04/02/2023
ချောင်းဆိုးတာ_သက်သာစေတဲ့_အိမ်တွင်းဆေးနည်းများ
#ချောင်းဆိုးတယ်ဆိုတာ
#ချောင်းဆိုးတာ_သက်သာစေတဲ့_အိမ်တွင်းဆေးနည်းများ
#ချောင်းဆိုးတယ်ဆိုတာ
🗣 အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ထဲမှာ မရှိရမယ့် ယားယံစေတဲ့ အမှုန်တွေ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုပိုး စတဲ့ ပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်က သဘာဝ အလျောက်တုံ့ပြန်မှု လုပ်တာ ဖြစ်ပါတယ်။
🗣 ချောင်းဆိုးတာဟာ ပြင်ပက ဝင်လာတဲ့ အသက်ရှူလမ်းကြောင်းထဲ မရှိသင့်တဲ့ အရာတွေကို အပြင်ပြန်ရောက်အောင် တွန်းထုတ်ဖို့ ကြိုးစားတာပါပဲ။
🗣 ချောင်းဆိုးတာရောဂါမဟုတ်ပါဘူး။ ရောဂါတစ်မျိုးမျိုးရဲ့ ရှေ့ပြေးလက္ခဏာသာ ဖြစ်ပါတယ်။
🗣 ချောင်းဆိုးတာ သာမာန် ကနေ အဆက်မပြတ်ဆိုးလို့ အိပ်မရတဲ့အထိလဲ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။
📌 ဒီဆောင်းပါးလေးမှာတော့ ချောင်းဆိုးတဲ့ လက္ခဏာ (ဝေဒနာ) ကို သက်သာစေတဲ့ အိမ်တွင်း နည်းလမ်းလေးတွေ အကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
(၁) ပျားရည် 🍯🍯🍯
🍯 ရှေးပဝေဏသီကတည်းက ပျားရည်က ချောင်းဆိုးဝေဒနာကို သက်သာစေကြောင်း ဆေးကျမ်းတွေမှာ ဖော်ပြထားကြပါတယ်။
🍯 မျက်မှောက်ကာလ ဆေးသုတေသန အချို့မှာလည်း ပျားရည် နဲ့ ချောင်းဆိုးပျောက်ဆေး တွဲပေးတာဟာ ဝေဒနာ သက်သာတာ ပိုမြန်တယ်ဆိုတာ တွေ့ရှိထားပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://jamanetwork.com/journals/jamapediatrics/fullarticle/571638
🍯 ဘယ်လို တိုက်ပေးရမလဲဆိုတော့ . . .
ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းကို ရေနွေး ကြက်သီးနွေးလေး အနည်းငယ်နဲ့ ရောပါ။
ပြီးရင် ဒီလို ရောထားတာကို တစ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ်အထိ သောက်သုံးနိုင်ပါတယ်။
🔴 ၁ နှစ်အောက်ကလေးတွေကိုတော့ ပျားရည် မတိုက်ပါနဲ့။
(၂) ဂျင်း (ချင်း)
🎯 ချင်းရဲ့ အာနိသင်က ချောင်းခြောက်ဆိုးတာကို လျော့ပါးစေပါတယ်။
🎯 ရောင်ရမ်းတာ သက်သာစေတဲ့ ဂုဏ်သတ္တိလည်း ရှိပြီး နာကျဉ်တာ၊ ပျို့တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
🎯 ဆေးသုတေသန တစ်ခုမှာတော့ ချင်းမှာ ပါဝင်တဲ့ အရောင်ကျစေနိုင်တဲ့ ဓါတ်ပေါင်းတွေဟာ အသက်ရှူလမ်းကြောင်းက အမြှေးပါးလေးတွေကို တည်ငြိမ်စေပြီး ချောင်းဆိုးတာ လျော့ပါးစေတယ်လို့ ဆိုပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://www.ncbi.nlm.nih.gov/pmc/articles/PMC3604064/
🎯 လက်ဖက်ရည် တစ်ခွက်စာ ရေနွေးထဲ ချင်း ၂၀-၄၀ ဂရမ် ပမာဏ ရှိတဲ့ ချင်းပြားလေးတွေ လှီးပြီးထည့် ပြုတ်ပါ။ ၁၅ မိနစ်ခန့် နှပ်ထားပါ။ ပြီးမှ သောက်ပါ။
🎯 အရသာပိုကောင်းပြီး အာနိသင် ပိုထက်အောင် ပျားရည် ဒါမှမဟုတ် ရှောက်ရည် ထပ်မံညှစ်ထည့်ပြီး သောက်သုံးနိုင်ပါသေးတယ်။
(၃) အရည် 💧💧💧
💧 ချောင်းဆိုးပြီး နေမကောင်းရင် အရည်ဓါတ် လုံလုံလောက်လောက်ရှိနေဖို့ အရေးကြီးပါတယ်။
💧 ရေဓါတ်လုံလုံလောက်လောက် ပေးနိုင်ရင် ချောင်းဆိုး/နှာစေး/ နှာရည်ယိုတာကို မြန်မြန် သက်သာဖို့ အထောက်အပံ့ပေးပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://www.ncbi.nlm.nih.gov/pubmed/19145994
💧 ဓါတ်ဆားရည်၊ ရေ၊ ရေနွေးဖြူ၊ ရေနွေးကြမ်း၊ အုန်းရည်၊ အချိုဓါတ်မကဲ တဲ့ သစ်သီးဖျော်ရည်၊ ပိုကာရီလို ရေနဲ့ ဆားဓါတ် ဖြည့်စွက်ပေးတဲ့ အရည်တွေ သောက်နိုင်ပါတယ်။
💧 အချိုဓါတ်ကဲပြီး GAS ပါတဲ့ သံဗူးအချိုရည်တွေ၊ ကိုလာ၊ စပါကလင် စတဲ့ အချိုရည်တွေ ဒီအချိန်မှာ ရှောင်သင့်ပါတယ်။ ရေခဲရေ လည်း ဖြစ်နိုင်ရင် မသောက်ပါနဲ့ဦး။
(၄) ရေနွေးငွေ့ 💨💨💨
💨 သလိပ်ပါတဲ့ ချောင်းမျိုး ဆိုးရင်တော့ ရေနွေ့ငွေ့ရှူတာက အဆုတ်ထဲက ခဲနေတဲ့ သလိပ်တွေကို အရည်ပျော်စေပြီး ဝေဒနာကို မြန်မြန် သက်သာစေနိုင်ပါတယ်။
💨 ခပ်ကြီးကြီး ရေဇလုံထဲကို ရေနွေးပွက်ပွက်ဆူထည့် တံပတ်နဲ့ ခေါင်းကို အုပ်ခြုံပြီး ၅ - ၁၀ မိနစ်လောက်ရှူပေးပါ။ ယူကလစ်ပင်ရဲ့ အရွက် (သို့) ယူကလစ်အဆီကို ရေနွေးထဲခတ်ပြီး ရှူရင် ပိုပြီး ထိရောက်ပါတယ်။
💨 ရေနွေးရဲ့ အပူရှိန်ကြောင့် အရေပြားပါပူလာရင်တော့ အရေပြားမလောင်အောင် ခဏလောက်နားပေးနိုင်ပါတယ်။
(၅) ဆားရည်
✅ ရေနွေးထဲ အိမ်သုံးဆား ခပ်ပြီး ဆားရည်နဲ့ ဂါဂါလုပ်တာက လည်ချောင်းနာတာ နဲ့ သလိပ်ပါတဲ့ ချောင်းဆိုးတာမျိုးအတွက် အရမ်းထိရောက်တဲ့ အိမ်တွင်းနည်းပါပဲ။
✅ ဆားရည်က လည်ချောင်းရဲ့ အနောက်မှာ ကပ်နေတဲ့ သလိပ်ခဲတွေ၊ အကျိအချွဲတွေကို ပျော်ဝင် လျော့ပါးစေလို့ ချောင်းဆိုးတာကို သက်သာစေပါတယ်။
✅ ရေနွေး ၁ ဖန်ခွက်ထဲကို ဆားလက်ဖက်စားဇွန်း ၂ ဇွန်းခန့် ထည့်ပါ။ ဆားခရစ်စတယ်လေးတွေ ပျော်ဝင်အောင် မွှေပေးပါ။ ပြီးရင် ဂါဂါလုပ်ဖို့ အဆင်ပြေတဲ့ အပူချိန်ရောက်အောင် အေးသွားအောင် စောင့်ပါဦး။
✅ ဆားရည်ကို မြန်မြန် ထွေးမထုတ်ဘဲ လည်ချောင်းနဲ့ ကြာကြာထိတွေ့အောင် ကြိုးစားပါ။
✅ တစ်နေ့ကို အကြိမ်ရေ များများ လုပ်နိုင်လေ ကောင်းလေပါပဲ။ အနည်းဆုံးတော့ မနက် အိပ်ရာထ တဲ့ အချိန် နဲ့ မအိပ်ခင် စုစုပေါင်း (၂) ကြိမ် လုပ်နိုင်အောင်တော့ ကြိုးစားပါ။
(၆) နာနတ်သီး အူတိုင် 🍍🍍🍍
🍍 နာနတ်သီး အူတိုင်မှာ အများဆုံးပါတဲ့ ဘရိုမလိမ်းဆိုတဲ့ အင်ဇိုင်း တစ်မျိုးဟာ ရောင်ရမ်းတာကို လျော့ပါးစေပြီး ချွဲပျော်စေတဲ့ အာနိသင် ရှိပါတယ်။
🍍 ဒီအင်ဇိုင်း အမျိုးအစားက နာနာသီး “အူတိုင်” မှာသာ အဓိကပါလို့ ချောင်းဆိုးသက်သာအောင် နာနတ်သီးကို ဖျော်သောက်ရင်တော့ လုံလောက်တဲ့ ပမာဏရမှာ မဟုတ်ပါဘူး။
(၇) စမုန်ဖြူ
📌 ဟင်းချက်တဲ့ နေရာမှာရော ဆေးကုတဲ့နေရာမှာရော အသုံးဝင်တဲ့ စမုန်ဖြူဟာ ချောင်းဆိုး၊ လည်ချောင်းနာ၊ လေပြွန်ရောင်တာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
📌 ဆေးသုတေသန တစ်ခုမှာတော့ စမုန်ဖြူပါတဲ့ ချောင်းဆိုးပျောက်ဆေးအရည်တွေက ချောင်းဆိုးတာကို ပိုမြန်မြန် သက်သာစေတယ်လို့ တွေ့ထားပါတယ်။
(မူရင်း ဆေးသုတေသန စာတမ်း LINK) 👇👇👇
https://www.ncbi.nlm.nih.gov/pubmed/17063641
📌 ဒါပါတဲ့ ချောင်းဆိုးပျောက်ဆေး မရှိရင်တော့ ရေနွေးပူပူ လက်ဖက်ရည်ခွက် တစ်ခွက်စာထဲကို စမုန်ဖြူ လက်ဖက်စားဇွန်း (၂) ဇွန်းခပ် (၁၀) မိနစ်ကြာနှပ်ပြီး တစ်နေ့ သုံးကြိမ်လောက်သောက်နိုင်ရင် ကောင်းပါတယ်။
(၈) ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများ (PROBIOTICS)
🦠 ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများ တွေက ချောင်းဆိုးကို တိုက်ရိုက် မသက်သာစေပေမယ့် အူလမ်းကြောင်းထဲက ပိုးမွှားတွေကို မျှခြေဖြစ်အောင် လုပ်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
🦠 ကိုယ်ခံအားစနစ် ကောင်းမွန်နေရင် ချောင်းဆိုးတာကို ဖြစ်စေတဲ့ ပိုးဝင်တာ ဒါမှမဟုတ် ဓါတ်မတည့်တာ ဖြစ်စေတဲ့ အမှုန်တွေဝင်တာကို ကောင်းကောင်းတိုက်ခိုက်နိုင်ပါတယ်။
🦠 ဒီလိုကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကို လက်တိုဘက်စီးလက် လို့ခေါ်ပါတယ်။ ဒီလို PROBIOTICS တွေကို ဈေးကွက်မှာ အလွယ်ဝယ်လို့ရပါတယ်။
🦠 အကျိုးပြု ဘက်တီးရီးယားတွေပါတဲ့ သဘာဝ အစားအစာတွေကတော့ . . .
(၁) ဒိန်ချဉ်
(၂) ကင်ချိ (ကိုရီးယား)
(၃) ဂျပန်ရိုးရာ မိဆိုးဟင်းရည် စတာတွေ ဖြစ်ပါတယ်။
(မှတ်ချက် - ဒီနည်းလမ်းတွေက အိမ်တွင်းဆေးနည်းများသာ ဖြစ်ပါတယ်။ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ကုသမှု ခံယူတာနဲ့တော့ အစားထိုးလို့ မရနိုင်ပါဘူး။)
ဒေါက်တာလင်း
M.B., B.S. | D.T.M.&H. | M.C.T.M. (Thailand)
(Specialization in tropical infectious diseases)
Smart Wellness Myanmar
ကိုးကား - https://www.medicalnewstoday.com/
#ချောင်းဆိုး #အိမ်တွင်းဆေးနည်းများ