29/09/2022
👉 အရေးပေါ်တားဆေး(Emergency Contraceptive Pills) ဆိုတာ ဘာလဲ?
အရေးပေါ်တားဆေးဆိုတာဟာ မတော်တဆအကာအကွယ်မဲ့လိင်ဆက်ဆံမိတဲ့အခါမျိုးမှာ ကိုယ်ဝန်မရစေဖို့ အမျိုးသမီးသောက်သုံးရတဲ့ဆေးဖြစ်ပါတယ်။
👉ဘယ်လိုအခြေအနေမှာ အရေးပေါ်ကိုယ်ဝန်တားဆေးကို သောက်ရတာလဲ?
📌 မတော်တဆ အကာအကွယ်မဲ့လိင်ဆက်ဆံမိတဲ့အခါမျိုး
📌ကွန်ဒုံးသုံးပေမယ့် ကွန်ဒုံးပေါက်ပြဲသွားတဲ့အခါမျိုး
📌နေ့စဥ်သောက်ဆေးကဒ်တွေ သောက်နေရင်းနဲ့မေ့သွားတဲ့အခါမျိုး
📌 အတင်းအဓမ္မပြုကျင့်ခံရတဲ့ အခါမျိုးတွေမှာ သောက်သုံးလို့ရပါတယ်။
🚨မတော်တဆအတူနေမိပြီး ကိုယ်ဝန်မရချင်ဘူးဆိုရင်တော့ မဖြစ်မနေသောက်ကို သောက်ရမယ့်ဆေးဖြစ်ပါတယ်။
👉 ဆေးကိုအတူနေပြီး ဘယ်နှရက်အတွင်းထိ သောက်လို့ရလဲ?
အတူနေပြီး ၃ရက် (၇၂ နာရီ) အတွင်းသောက်သုံးရမှာဖြစ်ပါတယ်။
(*အတူနေပြီး စောစောသောက်နိုင်လေလေ ပိုစိတ်ချရလေလေဖြစ်ပါတယ်)
❌ အတူမနေခင်ကြိုသောက်ထားလို့တော့မရပါ။
👉 ဆေးကိုဘယ်လိုဝယ်ပြီး ဘယ်လိုသောက်ရမလဲ?
နီးစပ်ရာဆေးဆိုင်များတွင် အရေးပေါ်တားဆေး (Emergency Pills) လို့ပြောပြီးဝယ်ယူလို့ရပါတယ်။ အရေးပေါ်တားဆေးမှာ (၁)လုံးထဲပါတာရှိသလို (၂)လုံးပါတာလည်းရှိပါတယ်။ ၂မျိုးစလုံးကတော့ တူတူပါပဲ။
📌 ၁လုံးထဲပါတဲ့ဆေးဆိုရင်တော့ အတူနေပြီးချိန်မှာ (၁)လုံးပဲသောက်ဖို့လိုပါတယ်။
📌 ၂လုံးပါတဲ့ဆေးဆိုရင်တော့ အတူနေပြီးချိန်မှာ (၂)လုံးစလုံးကို တစ်ပြိုင်နက်ထဲ သောက်လို့ရသလို အတူနေပြီးတဲ့အခါမှာ ၁လုံးကိုသောက် နောက် ၁၂နာရီနေတဲ့အခါမှ မဖြစ်မနေနောက်တစ်လုံးကိုသောက်လို့လည်းရပါတယ်။ (သောက်ဖို့မေ့မှာစိုးရင်တော့ ၂လုံးစလုံးတစ်ပြိုင်နက်ထဲသောက်လိုက်တာတော့ အကောင်းဆုံးဖြစ်ပါတယ်)
🤚 သင်ဟာ ကိုယ်အလေးချိန် ၁၆၅ပေါင်ကျော်ခဲ့ရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆရာဝန်ညွှန်ကြားတဲ့ အရေးပေါ်ကိုယ်ဝန်တားတဲ့ နည်းလမ်းအတိုင်းလုပ်ဆောင်သင့်ပါတယ်။
👉 ဆေးသောက်ပြီး ပြန်အန်ရင် ဆေးကိုပြန်သောက်ဖို့လိုလား?
ဆေးသောက်ပြီး ၃နာရီအတွင်းအန်ရင် အစကနေ ပြန်သောက်ဖို့ လိုအပ်ပါတယ်။ (၁)လုံးထဲပါတဲ့ဆေးကဒ်ဆိုရင် (၁)လုံးပြန်သောက်ပေးရမှာဖြစ်သလို (၂)လုံးပါတဲ့ဆေးကဒ်ဆိုရင်လည်း (၂)လုံးစလုံးပြန်သောက်ပေးရမှာဖြစ်ပါတယ်။ အန်တတ်တယ်ဆိုရင်တော့ အအန်ပျောက်ဆေးနဲ့တွဲဖက်ပြီးလည်း သောက်သုံးလို့ရပါတယ်။
👉 အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကဘာလဲ?
အရေးပေါ်သန္ဓေတားဆေးတွေက အမျိုးသမီးအများစုအတွက် အန္တရာယ်ကင်းကြပါတယ်။ အရေးပေါ်တားဆေးမှာ ဟောမုန်းပိုများများပါဝင်တာကြောင့် ဟောမုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ခြင်း၊ မောပန်းလွယ်ခြင်း၊ ဓမ္မတာလာတာစောခြင်း နောက်ကျခြင်း စတာတွေကိုတော့ ခံစားရနိုင်ပါတယ်။
👉 အရေးပေါ်တားဆေးသောက်ပြီး နောက်တစ်ကြိမ်လိင်ဆက်ဆံရင် ဆေးထပ်သောက်ဖို့လိုလား?
အရေးပေါ်တားဆေးဆိုတာ ဆေးမသောက်ခင်ဆက်ဆံခဲ့တာတွေအတွက်ပဲကာကွယ်ပေးနိုင်တာဖြစ်လို့ နောက်တစ်ကြိမ်ထပ်ဆက်ဆံမယ်ဆိုရင်တော့ အကာအကွယ်တစ်ခုခုအသုံးပြုဖို့လိုအပ်ပါတယ်။
🚨 ဟောမုန်းပမာဏအများကြီးပါတဲ့ အရေးပေါ်တားဆေးဆိုတာဟာ အရေးပေါ်တားဆေးဆိုတဲ့နာမည်အတိုင်း အရေးပေါ်ကိစ္စများအတွက်သာထုတ်လုပ်ထားတာဖြစ်တာကြောင့် အရေးပေါ် အခြေအနေအတွက်သာ အသုံးပြုသင့်ပါတယ်။
#အရေးပေါ်တားဆေး