Yangon Medical Network

Yangon Medical Network Aims to ensure that everyone can access healthcare in a free and equitable manner https://youtube.com/channel/UCf36SDrqeUcT0Jg82iBVi0A

10/09/2026

🤔​ဘယ်လို​ဗိုက်အောင့်ခြင်းမျိုးကစိုးရိမ်ရသလဲ။
🧑‍⚕️ အသက်အန္တာရာယ် ရှိသော​ဗိုက်အောင့်ခြင်းမျိုးကို ဆေးမြီးတို​များနှင့်​ကု၍ အသက်ဆုံးပါး သွားရသော​သာဓက​များစွာရှိပါသည်။ ထို့ကြောင့် ဗိုက်အောင့်ခြင်းနှင့်အတူ အောက်ပါ​လက္ခဏာ​များရှိပါကမပေါ့ဆသင့်ပါ။
1)လတ်တလော​ဝမ်းဗိုက်ကိုထိခိုက်ဒဏ်ရာရထားခြင်း၊
2)ဝမ်းအမဲရောင် သွားခြင်း၊ ကော်ဖီရောင်၊ အညိုရောင်၊ သွေးရောင်​အန်ခြင်း၊
3) ဖျား ခြင်း၊
4) အသားဝါ၊ မျက်လုံးဝါခြင်း၊
5) သွေးပေါင်​ကျခြင်း၊ နှလုံးခုန်​နှုန်း​မြန်ခြင်း​နှင့်​သွေးလန့်​သည့် လက္ခဏာ​များ၊ အသက်ရှုနှုန်းမြန်လာခြင်း၊
6) ဆီးနည်းသွားခြင်း၊ ဆီးမထွက်တော့ခြင်း၊ ဆီးထဲတွင်​သွေးပါခြင်း၊
7) လူနာ​ သတိကောင်းစွာမရတော့ပဲ ဂယောင်​ချောက်ချားဖြစ်ခြင်း၊
8) ဗိုက်အောင့်ခြင်းသည်အလွန်ဆိုးရွားပြင်းထန်လျက် ဝမ်းဗိုက်တစ်ခုလုံးအထိမခံနိုင်အောင်နာကျင်ခြင်း၊
9) ပြင်းထန်ကာလဝမ်းရောဂါ၏ လက္ခဏာ​များဖြစ်သော ဝမ်းလျှော​ခြင်းနှင့်​အန်ခြင်း၊
10) အမျိုးသမီး​များတွင်​ရာသီထိန်ခြင်း၊
11) ကလေးငယ်များတွင် ခုန်ပေါက်​ဆော့ကစားနေရင်းရုတ်တရက် ဗိုက်အောင့်ခြင်း၊
12)သက်ကြီးရွယ်အိုများ၊ နဂို​ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိသူများတွင်ဖြစ်ခြင်း၊
စသည်​တို့​ရှိပါက​ ကျွမ်းကျင်​သူဆရာဝန်၊ ဆရာမများ​နှင့်​
အမြန်ဆုံး စနစ်တကျ​ကုသမှု​ခံယူ​သင့်​ပါသည်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

Tetanusမေးခိုင်ရောဂါသိကောင်းစရာ🤔​မေးခိုင်ရောဂါဆိုတာ ဘာလဲ။🧑‍⚕️​မေးခိုင်ရောဂါဆိုတာ​ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရ...
08/09/2026

Tetanus
မေးခိုင်ရောဂါသိကောင်းစရာ

🤔​မေးခိုင်ရောဂါဆိုတာ ဘာလဲ။
🧑‍⚕️​မေးခိုင်ရောဂါဆိုတာ​ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး တစ်မျိုး က​ထုတ်လွှတ်တဲ့ အဆိပ်​( toxin) ​ကြောင့် ဖြစ်သော​ရောဂါဖြစ်ပါတယ်။

🤔​မေးခိုင်ရောဂါဘာကြောင့်ဖြစ်တာလဲ။
🧑‍⚕️​မေးခိုင်ရောဂါပိုးကိုဖြစ်စေသော Clostridium tetani ဘက်တီးရီးယားပိုး သည်​မြေကြီးနှင့် တိရစ္ဆာန်​တို့၏ မစင်​စသည်​တို့တွင်​တည်ရှိနေတတ်သည်။
ထို​ဘက်တီးရီးယားပိုး​သည်​ ထိခိုက်ရှနာမှတဆင့် ခန္ဓာကိုယ်​အတွင်း​သို့​ဝင်ရောက်​လာသောအခါ​ (Tetanospasmin) ဟုခေါ်​သော​အဆိပ်​ (Toxin​) တစ်မျိုးကိုထုတ်လွှတ်ပေးသည်။ ထိုအဆိပ်သည် လူ၏ ခန္ဓာကိုယ် ရှိ​ကြွက်သား​များကိုထိန်းချုပ်ပေးသော အာရုံကြော​ (nerves) များကိုထိခိုက်ပျက်စီးစေခြင်းဖြင့်ရောဂါလက္ခဏာများကိုဖြစ်ပေါ်စေပါတယ်။

🤔​မေးခိုင်​ရောဂါ​ရဲ့​ရောဂါ​လက္ခဏာ​တွေက​ဘာတွေ​လဲ။
🧑‍⚕️ ရောဂါပျိုးချိန်မှာ ( 3) ရက်မှ ( 21)ရက် အတွင်းဖြစ်ပါတယ်။
အများစုမှာ (14) ရက်အတွင်းရောဂါလက္ခဏာပြလေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေက
👉 မေးကြောများဆွဲခြင်း၊ ပါးစပ်ပိတ်မရပဲဖြစ်ခြင်း
👉​မေးရိုး​တလျောက်နာကျင်တောင့်တင်းပြီး မလှုပ်ရှားနိုင်ပဲဖြစ်သွားခြင်း၊
👉 နှုတ်ခမ်းတဝိုက်ရှိကြွက်သားများကိုတောင့်တင်းစေပြီး အံကြိတ်​သလိုဖြစ်နေစေခြင်း
👉​အစာမျိုချခက်ခြင်း​
👉 ဝမ်းဗိုက်​ကြွက်သားများနာကျင်တောင့်တင်းခြင်း
စ​တာတွေ​ဖြစ်နိုင်ပါတယ်။
ပိုဆိုးလာပါက
💢​အချိန်အတော်ကြာအောင်တက်သွားခြင်း၊ (အများအားဖြင့် လည်ပင်းနှင့်ကျောက ကော့သွားတတ်ပြီး ခြေထောက်များတောင့်သွားတတ်သည်။ လက်များက လက်သီးကျစ်ကျစ်ဆုပ်၍ ကွေးကောက်​သွားတတ်သည်။)​
💢​လည်ပင်းတဝိုက်နှင့် ဝမ်းဗိုက်ကြွက်သားများတောင့်တင်းသွားခြင်းကြောင့် အသက်ရှု​ခက်ခဲခြင်းကိုဖြစ်စေသည်။
👉​ရုတ်တရက်​အသံကျယ်လောင်စွာကြားရခြင်း၊လူနာကိုထိကိုင်ခြင်း၊အလင်းပြပြမြင်ရခြင်းကပင် ထိုပြင်းထန်သောအကြောဆွဲမှုများကို ဖြစ်ပေါ်စေပါတယ်။
💢​ရောဂါ​ပြင်းထန်​လာပါက
🔺 သွေးပေါင်ချိန်တက်ခြင်း၊ကျခြင်း
🔺​နှလုံးခုန်နှုန်းမြန်ခြင်း
🔺​ဖျားခြင်း
🔺​ချွေးစီးပြန်ခြင်း
စတာတွေဖြစ်လာနိုင်ပါတယ်။

🤔​မေးခိုင်​ရောဂါ​ကို​ဘယ်လို​ခွဲခြား​နိုင်သလဲ။
👉​ထိခိုက်ဒဏ်ရာရသောနေရာတစ်နေရာတည်းဖြစ်သောမေးခိုင်ရောဂါ (Localized tetanus)
👉 ဦးခေါင်း​ပိုင်းထိခိုက်​ဒဏ်ရာ​ကြောင့်​မျက်နှာ​ရှိကြွက်သားများအားနည်းခြင်းနှင့် မေးရိုးအကြောဆွဲခြင်းဖြစ်သော​မေးခိုင်ရောဂါ(Cephalic tetanus)
👉ခန္ဓာကိုယ်​တစ်ခုလုံး​သို့ မေးခိုင်ရောဂါပျံ့နှံ့သွားခြင်း ( Generalized tetanus)
ဟူ၍ခွဲခြား​နိုင်ပါတယ်။

🤔​မေးခိုင်ရောဂါကဘယ်လို​ကူးစက်နိုင်သလဲ။
👉​မြေကြီးနှင့် တိရစ္ဆာန်​တို့ရဲ့​မစင်​တွေမှာ​ရှိတဲ့​မေးခိုင်ရောဂါပိုးဟာ ငုပ်လျှိုး​နေ၊ မြုံနေတဲ့ အသွင်​( dormant state) အနေနဲ့ရှိပြီး​၎င်းအသက်ရှင်နေထိုင်နိုင်မည့် လူခန္ဓာကိုယ်အတွင်းသို့ရောက်မှသာ​နိုးထ လာပြီး​ (awakened) ဆဲလ်များပွားများကာ အဆိပ်​များ​ထုတ်လုပ်​နိုင်ခြင်းဖြစ်ပါတယ်။
ဒါကြောင့်​မေးခိုင်​ပိုး​ဟာ​မသန့်ရှင်းသည့် မြေကြီးတွေမှာနှစ်နဲ့ချီ၍ရှိနေ​နိုင်ပါတယ်။
👉​မြေကြီး၊ နောက်ချေးမြေဩဇာစသည်နှင့်ထိတွေ့မိသော ပွန်းရာ၊ရှရာများ
👉 သံချောင်း၊ပုလင်းကွဲအစ စသည်ဖြင့်​စူးမိသောဒဏ်ရာများ၊
မှတဆင့်လူတို့၏ခန္ဓာကိုယ်​အတွင်း​ဝင်ရောက်​ရောဂါဖြစ်စေပါတယ်။

🤔​ဘယ်လိုလူမျိုးတွေမှာ မေးခိုင်ရောဂါဖြစ်နိုင်ချေများသလဲ။
👉 ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ​၊စ​တီး​ရွိက်​ အပါအဝင်​ကိုယ်ခံအားကျစေသောဆေးများသောက်နေရသူများ
👉​ဆီးချို​ရောဂါ​ရှိပြီး​အရေပြားတွင်အနာရှိသူများ
👉 မေးခိုင်​ကာကွယ်ဆေး အပြည့်မထိုးထားသောမိခင်မှမွေးသောကလေးများတွင်အချင်းပိုးဝင်ခြင်း၊
👉 မူးယစ်ဆေးသုံးစွဲသူများတွင်မသန့်ရှင်းသည့် အပ်များမျှဝေသုံးစွဲခြင်း၊
👉 မေးခိုင်ကာကွယ်ဆေးလုံးဝမထိုးထားသူများ၊(သို့မဟုတ်) လွန်ခဲ့သော​ (10) နှစ်အတွင်းမေးခိုင်ကာကွယ်ဆေးမထိုးခဲ့သူများ
စ​တာတွေ​မှာ​မေးခိုင်ရောဂါဖြစ်နိုင်ချေများပါတယ်။

🤔​နောက်ဆက်တွဲပြဿနာ တွေက ဘာတွေ လဲ။
မေးခိုင်ရောဂါဖြစ်သွားပြီးပါက တိကျသောဆေးမရှိသေးပါ။ ကုသမှုနောက်ကျပါက
👉 တက်သွားခြင်း၊အကြောဆွဲခြင်း၊လည်ပင်းနှင့် ဝမ်းဗိုက်ရှိကြွက်သားများတောင့်တင်းခြင်းကြောင့် အသက်ရှုရခက်ခဲခြင်း၊
👉 အဆုတ်သွေးကြောပိတ်ခြင်း
👉​အဆုတ်​ရောင်​ခြင်း
👉 အရိုးကျိုးသွားခြင်း
👉 အသက်သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။

🤔​မေးခိုင်​ရောဂါ​မဖြစ်အောင်​ဘယ်လို​ကာကွယ်​ရမလဲ။
👉​ကလေးငယ်​များတွင် အသက်​ (2) လမှစ၍အကြိမ်ရေပြည့်အောင်မေးခိုင်​ကာကွယ်ဆေး​ထိုးထားခြင်း
👉 ကိုယ်ဝန်​ဆောင် မိခင်များတွင်​မေးခိုင်​ကာကွယ်ဆေး ထိုး ထားခြင်း
👉 လူကြီးများတွင် booster shot အနေနဲ့​(10) နှစ်တစ်ကြိမ်ကာကွယ်ဆေးထိုးခြင်း 👉 ခန္ဓာကိုယ်​တွင်​ ပွန်းရာ ရှရာများရှိပါကမြေကြီး၊တိရစ္ဆာန်​တို့၏ မစင်​စသည်​တို့​ဖြင့်​မထိတွေ့စေရန်သတိထားခြင်း၊ထိတွေ့မိပါကလည်း ဆပ်ပြာနှင့်စင်ကြယ်အောင်ဆေးကြောခြင်း
👉​ထိခိုက်ဒဏ်ရာ​ရလာခြင်း၊သံစူးခြင်းဖြစ်ပါက မေးခိုင်​ကာကွယ်ဆေး ချက်ချင်း​ထိုး​ခြင်း​
ဖြင့်မေးခိုင်ရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/tetanus/symptoms-causes/syc-20351625
https://my.clevelandclinic.org/health/diseases/23582-tetanus-lockjaw

🤔G6PD ရောဂါရှိတဲ့သူတွေမှာ ဘယ်အရာတွေကသွေးနီဥ ဆဲလ်များ​ပျက်စီး​ခြင်း​ ( Hemolytic anaemia) ဖြစ်အောင်လှုံ့ဆော်ပေးသလဲ။👉ပဲလိပ...
02/09/2026

🤔G6PD ရောဂါရှိတဲ့သူတွေမှာ ဘယ်အရာတွေကသွေးနီဥ ဆဲလ်များ​ပျက်စီး​ခြင်း​ ( Hemolytic anaemia) ဖြစ်အောင်လှုံ့ဆော်ပေးသလဲ။
👉ပဲလိပ်ပြာ၊ပဲ​ကြီး​နှင့် အချို့သောပဲများ
👉အချို့သောပိုးသတ်ဆေးများ၊ဆာလဖာပါသောဆေးများ
👉အက်စပရင်အပါအဝင် အကိုက်အခဲပျောက်ဆေးနှင့်အရောင်ကျဆေးများ
👉ပရိုင်မာကွင်းအပါအဝင် အချို့သောငှက်ဖျားဆေးများ
👉 အမျိုးအမည်ပါဝင်ပစ္စည်းမသိသော ဗမာဆေး၊တိုင်းရင်းဆေးများ၊တရုတ်ရိုးရာ တိုင်းရင်းဆေးများ
👉အသည်းရောင်အသားဝါ အေ ပိုး ၊ ဘီပိုး
👉အူရောင်ငန်းဖျားရောဂါ (Typhoid)
👉အဆုတ်​ရောင် ရောဂါ​( Pneumonia)
👉ဆေးလိပ်သောက်ခြင်း
👉အရက်အလွန်အကျွံသောက်ခြင်း
👉စိတ်​ဖိစီး မှုများ​
👉​ဒန်းဆိုးခြင်း
👉ပြင်းထန်​သော​လေ့ကျင့်ခန်းများ
👉 ပရုပ်လုံးအပါအဝင် naphthalene ပါဝင်သည့် ပစ္စည်း များ နှင့်ထိတွေ့ခြင်း
👉 Blueberry အပါအဝင်ဘယ်ရီသီးများ၊ပဲနို့၊ပူရှိန်းဆေးပြားများ၊ ပူစီနံကဲ့သို့ အရွက်များ၊ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ဝိုင်အမျိုးမျိုး၊ကိုလာ၊ Tonic water စသော အချိုရည်များ
👉​Vitamin​ C နှင့် Vitamin K ပမာဏအများအပြားပါဝင်သောအားဆေးများ
စတာ​တွေက​ ရောဂါရှိသူများတွင်သွေးနီဥဆဲလ်များပျက်စီးခြင်းဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။

Strokeလေဖြတ်​ခြင်းအရပ်​ထဲမှာ​ ဦး​ဘယ်သူ​ဒေါ်ဘယ်သူကတော့ဖြင့် ရေချိုးမှားလို့၊ပန်ကာလေခံမိလို့၊သမံသလင်းပေါ်အိပ်မိလို့၊လေစာတ...
31/08/2026

Stroke
လေဖြတ်​ခြင်း

အရပ်​ထဲမှာ​ ဦး​ဘယ်သူ​ဒေါ်ဘယ်သူကတော့ဖြင့် ရေချိုးမှားလို့၊ပန်ကာလေခံမိလို့၊သမံသလင်းပေါ်အိပ်မိလို့၊လေစာတွေစားမိလို့ လေဖြတ်​သွားပြီ​စသည်ဖြင့် ပြောဆိုတတ်ကြပါတယ်။ အဆိုပါအကြောင်းအရာများက တကယ်ပဲလေဖြတ်ခြင်းကိုဖြစ်စေသလား။

🤔​လေဖြတ်ခြင်းဘာကြောင့်ဖြစ်တာလဲ။
🧑‍⚕️ ဦးနှောက် အတွင်း သွေး​လှည့်ပတ်​မှု​ရပ်တန့်သွားခြင်း၊(သို့မဟုတ်) သွေးကြောပိတ်ခြင်း၊ (သို့မဟုတ်) သွေးကြောပေါက်ခြင်းကြောင့်ဖြစ်ပါတယ်။
🧠 ဦးနှောက် အတွင်း​မှာရှိတဲ့​ဆဲလ်တွေက သွေး​လှည့်ပတ်​မှု ထဲမှာပါတဲ့ အောက်ဆီဂျင်နဲ့ လိုအပ်တဲ့​အာဟာရတွေကိုမရခဲ့ရင်​မိနစ်ပိုင်းအတွင်းမှာပဲ ဆဲလ်သေဆုံးခြင်းဖြစ်သွားနိုင်ပါတယ်။
💢​ဒါကြောင့်​အချိန်မီကုသမှုမလုပ်ရင်လေဖြတ်ခြင်းကြောင့်ဖြစ်တဲ့ခြေလက်များမလှုပ်ရှားနိုင်ခြင်း​စသည်တို့ဟာရာသက်ပန်ဖြစ်သွားတတ်ပါတယ်။
👉​ကုသမှု​ခံယူ​သည့် တိုင်အောင်​
🔺 ဖြစ်ရသည့် အကြောင်းရင်း ၊ နဂိုရောဂါအခံ၊
🔺 ဦးနှောက်အတွင်း ဘယ်သွေးကြောကိုထိခိုက်မိသလဲ။(တချို့​သွေးကြောအသေးလေးတွေထိခိုက်ခြင်းဖြစ်သလို၊တချို့​က​သွေးကြောအကြီးတွေထိခိုက်ခြင်းဖြစ်တတ်သည်။)​
🔺​ဦးနှောက်အတွင်း​ဧရိယာဘယ်လောက်များများထိခိုက်သွားသလဲ။ထိခိုက်​သော​ဆဲလ်​ပမာဏ၊ တည်နေရာ စသည်တို့ပေါ်မူတည်ပြီး ပြန်ကောင်းနိုင်ခြင်းရှိမရှိကွာခြားပါတယ်။

🤔 လေ​ဖြတ်ခြင်း​ကို​ဘယ်လိုအမျိုးအစားခွဲခြားနိုင်သလဲ။
🧑‍⚕️​အကြမ်း​အားဖြင့်​လေဖြတ်ခြင်းကို
👉​ဦးနှောက်​အတွင်း​သွေးကြောပိတ်​ခြင်းကြောင့်​လေဖြတ်ခြင်း (Ischaemic stroke) (85% ခန့် ဖြစ်ပါတယ်)
👉 ဦးနှောက် အတွင်း သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း (Haemorrhagic stroke) (15% ခန့်ဖြစ်ပါတယ်)
ဆိုပြီးခွဲခြားနိုင်ပါတယ်။
💢​ဖြစ်​ရတဲ့​အကြောင်းရင်းမတူညီသလို ကုသပုံကုသနည်းလဲကွာခြားပါတယ်။
🧠 လေဖြတ်ခြင်း​စုစုပေါင်း​ရဲ့​(99%)ခန့်ဟာ သွေးလွှတ်ကြော​ ( Arterial system) မှာဖြစ်တတ်ပြီး (

မြွေကိုက်ခံရသောလူနာများအကြောင်းစာရေးသူ၏ ဆရာဝန်သက်တမ်း​တလျောက်တွင် တောရောမြို့ပါကြုံတွေ့ရသောလူနာတစ်မျိုးမှာ မြွေကိုက်ခံရသ...
28/08/2026

မြွေကိုက်ခံရသောလူနာများအကြောင်း

စာရေးသူ၏ ဆရာဝန်သက်တမ်း​တလျောက်တွင် တောရောမြို့ပါကြုံတွေ့ရသောလူနာတစ်မျိုးမှာ မြွေကိုက်ခံရသောလူနာများဖြစ်ပေတော့သည်။ အထူးသဖြင့်​မြန်မာပြည်​အလယ်ပိုင်းမြွေပွေးမြွေဟောက်ပေါများလှသောဒေသတွင်လက်ထောက်ဆရာဝန်အဖြစ်တာဝန်ကျနေစဥ်က နေ့စဥ်နီးပါးမြွေကိုက်သောလူနာများကိုအခြေအနေမျိုးစုံဖြင့်တွေ့ရသည်။ထိုအထဲမှ အချို့ကိုကား အလွန်​ပင်​မှတ်မှတ်ရရရှိလှပါသည်။
ထိုလူနာအမည်မှာ ဦးမြပဲဆိုကြပါစို့။ ဦးမြသည် တောင်သူတစ်ဦးဖြစ်ပြီးသူနေသောနေရာက ထိုနယ်ဆေးရုံလေးနဲ့ ဝေးလှသည်။ ကားမရောက်၍ ကုန်းကြောင်းလျောက်ရသောနေရာတွင်တည်ရှိသည်။
တောင်ယာလုပ်ရင်း မြွေကိုတက်နင်းမိရာမှ အကိုက်ခံရခြင်းဖြစ်သည်။
မြွေဆိုသည့်သတ္တဝါမှာ သွေးအေးသတ္တဝါဖြစ်ပြီး အခြေအနေအများစုတွင် သူကိုမထိပဲကိုက်တတ်သည်က ရှားပါသည်။
ကိုက်သည့်နေရာတွင်လည်းအချို့က အစွယ်နှင့် ခြစ်မိရုံ၊အချို့က ထိမိရုံသာရှိသည်။ အချို့လူနာများတွင်တော့ မြွေက ခဲနေသဖြင့် လွတ်မကျပဲရှိတတ်သည်။
🚨​ထို့ကြောင့်​ဆရာဝန်​ဆရာမ​တွေက​မြွေကိုက်လူနာများတွင် ထိမိရုံ၊ခြစ်မိရုံပဲလား၊ခဲနေသေးလား၊အစွယ်ရာရှိလား၊သွေးထွက်သေးလားစသည်ဖြင့်မေးကြခြင်းဖြစ်ပါသည်။
🚨​မြွေကိုက်ခံရသောဒဏ်ရာအတိမ်အနက်ပေါ်မူတည်၍ မြွေ​ဆိပ်​ဝင်ရောက်​ခြင်း၊ မြွေဆိပ်ပျံ့လွယ်ခြင်း ကွာခြားပါသည်။
အခု​ဦးမြကတော့ တက်နင်းမိ၍ မြွေက စိတ်နာနာနှင့် မလွတ်တမ်းကိုက်လိုက်ပုံရသည်။ အစွယ်ရာ နှစ်ပေါက်အပြင်သွေးစို့နေသည်။ သို့သော်​ထိုဒဏ်ရာကိုတွေ့ဖို့ အချိန်အတော်ယူလိုက်ခဲ့ရပါသည်။ ဖြစ်​ပုံ​မှာ​လမ်းခရီးဝေးသဖြင့် မြွေဆိပ်ပျံ့နှံ့သွားမည်ကို အစိုးရိမ်လွန်ပြီး ကြားဖူးနားဝဖြင့် ဝိုင်း၍ ကျပ်စည်းပေးလိုက်ကြခြင်းဖြစ်ပါသည်။
အပေါ်ဆုံးက နွယ်ပင်တွေနဲ့ တင်းကျပ်စွာစည်းထားသည်။ တစ်ရစ်ပြီးတစ်ရစ်ဖယ်ထုတ်ပြီးမှ အောက်မှာ​အဝတ်စဖြင့် စည်း​ထားသော​ခြေထောက်​က​သွေးမလျှောက်တော့သဖြင့် ညိုမဲနေသည်။ မကြာခင်​ပုပ်တော့မည့် အရိပ်အရောင်မြင်နေရပါသည်။
🚨​မြွေကိုက်လူနာတွင် ကျပ်စည်းရခြင်းအဓိက အကြောင်း​ရင်း​မှာ​ထို​ခြေလက်​ကို​လှုပ်ရှားမှု နည်းစေလို၍ဖြစ်သည်။ သွေးကြောတွေပိတ်လောက်တဲ့အထိ ကျပ်စည်း​ခြင်း​မျိုးမှာ အခန့် မသင့်ရင် ခြေလက်များပုပ်သွားပြီးဖြတ်ပြစ်ရသည်အထိဖြစ်တတ်သည်။
ဦး​မြကိုကိုက်သည့်မြွေအမျိုးအစားကိုမေးတော့ မမြင်လိုက်ပါဟုပြောသည်။
မြွေပွေး​ရော​မြွေဟောက်​ရောပေါသည့်နေရာဖြစ်၍နှစ်မျိုးလုံးဖြစ်နိုင်သည်။ သို့သော်​မြွေဟောက်​ကိုက်၍ အဆိပ်ပျံ့သည့် လက္ခဏာ​များ ဖြစ်သည့်​မျက်ခွံတွဲကျခြင်း၊လျှာလေး၊အာလေးလာခြင်း၊အောက်ဆီဂျင်ကျခြင်းများကိုကားမတွေ့ရချေ။ ဒါဆိုရင်​တော့​မြွေပွေး ဖြစ်နိုင်ချေရှိသည်ပေါ့။ သွေးခဲမှုဓါတ်၊ကျောက်ကပ်​ဆိပ်၊ဆီးနည်းလာခြင်းရှိမရှိ စသည်တို့ကိုကြည့်ပြီး မြွေပွေး ဆိပ်ဖြေဆေးထိုးရန် ကြိုးစားရတော့သည်။
ကံကောင်း၍ ညိုမည်း​ပြီး​ပုပ်လုနီးနီးဖြစ်နေသည့် ခြေထောက်​မှာ​သွေးခုန်နှုန်း​နည်းနည်းစမ်းလို့ရသည်။ တစ်ပတ်​အကြာမှသာ​ပုံမှန်​အရောင်ပြန်ဖြစ်လာသဖြင့် တော်ပါသေးရဲ့ဟုတွေးလိုက်ရတော့သည်။
😁​လူနာ​တွေက​တခါတလေ​မှာတော့​ကိုက်သည့်မြွေကိုယူလာပေးတတ်ပါသည်။
တခါက မြွေကိုက်ခံရသည့် လူနာတစ်ယောက် ဆေးရုံလာပို့သည်။ ဘေးမှာ​ဆာလာအိတ်ကြီးတစ်ခုပါလာပြီးထိုအိတ်ကြီးကို ဆရာဝန်​ထိုင်သည့်စားပွဲနားမှာလာချသည်။ ကျွန်မလည်း​လူနာ၏ အိပ်ရာလိပ်ထုတ်ပဲဟုထင်လို့ ဘာမှမပြောဖြစ်ပဲထားမိပါသည်။ ပြီးမှ​ကိုက်တဲ့မြွေပါလာလားဆိုတော့ ပါလာတယ်လေ ဆရာမဘေးမှာဆိုပြီး အထုတ်ကြီးကိုဖြေပြပါတော့သည်။ ထိုအခါမှ လုံးပတ်​ရှစ်လက်မလောက်ရှိသည့် စပါးကြီး​မြွေကြီးကိုတွေ့ရတော့သည်။ သေနေလို့သာတော်ပါသေးသည်။
တခါကလည်းမြွေပါလာသည်ဆိုပြီး ကြွပ်ကြွပ်​အိတ်​အထုတ်ကလေးလာပေးသည်။ ဖွင့်ကြည့်လိုက်တော့ စိစိညက်ညက်ကြေအောင်ထုခံရသောမြွေခေါင်းတစ်ခုဖြစ်နေသည်။ ဆရာမတို့ပဲ မြွေခေါင်းကြည့်ပြီးခွဲလို့ရတယ်ပြောလို့ခေါင်းပဲဖြတ်ယူလာတာလို့ပြောသည်။
🚨​ကိုက်သည့်မြွေခေါင်းကိုကြည့်ပြီး မြွေပွေး ဆိုရင်​အကွက်ပါသည်။ မြွေဟောက်​ဆိုရင်တော့​ ဂငယ်ပုံ
ပါးပျဥ်းပါသည်၊အစွယ်​ဘယ်လို​စသည်ဖြင့်ခွဲခြားရသည်ကတော့မှန်ပါသည်။ ဒါပေမယ့်​ထို​စိစိညက်ညက်ကြေနေသော မြွေခေါင်းကိုကြည့်ပြီးတော့ ရယ်ရအခက်၊စိတ်ဆိုးရအခက်ဖြစ်ခဲ့ရပါတော့သည်။
🚨​မြွေခေါင်းတင်မက၊မြွေအမြီးကိုလည်းကြည့်ပြီးခွဲခြားရပါသေးသည်။ မြွေပွေး​ဆိုရင်​အမြီးတုတ်၍တုံးတတ်ပြီးမြွေဟောက်​ဆိုရင်​အမြီးလုံးချွန်၍သွယ်တတ်သည်။ မြွေစိမ်းမြီးခြောက်​ဆိုရင်​မြွေစိမ်းပင်မယ့် အမြီးထိပ်ကတော့ အညိုရောင်​ဖြစ်နေတတ်ပါသည်။
🚨​သို့သော်စပ်မြွေများ၊အမျိုးအစား​ကွဲပြား​သောမြွေများရှိနိုင်သဖြင့် ပုံသဏ္ဍာန်​ကြည့်ပြီးတသမတ်တည်းပြောလို့မရနိုင်ပါချေ။
တခါကတော့ ရွာဓလေ့ထုံးစံအတိုင်း မြွေအမြီးကိုဖြတ်၍မျိုချလာသည်ဟုပြောလေသည်။
ထိုအလေ့အထများသည် အရိုးစွဲနေသော်လည်းမှားယွင်းသောအပြုအမူများဖြစ်ပါသည်။ မြွေအမြီးကိုမျိုချခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမှမရနိုင်ပါ။ မြွေကိုက်ခံရသောနေရာတွင် ကိုက်သည့်မြွေ၏ဦးခေါင်း​ကို​ကျင်းတူး၍ မြှုပ်သည်ဆိုသောရွာဓလေ့ထုံးစံလည်းတွေ့ကြုံခဲ့ရသေးသည်။တခါက ရွာ ဘက်က​လာသော​လူနာတစ်ယောက် ၊ခြေထောက်​မှာမြွေကိုက်ခံရသည်ဟုပြောပြီးလာပါသည်။ကြည့်လိုက်တော့​ခြေထောက်တစ်ခုလုံးရောင်ကိုင်းကာ အပေါက်ရာတွေအများကြီးဖြစ်နေသည်။ မြွေက ဘယ်နှစ်ကြိမ်တောင်ကိုက်ခဲ့တာလဲလို့မေးမှ အစွယ် အရာ​သေးသေး​လေးနှစ်ခုကိုပြလေသည်။ ကျန်တာတွေက ရွာဓလေ့ထုံးစံအရ စုတ်ထိုး​လာခြင်းဖြစ်ပါသည်လို့ပြောပြပါသည်။ သူ့ကိုကိုက်သောမြွေက အဆိပ်မရှိသော်လည်း စုတ်ထိုးလာခြင်းရဲ့ အကျိုးကြောင့် ခြေထောက်ပိုးဝင်​ရောင်ရမ်း​ခြင်း​(Cellulitis)​ဖြစ်​သွားသဖြင့်​ပိုးသတ်ဆေး ထိုးဆေးများထိုးကာ ရက်အတော်ကြာ ဆေးရုံတွင် ကုသလိုက်ရပါတော့သည်။
🚨 မြွေ​ကိုက်ဒဏ်ရာကိုစုတ်ဖြင့်ထိုးခြင်း၊ဓါးဖြင့်ခွဲ​ခြင်းများ​သည်​မြွေဆိပ်ကိုသာပို၍ပျံ့နှံ့​စေပါသည်။ အကျိုးမရှိပါ။ တခါတရံတွင်​ဘယ်တစ်ခုကမြွေကိုက်ရာလည်းတောင်ခွဲခြားလို့မရသော အခြေအနေကိုဖြစ်စေပါသည်။
အလားတူ​မြွေကိုက်လူနာကို မက်ကလောင် ဖေါက်သည့် အလေ့အထလည်းထိုအရပ်ဒေသတွင် တွေ့ရပါသည်။ ခြေထိပ်၊လက်ထိပ်၊စအိုထိပ်များကိုသွေးထွက်အောင်အပ်ဖြင့်ဖေါက်ခြင်းဖြစ်သည်။မသန့်သည့်အပ်၊ပိုးသတ်ခြင်းမလုပ်ထားသောအပ်ကိုအသုံးပြုခြင်းဖြင့်ရောဂါပိုးမျိုးစုံကူးစက်စေပါသည်။
ထို့အပြင် ဘယ်သူကစပြီး တည်ထွင်လိုက်သည်မသိ။ မြွေဆိပ်ကို ပါးစပ်ဖြင့် စုပ်ယူသော အလေ့အထကို အချို့သောရုပ်ရှင်​ဇာတ်ကား​များတွင်​တွေ့နေရသည်။ အခန့်မသင့်ပါက အကိုက်ခံရသူကော၊ကယ်သူကောနှစ်လောင်းပြိုင်ဖြစ်နိုင်သည့် အလွန်​အန္တရာယ်​များလှသော အပြုအမူပင်ဖြစ်ပေတော့သည်။
တိုက်​နယ်ဆေးရုံ လေးတစ်ခု တွင် တာဝန်ကျ စဥ်က​တော်တော်​လေး​မိုးချုပ်မှ မြွေကိုက်လူနာတစ်ယောက်ရောက်လာခဲ့သည်။ ဖြစ်စဥ်ကိုမေးတော့မနက်ကတည်းကမြွေကိုက်ခံရပြီး ရွာက​ဘိုးတော်ဆီမှာ သွားမန်းနေကြောင်းပြောသည်။ဘိုးတော်ကမန်းနေရင်းမျက်ခွံတွေကျလာ၊လျာလေးအာလေးဖြစ်လာမှမနိုင်တော့၍ဆေးရုံလွှတ်လိုက်ခြင်းဖြစ်သည်။ဆေးရုံရောက်ချိန်တွင် မြွေဟောက်ကိုက်၍ မြွေဆိပ်ပျံ့သည့်လက္ခဏာများတွေ့နေရပြီဖြစ်ပြီး မြွေဟောက်အ ဆိပ်ဖြေဆေးထိုးကာ အောက်ဆီဂျင်ပေးသော်လည်းထိုလူနာကိုကယ်တင်နိုင်ခြင်းမရှိခဲ့ပါ။
မြို့ရှိသင်ကြားရေးဆေးရုံတွင်တာဝန်ကျစဥ်က မြွေဟောက်ကိုက်ခံရသောလူနာမှန်းသေချာပါက​မြွေဆိပ်ဖြေဆေးထိုးပြီးအသက်ရှုစက်ရှိသော အထူးကြပ်မပ်ကုသဆောင်တွင်သာကုသခဲ့ရသည်ပဲဖြစ်သည်။ လူနာ​အများစုမှာ​ပြန်ကောင်းသွားသည်သာဖြစ်သည်။ အကယ်၍ယခုလူနာတွင်လည်းမန်းမှုတ်မနေပဲဒီထက်အချိန်နည်းနည်းစော၍သာရောက်လာခဲ့ရင်၊မြွေဆိပ်ဖြေဆေးစောစောပေးရရင် အသက်ရှင်နိုင်ကောင်းရဲ့ဟုကျွန်မတွေးမိပါသည်။
🚨 အဆိပ်မရှိသောမြွေကိုက်ခံရလျင်တော့ မန်းမှုတ်​ခြင်း၊မက်ကလောင် ဖောက်​ခြင်း​ပြုလုပ်သည်ဖြစ်စေ၊ဘာမှ​မလုပ်ပဲစောင့်ကြည့်သည်ဖြစ်စေ ပြန်ကောင်းသွားမည်သာဖြစ်သည်။
🚨​သို့သော်​မြွေပွေး​မြွေဟောက် ၊ငန်းတော်ကြား အစရှိသည့် အဆိပ်ရှိသောမြွေကိုက်ခံရလျင်တော့ အချိန်မီ​မြွေဆိပ်ဖြေဆေးထိုးမှသာ အသက်ကယ်နိုင်မည်ဖြစ်ပါသည်။
နောက်ထပ်လူနာတစ်ယောက်ကတော့ မြွေပွေးအကိုက်ခံရသောလူနာဖြစ်ပြီး ဆီးမထွက်တော့ပဲကျောက်ကပ်ဆိပ်များတက်နေသော လူနာဖြစ်ပါသည်။ လူနာက သောက်ချင်လှပါသည်ဆို၍ ဆရာဝန်၊ ဆရာမ​များမရှိချိန်တွင် လူနာစောင့်က အုန်းရည်ဝယ်တိုက်သည်။ သွေးတွင်းပိုတက်ဆီယမ်ဓါတ်တွေများလာပြီး နှလုံးစည်းချက်မမှန်မှု ဖြစ်လာသဖြင့် အရေးပေါ်​နှလုံးစက်နှိုးပြီး​ ( Defibrillation) ကုသရသည်အထိဖြစ်ခဲ့သည်။ ကံမကောင်း​သဖြင့်​ထိုလူနာ၏ အသက်ကိုမကယ်လိုက်နိုင်ခဲ့ပါချေ။
🚨​မြွေ​ပွေးကိုက်သောလူနာတွင်ဆီးနည်းသွားခြင်း၊ဆီး​မ​ထွက်​တော့​ခြင်းသည်အရေးကြီးသောလက္ခဏာဖြစ်ပါသည်။ အုန်းစိမ်းရေ၊သစ်သီး​ဖျော်ရည်​များလုံးဝမတိုက်သင့်ပါ။
အလားတူ​မြွေပွေး ကိုက်​ပြီး​ ကျောက်ကပ်​ဆိပ်တက်နေသောလူနာမျိုးများစွာကိုမြို့ပေါ်ဆေးရုံတွင် တာဝန်ကျ​နေသော​အချိန်ကတွေ့ကြုံဖူးခဲ့ပါသည်။ ထိုစဥ်ကတော့ ကျောက်ကပ်​ဌာနသို့လွှဲကာ အချိန်မီကျောက်ကပ်ဆေးခြင်းဖြင့်လူနာတို့၏အသက်ကိုကယ်နိုင်ခဲ့ဖူးပါသည်။
"အသက်ကို​ဉာဏ်စောင့်သည်" ဟူ၍ ဆိုရိုးစကားရှိပါသည်။
မြွေကိုက်ခံရသောလူနာချင်းအတူတူ၊ ကိုက်သည့်မြွေချင်းအတူတူ အချို့မှာ အသက်ရှင်၍ အချို့မှာ အသက်ဆုံးကြရသည်။ မြွေကိုက်မခံရအောင် ကြိုတင်ကာကွယ်နိုင်ပါကတော့ပိုကောင်းပါသည်။
အကယ်၍သာလူတိုင်း​ကျန်းမာ​ရေးအသိပညာတိုးတက်လာပါက​ မတော်တဆ​မြွေကိုက်ခံရခဲ့သည်ရှိသော်ဆောင်ရန် ရှောင်ရန်များ ကို​လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိအသက်ကို​မိမိကံစွမ်းဉာဏ်စွမ်းရှိသလောက်ကာကွယ်နိုင်မည်ဟုသာယူဆမိပါတော့သည်။

26/08/2026

🤔ဘယ်လိုခေါင်းကိုက်ခြင်းမျိုးကစိုးရိမ်စရာလိုသလဲ။

🚨 ရုတ်တရက်​မိုးကြိုး​ပစ်​ခံရ​သလိုပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ( Thunderclap headache) (ဦးနှောက် အတွင်း သွေးကြော ပေါက် ခြင်း ကြောင့် ဖြစ် နိုင်သည်။)
🚨ခေါင်းတခြမ်းကိုက်ခြင်းနှင့်အတူ မျက်လုံးတစ်ဖက်နာကျင်ခြင်း၊ မျက်ရည်ပူကျခြင်း။
🚨ခေါင်းကိုက်ခြင်းနှင့်အတူ ဖျား​ခြင်း၊ အသက်ရှု​ကျပ်​ခြင်း၊ လည်ပင်းတောင့်နေခြင်း၊ အရေပြားအကွက်များပေါ်ခြင်း၊(ဦးနှောက်​အမြှေးရောင်ခြင်းကြောင့်ဖြစ်နိုင်သည်။)
🚨ခေါင်းထိခိုက်ဒဏ်ရာရထားခြင်း
🚨ခါးရိုးခြင်ဆီဖေါက်ထားပြီး (သို့မဟုတ်)​ ခါးအောက်ပိုင်းထုံဆေးပေးထားပြီးနောက်တွင်ဖြစ်သောခေါင်းကိုက်ခြင်း၊
🚨အသက်​ (55) နှစ်ကျော်​မှ​ စတင်အသစ်ဖြစ်သော ခေါင်းကိုက်ခြင်း၊ ပုံမှန်​ဖြစ်နေကျ​ခေါင်းကိုက်ခြင်းမှကွဲထွက်ခြင်း၊
🚨ကိုယ်ဝန်ဆောင်များတွင်သွေးတိုးခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊
🚨ခေါင်းကိုက်ခြင်းနှင့်အတူ
💢ခြေလက်များလေးသွားခြင်း၊ လေဖြတ် ခြင်း၊
💢ခေါင်းမူးခြင်း၊
💢မနက်အိပ်ရာထချိန်တွင်ဖြစ်ခြင်း၊ ထိုးအန်ခြင်း၊
💢သတိလစ်သွားခြင်း၊
💢တက်​သွားခြင်း၊
💢မျက်နှာ​ထုံကျင်ခြင်း၊
💢ရုတ်တရက်​ဟန်ချက်မညီပဲ ဟိုယိုင် ဒီယိုင်ဖြစ်ခြင်း၊ လဲခြင်း၊
💢ခြေလက်များထုံကျင်လာခြင်း၊
💢စကားပြော လေးလာခြင်း၊ လျှာ​လိပ်​ခြင်း
💢သတိကောင်း​စွာ​မ​ရခြင်း၊
💢ပြုမူလှုပ်ရှားပုံများမူမမှန်တော့ခြင်း
💢မျက်စိကောင်းစွာမမြင်ရခြင်း၊ ဝေဝါးလာခြင်း၊ နှစ်ထပ်မြင်ရခြင်း​ စသည်တို့ရှိပါက စိုးရိမ်ရန်လိုအပ်ပါသည်။

Transient Ischaemic Attack(TIA)တခဏတာလေဖြတ်သွားခြင်း🧑‍⚕️ တခဏတာလေဖြတ်သွားခြင်းကို လေဖြတ်ခြင်းအငယ်စား​(mini -​strokes) ဟု မ...
24/08/2026

Transient Ischaemic Attack
(TIA)
တခဏတာလေဖြတ်သွားခြင်း

🧑‍⚕️ တခဏတာလေဖြတ်သွားခြင်းကို လေဖြတ်ခြင်းအငယ်စား​(mini -​strokes) ဟု မှားယွင်း​ခေါ်ဆိုလေ့ရှိကြသည်။ အမှန်တကယ်တော့ ထိုတခဏတာလေဖြတ်ခြင်းများသည်လည်း လေဖြတ်ခြင်းကဲ့သို့ အရေးပါပြင်းထန်ပြီး ရှေ့ပြေးအကြို လက္ခဏာ​လည်းဖြစ်ပါသည်။

🤔​Transient Ischaemic Attack ဆိုတာဘာလဲ။
🧑‍⚕️​တခဏတာ (24) နာရီ​အတွင်း​ပြန်ကောင်းသွားသော လေဖြတ်ခြင်းဖြစ်ပါသည်။
👉​ဖြစ်ရသည့် အကြောင်း​ရင်း​မှာ​ ဦးနှောက်အတွင်း​ဆဲလ်များကိုထောက်ပံ့နေသော သွေး​လှည့်ပတ်​မှု​ခဏတဖြုတ်ရပ်သွားခြင်းကြောင့်ဖြစ်ပါသည်။ သွေး​လှည့်ပတ်​မှု​မရသည့် တခဏတွင် ဦးနှောက်အတွင်း ဆဲလ်များအလုပ်ကောင်းစွာမလုပ်တော့ပဲ အချိန်ကြာလာသည်နှင့်အမျှသေဆုံးသွားနိုင်ပါသည်။ အချို့မှာနာရီပိုင်းအတွင်းပြန်ကောင်းသွားတတ်သော်လည်း ခဏတဖြုတ်လေဖြတ်ခြင်းသည် အရေးပေါ်​အခြေအနေ​ဖြစ်ပြီးကုသမှုလိုအပ်ပါသည်။

🤔​ခဏတဖြုတ်လေဖြတ်ခြင်း(Transient Ischaemic Attack) ၏ရောဂါ​လက္ခဏာ​တွေက​ဘာတွေ​လဲ။
🧑‍⚕️ အောက်ပါလက္ခဏာများအနက်မှ တစ်ခု​သို့မဟုတ်တစ်ခုထက်ပို၍ဖြစ်နိုင်ပါသည်။
👉​ကိုယ်​တစ်ခြမ်း​လေးလံသွားခြင်း၊အားနည်းသွားခြင်း၊မလှုပ်ရှားနိုင်ပဲဖြစ်သွားခြင်း
👉 စကားပြောရန်ခက်ခဲခြင်း၊စကားမပြောနိုင်ပဲဖြစ်သွားခြင်း၊
👉 စကားပြောလေးလာခြင်း၊သို့မဟုတ်​စကားလုံးမပီပြင်ပဲ ပလုံးပထွေးဖြစ်ခြင်း
👉 မျက်နှာတစ်ခြမ်းရှိကြွက်သားများကောင်းစွာမလှုပ်ရှားနိုင်ခြင်း၊သို့မဟုတ်​မျက်နှာရွဲ့စောင်းသွားခြင်း
👉 ရုတ်တရက်​အမြင်​အာရုံ​တစိတ်တပိုင်း၊သို့မဟုတ်​အားလုံးကွယ်သွားခြင်း၊မျက်စိရှေ့တွင်ကန့်လန့်ကာချလိုက်သကဲ့သို့ဖြစ်သွားခြင်း၊
👉​အမြင်အာရုံဝါးလာခြင်း၊နှစ်ထပ်မြင်ခြင်း
👉​ရုတ်တရက်​နားမကြားတော့ခြင်း
👉​အနံ့မရခြင်း
👉​အရသာမသိတော့ခြင်း
👉ခြေလက် ထုံနေပြီးထိတွေ့ခြင်းကိုမသိခြင်း
👉 ဟန်ချက်ညီအောင်မထိန်းနိုင်ပဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း
👉​ခေါင်းမူးခြင်း၊ချာချာလည်ခြင်း
👉​ပျို့ခြင်း၊အန်ခြင်း
👉 လည်ပင်းတောင့်နေခြင်း
👉 စိတ်ကျ​လွယ်​တက်လွယ်ဖြစ်ခြင်း၊ပုံမှန်​ပြုမူပုံမှ ကွဲထွက်ခြင်း
👉​စိတ်ရှုပ်ထွေးခြင်း၊ဒေါသထွက်လွယ်ခြင်း
👉​သတိမေ့လွယ်ခြင်း
👉 ရုတ်တရက်​ပြင်းထန်စွာခေါင်းကိုက်ခြင်း
👉​မူးမေ့သွားခြင်း၊သတိလစ်လဲကျသွားခြင်း
စတာ​တွေထဲက​တစ်ခု​(သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်နိုင်ပါသည်။

🤔​နောက်ဆက်တွဲပြဿနာ တွေက ဘာတွေ လဲ။
🧑‍⚕️​ခဏတဖြုတ်လေဖြတ်ခြင်း သည်​အရေးပေါ်အခြေအနေဖြစ်ရသည့်အကြောင်းရင်းမှာ လေဖြတ်ခြင်း၏ရှေ့ပြေး​အကြို လက္ခဏာ ဖြစ်သောကြောင့်ဖြစ်ပါသည်။
🚨​20 % သောလူနာများတွင် ရက်ပေါင်း​ ( 90)​အတွင်း​လေ​ဖြတ်ခြင်း​ဖြစ်တတ်​ပြီး​၎င်းတို့ထဲမှ​တစ်ဝက်ခန့်မှာ ခဏတစ်ဖြုတ်​လေဖြတ်ခြင်းဖြစ်ပြီး (2)ရက်အတွင်းဖြစ်တတ်ပါသည်။

🤔​ဘယ်အကြောင်းတွေကြောင့် ဖြစ်နိုင်သလဲ။
🧑‍⚕️​သွေးကြောပိတ်၍လေဖြတ်ခြင်း (Ischaemic stroke) နှင့် TIA (Transient ischemic attacks) တခဏတာလေဖြတ်သွားခြင်းတို့သည် တူညီသောအကြောင်းရင်းကြောင့်ဖြစ်ပါသည်။
👉 ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့ခြင်း​(thrombosis)
👉 ခန္ဓာကိုယ်​အတွင်း​မည်သည့်​နေရာတွင်​မဆို​ဖြစ်ပေါ်နိုင်သော သွေးခဲ​ ( ဥပမာ​ခြေသလုံးသွေးပြန်ကြောတွင်းသွေးခဲပိတ်ဆို့ခြင်း၊) မှ​သွေး​လှည့်ပတ်​မှု​အတိုင်းသွား၍ ဦးနှောက်အတွင်း ပိတ်ဆို့ခြင်း(thromboembolism)
👉 ဦးနှောက်အတွင်း သွေးကြောငယ်လေးများကိုလက်စထရောစုပုံရာမှ ပိတ်ဆို့ခြင်း(Lacunar stroke)
👉 အကြောင်းရင်းသေချာမသိရပဲဖြစ်ခြင်း (Cryptogenic TIA)
စ​တာတွေ​ကြောင့်ဖြစ်နိုင်ပါသည်။

🤔​ဘယ်လို​လူမျိုးတွေ​မှာ​ခဏတဖြုတ်လေဖြတ်ခြင်း (Transient Ischaemic Attack) ဖြစ်တတ်သလဲ။
👉​သွေးတိုးရောဂါရှိသူများ
👉​ဆီးချို​ရောဂါ​ရှိသူများ
👉 ဆေးလိပ်​သောက်​သူများ၊ V**e သုံးစွဲ​သူများ
👉 နှလုံးစည်းချက်မမှန်သည့်ရောဂါရှိသူများ (Atrial Fibrillation)
👉 အရင်က​လေဖြတ်ဖူးခြင်း​(သို့မဟုတ်)​ခဏတဖြုတ်လေဖြတ်ခြင်း​ဖြစ်ဖူးသူများ
👉​နှလုံးရောဂါရှိသူများ
👉​သွေး​တွင်း​ကိုလက်စထရော များ သူများ
👉​အဝလွန်သူများ
👉 သွေးနီဥဆဲလ်များ ပုံမှန်မရှိသူများ (polycythemia, sickle cell anaemia)
👉 ကိုဗစ်ရောဂါဖြစ်ဖူးသူများ(သွေးပျစ်ခြင်းကြောင့်)
👉​အရက်​အလွန်အကျွံ​သောက်သူများ
👉​စိတ်ကြွဆေးနှင့်​မူးယစ်ဆေးဝါးသုံးစွဲသူများ
👉​အသက်အရွယ်ကြီးသူများ​(>55နှစ်)
👉​အမျိုးသား​များတွင်​ခဏတဖြုတ်လေဖြတ်ခြင်း​အဖြစ်များပါသည်။

🤔​ခဏ​တဖြုတ်လေ​ဖြတ်ခြင်း​ဖြစ်​မှန်းဘယ်လိုသိနိုင်မှာလဲ။
🧑‍⚕️​ဆရာဝန်တွေက ရောဂါ​ရာဇဝင်​ကိုမေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်းအပြင် လိုအပ်ပါ​က​သံလိုက်ဓါတ်မှန်ရိုက်ခြင်း(MRI) ၊ ကွန်ပျူတာ​ဓါတ်​မှန်​ရိုက်​ခြင်း​(CT) ၊လည်ပင်းသွေးကြောကိုစစ်ဆေးခြင်း( carotid doppler) စ​တာတွေ​ပြုလုပ် ရန်လိုအပ်ပါသည်။
🚨​သို့ရာတွင်​ခဏတဖြုတ်လေဖြတ်ခြင်း သည်​ကွန်ပြူတာ​ဓါတ်​မှန်​နှင့် သံလိုက်ဓါတ်မှန် တို့တွင်​ဘာမှမတွေ့ရပဲရှိတတ်ပါသည်။ 🤔​ဘယ်လို​ကာကွယ်​ရမလဲ။
🧑‍⚕️​ခဏတဖြုတ်လေဖြတ်ခြင်း (Transient Ischaemic Attack) မဖြစ်ရလေအောင်
👉​ဆီးချိုပုံမှန်ထိန်းခြင်း
👉​သွေးတိုးရောဂါရှိသူများ တွင်သွေးကျဆေးများပုံမှန်သောက်ခြင်း
👉​ကိုယ်အလေးချိန်ပုံမှန်ထိန်းခြင်း၊
👉 ဟင်းသီးဟင်းရွက်​ပိုစားခြင်း၊အဆီအစိမ့် လျော့စားခြင်း၊ဆားနှင့် အငန်လျော့စားခြင်း၊
👉 ဆေးလိပ်​ဖြတ်ခြင်း ၊ v**e သောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
👉​အရက်အလွန်အကျွံသောက်ခြင်း မှရှောင်ကြဥ်ခြင်း
👉ကိုလက်စထရော များခြင်း​ရှိပါက​စနစ်တကျ​ကုသမှု​ခံယူ ခြင်း
👉ရောဂါ​လက္ခဏာ ပြ​လာ​ပါက​စောစော​ကုသ မှုခံယူခြင်း
စသည်ဖြင့် ကာကွယ် နိုင် ပါသည်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/14173-transient-ischemic-attack-tia-or-mini-stroke
https://www.mayoclinic.org/diseases-conditions/transient-ischemic-attack/symptoms-causes/syc-20355679
Davidson's Principles and Practices of Medicine

19/08/2026

Long term use of Analgesic
အကိုက်အခဲပျောက်ဆေးများ ကြာရှည်စွဲသောက်ခြင်း၊များများထိုးခြင်းကြောင့်ဘာဖြစ်နိုင်သလဲ။
🧑‍⚕️ ခါးနာခြင်း ၊ဒူးနာခြင်းစသောရောဂါများတွင် အကိုက်အခဲပျောက်ဆေးများ ကြာရှည်စွဲသောက်လေ့ရှိကြသည်။တချို့​က​အကိုက်အခဲ​ပျောက်​ဆေးထိုးမှ သက်သာသည်ဟုပြောကြသည်။
အမှန်တကယ်တော့​ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးရှိပြီးစွဲသောက်သည့် ၊(သို့မဟုတ်) ထိုးသည့်အကိုက်အခဲပျောက်ဆေးပေါ်မူတည်၍ ဘေးထွက်ဆိုးကျိုးကွာခြားပါသည်။
👉ပါရာစီတမောလိုအပျော့စားအကိုက်အခဲပျောက်ဆေးများသည် ပုံမှန်​အားဖြင့်​တော့​ဘေးထွက်ဆိုးကျိုးနည်းပါသည်။ သို့သော်​နဂို​အသည်းရောဂါအခံရှိသူများ၊အရက်အလွန်အကျွံသောက်သူများတွင် ပမာဏ​ပေါ်မူတည်၍အသည်းရောင်ခြင်း၊အသည်းထိခိုက်ပျက်ဆီးခြင်း​ဖြစ်နိုင်ပါသည်။
👉 Ibuprofen, Diclofenac အစရှိသည့် အကိုက်အခဲပျောက်ဆေးများ ကြောင့် အစာအိမ်အနာဖြစ်ခြင်း၊အစာအိမ်​အတွင်းသွေးစိမ့်ခြင်း၊ကျောက်ကပ်ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊လူကြီးများတွင် ရုတ်တရက်​နှလုံး​ထိခိုက်​ခြင်းများ​အဖြစ်များပါသည်။
Diclo ကဲ့သို့​အကိုက်အခဲပျောက်ဆေးထိုးဆေးများကြောင့် အခန့်မသင့်ပါက ဓါတ်မတည့်ခြင်း ၊သွေးပေါင်ချိန်ပြုတ်ကျခြင်း၊Shock​ရခြင်း၊ သွေးလန့်ခြင်းများဖြစ်နိုင်သည်။
မကျွမ်းကျင်သူများနှင့်ဆေးထိုးရာမှ ဆေး​ထိုးကြိတ်၊ ဆေးထိုးအနာဖြစ်ခြင်း၊အာရုံကြော​ထိခြင်းများဖြစ်တတ်သည်။
👉​Tramadol, Morphine စသည့် မူးယစ်ဆေးပါသည့်အကိုက်အခဲပျောက်ဆေးများကိုရေရှည်စွဲသောက်ခြင်းဖြင့်၊ထိုး​ခြင်းကြောင့် အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊အသက်ရှုနှေးခြင်း၊ဆေးစွဲပြီးမသောက်ရမနေနိုင်ဖြစ်ခြင်းစတာတွေဖြစ်နိုင်ပါသည်။
"တန်ဆေးလွန်ဘေး"​ဆိုသည့် ဆိုရိုးစကားရှိသောကြောင့် အကိုက်အခဲပျောက်ဆေးများ ကိုရေရှည်စွဲသောက်ခြင်း၊ထိုးခြင်းထက် ဖြစ်စေသော အကြောင်းရင်းကိုရှာဖွေကုသခြင်း၊လိုအပ်ပါ​က​ခွဲစိတ်ခြင်းသာပြုလုပ်သင့်ပါသည်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

Food poisoningအစာအဆိပ်သင့်ခြင်း🤔အစာအဆိပ်သင့်ခြင်းဆိုတာဘာလဲ။🧑‍⚕️အစာအဆိပ်သင့်ခြင်း​( food poisoning) ဆိုသည်မှာ​သန့်ရှင်းမှ...
17/08/2026

Food poisoning
အစာအဆိပ်သင့်ခြင်း

🤔အစာအဆိပ်သင့်ခြင်းဆိုတာဘာလဲ။
🧑‍⚕️အစာအဆိပ်သင့်ခြင်း​( food poisoning) ဆိုသည်မှာ​သန့်ရှင်းမှုမရှိသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးနှင့် ကပ်ပါးကောင်ပိုးမွှားများ နှင့်​၎င်းတို့မှထုတ်လွှတ်သော အဆိပ်အတောက်များပါဝင်သည့် အစားအသောက်​များကို​စားသုံးမိခြင်းကြောင့်​ဝမ်းပျက်​ဝမ်းလျှော​ဖြစ်ခြင်း၊ အန်ခြင်းစသည့်ရောဂါလက္ခဏာများဖြစ်ခြင်း​ကို​ခေါ်ပါသည်။
လူ၏ ခန္ဓာကိုယ်​သည် အဆိပ်အတောက်များ ပါဝင်သည့် အစားအသောက်​များကို​စားမိသည့် ချိန်တွင်​ ၎င်းအဆိပ်ဓါတ်များကို ခန္ဓာကိုယ်မှ​စွန့်ထုတ်သန့်စင်ရန် တုံ့ပြန်လေ့ရှိပါသည်။ ထိုသို့​တုံ့ပြန် တွင်​အန်ခြင်းဖြင့် လည်းကောင်း၊ ဝမ်းလျှော​ခြင်းဖြင့်လည်းကောင်း၊ နှစ်မျိုးစလုံးဖြင့်လည်းကောင်းတုံ့ပြန်လေ့ရှိပါသည်။ ထိုအချိန်မျိုးတွင် အဖျားလည်း တက်တတ်ပါသည်။
🧑‍⚕️Food-related poisoning ဆိုသည်မှာ​ထိုအစားအစာကိုယ်တိုင်က အဆိပ်ဖြစ်နေခြင်းဖြစ်ပါသည်။ ဥပမာ​ မစားသင့်သော အဆိပ်ရှိမှိုများ၊အဆိပ်​ရှိသော​ ငါးပူတင်း​ကဲ့သို့သောငါးများကို စားသုံးမိခြင်းဖြစ်သည်။

🤔အစာ​အဆိပ်​သင့် ခြင်း​ကြောင့်​ဖြစ်သော​ရောဂါ လက္ခဏာ​တွေ​က​ဘာတွေ​လဲ။
👉ဝမ်းပျက်​ဝမ်းလျှော​ဖြစ်ခြင်း၊
👉ပျို့ ခြင်း၊ အန်​ခြင်း၊
👉ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်နာခြင်း
👉ဖျားခြင်း
👉ခေါင်းကိုက်ခြင်း
👉အားနည်းသလိုခံစားရခြင်း
👉ပြင်းထန်​ပါက​သွေးပေါင်ပြုတ်ကျ၍ shock ရခြင်း၊
👉အချို့​သော​အစာအဆိပ်သင့်ခြင်း​များတွင်​ခြေလက်​များ​ပျော့ ခွေ၍ မလှုပ်ရှားနိုင်ပဲဖြစ်သွားခြင်း
👉အချို့​သော​မှို​အဆိပ်​သင့်​ခြင်း​များတွင်​အသည်း​ပျက်စီး​ခြင်း၊ ကျောက်ကပ်​ပျက်စီး​ခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း၊
👉အသက်​သေဆုံး​ခြင်း​အထိ​ဖြစ်နိုင်​ပါသည်။

🤔အစားအစာ​စားပြီး​ဘယ်လောက်ကြာရင် ရောဂါ​လက္ခဏာ​ပြတတ်သလဲ။
🧑‍⚕️စားသုံးသော အစားအသောက်​အမျိုးအစား၊ ပမာဏ​အနည်းအများ၊ ဖြစ်​ပွားသောရောဂါ​ပိုးမွှား၊ အဆိပ်အတောက်များ​တစ်မျိုးနှင့်တစ်မျိုးမတူညီသောကြောင့် ၎င်းတို့​အပေါ်တွင်မူတည်၍ ရောဂါ​လက္ခဏာ​ပြ​ချိန်​ကွာခြားပါသည်။ အချို့​မှာစားသောက်​ပြီး​နာရီပိုင်းအတွင်း​ဖြစ်တတ်​ပြီး​အချို့​မှာ​ရက်အတော်ကြာမှဖြစ်လေ့ရှိပါသည်။

🤔အစာအဆိပ်သင့်ခြင်း ကိုဖြစ်စေသော အဆိပ်​အတောက်တွေက ဘာတွေလဲ။
👉ဘက်တီးရီးယားများ
👉ဗိုင်းရပ်စ်ပိုး များ
👉ပါရာဆိုက်ခေါ် ကပ်ပါးကောင်များ
👉မှိုပိုးများ
👉အဆိပ်အတောက်များ​
👉အချို့​သော​ငါးများ၊ ပင်လယ်စာများ၊ အသီးအရွက်များ
👉အချို့သော စားသုံးရန်မသင့်သည့်မှိုများ
👉ဓါတုပစ္စည်း​များ
စသည်တို့ကြောင့်ဖြစ်နိုင်သည်။

🤔အစာအဆိပ်သင့်ခြင်း ကကူးစက်တတ်သလား။
🧑‍⚕️အစာအဆိပ်သင့်ခြင်း​သည်​ပိုးမွှား​များကြောင့် အများဆုံး​ဖြစ်လေ့ရှိသဖြင့် ၎င်းပိုးမွှားပါဝင်သောအစားအသောက်များကို စားသုံးမိခြင်းမှလည်းကောင်း၊ ရောဂါဖြစ်ပွားသူ၏ အန်ဖတ်၊ မစင်စသည်တို့နှင့်ထိတွေ့မိခြင်း၊ ၎င်းအညစ်အကြေးများကိုယင်နားခြင်း၊ ထိုယင်ကောင်များက အစားအသောက်​များအပေါ်​တဖန်ပြန်နားခြင်း၊ အညစ်အကြေး​အမှုန်အမွှားများ၊ ပိုးမွှား​များ၊ အဆိပ်အတောက်များ​ဖြင့် ရောနှော​နေသော​သောက်ရေ၊ သုံးရေများမှ လည်းကောင်းကူးစက်နိုင်ပါသည်။

🤔ဘယ်သူတွေမှာအစာအဆိပ်သင့်ခြင်းအများဆုံးဖြစ်လေ့ရှိသလဲ။
🧑‍⚕️မည်သူမဆို ကျားမ​အသက်အရွယ်မရွေးအစာအဆိပ်သင့်ခြင်းဖြစ်နိုင်ပါသည်။
💢ရောဂါ​လက္ခဏာ​များသည်​လူနာ၏ ကိုယ်ခံအားတုံ့ပြန်မှု၊ စားမိသောအစားအစာအတွင်းပါဝင်သောပိုးမွှားအဆိပ်အတောက်ပမာဏအနည်းအများ၊ ပြင်းထန်​မှု​စသည်တို့အပေါ်မူတည်၍ ရောဂါ​လက္ခဏာ၊ ပြင်းထန်မှုစသည်တို့ကွာခြားပါသည်။
လူအများစုတွင် အလိုအလျောက်ပြန်ကောင်းသွားတတ်သော်လည်း
💢အသက်​(5) နှစ်အောက်ကလေးများ
💢ကိုယ်ဝန်ဆောင်များ၊
💢အသက်​ ( 65) နှစ်အထက် သက်ကြီးရွယ်အိုများ၊
💢HIV​ နှင့်​ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ၊
💢စတီးရွိက်ကဲ့သို့သောဆေးများကို ရေရှည်စွဲသောက်နေရသူများ၊
💢နဂိုရောဂါအခံရှိသူများတွင် ပြင်းထန်​တတ်​ပါသည်။

🤔အစာအဆိပ်သင့်ခြင်း ၏နောက်ဆက်တွဲပြဿနာ​တွေက​ဘာတွေ​လဲ။
👉ပြင်းထန်​သော​အစာအဆိပ်သင့်ခြင်း​များတွင်​ရေနှင့် ဓါတ်ဆားများဆုံးရှုံးခြင်းကြောင့် သွေးပေါင်ချိန်ပြုတ်ကျခြင်း၊ (Shock) ရခြင်း၊
👉ကျောက်ကပ်ပျက်စီးခြင်း
👉ဦးနှောက်အမြှေးပါးရောင်ခြင်း
👉အကြောသေရောဂါဖြစ်ခြင်း( Guillain-Barré syndrome)
👉Listeria ဘက်တီးရီးယားကြောင့်ဖြစ်သောအစာအဆိပ်သင့်ခြင်းကြောင့် ကိုယ်ဝန်ဆောင်များ တွင်​ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးစကလေးသေဆုံးခြင်း၊ ကလေးတွင် ဦးနှောက်အာရုံကြောရောဂါဖြစ်ခြင်း
👉ဆာမိုနဲလား (salmonella) ဘက်တီးရီးယားကြောင့်ဖြစ်သောအစာအဆိပ်သင့်ခြင်းကြောင့် အဆစ်ရောင်ခြင်း စသည်တို့ဖြစ်သွားနိုင်ပါသည်။

🤔ဘယ်လိုအစားအစာမျိုးတွေက အစာအဆိပ်သင့်ခြင်း ဖြစ်တတ်သလဲ။ 👉သန့်ရှင်းမှုမရှိခြင်း၊
👉ကောင်းမွန်စွာချက်ပြုတ်ထားမှုမရှိခြင်း
👉မှန်ကန်​သော အပူချိန်တွင်​သိမ်းဆည်းထားမှုမရှိခြင်း၊
👉အစားအသောက်​များကိုင်တွယ်၊ ဆေးကြော၊ ချက်ပြုတ်ရာ တွင်​သန့်ရှင်းမှုမရှိခြင်း၊
👉မစားသင့်သောအစားအစာများ​ (ဥပမာ​ အဆိပ်ရှိသောမှိုများ၊ ပုံမှန်စားနေကျမဟုတ်သော​အသီးအရွက်များ၊ အသား၊ ငါးများကိုစားသုံးမိခြင်း)
👉အသားငါးများကိုအစိမ်းစားခြင်း ( ဥပမာ​ကြက်ဥအစိမ်းစားခြင်းကြောင့်​salmonella ဆာမိုနဲလားဘက်တီးရီးယားပိုးမွှားများကြောင့်ဖြစ်သော အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။)​
👉ကောင်းစွာကြိုချက် ပိုးသန့်စင်ထားခြင်းမရှိသော နို့နှင့် နို့ထွက်ပစ္စည်းများစားမိခြင်း
👉ကောင်းစွာချက်ပြုတ်ပြင်ဆင်ထားခြင်းမရှိသော ပင်လယ်စာများစားမိခြင်း

🤔အစာအဆိပ်သင့်ခြင်း​မ​ဖြစ်အောင်​ဘယ်လိုကာကွယ်ရမလဲ။
👉သန့်ရှင်းသော သောက်ရေ၊ သုံးရေရအောင်ဆောင်ရွက်ခြင်း၊ မရပါက ရေကိုကြိုချက်၍ သောက်သုံး ခြင်း၊
👉အသား၊ ငါး၊ ဟင်းသီး​ဟင်းရွက်​များကို​ကောင်းစွာဆေးကြောသန့်စင်ခြင်း၊ ကောင်း​စွာကျက်အောင်ချက်ပြုတ်ခြင်း၊
👉နို့နှင့်​နို့ထွက်ပစ္စည်းမျာကို သေချာစွာပိုးသန့်စင်ခြင်း၊ ချက်ပြုတ်ခြင်း၊
👉အစားအသောက်​များကို​သင့်တင့်သော အပူချိန်တွင်​ကောင်းစွာသိုလှောင်သိမ်းဆည်းခြင်း၊
👉အစာအဆိပ်သင့်ခြင်း​ဖြစ်နေပါ​အစားအသောက်​များကိုင်တွယ်​ချက်ပြုတ်ခြင်းမှရှောင်ကြဥ်ခြင်း၊
👉မှိုတက်​နေသော​အစားအစာများကိုရှောင်ကြဥ်ခြင်း၊
စသည်​တို့ ပြုလုပ်သင့်ပါသည်။

🤔အစာ​အဆိပ်​သင့် ခြင်း ကစိုးရိမ်ရသလား။
🧑‍⚕️အစာ​အဆိပ်​သင့်​ခြင်းအများစုသည်​(24) နာရီမှ​(48) နာရီ​အတွင်းပြန်ကောင်းသွားတတ်ပါသည်။ သို့သော်​ကပ်ပါးကောင်ပိုးမွှားများ​ကြောင့်​ဖြစ်သော​အစာအဆိပ်သင့်ခြင်း များတွင် ပို၍ အချိန်ကြာနိုင်ပါသည်။
👉လူနာ၏ ခန္ဓာကိုယ်​အတွင်း​ ပိုးမွှား​အဆိပ်အတောက်များ​ဘယ်လောက်ဝင်သွားသလဲ။
👉ဘယ်လိုပိုးမွှားတွေဝင်ရောက်သွားသလဲ။
👉လူနာ၏ ကိုယ်ခံအားအခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေက အစာအဆိပ်သင့်ခြင်း​ကြာမြင့်ချိန်ကိုအဆုံးအဖြတ်ပေးမှာ ဖြစ်​ပါသည်။
⏰လူနာကို​အလုပ်မှ သို့မဟုတ်​ကျောင်းမှ အနည်းဆုံး​ (24​)​နာရီခန့်​အနားပေးထားရန်လိုအပ်ပါသည်။
🚫အစာအဆိပ်သင့်ခြင်း​ဖြစ်နေစဥ်အချိန်အတွင်း
🔺အဆီများသောအစားအစာများ၊ဆီကြော်မုန့်များ
🔺အပူအစပ်များ
🔺နို့နှင့်​နို့ထွက်ပစ္စည်းများ
🔺ကော်ဖီ​
🔺အရက်
🔺ဆေးလိပ်
🔺အမျှင်များသောအစားအစာများ
🔺အက်ဆစ်ဓါတ်များသောအစားအစာများကိုရှောင်ကြဥ်သင့်ပါသည်။

🤔ဘယ်​အချိန်​မှာဆေးခန်းပြဖို့လိုလာပြီလဲ။
🚨အသက်​(5)​နှစ်အောက်ကလေးများ၊
🚨အသက်​ (65) နှစ်ကျော်လူကြီးများ
🚨ကိုယ်ဝန်ဆောင်များ​
🚨နဂိုရောဂါအခံရှိသူများ
🚨ကိုယ်အပူချိန်​ 102ဒီဂရီ ဖာရင်ဟိုက်ကျော်ခြင်း
🚨ဝမ်း ထဲတွင်​သွေးပါခြင်း
🚨ပါးစပ်မှ​ဓါတ်ဆားနှင့် အစာမဝင်နိုင်အောင် အန်နေခြင်း
🚨ဆီးနည်းသွားခြင်း၊ ဆီးမထွက်တော့ခြင်း
🚨လူနာဂယောင်ချောက်ခြားဖြစ်ခြင်း၊ သတိလစ်သွားခြင်း၊
🚨သွေးပေါင်ချိန်ပြုတ်ကျခြင်း​စသည်​တို့​ရှိပါက​နီးစပ်​ရာ​ဆရာဝန်၊ဆရာမ​နှင့် အမြန်​ဆုံး​ကုသမှု​ခံယူ​သင့်​ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/21167-food-poisoning
Davidson's Principles and practice of medicine
https://www.mayoclinic.org/diseases-conditions/food-poisoning/symptoms-causes/syc-20356230

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Medical Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yangon Medical Network:

Shortcuts

Share