုန်ပေါက်၊ မှောက်ခုံထိုး၊ စက်ဆုပ်ဖွယ် အော်ဟစ်နေကြတာပဲ။ ဒါပေမဲ့ လူတစ်ယောက် ဗိုက်ဆာရင်တော့ မျောက်ကို စားလို့ရတယ်။” ဟု ပြောဆိုကာ ဇာတ်ခုံအကပညာရှင်များကို မျောက်များထက် အသုံးမဝင်ဟု တစ်ခါက ပြောဆိုခဲ့ဖူးသည်။

သို့သော် မိဖုရား အယ်လီဆန်း သည် သူမ၏ ဖခင် နန်းတွင်း၏ သက်တမ်းတိုတောင်းသော ဂုဏ်ရောင်ပြောင်မှုများကို တမ်းတမ်းတတ ပြန်လည်သတိရခဲ့ပြီး Free Cities မှ ချည်ထိုးပန်းချီများနှင့် ကော်ဇောများကို ဝယ်ယူကာ ရဲတိုက်၏ ခန်းမများနှင့် အခန်းများကို အလှဆင်ရန် နံရံဆေးရေးပန်းချီများ၊ ရုပ်တုများနှင့် ကြွေပြားလက်ရာများကို အပ်နှံလျက် ရဲတိုက်နီကြီးအား ယခင်ကကဲ့သို့ လင်းလက်တောက်ပလာစေရန် လုပ်ဆောင်ခဲ့သည်။ သူမ၏ အမိန့်တော်အတိုင်း မြို့စောင့်တပ်မှ အမျိုးသားများသည် ဝတ်ရုံဖြူလုတိုက်ပွဲတွင် ဟာသ သီချင်းများဖြင့် ဘုရင်နှင့် သာမန်ပြည်သူများကိုပါ ပျော်ရွှင်စေခဲ့သည့် လူပြက်ကြီးတွမ် ကို တွေ့ရှိသည်အထိ Flea Bottom ကို မွှေနှောက်ရှာဖွေခဲ့ကြသည်။ အယ်လီဆန်း က သူ့အား နန်းတွင်း အဆိုတော်အဖြစ် ခန့်အပ်ခဲ့ရာ နောင်လာမည့် ဆယ်စုနှစ်များတွင် ထိုရာထူးကို ရရှိကြမည့်သူ အများအပြားအနက် ပထမဆုံးသူ ဖြစ်လာခဲ့လေသည်။ သူမသည် Oldtown မှ စောင်းသမားတစ်ဦး၊ Braavos မှ ဇာတ်ခုံအကအဖွဲ့တစ်ဖွဲ့၊ Lys မှ ကချေသည်များကို ခေါ်ဆောင်လာခဲ့ပြီး ရဲတိုက်နီကြီး၏ ပထမဆုံး လူပြက်ကို ခေါင်းဆောင်နေရာ၌ ထားခဲ့သည်။ ထိုသူမှာ အမျိုးသမီးအဖြစ် ဝတ်ဆင်ထားပြီး ညစ်ညမ်း၍ ထိတ်လန့်ဖွယ်ရာများကို ပြောဆိုတတ်ကြသည့် သစ်သားရုပ်သေးရုပ်တစ်ခု အမြဲဆောင်ထားတတ်သည့် “အိမ်ထောင်ရှင်မ”ဟု ခေါ်တွင်သော ဝဖြိုးသည့် အမျိုးသားတစ်ဦး ဖြစ်လေသည်။

ဤအရာအားလုံးက ဘုရင် ဂျေဟဲရစ် အား ပျော်ရွှင်စေခဲ့သော်လည်း ယင်းတို့အနက် မည်သည့်အရာမျှ လအနည်းငယ်အကြာတွင် မိဖုရား အယ်လီဆန်း က သူမ၌ ရင်သွေးရှိနေပြီဟု ပြောကြားခဲ့သည့်အခါ ခံစားခဲ့ရသော ပျော်ရွှင်မှု၏ တစ်ဝက်မျှပင် သူ့အား မသက်ရောက်စေခဲ့ပေ။

မှတ်ချက် ၁။ ။ဆာ အော်ရင် ဘရာသီယွန် သည် Westeros သို့ ဘယ်သောအခါမျှ ပြန်မလာခဲ့ပေ။ Oldtown သို့ သွားရောက်ရာတွင် သူနှင့်အတူ လိုက်ပါခဲ့သော စစ်သည်များနှင့်အတူ သူသည် Free City ဖြစ်သော Tyrosh သို့ ကူးတို့သင်္ဘောဖြင့် သွားရောက်ခဲ့ပြီး ထိုနေရာတွင် အုပ်ချုပ်သူ၏ အမှုထမ်း ဖြစ်လာခဲ့သည်။ တစ်နှစ်အကြာတွင် သူသည် အုပ်ချုပ်သူ၏ သမီးတော်ကို ထိမ်းမြားခဲ့သည်။ ထိုမိန်းကလေးမှာ သံပလ္လင်နှင့် Free City တို့အကြား မဟာမိတ်ဖွဲ့နိုင်ရန်အတွက် သူ၏ အစ်ကို ရိုဂါ က ဘုရင် ဂျေဟဲရစ် နှင့် ထိမ်းမြားပေးရန် မျှော်လင့်ခဲ့သော မိန်းကလေးပင် ဖြစ်လေသည်။ အပြာရောင်၊ အစိမ်းရောင် ဆံပင်နှင့် ဆွဲဆောင်မှုရှိသော ဟန်ပန်ရှိသည့် ခန့်ညားသော ထိုမိန်းကလေးသည် မကြာမီ ဆာ အော်ရင် အတွက် သမီးတော်တစ်ဦး ဖွားမြင်ပေးခဲ့သည်။ သို့သော် Free Cities မှ အမျိုးသမီး အများအပြားကဲ့သို့ပင် သူမသည်လည်း လူမှုရေးတွင် လွတ်လပ်သူဖြစ်သဖြင့် ထိုမိန်းကလေးမှာ အမှန်တကယ် သူ၏ သမီးတော် ဟုတ်မဟုတ် သံသယအချို့ ရှိခဲ့သည်။ သူမ၏ ဖခင်၏ အုပ်ချုပ်သူသက်တမ်း ပြီးဆုံးသည့်အခါ ဆာ အော်ရင် သည်လည်း သူ၏ ရာထူးကို ဆုံးရှုံးခဲ့ရပြီး Tyrosh မှ မကောင်းသတင်းဖြင့် ကျော်ကြားသော ကြေးစားတပ်ဖွဲ့တစ်ခုဖြစ်သည့် Maiden’s Men အဖွဲ့သို့ ဝင်ရောက်ရန် Myr သို့ ထွက်ခွာခဲ့ရသည်။ ထိုနောက်ပိုင်း မကြာမီတွင်ပင် Disputed Lands ၌ Men of Valor အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲတစ်ခုအတွင်း သူ ကျဆုံးခဲ့ရသည်။ သူ၏ ဇနီးနှင့် သမီးတော်တို့၏ ကံကြမ္မာကိုမူ ကျွန်ုပ်တို့ မသိရှိကြရပေ။

သွေးနှင့် မီးလျှံ(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)အခန်း ၈ - စမ်းသပ်မှုကာလ‌ခုနစ်ပြည်ထောင်ကို ပြန်လည်ဖွဲ့စည်း...
13/10/2026

သွေးနှင့် မီးလျှံ
(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)

အခန်း ၈ - စမ်းသပ်မှုကာလ

‌ခုနစ်ပြည်ထောင်ကို ပြန်လည်ဖွဲ့စည်းခြင်း

အပိုင်း ၃

Application နှင့် ဖတ်လိုပါက ဤ Post အားဖတ်ပါ။

https://www.facebook.com/share/p/1QMC9mewNT/

နန်းတော်၏ ဘဏ္ဍာရေးကို တတ်နိုင်သမျှ ပြုပြင်ထိန်းသိမ်းပြီးနောက် ဘုရင်မင်းမြတ်သည် သူ့အား စောင့်ကြိုနေသော အခြားသော အရေးကြီးသည့် ကိစ္စရပ်ဆီသို့ အာရုံစိုက်လိုက်လေသည်။ နောက်ဆုံး၌ သူသည် သူ၏ မိဖုရားအား ခေါ်ယူခဲ့လေသည်။ အယ်လီဆန်း တာဂေးရီးယန်း နှင့် သူမ၏ နဂါး ဆေးလ်ဗားဝင်း တို့သည် ဘုရင်မင်းမြတ်နှင့် ခွဲခွာနေခဲ့ရပြီးနောက် ဆင့်ခေါ်စာ ရောက်ရှိလာသည့် တစ်နာရီအတွင်း၌ပင် Dragonstone မှ ထွက်ခွာခဲ့ကြသည်။ သူမ၏ ကျန်ရှိသော အခြွေအရံများကမူ သင်္ဘောဖြင့် နောက်မှ လိုက်ပါလာခဲ့ကြသည်။ ထိုအချိန်တွင် Flea Bottom ၏ လမ်းကြားများအတွင်းမှ မျက်မမြင် သူတောင်းစားများပင် အယ်လီဆန်း နှင့် ဂျေဟဲရစ် တို့ ထိမ်းမြားပြီးစီးခဲ့ကြောင်း သိရှိနေကြပြီ ဖြစ်သော်လည်း တရားဝင်ဖြစ်မှုနှင့် စနစ်တကျ ရှိစေရန်အတွက် ဒုတိယအကြိမ် မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း ဘုရင်နှင့် မိဖုရားတို့သည် တစ်လမျှ ခွဲခွာ၍ အိပ်စက်ခဲ့ကြလေသည်။

ဘုရင်မင်းမြတ်သည် အတိတ်က 'ရွှေရောင် မင်္ဂလာပွဲ' ကဲ့သို့ ခမ်းနားထည်ဝါပြီး လူကြိုက်များခဲ့သည့် ပွဲမျိုးကို မိမိ၌ မရှိသော ဘဏ္ဍာငွေများကို ထပ်မံ အသုံးပြု၍ ကျင်းပရန် ဆန္ဒ မရှိခဲ့ပေ။ သူ၏ မိခင်နှင့် အရှင်ရိုဂါ တို့ မင်္ဂလာဆောင်သည်ကို လူပေါင်း လေးသောင်းခန့်က မျက်မြင်တွေ့ရှိခဲ့ကြသော်လည်း ဂျေဟဲရစ် က သူ၏ နှမတော် အယ်လီဆန်း အား ထပ်မံ ထိမ်းမြားသည်ကို တွေ့မြင်ရန် ရဲတိုက်နီကြီး အတွင်း၌ လူပေါင်း တစ်ထောင်မျှသာ စုဝေးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် သံပလ္လင်၏ အောက်ခြေ၌ ၎င်းတို့အား ဇနီးမောင်နှံအဖြစ် ကြေညာပေးခဲ့သူမှာ ဘုန်းတော်ကြီး ဘားသ် ဖြစ်ပေသည်။

အရှင်ရိုဂါ ဘရာသီယွန် နှင့် မိဖုရားဟောင်းကြီး အလစ်ဆာ တို့သည်လည်း ဤတစ်ကြိမ်တွင် သက်သေအဖြစ် မတ်တပ်ရပ်နေကြသူများအကြား ပါဝင်ခဲ့ကြသည်။ ၎င်းတို့သည် အရှင်သခင်၏ ညီတော်များ ဖြစ်ကြသော ဂါရွန် နှင့် ရွန်နယ် တို့နှင့်အတူ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရန် Storm’s End မှ ပြန်လည် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လူပြောအများဆုံး ဖြစ်ခဲ့သည်မှာ အခြားသော မင်္ဂလာဧည့်သည်တစ်ဦး ဖြစ်သည် - အနောက်ဘက်ဒေသ၏ ဘုရင်မကြီးလည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဒရင်းဖိုင်းယား၏ တောင်ပံများထက်၌ စီးနင်း၍ ရေနာ တာဂေးရီးယန်း သည် သူမ၏ မောင်နှမများ မင်္ဂလာဆောင်သည်ကို ကြည့်ရှုရန်နှင့် သူမ၏ သမီးတော် အေရီယာ ထံ လာရောက်တွေ့ဆုံရန် ပျံသန်းရောက်ရှိလာခဲ့လေသည်။

မင်္ဂလာအခမ်းအနား ပြီးဆုံးသည့်အခါ မြို့တစ်ခွင်၌ ခေါင်းလောင်းသံများ မြည်ဟီးသွားခဲ့ပြီး ဤ "ပျော်ရွှင်ဖွယ် အိမ်ထောင်မင်္ဂလာ" အကြောင်း ကြေညာရန်အတွက် စာပို့ငှက်များသည် နိုင်ငံတော်တခွင်ဆီသို့ ပျံသန်းထွက်ခွာသွားခဲ့ကြသည်။ ဘုရင်၏ ဒုတိယမြောက် မင်္ဂလာပွဲသည် သူ၏ ပထမမြောက် မင်္ဂလာပွဲနှင့် အရေးကြီးသော အချက်တစ်ခု ကွဲပြားခဲ့သည် - ယင်းမှာ မင်္ဂလာဦးည အတူအိပ်စက်ခြင်း ဖြစ်ပေသည်။ နောင်နှစ်ပေါင်းများစွာ ကြာသည့်အခါ မိဖုရား အယ်လီဆန်း က ယင်းမှာ သူမ၏ တောင်းဆိုမှုကြောင့် ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ သူမသည် အပျိုစင်ဘဝကို စွန့်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ရာ သူမ အမှန်တကယ် ထိမ်းမြားထားခြင်း ရှိမရှိ ဆိုသည်နှင့် ပတ်သက်၍ အခြားသော မေးခွန်းများ မရှိစေချင်တော့ပေ။ အရှင်ရိုဂါ ကိုယ်တော်တိုင် မူးရူးပျော်ရွှင်စွာ အော်ဟစ်လျက် သူမ၏ အဝတ်အစားများကို ချွတ်ပေးကာ မင်္ဂလာအိပ်ရာသို့ ပို့ဆောင်ပေးသည့် အမျိုးသားများအဖွဲ့ကို ဦးဆောင်ခဲ့ပြီး မိဖုရား၏ အပေါင်းအပါများဖြစ်ကြသော ဂျဲနစ် တင်းပယ်လ်တန်၊ ရိုစာမန်း ဘောလ်၊ ပရူးဒန့်စ် နှင့် ပရူးနဲလ်လား ဆဲလ်တီဂါ တို့က ဘုရင်မင်းမြတ်အတွက် ထိုသို့ ပြုလုပ်ပေးခဲ့ကြသည်။ ထိုနေရာ၊ King’s Landing ရှိ ရဲတိုက်နီကြီး၏ မီဂေါခံတပ် အတွင်းရှိ ကုတင်ထက်တွင် ဂျေဟဲရစ် တာဂေးရီးယန်း နှင့် သူ၏ နှမတော် အယ်လီဆန်း တို့၏ ထိမ်းမြားမှုသည် နောက်ဆုံး၌ အထမြောက်သွားခဲ့ပြီး နတ်ဘုရားများနှင့် လူအများ၏ မျက်မှောက်တွင် ၎င်းတို့၏ ပေါင်းစည်းမှုကို ထာဝရ အတည်ပြုလိုက်လေတော့သည်။

လျှို့ဝှက်ထားသည်များကို ဖွင့်ချပြီးနောက်ပိုင်းတွင် ဘုရင်မင်းမြတ်နှင့် သူ၏ နန်းတွင်းအဖွဲ့အစည်းသည် ခုနစ်ပြည်ထောင်က မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ခဲ့ကြသည်။ သူ၏ နောင်တော် အေဂွန်၏ ထိမ်းမြားမှုအပေါ် ကြုံတွေ့ခဲ့ရသော အကြမ်းဖက် ဆန့်ကျင်မှုများတွင် အကြောင်းရင်း အများအပြား ရှိခဲ့ကြောင်း ဂျေဟဲရစ် က ကောက်ချက်ချခဲ့သည်။ 39 AC တွင် သူတို့၏ ဦးလေးတော် မီဂေါ သည် ရဟန်းမင်းကြီးနှင့် သူ၏ နောင်တော် ဘုရင် အေးနီးစ်တို့နှစ်ဦးလုံးကို ဆန့်ကျင်လျက် ဒုတိယ မိဖုရားတစ်ပါး ထပ်မံ ထိမ်းမြားခဲ့ခြင်းကြောင့် သံပလ္လင်နှင့် ကြယ်တာယာကျောင်းတော် အကြားရှိ နူးညံ့သိမ်မွေ့သော နားလည်မှုကို ပျက်စီးစေခဲ့ရာ အေဂွန် နှင့် ရေနာ တို့၏ ထိမ်းမြားမှုကို နောက်ထပ် ရိုင်းစိုင်းသော စော်ကားမှုတစ်ခုအဖြစ် ရှုမြင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ဖြစ်ပေါ်လာသော ပြစ်တင်ရှုတ်ချမှုများသည် နိုင်ငံတော်တစ်ခွင် မီးဟုန်းဟုန်း တောက်လောင်စေခဲ့ပြီး ဘုရင်ထက် နတ်ဘုရားများကို ပိုမို ကြောက်ရွံ့ကြသော ဘာသာတရား ကိုင်းရှိုင်းသည့် အရှင်သခင် အများအပြားနှင့်အတူ သစ္စာတော်ခံ ဘာသာရေးအသင်းအဖွဲ့များသည်လည်း လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြသည်။ မင်းသား အေဂွန် နှင့် မင်းသမီး ရေနာ တို့သည် သာမန်ပြည်သူများအကြား လူသိနည်းခဲ့ကြပြီး (အဓိကအားဖြင့် အေဂွန် သည် နဂါးစီးသူရဲကောင်းတစ်ဦး ဖြစ်မလာသေးသည့်အတွက်) နဂါးများ မပါဘဲ ၎င်းတို့၏ ခရီးစဉ်ကို စတင်ခဲ့ကြသဖြင့် Riverrun ဒေသ၌ ၎င်းတို့အား တိုက်ခိုက်ရန် ပေါ်ပေါက်လာသော လူအုပ်စုများ၏ အန္တရာယ်ကို ကောင်းစွာ မတုံ့ပြန်နိုင်ခဲ့ကြချေ။

ဤအခြေအနေများနှင့် တူသည့် မည်သည့်အရာကမျှ ဂျေဟဲရစ် နှင့် အယ်လီဆန်း တို့အတွက် ရှိမနေခဲ့ပေ။ ကြယ်တာယာကျောင်းတော် မှ ပြစ်တင်ရှုတ်ချမှုလည်း ရှိလာမည် မဟုတ်။ အမြင့်မြတ်ဆုံး ရဟန်းမင်းများ အဖွဲ့အစည်းထဲမှ အချို့မှာ တာဂေးရီးယန်းတို့၏ မောင်နှမချင်း ထိမ်းမြားသည့် ဓလေ့ကို မကျေမနပ် ဖြစ်နေကြဆဲ ဖြစ်သော်လည်း လက်ရှိ ရဟန်းမင်းကြီးမှာမူ သဘောကောင်း လိုက်လျောလွယ်ပြီး အိမ်ပျော်နေသော နဂါးများကို နှိုးဆွရန် ဆန္ဒမရှိဘဲ သတိကြီးစွာ ထားရှိသူ ဖြစ်သည်။ သစ္စာတော်ခံ ဘာသာရေးအသင်းအဖွဲ့များမှာ ပြိုကွဲကာ မတရားအသင်း ကြေညာခံခဲ့ရပြီး ဖြစ်သည်။ ယခင် ဆင်းရဲသားဂိုဏ်းဝင် နှစ်ထောင်ခန့်သာ ညစောင့်တပ်၏ အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည့် မဟာတံတိုင်း တွင်ကျန်ရစ်လေသည်။ ဘုရင် ဂျေဟဲရစ် သည်လည်း သူ၏ နောင်တော် ပြုလုပ်ခဲ့သော အမှားကို ထပ်မံ ကျူးလွန်တော့မည် မဟုတ်ပေ။ သူနှင့် သူ၏ မိဖုရားသည် မိမိတို့ အုပ်ချုပ်သော နယ်မြေကို ကြည့်ရှုရန်၊ လိုအပ်ချက်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာရန်၊ အရှင်သခင်များနှင့် တွေ့ဆုံ၍ အကဲဖြတ်ရန်၊ သာမန်ပြည်သူများ၏ မေတ္တာကို ခံယူကာ ၎င်းတို့၏ ခံစားချက်များကို ပြန်လည် နားထောင်ပေးရန် ရည်ရွယ်ထားကြသော်လည်း မည်သည့်နေရာသို့မဆို သွားရောက်သည့်အခါ နဂါးများနှင့်အတူသာ သွားရောက်ကြမည် ဖြစ်သည်။

ဤအကြောင်းအရင်းများအားလုံးကြောင့် ဂျေဟဲရစ် သည် ခုနစ်ပြည်ထောင်က သူ၏ ထိမ်းမြားမှုကို လက်ခံလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် သူသည် ကံကြမ္မာကို ပုံအော ယုံကြည်တတ်သည့် အမျိုးသားတစ်ဦး မဟုတ်ပေ။ “စကားဆိုတာ လေပါပဲ” ဟု သူက အတိုင်ပင်ခံကောင်စီကို ပြောခဲ့သည်။ “သို့သော် လေဟာ မီးကို ပိုမို တောက်လောင်စေနိုင်တယ်။ ငါ့ဖခင်နဲ့ ငါ့ဦးလေးတို့ဟာ စကားတွေကို ဓားတွေနဲ့ မီးတွေသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်။ ငါတို့ကတော့ စကားတွေကို စကားတွေနဲ့ပဲ ပြန်လည် တိုက်ခိုက်ပြီး မီးမတောက်မီမှာဘဲ ငြှိမ်းသတ်ရလိမ့်မယ်။” ထိုသို့ မိန့်ဆိုလျက် ဘုရင်မင်းမြတ်သည် မြင်းစီးသူရဲကောင်းများနှင့် စစ်သည်များကို မစေလွှတ်ဘဲ တရားဟောဆရာများကိုသာ စေလွှတ်ခဲ့လေသည်။ “သင်တို့ ဆုံတွေ့သမျှ အမျိုးသား၊ အမျိုးသမီးတိုင်းကို အယ်လီဆန်း ၏ ကြင်နာမှု၊ သူမ၏ ချိုသာယဉ်ကျေးသော သဘာဝနှင့် နိုင်ငံတော်ရှိ ပြည်သူအပေါင်း၊ အထက်တန်းစားနှင့် သာမန်ပြည်သူများအပေါ် ထားရှိသော သူမ၏ မေတ္တာတရားတို့အကြောင်း ပြောပြကြပါ” ဟု ဘုရင်က ၎င်းတို့အား တာဝန်ပေးခဲ့သည်။

သူ၏ အမိန့်တော်အတိုင်း အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး၊ စုစုပေါင်း ခုနစ်ဦး ထွက်ခွာခဲ့ကြသည်။ ဓားများနှင့် ပုဆိန်များ အစား ၎င်းတို့သည် မိမိတို့၏ ဉာဏ်ပညာ၊ ရဲရင့်မှုနှင့် စကားလုံးများကိုသာ လက်နက်အဖြစ် ကိုင်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ ခရီးစဉ်များအကြောင်း ပုံပြင် အမြောက်အမြားကို ပြောဆိုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ စွန့်စားခန်းများသည် (ဒဏ္ဍာရီများ၏ သဘာဝအတိုင်း ပိုမို ချဲ့ကားခံရလျက်) ဒဏ္ဍာရီများ ဖြစ်လာကြတော့မည် ဖြစ်သည်။ ၎င်းတို့ စတင်ထွက်ခွာချိန်တွင် ထို ဟောပြောသူ ခုနစ်ဦးအနက် တစ်ဦးတည်းကိုသာ သာမန်ပြည်သူများက သိရှိခဲ့ကြသည်။ ထိုသူမှာ သံပလ္လင်ပေါ်တွင် မီဂေါ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသော "အနက်ရောင် သတို့သမီး" မိဖုရား အယ်လီနော ကိုယ်တော်တိုင် ဖြစ်ပေသည်။ ရက်ပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ ပိုမို နွမ်းပါးစုတ်ပြတ်လာသော မိဖုရား ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကော့စတိန်းအိမ်တော်မှ အယ်လီနော သည် Reach ဒေသတစ်ခွင် ခရီးလှည့်လည်လျက် သူမ၏ ဘုရင်ဟောင်း၏ မကောင်းမှုများနှင့် သူ၏ ဆက်ခံသူများ၏ ကောင်းမွန်မှုများအကြောင်း ပြောင်မြောက်စွာ သက်သေထွက်ဆိုပေးခဲ့သည်။ နောင်နှစ်များတွင် အထက်တန်းစား ဂုဏ်ပုဒ်များအားလုံးကို စွန့်လွှတ်လိုက်ပြီးနောက် သူမသည် ဘာသာရေးအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ကာ နောက်ဆုံးတွင် Lannisport ၌ တည်ရှိသော သီလရှင်ကျောင်းကြီးတွင် ကျောင်းအုပ်ကြီး အယ်လီနော ဖြစ်လာခဲ့တော့သည်။

ဂျေဟဲရစ် အတွက် ဟောပြောရန် ထွက်ခွာသွားခဲ့ကြသည့် အခြားသော ခြောက်ဦး၏ အမည်များသည်လည်း မကြာမီ မိဖုရားကြီး၏ အမည်ကဲ့သို့ပင် ထင်ရှားကျော်ကြားလာခဲ့ကြသည်။ သုံးဦးမှာ ဘုန်းတော်ကြီးငယ်များ ဖြစ်ကြသည်။ ပါးနပ်သော ဘုန်းတော်ကြီး ဘောဒရစ်၊ စာပေတတ်မြောက်သော ဘုန်းတော်ကြီး ရောလိုနှင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသဖြင့် ဝေါယဉ်ဖြင့်သာ သွားလာရသော ဒေါသကြီးသည့် ဘုန်းတော်ကြီးအို အာလ်ဖင်တို့ ဖြစ်ကြသည်။ ဘုရင်ငယ်လေး ရွေးချယ်ခဲ့သော အမျိုးသမီးများမှာလည်း ထူးခြားဆန်းပြားသူများ ဖြစ်ကြသည်။ အမျိုးသမီးဘုန်းတော်ကြီး အိဇာဘဲလ် မှာ Dragonstone ၌ အမှုထမ်းနေစဉ် မိဖုရား အယ်လီဆန်း ၏ သိမ်းသွင်းမှုကို ခံခဲ့ရသူ ဖြစ်သည်။ ထို့ပြင် အမျိုးသမီးဘုန်းတော်ကြီး ဗိုင်အိုလန်တေးမှာ သူမ၏ ဆေးကုသပေးနိုင်သော စွမ်းရည်များကြောင့် ကျော်ကြားသူ ဖြစ်သည်။ သူမ ရောက်ရှိသည့် နေရာတိုင်းတွင် အံ့ဩဖွယ်ရာများကို ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။ Arryn တောင်ကြား မှ ရောက်ရှိလာသော မိခင်ကြီး မားရစ်မှာမူ Gulltown ဆိပ်ကမ်းရှိ ကျွန်းတစ်ကျွန်းပေါ်ရှိ သီလရှင်ကျောင်း၌ မိဘမဲ့ မိန်းကလေးများကို မျိုးဆက်ပေါင်းများစွာ သင်ကြားပြသပေးခဲ့သူ ဖြစ်ပေသည်။

နိုင်ငံတော်တစ်ခွင် ခရီးလှည့်လည်စဉ်အတွင်း ပြောဟောသူ ခုနစ်ဦးတို့သည် မိဖုရား အယ်လီဆန်း ၏ ဘာသာတရား ကိုင်းရှိုင်းမှု၊ သူမ၏ ရက်ရောမှုနှင့် အစ်ကိုတော် ဘုရင်အပေါ် ထားရှိသော သူမ၏ မေတ္တာတရားတို့အကြောင်း ပြောဆိုခဲ့ကြသည်။ သို့သော် ခုနစ်ထောင့်ကြယ်ကျမ်းဂန်ထဲမှ စာပိုဒ်များကို သို့မဟုတ် အတိတ်က ရဟန်းမင်းကြီးများ၏ ဒေသနာများကို ကိုးကား၍ ၎င်းတို့အား စိန်ခေါ်ခဲ့ကြသော ဘုန်းတော်ကြီးများ၊ တိုက်နယ်ဘုန်းတော်ကြီးများ၊ ဘာသာတရား ကိုင်းရှိုင်းသည့် သူရဲကောင်းများနှင့် အရှင်သခင်များအတွက်မူ ၎င်းတို့၌ အသင့်ပြင်ထားသော အဖြေတစ်ခု ရှိခဲ့ကြသည်။ ထိုအဖြေကို ဘုန်းတော်ကြီး အော့စ်ဝစ်ခ် နှင့် (အထူးသဖြင့်) ဘုန်းတော်ကြီး ဘားသ် တို့၏ ထိရောက်သော ကူညီမှုဖြင့် ဂျေဟဲရစ် ကိုယ်တော်တိုင် King’s Landing တွင် ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။ နောင်နှစ်များတွင် Citadel နှင့် ကြယ်တာယာကျောင်းတော် တို့နှစ်ခုလုံးက ယင်းကို "ကင်းလွတ်ခွင့် ဝါဒ"ဟု ခေါ်ဆိုခဲ့ကြသည်။

ယင်း၏ အခြေခံ သဘောတရားမှာ ရိုးရှင်းလှသည်။ ခုနစ်ပါးသော နတ်ဘုရားတို့ကို ကိုးကွယ်သော ဘာသာတရားသည် ရှေးခေတ် Andalos တောင်ကုန်းများတွင် စတင် ပေါ်ပေါက်ခဲ့ပြီး အန်ဒယ်လူမျိုးများနှင့်အတူ ပင်လယ်ကို ဖြတ်သန်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကျမ်းဂန်များတွင် ပြဋ္ဌာန်းထားပြီး ရဟန်းမင်းကြီး၏ အမိန့်တော်အတိုင်း အမျိုးသမီးဘုန်းတော်ကြီးများနှင့် ဘုန်းတော်ကြီးများ သင်ကြားပြသခဲ့သည့် နတ်ဘုရားတို့၏ ဥပဒေများက မောင်နှမချင်း၊ ဖခင်နှင့် သမီး၊ မိခင်နှင့် သား တို့သည် ကာမစပ်ယှက်ခြင်း မပြုရဟု အမိန့်ထုတ်ထားကာ ထိုသို့သော ပေါင်းစည်းမှုများမှ ဆင်းသက်လာသူများသည် နတ်ဘုရားများ၏ မျက်မှောက်တွင် စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်ရာများ ဖြစ်ကြသည်ဟု သတ်မှတ်ထားခဲ့ကြသည်။ ကင်းလွတ်ခွင့် ဝါဒကို ယုံကြည်သူများက ဤအရာအားလုံးကို ထောက်ခံခဲ့ကြသော်လည်း ယင်းဝါဒတွင် သတိပေးချက်တစ်ခု ပါရှိသည်။ တာဂေးရီးယန်းများသည် အခြားသူများနှင့် မတူပေ။ ၎င်းတို့၏ ဇစ်မြစ်သည် Andalos တွင် မဟုတ်ဘဲ အခြားသော ဥပဒေများနှင့် ဓလေ့ထုံးတမ်းများ လွှမ်းမိုးရာ ရှေးခေတ် Valyria တွင် ဖြစ်ပေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အား ကြည့်လိုက်ရုံမျှဖြင့် အခြားသော သာမန်လူများနှင့် မတူကြောင်း သိရှိနိုင်သည်။ ၎င်းတို့၏ မျက်လုံးများ၊ ဆံပင်များ၊ ၎င်းတို့၏ ဟန်ပန်မူရာများအားလုံးက ၎င်းတို့၏ ကွဲပြားမှုကို ဖော်ပြနေကြသည်။ ထို့ပြင် ၎င်းတို့သည် နဂါးများကို စီးနင်းကြသည်။ Valyria ပျက်စီးခြင်း ဘေးဒဏ် ကျရောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်ရှိ အမျိုးသားအားလုံးအနက် ၎င်းတို့ မိသားစုဝင်များသာလျှင် ထိုကြောက်မက်ဖွယ် သားရဲများကို ယဉ်ပါးအောင် ပြုလုပ်နိုင်သော စွမ်းအားကို ရရှိခဲ့ကြခြင်း ဖြစ်သည်။

“နတ်ဘုရား တစ်ပါးတည်းကပင် ငါတို့ကို ဖန်ဆင်းခဲ့တာပါ။ အန်ဒယ်တွေ၊ ဗလီးရီးယန်းတွေနဲ့ ပထမဆုံး လူသားတွေကိုပေါ့” ဟု ဘုန်းတော်ကြီး အာလ်ဖင် က သူ၏ ဝေါယဉ်ပေါ်မှ ဟောပြောခဲ့သည်။ “ဒါပေမယ့် နတ်ဘုရားတွေက ငါတို့အားလုံးကို တူညီအောင် မဖန်ဆင်းခဲ့ပါဘူး။ သူတို့က ခြင်္သေ့နှင့် နွားတွေကိုလည်း ဖန်ဆင်းခဲ့တယ်။ နှစ်မျိုးလုံးက မြင့်မြတ်တဲ့ တိရစ္ဆာန်တွေ ဖြစ်ပေမယ့် တချို့ ပါရမီတွေကို တစ်ကောင်ကို ပေးခဲ့ပြီး နောက်တစ်ကောင်ကို မပေးခဲ့ဘူး။၊ ဒါ့ကြောင့် ခြင်္သေ့က နွားလို မနေနိုင်သလို နွားကလည်း ခြင်္သေ့လို မနေထိုင်နိုင်ပေဘူး။ သင့်အတွက် သင့်နှမနှင့် အတူအိပ်စက်ခြင်းသည် ကြီးမားသော အပြစ်ဖြစ်ပေလိမ့်မည်။ သို့သော် သင်သည် နဂါးသွေးပါသူ မဟုတ်ပေ။ ၎င်းတို့ ပြုလုပ်သည့် အရာသည် ၎င်းတို့ အစဉ်အမြဲ ပြုလုပ်ခဲ့သော အရာသာ ဖြစ်ပြီး ယင်းကို စီရင်ဆုံးဖြတ်ရန် ကျွန်ုပ်တို့တွင် တာဝန်မရှိပေ။”

ဒဏ္ဍာရီများအရ ရွာငယ်လေးတစ်ရွာတွင် ပါးနပ်သော ဘုန်းတော်ကြီး ဘောဒရစ် သည် ယခင် ဆင်းရဲသားဂိုဏ်းဝင် ဖြစ်ခဲ့ဖူးသော သန်မာထွားကြိုင်းသည့် သူရဲကောင်းတစ်ဦး၏ ရင်ဆိုင်ခြင်းကို ခံခဲ့ရသည်။ ထိုသူက “အေးပါ၊ ဒါဆိုရင် ငါကော ငါ့နှမနဲ့ အတူအိပ်ချင်ရင် မင်းဆီက ခွင့်ပြုချက် ရနိုင်မလား” ဟု မေးခဲ့သည်။ ဘုန်းတော်ကြီးက ပြုံးလိုက်ပြီး “Dragonstone ဆီ သွားပြီး နဂါးတစ်ကောင်ကို စီးကြည့်လိုက်ပါ။ မင်း အဲလို လုပ်နိုင်ရင် သူရဲကောင်းကြီး၊ မင်းနဲ့ မင်းနှမကို ငါကိုယ်တိုင် မင်္ဂလာဆောင်ပေးပါ့မယ်” ဟု ပြန်လည် ဖြေကြားခဲ့ပေသည်။

ဤနေရာတွင် သမိုင်းကို လေ့လာသူတိုင်း ရင်ဆိုင်ရသည့် အခက်အခဲတစ်ခု တင်ပြလိုပေသည်။ အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပြန်လည်ကြည့်ရှုသည့်အခါ ဤအရာ၊ ဤအကြောင်းနှင့် ဤအချက်တို့သည် ဖြစ်ပျက်ခဲ့သမျှ၏ အကြောင်းအရင်းများ ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ပြောနိုင်ပေသည်။ သို့သော် ဖြစ်မလာခဲ့သော ကိစ္စရပ်များကို ပြန်လည်ကြည့်ရှုသည့်အခါတွင်မူ ကျွန်ုပ်တို့၌ ခန့်မှန်းရန်သာ တတ်နိုင်တော့သည်။ လွန်ခဲ့သော ဆယ်နှစ်က အေဂွန် နှင့် ရေနာ တို့ကို ပုန်ကန်ခဲ့ကြသကဲ့သို့ 51 AC တွင် ဘုရင် ဂျေဟဲရစ် နှင့် မိဖုရား အယ်လီဆန်း တို့အား ခုနစ်ပြည်ထောင်က ပုန်ကန်ထကြွခဲ့ခြင်း မရှိခဲ့ကြောင်းကို ကျွန်ုပ်တို့ သိရှိကြသည်။ ယင်းသို့ ဖြစ်ရသည့် အကြောင်းအရင်းကို ရှာဖွေသော အခါတွင်မူ မရေမရာမှုများသာ တွေ့ခဲ့ရသည်။ ရဟန်းမင်းကြီး၏ နှုတ်ဆိတ်နေမှုမှာ ကြီးမားသော သက်ရောက်မှုရှိခဲ့သည်မှာ သံသယဖြစ်စရာ မလိုဘဲ အရှင်သခင်များနှင့် သာမန်ပြည်သူများအပေါင်းသည်လည်း စစ်ဘေးကို စိတ်ကုန်နေခဲ့ကြပြီ ဖြစ်သည်။ သို့သော် စကားများ၌ စွမ်းအားရှိသည်ဆိုပါက ထိုပြောဟောသူ ခုနစ်ဦးသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ သေချာပေသည်။

သွေးနှင့် မီးလျှံ(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)အခန်း ၈ - စမ်းသပ်မှုကာလ‌ခုနစ်ပြည်ထောင်ကို ပြန်လည်ဖွဲ့စည်း...
10/10/2026

သွေးနှင့် မီးလျှံ
(G.R.R.Martin ၏ Fire and Blood ကို ပြန်ဆိုသည်)

အခန်း ၈ - စမ်းသပ်မှုကာလ

‌ခုနစ်ပြည်ထောင်ကို ပြန်လည်ဖွဲ့စည်းခြင်း

အပိုင်း ၂

Application နှင့် ဖတ်လိုပါက ဤ Post အားဖတ်ပါ။

https://www.facebook.com/share/p/1QMC9mewNT/

ဘုရင်မင်းမြတ်သည် သံပလ္လင်ပေါ်တွင် ထိုင်လျက် သရဖူကို ဆောင်းထားပြီး သူ့အား လက်ခံတွေ့ဆုံခဲ့သည်။ အတိုင်ပင်ခံကောင်စီဝင် အရှင်သခင်များလည်း တက်ရောက်ခဲ့ကြပြီး ဘုရင့်သက်တော်စောင့်များဖြစ်ကြသော ဆာ ဂျောဖရီ ဒေါ့ဂတ် နှင့် ဆာ လောရန့်စ် ရော့ခ်စတွန် တို့သည် ၎င်းတို့၏ အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ကာ သံပလ္လင်၏ အောက်ခြေတွင် မတ်တပ်ရပ်နေခဲ့ကြသည်။ ထိုသူများမှလွဲ၍ ရာဇပလ္လင်ခန်းမကြီးမှာ ဗလာကျင်းနေခဲ့သည်။ တံခါးများမှ သံပလ္လင်အထိ ခရီးရှည်ကြီးကို လှမ်းလျှောက်လာစဉ် အရှင်ရိုဂါ ၏ ခြေသံများသည် ပဲ့တင်ထပ်နေခဲ့ကြောင်း ဂရန်းမေစတာ ဘန်နီဖာ က မှတ်တမ်းတင်ထားသည်။
“အရှင်ရိုဂါ၏ မာနကို ဘုရင်မင်းမြတ်က ကောင်းစွာ သိရှိထားခဲ့သည်” ဟု သူက ရေးသားခဲ့သည်။ “နန်းတွင်းအဖွဲ့အစည်း တစ်ခုလုံး၏ ရှေ့မှောက်တွင် သူ့အား နှိမ့်ချခိုင်းခြင်းဖြင့် ထပ်မံ စိတ်ဒဏ်ရာ ရရှိစေရန် ဘုရင်မင်းမြတ်၌ ဆန္ဒ မရှိခဲ့ပေ။”

သို့သော်လည်း သူသည် မိမိကိုယ်ကို နှိမ့်ချခဲ့ရသည်ပင် ဖြစ်သည်။ Storm’s End ၏ အရှင်သခင်သည် ဒူးတစ်ဖက် ထောက်ကာ ခေါင်းကို ငုံ့လိုက်ပြီး သူ၏ ဓားကို သံပလ္လင်၏ အောက်ခြေတွင် တင်ထားလိုက်သည်။ “ဘုရင်မင်းမြတ်” ဟု သူက စတင်ပြောဆိုခဲ့သည်။ “အမိန့်ပေးတော်မူသည့်အတိုင်း အကျွန်ုပ် ရောက်ရှိလာခဲ့ပါပြီ။ အကျွန်ုပ်အား စိတ်ကြိုက် ပြုမူတော်မူပါ။ အကျွန်ုပ်၏ ညီတော်များနှင့် ဘရာသီယွန် အိမ်တော်ကိုမူ သက်ညှာပေးပါရန် တောင်းပန်အပ်ပါသည်။ အကျွန်ုပ် ပြုလုပ်ခဲ့သမျှ အရာရာကို ပြုလုပ်ခဲ့သည်မှာ—”

“— နိုင်ငံတော်၏ အကျိုးအတွက်သာဖြစ်ပါသည်လို့ လျှောက်မလို့မလား။” အရှင်ရိုဂါ ထပ်မံ မပြောမီ ဂျေဟဲရစ် သည် ဘာမှ ဆက်မပြောရန် လက်တစ်ဖက်ကို မြှောက်၍ တားဆီးလိုက်သည်။ “အရှင် ဘာလုပ်ခဲ့တယ်၊ ဘာပြောခဲ့တယ်၊ ဘာကြံစည်ခဲ့တယ်ဆိုတာ ငါကိုယ်တော် သိပါတယ်။ ငါနဲ့ ငါ့ရဲ့ မိဖုရားအပေါ် မကောင်းတဲ့ စေတနာ မရှိဘူးလို့ အရှင် ပြောတာကို ငါကိုယ်တော် ယုံပါတယ်။ အရှင်လည်း မမှားပါဘူး။ ငါကိုယ်တော်ဟာ Citadel ရောက်ခဲ့ရင် သာလွန်ကောင်းမွန်တဲ့ မေစတာတစ်ဦး ဖြစ်လာမှာပါ။ သို့သော်လည်း ပို၍ပင် တော်မြတ်တဲ့ ဘုရင်တစ်ပါး ဖြစ်လာဖို့ ငါကိုယ်တော် မျှော်လင့်ပါတယ်။ အချို့သူတွေက ငါတို့ကို အခု ရန်သူတွေလို့ ပြောဆိုနေကြပြီ။ ငါကတော့ စိတ်ဝမ်းကွဲပြားခဲ့ကြတဲ့ မိတ်ဆွေတွေလို့ပဲ ပိုပြီး တွေးချင်ပါတယ်။ ငါကိုယ်တော်ရဲ့အမေက အရှင့်ဆီမှာ ခိုလှုံခွင့် လာရောက်တောင်းခံတဲ့အခါ ဘေးအန္တရာယ် အဖြစ်ခံပြီး ငါတို့ကို လက်ခံခဲ့တယ်။ ငါတို့ကို ဖမ်းပြီး ငါ့ဦးလေးထံ လက်ဆောင်အဖြစ် အလွယ်တကူ ပေးအပ်လို့ ရပါလျက်နဲ့ မလုပ်ခဲ့ဘူး။ ထိုအစား အရှင့်ရဲ့ ဓားကို ငါကိုယ်တော့်ထံ သစ္စာပြုခဲ့ပြီး စစ်တပ်တွေကို ခေါ်ယူပေးခဲ့တယ်။ ငါ ဒါကို မေ့မထားပါဘူး။

“စကားဆိုတာ လေထဲမှာပါပဲ” ဟု ဂျေဟဲရစ် က ဆက်လက် ပြောကြားခဲ့သည်။ “အရှင်ရိုဂါ၊ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ၊ သစ္စာဖောက်မှုအကြောင်း ပြောဆိုခဲ့ပေမဲ့ ဘယ် ပုန်ကန်မှုကိုမှ မကျူးလွန်ခဲ့ပါဘူး။ အရှင် ငါ့ရဲ့ ထိမ်းမြားမှုကို ပျက်စီးစေချင်ခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ အရှင် မင်းသမီး အေရီယာ ကို ငါ့နေရာမှာ သံပလ္လင်ပေါ် တင်မြှောက်ဖို့ အကြံပြုခဲ့ပေမဲ့ ငါ ထိုင်နေတုန်းပါပဲ။ အရှင့်ရဲ့ ညီကို ငါ့ရဲ့ တူမ ရယ်လာ အား သီလရှင်ကျောင်းကနေ ခေါ်ဆောင်ဖို့ စေလွှတ်ခဲ့တာ မှန်ပါတယ်။ သို့သော်လည်း ဘာ ရည်ရွယ်ချက်နဲ့လဲ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး။ ကိုယ်ပိုင် သားသမီး မရှိလို့ သူမကို မွေးစားချင်ရုံမျှလည်း ဖြစ်နိုင်တာပါပဲ။

“သစ္စာဖောက်တဲ့ လုပ်ရပ်တွေက အပြစ်ဒဏ်နဲ့ ထိုက်တန်ပါတယ်။ မိုက်မဲတဲ့ စကားတွေကတော့ အခြားကိစ္စတစ်ခုပါပဲ။ အရှင် တကယ်ပဲ ညစောင့် အဖွဲ့ဆီ သွားချင်တယ်ဆိုရင် ငါကိုယ်တော် မတားပါဘူး။ ညစောင့်တပ်ဖွဲ့မှာ အရှင်ရိုဂါလို သန်မာတဲ့ အမျိုးသားတွေ လိုအပ်ပါတယ်။ သို့သော်လည်း အရှင် ဒီမှာပဲ ကျန်ရစ်ပြီး ငါကိုယ်တော်ထံ အမှုထမ်းတာကိုပဲ ပိုပြီး လိုလားပါတယ်။ အရှင် မရှိရင် ငါကိုယ်တော် ဒီသံပလ္လင်ပေါ်မှာ ထိုင်နေရမှာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံတော်တစ်ခုလုံးက သိတယ်။ ပြီးတော့ ငါကိုယ်တော်မှာ အရှင်ကို လိုအပ်နေတုန်းပါပဲ။ နိုင်ငံတော်က အရှင့်ကို လိုအပ်နေတုန်းပဲ။ နဂါးကြီးအေဂွန် သေဆုံးပြီး ငါ့ဖခင် သရဖူဆောင်းခဲ့ချိန်မှာ သူ့ကို ဘုရင်ဖြစ်ချင်သူတွေနဲ့ ပုန်ကန်တဲ့ အရှင်သခင်တွေက အရပ်ရပ်ကနေ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတယ်။ ငါကိုယ်တော်မှာလည်း ထိုအကြောင်းရင်းကြောင့်ပင် ထိုကဲ့သို့ ဖြစ်လာနိုင်တယ်။ ငါ့ရဲ့ ဆုံးဖြတ်ချက်၊ ငါ့ရဲ့ စိတ်ဓာတ်နဲ့ ငါ့ရဲ့ ခွန်အားတွေကို စမ်းသပ်ဖို့ပေါ့။ ငါကိုယ်တော်ရဲ့ ထိမ်းမြားမှု ပေါ်ပေါက်သွားတဲ့အခါ နိုင်ငံတော်တစ်ခွင်က ဘာသာတရား ကိုင်းရှိုင်းသူတွေ ငါ့ကို ပုန်ကန်ထကြွကြလိမ့်မယ်လို့ ငါ့အမေက ယုံကြည်နေတယ်။ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီစမ်းသပ်မှုတွေကို ရင်ဆိုင်ဖို့ ငါ့အနားမှာ စိတ်ဓာတ်ကောင်းမွန်တဲ့ အမျိုးသားတွေ၊ ငါ့အတွက် တိုက်ခိုက်ပေးမယ့်သူတွေ၊ ငါ့အတွက် သေပေးရဲမယ့်သူတွေ၊ လိုအပ်ရင် ငါ့ရဲ့ မိဖုရားအတွက်ပါ သေပေးရဲမယ့် သူရဲကောင်းတွေ လိုအပ်ပါတယ်။ အရှင်ရိုဂါကရော အဲဒီ့လို အမျိုးသားတစ်ဦးဖြစ်နိုင်ပါ့မလား။”

ဘုရင်မင်းမြတ်၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားသော အရှင်ရိုဂါ က မော့ကြည့်လိုက်ပြီး ခံစားချက်များ ပြည့်နှက်နေသော အသံဖြင့် “အကျွန်ုပ်သည် ထိုသို့သော အမျိုးသား ဖြစ်ပါတယ် အရှင်မင်းမြတ်” ဟု ပြောခဲ့သည်။

“ဒါဆိုရင် အရှင့်ရဲ့ အပြစ်တွေကို ငါ ခွင့်လွှတ်ပါတယ်” ဟု ဘုရင် ဂျေဟဲရစ် က မိန့်ဆိုခဲ့သည်။ “သို့သော် အချို့သော စည်းကမ်းချက်တွေ ရှိပါလိမ့်မယ်။” သူက စည်းကမ်းချက်များကို ပြောဆိုသည့်အခါ သူ၏ အသံမှာ တင်းမာလာခဲ့သည်။ “အရှင် ငါ့ကို သို့မဟုတ် ငါ့ရဲ့ မိဖုရားကို ဆန့်ကျင်တဲ့ စကားတစ်ခွန်းမှ ထပ်မပြောရတော့ဘူး။ ဒီနေ့မှစ၍ အရှင်ဟာ သူမ၏ သစ္စာအရှိဆုံး သစ္စာတော်ခံ ဖြစ်ရမှာဖြစ်တယ်။ အရှင့်ရှေ့မှာ သူမကို ဆန့်ကျင်ပြောဆိုတဲ့ စကားတစ်ခွန်းမှ လက်ခံလို့ မရဘူး။ ထို့ပြင် ငါ့အမေကို မလေးမစား ပြုလုပ်တာကို ငါ မခံစားနိုင်သလို ခွင့်လည်းပြုမှာ မဟုတ်ဘူး။ သူမဟာ မင်းနဲ့အတူ Storm’s End ကို ပြန်လည်လိုက်ပါရမည်ဖြစ်ပြီး ထိုနေရာ၌ အရှင်တို့ဇနီးမောင်နှံ အတူတကွ နေထိုင်ကြရမယ်။ စကားအားဖြင့်ရော လုပ်ရပ်အားဖြင့်ပါ သူမကို ဂုဏ်သရေနှင့် ယဉ်ကျေးပျူငှာစွာသာ ဆက်ဆံရမယ်။ အရှင် ဤစည်းကမ်းချက်တွေကို လိုက်နာနိုင်ပါ့မလား။”

“ဝမ်းမြောက်စွာ လိုက်နာပါ့မယ်” ဟု အရှင်ရိုဂါ က ပြောခဲ့သည်။ “အကျွန်ုပ် မေးပါရစေ။ ညီတော်အော်ရင် အတွက်ကို ဘယ်လိုစီရင်မှာပါလဲ။”

ထိုစကားကြောင့် ဘုရင်မင်းမြတ်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ “ဆာ အော်ရင် နဲ့ Oldtown ကို သူ့နောက် လိုက်သွားခဲ့တဲ့ စစ်သည်တွေကို လွှတ်ပေးဖို့ ငါ အရှင်ဟိုက်တာဝါ ကို မိန့်တော်မူမယ်” ဟု ဂျေဟဲရစ် က ဆိုခဲ့သည်။ “ဒါပေမယ့်လည်း သူတို့ကို အပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးနိုင်ဘူး။ မဟာတံတိုင်းဆီ သွားရတာက ထာဝရ ဖြစ်တာမို့ အဲဒီ့အစား သူတို့ကို ၁၀ နှစ် နယ်နှင်ဒဏ် စီရင်မယ်။ သူတို့ တခြားနေရာမှာ ကြေးစားစစ်သည် သွားလုပ်တာပဲဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာ ရှာဖွေဖို့ Qarth ဆီ ရွက်လွှင့်သွားတာပဲဖြစ်ဖြစ် ငါကိုယ်တော်နဲ့ မဆိုင်ပါဘူး။ သူတို့ အသက်ရှင်ကျန်ရစ်ပြီး နောက်ထပ် ပြစ်မှုတွေ မကျူးလွန်ဘူးဆိုရင် ၁၀ နှစ် ပြည့်တဲ့အခါ အိမ်ပြန်လာလို့ရတယ်။ သဘောတူလား။”

“သဘောတူပါတယ် အရှင်မင်းမြတ်” ဟု အရှင်ရိုဂါ က ပြန်လည် ဖြေကြားခဲ့သည်။ “အလွန်ပင် တရားမျှတလှပါတယ် အရှင်မင်းမြတ်။” ထို့နောက် နောင်တွင် သူ၏ သစ္စာရှိမှုကို အာမခံချက်အဖြစ် ဘုရင်မင်းမြတ်က သူ့ထံမှ ဓားစာခံများ တောင်းဆိုမည်လားဟု မေးမြန်းခဲ့သည်။ သူ၏ ညီတော် သုံးဦးတွင် နန်းတွင်းသို့ စေလွှတ်နိုင်သော ကလေးငယ်များ ရှိကြောင်းလည်း ထောက်ပြခဲ့သည်။
ထိုမေးခွန်းကို အဖြေပေးသောအားဖြင့် ဘုရင် ဂျေဟဲရစ် သည် သံပလ္လင်ပေါ်မှ ဆင်းလာပြီး အရှင်ရိုဂါ အား သူ၏ နောက်သို့ လိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့သည်။ ဘုရင်မင်းမြတ်သည် သူ၏ အရှင်သခင်အား ညီလာခံခန်းမကြီး၏အပြင် 'ဗာမီသော' အစာစားနေသည့် အတွင်းဘက် ကွင်းပြင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ နဂါးကြီး၏ နံနက်စာအတွက် နွားသိုးတစ်ကောင်ကို ခုတ်ထစ်သတ်ဖြတ်ထားခဲ့ရာ ကျောက်စက်ပြင်ပေါ်တွင် မီးကျွမ်း၍ မီးခိုးများ ထွက်ပေါ်နေခဲ့လေသည်။ အကြောင်းမှာ နဂါးများသည် အသားကို မစားမီ အမြဲတမ်း မီးရှို့လေ့ ရှိသောကြောင့် ဖြစ်သည်။ 'ဗာမီသော' သည် အသားတုံးကြီးများကို ကိုက်ဆွဲဖြတ်တောက်ကာ စားသောက်နေခဲ့သော်လည်း ဘုရင်မင်းမြတ်သည် အရှင်ရိုဂါ နှင့်အတူ အနားသို့ တိုးကပ်လာသည့်အခါ နဂါးကြီးသည် ခေါင်းကို မော့လိုက်ပြီး အရည်ကြိုထားသော ကြေးနီရောင် ကန်ငယ်များကဲ့သို့သော မျက်လုံးများဖြင့် ၎င်းတို့အား စိုက်ကြည့်လိုက်သည်။ “သူက နေ့တိုင်း ပိုပြီး ကြီးကြီးလာနေတာ” ဟု ဂျေဟဲရစ် က နဂါးကြီး၏ မေးစေ့အောက်ကို ပွတ်သပ်ပေးရင်း ပြောခဲ့သည်။ “မင်းရဲ့ တူ၊ တူမတွေကို မင်းပဲ သိမ်းထားပါ အရှင်။ ငါက ဘာလို့ ဓားစာခံတွေ လိုအပ်ရမှာလဲ။ မင်းရဲ့ ကတိစကား ရှိရင် ရပါပြီ။ ဒါဟာ ငါ လိုအပ်တဲ့ အရာအားလုံးပါပဲ။” သို့သော် ဘုန်းတော်ကြီး ဘားသ် က ဘုရင်မင်းမြတ် မပြောခဲ့သော စကားများကိုပါ ထိုစကားများမှ ကြားသိခဲ့လေသည်။ “ငါ ဤနဂါးကို စီးနင်းနေသမျှ ကာလပတ်လုံး Stormlands မှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတိုင်းဟာ ငါ့ရဲ့ ဓားစာခံတွေပဲလို့ ဘုရင်မင်းမြတ်က နှုတ်မှ မပြောဘဲ သတိပေးခဲ့ခြင်းဖြစ်ပြီး အရှင်ရိုဂါ လည်း ယင်းကို အထင်းသား ကြားသိခဲ့ရပေသည်” ဟု ဘုန်းတော်ကြီး ဘားသ် က ရေးသားခဲ့သည်။

သို့ဖြင့် ဘုရင်ငယ်လေးနှင့် သူ၏ ဘုရင့်လက်ရုံးဟောင်း တို့အကြား ငြိမ်းချမ်းရေး ရရှိခဲ့ကြပြီး ထိုညတွင် ညီလာခံခန်းမကြီး၌ ပြုလုပ်သော ပွဲတော်ဖြင့် အတည်ပြုခဲ့ကြသည်။ ထိုပွဲတော်တွင် အရှင်ရိုဂါသည် မိဖုရား အလစ်ဆာ ၏ ဘေးတွင် ထိုင်ကာ စုဝေးရောက်ရှိနေကြသော အရှင်သခင်များနှင့် အမျိုးကောင်းသမီးများအားလုံး၏ ရှေ့မှောက်၌ မိဖုရား အယ်လီဆန်း ၏ ကျန်းမာရေးအတွက် သောက်ရေဖလားကို ကိုင်မြှောက်ကာ သူမအပေါ်ထားရှိသော မေတ္တာနှင့် သစ္စာတရားကို ကတိပြုခဲ့သည်။ လေးရက်အကြာတွင် အရှင်ရိုဂါ သည် Storm’s End သို့ ပြန်လည်ထွက်ခွာသည့်အခါ မိဖုရား အလစ်ဆာ သည်လည်း သူနှင့်အတူ လိုက်ပါသွားခဲ့ပြီး Kingswood သစ်တောကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် ဆာ ပိတ်နှင့် စစ်သည် တစ်ရာတို့က ခြံရံလိုက်ပါပို့ဆောင်ပေးခဲ့ကြလေသည်။

King’s Landing တွင် ဂျေဟဲရစ် ၁ တာဂေးရီးယန်း ၏ ရှည်လျားသော မင်းပြုစိုးစံမှုကြီးသည် ယခုမှ စတင်ခဲ့လေသည်။ ဘုရင်ငယ်လေးသည် ခုနစ်ပြည်ထောင်၏ အုပ်ချုပ်ရေးကို တာဝန်ယူလိုက်ချိန်တွင် ပြဿနာ အမြောက်အမြားနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အခြားအရာများထက် ပိုမိုကြီးမားနေသော ပြဿနာနှစ်ခု ရှိခဲ့သည်။ ယင်းတို့မှာ ဘဏ္ဍာငွေ ကုန်ခမ်းနေ၍ သံပလ္လင်၏ အကြွေးများ မြင့်တက်နေခြင်းနှင့် ရက်ပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့သည့် သူ၏ "လျှို့ဝှက်" ထိမ်းမြားမှုသည် မီးဖိုပေါ်မှ ယမ်းအိုးများကဲ့သို့ ပေါက်ကွဲရန် စောင့်ဆိုင်းနေခြင်းတို့ ဖြစ်ပေသည်။ ထိုပြဿနာနှစ်ခုလုံးကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ခဲ့လေသည်။

ရွှေ လိုအပ်နေသည့် လက်တလောပြဿနာကို ဘဏ္ဍာရေးအရာရှိချုပ်အသစ် ရီဂိုဒရက်ဇ် က ဖြေရှင်းပေးခဲ့ပြီး သူသည် Braavos ၏ Iron Bank အပြင် Tyrosh နှင့် Myr တို့မှ ပြိုင်ဘက် ဘဏ်များနှင့် ဆက်သွယ်ကာ ချေးငွေတစ်ရပ် ထက်ပိုသော အတန်အသင့် ကြီးမားသော အလုံးအရင်း ချေးငွေသုံးခုကို စီစဉ်နိုင်ခဲ့သည်။ လေထဲက အရှင်သခင်သည် ဘဏ်တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် မျှော်လင့်နိုင်သမျှ အကောင်းဆုံးသော စည်းကမ်းချက်များကို ညှိနှိုင်းရယူနိုင်ခဲ့ပေသည်။ ထိုချေးငွေများ ရရှိလိုက်ခြင်း၏ ချက်ချင်း သက်ရောက်မှုတစ်ခုမှာ Dragonpit တည်ဆောက်ရေး လုပ်ငန်းများကို ပြန်လည်စတင်နိုင်ခဲ့ပြီး ဆောက်လုပ်ရေးသမားများနှင့် ကျောက်ဆစ်သမား တစ်စုသည် ရနိစ်တောင်ကုန်းပေါ်တွင် ထပ်မံ၍ လှုပ်ရှားလာကြပြန်သည်။

သို့သော်လည်း အရှင်ဒရက်ဇ် နှင့် သူ၏ ဘုရင်မင်းမြတ် တို့နှစ်ဦးလုံးသည် ထိုချေးငွေများသည် အကောင်းဆုံး အနေအထား၌ပင် ယာယီဖြေရှင်းနည်းမျှသာ ဖြစ်ကြောင်း ရိပ်မိခဲ့ကြသည်။ ထိုအရာများက သွေးထွက်လွန်နေမှုကို နှေးကွေးစေနိုင်သော်လည်း ဒဏ်ရာကို ပျောက်ကင်းအောင် ကုသပေးနိုင်မည် မဟုတ်ပေ။ အခွန်များကသာ ယင်းကို ကုသနိုင်ပေသည်။ အရှင်ဆဲလ်တီဂါ၏ အခွန်များသည် အသုံးဝင်မည် မဟုတ်ပေ။ ဂျေဟဲရစ် ၌ ဆိပ်ကမ်းခွန် မြှင့်တင်ရန် သို့မဟုတ် တည်းခိုခန်းပိုင်ရှင်များကို ခေါင်းပုံဖြတ်ရန် စိတ်ဆန္ဒ မရှိခဲ့ပေ။ မီဂေါ ပြုလုပ်ခဲ့သကဲ့သို့ ခုနစ်ပြည်ထောင်မှ အရှင်သခင်များထံမှ ရွှေများကို အတင်းအဓမ္မ တောင်းခံမည်လည်း မဟုတ်ပေ။ ထိုသို့ အလွန်အကျွံ ပြုလုပ်ပါက အရှင်သခင်များ ပုန်ကန်ထကြွလာကြလိမ့်မည်။ “ပုန်ကန်မှုတွေကို နှိမ်နင်းရတာထက် ပိုပြီး ကုန်ကျစရိတ်များတာ ဘာမှမရှိဘူး” ဟု ဘုရင်က ပြောခဲ့ဖူးသည်။ အရှင်သခင်များသည် ထိုက်သင့်သော အခွန်သာပေးဆောင်ကြရမည် ဖြစ်သည်။ အခြားတစ်ဖက် ပင်လယ်ရပ်ခြားမှ လာသော တန်ဖိုးကြီး၍ လှပသော အရာများကိုသာ သူ အခွန်ကောက်ခံမည် ဖြစ်လေသည်။

ပိုးထည်များ၊ ပိုးကတ္တီပါများ၊ ရွှေခြည်ထည်များနှင့် ငွေခြည်ထည်များ၊ ကျောက်သံပတ္တမြားများ၊ Myr မြို့ထွက် ဇာများနှင့် ချည်ထိုးပန်းချီများ၊ Dornish ဝိုင်များ (အများသူငါသောက်လေ့ရှိသော Arbor မှ ဝိုင်များ မပါ)၊ Dornish သဲကန္တာရမြင်းများ၊ Tyrosh, Lys နှင့် Pentos မြို့များရှိ လက်ရာရှင်များ၏ ရွှေရည်စိမ် သီးသန့် အကာအကွယ် ဦးထုပ်များနှင့် ပန်းခက်ပုံဖော် သံချပ်ကာဝတ်ဆင်မှုများကို အခွန်ကောက်ခံမည် ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင်များကို အများအပြား အခွန်ကောက်ခံမည် ဖြစ်သည်။ ငရုတ်ကောင်း၊ လေးညှင်းပွင့်၊ ဇာတိပ္ဖိုလ်သီး၊ သစ်ကြံပိုးခေါက်နှင့် ပင်လယ်၏ အခြားတစ်ဖက်မှ ရရှိသော အခြားသော အဖိုးတန် ဟင်းခတ်အမွှေးအကြိုင်များသည် ရွှေထက်ပင် ပိုမို အဖိုးတန်နေပြီဖြစ်ရာ ယခုတွင် ပိုမို တန်ဖိုးတက်လာတော့မည် ဖြစ်သည်။ “ကျွန်ုပ်ကို ချမ်းသာစေခဲ့တဲ့ အရာအားလုံးကို အခွန်ကောက်နေတာပါပဲ” ဟု အရှင်ဒရက်ဇ် က ပြောင်လှောင်ပြောဆိုခဲ့သည်။

“ဒီအခွန်တွေကြောင့် ဘယ်သူမှ နှိပ်စက်ခံရပါတယ်လို့ မပြောနိုင်ပါဘူး” ဟု ဂျေဟဲရစ် က အတိုင်ပင်ခံကောင်စီကို ရှင်းပြခဲ့သည်။ “ရှောင်ရှားချင်ရင် ငရုတ်ကောင်း၊ ပိုးထည်နဲ့ ပုလဲတွေကို မသုံးတော့ရုံဘဲ။ ပြားစေ့တစ်စေ့မျှ ပေးစရာ မလိုတော့ဘူး။ သို့သော်လည်း ဒီအရာတွေကို လိုချင်တဲ့သူတွေကတော့ အသည်းအသန် လိုချင်နေကြတုန်းပါပဲ။ ဒါမှမဟုတ်ရင် သူတို့ရဲ့ အာဏာကို ကြွားလုံးထုတ်ပြီး သူတို့ ဘယ်လောက် ချမ်းသာကြောင်း ကမ္ဘာကို ပြသဖို့ တခြား နည်းလမ်းရှာရမှာ။ သူတို့ ညည်းတွားနိုင်ပေမဲ့ ပေးကြရမှာပါပဲ။”

ဟင်းခတ်အမွှေးအကြိုင်နှင့် ပိုးထည် အခွန်များဖြင့် မပြီးသေးပေ။ ဘုရင် ဂျေဟဲရစ် သည် ရဲတိုက်တံတိုင်းများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေအသစ်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။ ရဲတိုက်အသစ် ဆောက်လုပ်လိုသော သို့မဟုတ် တည်ရှိပြီးသား ရဲတိုက်ကို တိုးချဲ့ပြုပြင်လိုသော မည်သည့် အရှင်သခင်မဆို ထိုအခွင့်အရေးအတွက် ကြီးမားသော တန်ဖိုးကို ပေးဆောင်ရမည် ဖြစ်သည်။ အခွန်အသစ်သည် ရည်ရွယ်ချက် နှစ်ခုကို အထမြောက်စေကြောင်း ဘုရင်မင်းမြတ်က ဂရန်းမေစတာ ဘန်နီဖာ အား ရှင်းပြခဲ့သည်။ “ရဲတိုက် ပိုမို ကြီးမားပြီး ခိုင်မာလေလေ အဲ့ဒီ့အရှင်သခင်က ငါ့ကို ပုန်ကန်ဖို့ ပိုတွေးမိလေပဲ။ သူတို့ Harrenhal ရဲတိုက်ကြီး ထံကနေ သင်ခန်းစာ ရလိမ့်မယ်လို့ ထင်စရာရှိပေမဲ့ အများစုက သမိုင်းကို မသိကြဘူး။ ဒီအခွန်က သူတို့ကို ရဲတိုက်ကြီးတွေ ဆောက်လုပ်ခြင်းကနေ အတိုင်းအတာတစ်ခုထိ တားဆီးပေးမှာ ဖြစ်သလို ဘာပဲဖြစ်ဖြစ် ဆောက်လုပ်ရမယ့်သူတွေက သူတို့ရဲ့ ဘဏ္ဍာတိုက်တွေကို ဗလာကျင်းစေပြီး နန်းတော်ရဲ့ ဘဏ္ဍာတိုက်ကို ဖြည့်တင်းပေးပါလိမ့်မယ်။”

Address

Yangon

Telephone

+959444401482

Website

Alerts

Be the first to know and let us send you an email when Floca's Quest Log posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share