ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge

  • Home
  • Myanmar
  • Yangon
  • ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge

ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge ထိရောက်ပြီး ယုံကြည်စိတ်ချရသော ကျန်းမာရေးဗဟုသုတများ မျှဝေပေးရန် ရည်ရွယ်ပါသည်

08/07/2026

ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အသည်းသန်ကောင် ကူးစက်မှုဆိုင်ရာ ပြည်သူ့ကျန်းမာရေး စိုးရိမ်ဖွယ်ရာများ
မကြာသေးမီက ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သော သတင်းများအရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အသည်းသန်ကောင် (Opisthorchis viverrini) ကူးစက်မှုနှင့် ပတ်သက်၍ သိသာထင်ရှားသော ပြည်သူ့ကျန်းမာရေး စိုးရိမ်ဖွယ်ရာတစ်ခု ရှိနေကြောင်း သိရသည်။

ဘန်ကောက်ပို့စ် အစီရင်ခံစာမှ အဓိကတွေ့ရှိချက်များ
ကျန်းမာရေးတာဝန်ရှိသူများသည် မဟာစာရခမ်းခရိုင် (Maha Sarakham Province) ရှိ တက္ကသိုလ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို ဆီးအတွင်း အန်တီဂျင်စစ်ဆေးသည့် ကိရိယာ (Urinary Antigen Test - UAT) များအသုံးပြု၍ စစ်ဆေးခဲ့ကြသည်။

မဟာစာရခမ်း တက္ကသိုလ် (Mahasarakham University): ပထမနှစ်ကျောင်းသား ၁၂,၇၃၃ ဦးအနက် ၄,၂၃၃ ဦး (၃၃ ရာခိုင်နှုန်းခန့်) တွင် ပိုးတွေ့ရှိခဲ့သည်။

ရာဇာဘတ် မဟာစာရခမ်း တက္ကသိုလ် (Rajabhat Mahasarakham University): ပထမနှစ်ကျောင်းသား ၁,၉၂၂ ဦးအနက် ၃၈၀ ဦး (၁၉ ရာခိုင်နှုန်းခန့်) တွင် ပိုးတွေ့ရှိခဲ့သည်။

UAT စစ်ဆေးမှုသည် ကနဦးဆန်းစစ်ချက်မျှသာ ဖြစ်သောကြောင့် သန်ကောင် အမှန်တကယ်စွဲကပ်နေခြင်း ရှိ၊ မရှိ အတည်ပြုရန် ဝမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသေးသည်။

ဒါက ဘာကြောင့် အရေးကြီးတာလဲ။
အဆိုပါ အသည်းသန်ကောင် အမျိုးအစားမှာ Opisthorchis viverrini ဖြစ်ပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် အဖြစ်များသော ကပ်ပါးကောင် ဖြစ်သည်။
လူများသည် အဓိကအားဖြင့် အောက်ပါတို့ကို စားသုံးခြင်းဖြင့် ကူးစက်ခံရနိုင်သည် -

ရေချိုငါးအစိမ်းများ

မကျက်တကျက် ချက်ပြုတ်ထားသော ရေချိုငါးများ

စနစ်တကျ အချဉ်မဖောက်ထားသော ငါးချဉ် သို့မဟုတ် ငါးပိကောင် (ဥပမာ - ပလာရ စသည့် ငါးထွက်ပစ္စည်းများ)

ရေချိုငါးအစိမ်းဖြင့် လုပ်ထားသော ကိုကွိုင်ပလာ (Koi Pla) ကဲ့သို့သော ရိုးရာအစားအစာများ

ဤကပ်ပါးကောင်သည် သည်းခြေပြွန်အတွင်းသို့ ရွှေ့ပြောင်းအခြေစိုက်ပြီး ကုသမှုမခံယူပါက အနှစ် ၂၀ မှ ၃၀ အထိ အသက်ရှင်နေနိုင်ပါသည်။ နာတာရှည် ကူးစက်ခံရပါက သည်းခြေပြွန်ကို စဉ်ဆက်မပြတ် ရောင်ရမ်းစေပြီး သည်းခြေပြွန်ကင်ဆာ (Cholangiocarcinoma) ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေပါသည်။

အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု
ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ -

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

တာဝန်ရှိသူများသည် မလုံခြုံသော အစားအစာပြင်ဆင်မှု ပုံစံများကို ရှာဖွေဖော်ထုတ်ရန်အတွက် သင်္ဘောသီးထောင်းဆိုင်များနှင့် ငါးချဉ်/ငါးပိကောင် ပံ့ပိုးရောင်းချသူများကို စစ်ဆေးလျက်ရှိသည်။

ပြည်သူ့ကျန်းမာရေး အရာရှိများက ရောဂါကာကွယ်ရန်အတွက် ရေချိုငါးများကို စနစ်တကျ ကျက်အောင်ချက်ပြုတ်ရန် သို့မဟုတ် လုံလောက်သော အချိန်အပိုင်းအခြားအထိ အချဉ်ဖောက်ရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားထားသည်။

နောက်ခံသမိုင်းကြောင်း
ထိုင်းနိုင်ငံသည် အထူးသဖြင့် အရှေ့မြောက်ပိုင်း (အီဆန်ဒေသ) တွင် အသည်းသန်ကောင် ကူးစက်မှုကို အဓိက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် ကာလရှည်ကြာ သတ်မှတ်ထားခဲ့သည်။ ယခင် ဘန်ကောက်ပို့စ်၏ ဖော်ပြချက်များအရ -

ထိုင်းနိုင်ငံတွင် လူဦးရေ ၆ သန်းခန့် ကူးစက်ခံထားရသည်။

နာတာရှည် အသည်းသန်ကောင် ကူးစက်မှုကြောင့်ဖြစ်သော သည်းခြေပြွန်ကင်ဆာဖြင့် နှစ်စဉ် လူဦးရေ ၁၄,၀၀၀ ခန့် သေဆုံးနေရသည်။

ဤရောဂါကို "အသံတိတ်လူသတ်သမား" ဟု သတ်မှတ်ကြသည်၊ အကြောင်းမှာ ကူးစက်ခံရသူများသည် ကင်ဆာရောဂါ မဖြစ်ပွားမီ နှစ်ပေါင်းများစွာအထိ မည်သည့်ရောဂါလက္ခဏာမျှ ပြလေ့မရှိသောကြောင့် ဖြစ်သည်။

ဆေးပညာဆိုင်ရာ သက်ရောက်မှုများ
ကူးစက်ခံရသူ အများစုတွင် မည်သည့်လက္ခဏာမျှ မပြတတ်ပါ။ အချို့သူများတွင်မူ အောက်ပါတို့ ခံစားရနိုင်သည် -

ဗိုက်မအီမသာဖြစ်ခြင်း

ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း/အစာမကြေခြင်း

နုနယ်မောပန်းခြင်း

ရေရှည်နောက်ဆက်တွဲ ဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်သည် -

နာတာရှည် သည်းခြေပြွန်ရောင်ရမ်းခြင်း

သည်းခြေပြွန် အမာရွတ်ဖြစ်ပြီး ပိတ်ဆို့ခြင်း (Biliary fibrosis)

သည်းခြေပြွန် ကျဉ်းမြောင်းသွားခြင်း

သည်းခြေပြွန်ကင်ဆာ (ကမ္ဘာပေါ်တွင် ကပ်ပါးကောင်ကြောင့် အဖြစ်အများဆုံး ကင်ဆာရောဂါများထဲမှ တစ်ခု)

မြန်မာနိုင်ငံနှင့် ဆက်စပ်မှု
မြန်မာနိုင်ငံသည်လည်း မဲခေါင်ဒေသခွဲအတွင်း တည်ရှိပြီး Opisthorchis viverrini အသည်းသန်ကောင်ကို စစ်ဆေးတွေ့ရှိဖူးသည့် နိုင်ငံဖြစ်သည်၊ သို့သော် ကူးစက်မှုနှုန်းမှာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းထက် ယေဘုယျအားဖြင့် လျော့နည်းပါသည်။ ရေချိုငါးများကို အစိမ်းလိုက်ဖြစ်စေ၊ မကျက်တကျက်ဖြစ်စေ စားသုံးတတ်သော လူ့အဖွဲ့အစည်းများတွင် အလားတူ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သဖြင့် အစားအသောက် ဘေးကင်းလုံခြုံရေး ပညာပေးခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်ခြင်းတို့သည် အရေးကြီးသော ကာကွယ်ရေး မဟာဗျူဟာများ ဖြစ်ကြပါသည်။

ဆီးချိုရောဂါကို တိုင်းရင်းဆေးဖြင့် အမြစ်ပြတ် ကုသနိုင်ပါသလား?လူမှုကွန်ရက်စာမျက်နှာများတွင် "ဆီးချိုရောဂါ အမြစ်ပြတ်ပျောက်က...
09/03/2026

ဆီးချိုရောဂါကို တိုင်းရင်းဆေးဖြင့် အမြစ်ပြတ် ကုသနိုင်ပါသလား?
လူမှုကွန်ရက်စာမျက်နှာများတွင် "ဆီးချိုရောဂါ အမြစ်ပြတ်ပျောက်ကင်းစေမည့် သဘာဝဆေးနည်းများ" ဟူသော ကြော်ငြာများကို မကြာခဏ မြင်တွေ့ရတတ်ပါသည်။ ထိုအချက်သည် မှန်ကန်မှု မရှိပါ။

ကျန်းမာရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မချမီ အောက်ပါ သိပ္ပံနည်းကျ အချက်အလက်များကို အရင်ဖတ်ကြည့်ပါ။

🔍 Fact-Check: အချက်အလက်စစ်ဆေးခြင်း
၁။ အယူအဆအမှား- "တိုင်းရင်းဆေး သို့မဟုတ် ဆေးဖက်ဝင်အပင်များက ဆီးချိုကို အမြစ်ပြတ် ပျောက်ကင်းစေသည်။"
အရှိတရား- ကမ္ဘာပေါ်တွင် ဆီးချိုရောဂါကို အပြီးတိုင် ပျောက်ကင်းစေမည့် "ဆေး" (Cure) ယနေ့အထိ မရှိသေးပါ။ စနစ်တကျ ထိန်းချုပ်ခြင်း (Management) ဖြင့်သာ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။

၂။ အယူအဆအမှား- "သဘာဝဆေးဖြစ်လို့ ဘေးထွက်ဆိုးကျိုး မရှိဘူး။"
အရှိတရား- တိုင်းရင်းဆေးများကို ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများနှင့် တွဲသောက်ပါက သွေးတွင်းသကြားဓာတ် လွန်ကဲစွာ ကျဆင်းခြင်း (Hypoglycemia) ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်ပါသည်။

📚 ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးများ၏ အဆိုအရ (Reference Points)
American Diabetes Association (ADA): မည်သည့် ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် ဆေးဖက်ဝင်အပင်များကမျှ ဆီးချိုရောဂါကို အမြစ်ပြတ် ကုသနိုင်သည်ဟူသော ခိုင်လုံသည့် အထောက်အထား မရှိသေးပါ။

National Center for Complementary and Integrative Health (NCCIH): သစ်ကြံပိုးခေါက်၊ ကြက်ဟင်းခါးသီး စသည်တို့သည် သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု အနည်းငယ်ရှိနိုင်သော်လည်း ၎င်းတို့ကို "ဆီးချိုကုသဆေး" အဖြစ် အသုံးမပြုရန် သတိပေးထားပါသည်။

Mayo Clinic: သဘာဝကုထုံးများသည် စံချိန်စံညွှန်း သတ်မှတ်ထားခြင်း မရှိသဖြင့် ဘေးကင်းမှုကို အာမမခံနိုင်ကြောင်း ဖော်ပြထားသည်။

အနှစ်ချုပ် သတိပြုရန်
တိုင်းရင်းဆေးပင်များသည် "ဖြည့်စွက်ကူညီမှု" (Complementary) သဘောမျိုးသာ ရှိနိုင်ပြီး "အစားထိုးကုသမှု" (Replacement) မဟုတ်သည်ကို သတိပြုရပါမည်။

အရေးကြီးဆုံးအချက်: ဆေးပညာလောကတွင် လက်ရှိအချိန်ထိ ဆီးချိုရောဂါ (Diabetes) ကို အမြစ်ပြတ်ပျောက်ကင်းစေသည့် ကုထုံးမရှိသေးဘဲ စနစ်တကျ ထိန်းချုပ်ခြင်းဖြင့်သာ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။

#ဆီးချိုဗဟုသုတ #ကျန်းမာသုတမျှဝေကြမယ်

ရာသီစာ မာလကာသီး
08/03/2026

ရာသီစာ မာလကာသီး

လူတော်တော်များများက မာလကာသီးကို ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုအဖြစ် သတိမထားမိတတ်ကြပါဘူး။ ဒါပေမဲ့ မာလကာသီး တစ်ခွက်စာ ပမာဏမှာတင် ပရိုတင်း ၄.၂ ဂရမ်အထိ ပါဝင်ပါတယ်။

ဒါကြောင့်လည်း မာလကာသီးဟာ ပရိုတင်းဓာတ် အများဆုံးရရှိနိုင်တဲ့ သစ်သီးဝလံတွေထဲက တစ်ခုဖြစ်နေတာပါ။

ဒါ့အပြင် မာလကာသီးမှာ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် C ပမာဏထက် ၄ ဆ ကနေ ၅ ဆအထိ ပိုမိုပါဝင်သလို၊ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် (Fiber) ရဲ့ သုံးပုံတစ်ပုံနီးပါးကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ သကြားဓာတ် တက်ကြွမှုနှုန်း (Glycemic Index) ကလည်း ၁၂ အထိသာရှိလို့ အလွန်နည်းပါးတယ်လို့ ဆိုရမှာပါ။

ဒီလို အကျိုးကျေးဇူးတွေ အားလုံးကို အရသာရှိတဲ့ အပူပိုင်းဒေသသစ်သီးဖြစ်တဲ့ မာလကာသီးတစ်လုံးတည်းကနေ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။

08/03/2026

ဆေးဝါးသုံးစွဲမှု ဘေးကင်းလုံခြုံရေး
ဆေးဝါး​များမှာ လူသားတို့ အတွက် ရောဂါများကို ကာကွယ်ရန်၊ ကုသရန်နှင့် ရောဂါရှာဖွေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။

ကျန်းမာရေးအတွက် ဆေးဝါးများကိုသုံးစွဲရာတွင်

(၁) ရည်ရွယ်ရင်းအာနိသင်ထိရောက်ဖို.နှင့်

(၂) အန္တရာယ်ကင်းစေဖို့မှာ အရေးကြီးသည်။

ဆေးအတွက် ဘေးမဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ ဆေးဝါးသုံးစွဲရာတွင် အန္တရာယ်ကင်းစေရန် သတိပြုရမည့် အချိန်ငါးချိန် သတ်မှတ်ထားပါသည်။ ထိုအချိန် ၅ချိန်မှာ-

(၁) ဆေးဝါးစတင် ညွှန်ကြားချိန်

(၂) ဆေးဝါးစတင် သောက်သုံးချိန်

(၃) နောက်ထပ်ဆေးတစ်မျိုး ထပ်တိုးချိန်

(၄) ဆေးဝါးများ ပြန်ညှိသောအချိန်

(၅) ဆေး ရပ်နားတော့မည့်အချိန်တို့ဖြစ်ပါသည်။

ထို အချိန်များတွင် မေးခွန်း (၅) ခုစီ စုစုပေါင်း မေးခွန်း (၂၅)ခု မေးခြင်းဖြင့် လူနာ များအတွက် ဆေးဝါးများမှာ ဘေးကင်းလုံခြုံမှု ရှိမည် ဖြစ်ပါသည်။အချို.မေးခွန်းများကို လူနာကိုယ်တိုင်ဖြေနိုင်သော်လည်း အချို့မေးခွန်းများကိုမူ ကျန်းမာရေးပညာရှင်၏ အကူအညီဖြင့်သာ ဖြေနိုင်မည်ဖြစ်သည်။

(၁) ဆေးဝါးစတင် ညွှန်ကြားချိန် မေးမြန်းသင့်သော မေးခွန်း ၅ခု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်ညွှန်ကြားချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို ​အောက်ပါအတိုင်း အကြံပြုထားပါသည်။

(က) ဆေးအမည်မှာဘယ်လိုခေါ်ပါသလဲ၊ ဘာအတွက်သောက်ရသလဲ။

ဥပမာ- ပါရာစီတမော (paracetamol) ဖျားနာခြင်းအတွက် သောက်ရန်

(ခ) ဆေး၏အန္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

ဆေးတိုင်းတွင် အကျိုးနှင့် အပြစ် ဒွန်တွဲနေတတ်ပါသည်။

ဥပမာ- ပါရာစီတမောကြောင့် ရှားရှားပါးပါး သွေးဥမွှားနည်းခြင်း (Thrombocytopenia) ဖြစ်နိုင်သည်။ဆေးပမာဏများလျှင်အသည်းနှင့် ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်သည်။

(ဂ) ဆေးမသောက်ဘဲ အခြားနည်းလမ်းများဖြင့်ရော ကုသလို့ရလား။

ကုသမှုနည်းစဥ်များစွာ(လူနေမှုဘဝ အလေ့အကျင့် ပြောင်းလဲခြင်း၊ အာဟာရဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ကာယကုသခြင်း၊ ဆေးပေးခြင်း) ရှိသည့် အနက် ဆေးဝါးမှာ ကုသမှု နည်းစဥ်တစ်ခုသာ ဖြစ်ပါသည်။ တခါတရံ ကုသမှုနည်းစဥ်များ ပေါင်းပြီးကုရတာလည်း ရှိတတ်သည်။

ဥပမာ- သိုင်းရွိုက်အကြိတ်ကြီးပြီး အလုပ်ပိုလုပ်သောရောဂါ (Goitre with hyperthyroidism) တွင် ကုသမှုနည်းစဥ် ၃ခုရှိပါသည်။ ဆေးပေးခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည် ပေးပြီးကုသခြင်းတို့ ဖြစ်သည်။ တခါတရံ ကုသမှုနည်းစဥ်များတွဲကုရတာလည်း ရှိတတ်သည်။

(ဃ) ကျန်းမာရေးဝန်ထမ်းကို ဆေးမတည့်ခြင်းနှင့် အခြားရောဂါများ ရှိကြောင်း ပြောပြပြီးပြီလား။

ဉပမာ -ဘားပလက် မတည့်ခြင်း၊သွေးတိုးရောဂါရှိခြင်း ကို ဆရာဝန်ကို ပြောပြရန် လိုအပ်ပါသည်။

(င) ဆေးများကို ဘယ်လိုသိမ်းဆည်းရမလဲ။

ယေဘုယျအားဖြင့် ဆေးများကို အေး၍ ခြောက်သွေ.သော၊ နေရောင်ခြည်တိုက်ရိုက်မကျသော နေရာတွင် သိမ်းဆည်းရပါမည်။ ရေခဲသေတ္တာနှင့် ထားရမည့်ဆေးဆိုလျှင် ဆရာဝန်/ဆေးဝါးကျွမ်းကျင်ပညာရှင်က ပြောပါမည်။

ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်ညွှန်ကြားချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။

(၂) ဆေးဝါးစတင်သောက်သုံးချိန် မေးမြန်းသင့်သောမေးခွန်း (၅) ခု

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်သောက်သုံးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို တင်ပြလိုက်ပါတယ်။

(က) ဆေးကို ဘယ်အချိန်သောက်ရမလဲ၊ဘယ်လောက်ပမာဏသောက်ရလဲ။

(ခ) ဆေးကို ဘယ်လို သောက်ရမလဲ။

ဥပမာ- ဆေးခန်းပြချိန်မှာ နေ့လည်ဆယ့်နှစ်နာရီ ဖြစ်သည်။ပါရာစီတမောကို အိမ်ပြန်ရောက်ချိန် နေ့လည်တစ်နာရီ စသောက်ရန် ဖြစ်သည်။တစ်နေ့ ၅၀၀ မီလီဂရမ်သုံးကြိမ်သောက်ရမည် ဖြစ်ရာ ထိုနေ့အတွက် နှစ်ကြိမ် ၊ နောက်ရက်များအတွက် ပါရာစီတမော ၅၀၀မီလီဂရမ် သုံးကြိမ်သောက်ရမည် ဖြစ်သည်။

(ဂ) ဆေးကို အစာမစားမီသောက်ရမလား၊ အစာစားပြီးသောက်ရမလား။

မြန်မာတို့ မေးလေ့ရှိသော မေးခွန်းဖြစ်ပါသည်။ပေးထားသောဆေးအပေါ်တွင် မူတည်ပါသည်။

ဥပမာ- ( ၁) အစာအိမ်အနာအတွက်ပေးသော ဆူကရာဖိတ် (sulcsaltate) ဆေးမှာ အစာမရှိချိန်တွင်သာ သောက်ရသည်။

(၂) aspirin နှင့် စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများမှာ အစာစားပြီးမှသာ သောက်ရသည်။

(ဃ) ဆေးသောက်ရန်မေ့သွားလျှင် ဘယ်လိုလုပ်မလဲ။

ပုံသေ ဖော်မြူလာ မရှိပါ။ အခြေအနေနှင်. အချိန်အခါ ပေါ်မူတည်ရာ ဆရာဝန်ကိုသာမေးမြန်းသင့်ပါသည်။

(င) ဘေးထွက်ဆိုးကျိုးများခံစားရလျှင် ဘယ်လို လုပ်မလဲ။

ဘေးထွက်ဆိုးကျိုးအကြောင်းအရာကို ဆရာဝန်ကို ပြောပြပြီး တိုင်ပင်ပါ။

ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်သောက်သုံးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။

(၃) နောက်ဆေးတစ်မျိုး ထပ်တိုးချိန်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် နောက်ဆေးတစ်မျိုး ထပ်တိုးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို အောက်ပါအတိုင်း အကြံပြုထားပါသည်။

(က) ထပ်ပေးမည့်ဆေးက ကျွန်တော့်အတွက် တကယ်လိုရဲ့လား။

ဥပမာ- သွေးတိုးရောဂါရှိသူ တစ်ယောက်မှာ amlodipine 10မီလီဂရမ် နေ့စဉ် သောက်နေတာ ၃လ ခန့်ရှိပြီဖြစ်သော်လည်း သွေးပေါင်ချိန်မှာ 160/100 mmHg သာ ဖြစ်နေသည်။ သွေးပေါင်ချိန် ထိန်းနိုင်ရန်နှင့် သွေးတိုး၏ နောက်ဆက်တွဲရောဂါများကို ကာကွယ်နိုင်ရန် လိုအပ်၍ နောက်ထပ် သွေးပေါင်ကျဆေးအမျိုးအစားသစ်ကို ဆရာဝန်က ထပ်ပေးရသည်။

(ခ) ဆရာဝန်ကို သင်သောက်နေသော ဆေးများအကြောင်း ပြောပြပြီးပြီလား။

ဥပမာ- သင်ကခြေလက်ထုံကျဉ်ခြင်းကို ခံစားနေရသည်။ထိုအကြောင်းကို ဆရာဝန်ကို ပြောပြရာ ဆရာဝန်က သင့်ကို Princi-B Fort တစ်နေ့တစ်ကြိမ် သောက်ရန်ညွှန်းသည်။ သင်က အခြားဆရာဝန်ဆီး ချိုသွေးချိုရောဂါအတွက် ပြသစဥ်ပေးထားသော Betex ဆေးကိုတစ်နေ့ နှစ်ကြိမ် သောက်နေသည်။ သင်ကသာဆရာဝန်ကို Betex သောက်နေကြောင်းကို ဆရာဝန်ကိုမပြောပြလျှင် Vitamin B1, B6 and B12 များမှာထပ်သွားမည် ဖြစ်သည်။

(ဂ) ဒီဆေးက အခြားဆေးတွေနဲ့ ဓာတ်ပြုတာရှိနိုင်သလား။

ဉပမာ- သင်က နှလုံးသွေးကြောပိတ်ရောဂါကာကွယ်ရန် Aspirin 75 မီလီဂရမ် နေ.စဉ်သောက်နေသည်။ ဆရာဝန်က သင်ဒူးနာခြင်းအတွက် Diclofenac 50မီလီဂရမ် သုံးကြိမ်ပေးရန် စဉ်းစားနေသည်။ထိုဆေးနှစ်မျိုး ပေါင်းခြင်းမှာ သွေးယိုစိမ့်ခြင်းကို အားပေးသည်။သင်ကဆရာဝန်ကို ခန္ဓာကိုယ်အတွင်း Aspirin 75မီလီဂရမ်သောက်သုံးနေကြောင်းပြောပြမှသာ ​ဆေးနှစ်ခုပေါင်းဓာတ်ပြုပြီး သွေးယိုနိုင်ချေမြင့်မားလာခြင်းကို ကာကွယ်နိုင်ပါမည်။

( ဃ) ဆေးနှစ်ခု ဓာတ်ပြုခြင်းကိုသံသယရှိလျှင် ဘာလုပ်မည်နည်း။

တိုင်းရင်းဆေးဖြစ်စေ၊ အနောက်တိုင်းဆေးဖြစ်စေ၊ ဆေးနှစ်ခု ဓာတ်ပြုခြင်းကို သံသယရှိလျှင် လုပ်ဆောင်ရန် နှစ်ခုရှိပါသည်။

(၁) ဆရာဝန်နှင့် တိုင်ပင်ပါ။

(၂) FDAကို Report တင်ပါ။

( မြန်မာ FDA ၏ Drug Safety Network application ကို Android နှင့် iOS အတွင် download ရယူနိုင်ပြီး Report တင်နိုင်ပါသည်။ လက်ရှိတွင် ဆရာဝန်များသာ အသုံးပြုနိုင်ပါသည်)

(င) ဆေးတွေ အများကြီးသောက်ရလျှင် မှန်မှန်ကန်ကန်သောက်နိုင်ပါမလား။

ဆေးစုစုပေါင်း ဘယ်နှစ်မျိုးရှိလဲမှတ်သားပါ။

ထို့နောက် ဆေးတစ်မျိုးချင်းစီ၏ သောက်ရမည့် ပမာဏ၊ အကြိမ်၊ သောက်နည်း၊ သောက်ရမည့် အချိန် အတိုင်းအတာ၊ ဂရုပြုရမည့် အချက်များကို ဆေးကောင်တာတွင် ရှင်းပြစဥ် သေချာစွာ မှတ်သားပါ၊ မသေချာလျှင် ပြန်မေးပါ၊ ပြန်မေးနိုင်မည့် ဖုန်းနံပါတ်ယူထားပါ။

ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် နောက်ဆေးတစ်မျိုး ထပ်တိုးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။

(၄) ဆေးဝါးများ ပြန်စစ်ရမည့်အချိန်

ကျန်းမာသောလူများ၌ပင်လျှင် ဆေးအာနိသင် တုံ့ပြန်မှုမှာ တစ်ဦး နှင့် တစ်ဦး မတူကြပါ။ ရောဂါ အခြေအနေ၊ လူတို့၏ ကိုယ်တွင်း ဇီဝဖြစ်စဥ်များ၊ ကိုယ်တွင်း အဂ်ါများ မှာ အချိန်နှင့်အမျှအပြောင်းအလဲ ရှိနိုင်ရာ ဆေးအာနိသင် ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုး အခြေအနေများကို မူတည်ပြီး ဆေးဝါးများအပါအဝင် ကုထုံးများကို လိုအပ်သလို ပြောင်းလဲ ကုသရသည်များ ရှိပါသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက

ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးများ ပြန်စစ်ရမည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို အောက်ပါအတိုင်း အကြံပြုထားပါသည်။

(က) သင့်မှာ သောက်နေကျ ဆေးစာရင်းရှိပါသလား။

နှုတ်တရာ စာတစ်လုံး ဆိုသလို စာဖြင့် ရေးထားသောမိမိ သောက်နေကျ ဆေးစာရင်း ထားရှိသင့်ပါသည်။ ဆေးမှတ်တမ်းစာအုပ်မှ ဆရာဝန်ညွှန်းသော ဆေးစာရင်းကို ဤစာရင်းအတွက် ကိုးကားနိုင်ပါသည်။ နောက်ဆုံး အမှန်တကယ် သောက်သုံးနေသော ဆေးနှင့် စာရင်းရှိ ဆေးများ ကိုက်ညီစေရန် ဆေးစာရင်းကို update ပြုလုပ်သင့်ပါသည်။ ဥပမာ- ကုမ္ပဏီကွဲသော ပါဝင်မှုဆေးတူဆေးများပြောင်းလဲခြင်း

(ခ) ဘယ်ဆေးကို ဘယ်လောက်ကြာအောင်သောက်ရမလဲ။

ဆေးပေးရသော ရည်ရွယ်ရင်းရောဂါ၏ သဘောသဘာဝ၊ ရောဂါနှင့်ဆေး တုံ့ပြန်မှု ပေါ်မူတည်ပြီး ဆေးပေးသော အချိန်ကွာခြားနိုင်သဖြင့် ဘယ်ဆေးကို ဘယ်လောက်ကြာအောင် သောက်ရမလဲ ရှင်းလင်းအောင်သိထားသင့်ပါသည်။

(ဂ) မလိုအပ်သောဆေးများ ဆက်သောက်နေမိသလား။

ဥပမာ-

Carbimazole ဟူသောဆေးကို သိုင်းရွိုက် ဂလင်း အလုပ်ပိုလုပ်သောရောဂါ (Hyperthyroidism) ရောဂါအတွက် ၁၂လမှ ၁၈လ အထိ ပေးလေ့ရှိသည်။ စာရေးသူ တွေ့ဖူးသော လူနာတစ်ဦးမှာ လပေါင်း၆၀ အထိ ဆရာဝန်ပြန်မပြဘဲ Hyperthyroidism အတွက် Carbimazole သောက်နေတာ တွေ့ဖူးပါသည်။ လိုအပ်သောဆေး၊ မလိုအပ်တော့သော ဆေးများသိနိုင်ရန် ဆရာဝန်နှင့် ပြပြီး စစ်ကြည့်ရပါမည်။

(ဃ) ကျန်းမာရေးပညာရှင်နှင့် ဆေးတွေ ပုံမှန်စစ်သလား။

သောက်သုံးနေသောဆေးများ၏ အရည်အသွေးကောင်းမွန်မှု၊ ကုထုံးနှင့် ကိုက်ညီမှန်ကန်မှု ရှိ မရှိ သိနိုင်ရန် မိမိသောက်သုံးနေသော

ဆေးများကို တတ်ကျွမ်းသောကျန်းမာရေးပညာရှင်နှင့် ပုံမှန်စစ်ဆေးသင့်ပါသည်။

(င) ဘယ်လောက်ကြာကြာ ဆေးစာရင်းပြန်စစ်ရမလဲ။

နောက်ဆုံး ဆေးစာရင်းစစ်ခဲ့သော အချိန်မှာ တစ်နှစ်ထက်မပိုသင့်ဟု NICE uk က အကြံပြုထားပါသည်။

ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးများ ပြန်စစ်ရမည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။

(၅) ဆေးရပ်နားရတော့မည့်အချိန်

ယခု နောက်ဆုံး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးရပ်နား ရတော့မည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို ရေးသားတင်ပြလိုက်ပါသည်။

(က) ဘယ်အချိန်ဆေးရပ်ရမလဲ။

ကြိုတင်သိရှိနိုင်သော ရောဂါအခြေအနေ၊ တိတိကျကျ လေ့လာထားသော ကုထုံးများတွင် ဆေးပေးသော အချိန်ကို တိတိကျကျသတ်မှတ်ထားပါသည်။ ဥပမာ- အဆုတ်တီဘီရောဂါကုဆေးများ အချို့ဆေးများကိုမူ ရေရှည်သောက်သုံးရပါမည်။ ဥပမာ- သွေးတိုးရောဂါကုဆေးများ၊ ဆီးချိုရောဂါကုဆေးများ၊ နာတာရှည် ကျောက်ကပ်ရောဂါ ကုဆေးများ

(ခ) ရုတ်တရက် ရပ်လို့မရတဲ့ဆေးတွေကဘာတွေလဲ။

အချို့သော ဦးနှောက်နှင့် အာရုံကြောဆေးများ၊ ရေရှည်သောက်ခဲ့သော စတီးရွိုက်ဆေးများမှာ ရုတ်တရက် ရပ်လျှင် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် ဖြည်းဖြည်းချင်း လျှော့ပြီးမှ ရပ်ရသည်။ ထို့ကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ ဆေးကို ရပ်ရပါမည်။

(ဂ) ဆေးကုန်သွားလျှင်ဘယ်လိုလုပ်မလဲ။

အရေးပေါ်အခြေအနေများ၊ ယခုကဲ့သို့ ကိုဗစ်ကပ်ရောဂါကာလများတွင် နီးစပ်ရာ ဆေးဆိုင်၊ ဆေးရုံ ဆေးခန်းများတွင် မိမိအတွက် မရှိမဖြစ်ဆေးများ ရှိမရှိ စုံစမ်းထားသင့်ပါသည်။

(ဃ) ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရပ်လိုက်ရလျှင် ဘယ်ကို စာတင်မလဲ။

ဆေးများ၊ ဆေးပစ္စည်းကိရိယာများ၊ တိုင်ရင်းဆေးများ၊ ရောဂါကုသသည့် ဖြည့်စွက်အစာများ၏

ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရပ်လိုက်ရလျှင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

FDA ကို တင်ပြနိုင်ပါသည်။ မြန်မာ FDA ၏ Drug Safety Network application ကို Android နှင့် iOS အတွင် download ရယူနိုင်ပြီး Report တင်နိုင်ပါသည်။ လက်ရှိတွင် ဆရာဝန်များသာ အသုံးပြုနိုင်ပါသည်။

(င) ဆေးကျန်၊ သက်တမ်းလွန်ဆေးတွေကို ဘယ်လိုလုပ်မလဲ။

သက်တမ်းမလွန်သေးသော မျက်မြင်အခြေအနေကောင်းမွန်သည့် ဆေးကျန်များကို စစ်ဆေးပြီး အသုံးဝင်သည့်နေရာတွင် ပြန်လည် အသုံးပြုနိုင်သည်။ သက်တမ်းလွန်ဆေးများကိုမူ စနစ်တကျ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ရပါမည်။

ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးရပ်နားရတော့မည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။

Ref: 5 Moments of medication safety



ရင်သားကင်ဆာ ကမ္ဘာတစ်ဝှမ်း မြင့်တက်လာခြင်း- အမျိုးသမီးတိုင်း သိထားသင့်သည့် အချက်များရင်သားကင်ဆာသည် ယခုအခါ တစ်ကမ္ဘာလုံးရှိ...
08/03/2026

ရင်သားကင်ဆာ ကမ္ဘာတစ်ဝှမ်း မြင့်တက်လာခြင်း- အမျိုးသမီးတိုင်း သိထားသင့်သည့် အချက်များ
ရင်သားကင်ဆာသည် ယခုအခါ တစ်ကမ္ဘာလုံးရှိ အမျိုးသမီးများအကြား အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်လာပြီး၊ နောင်လာမည့် ဆယ်စုနှစ်များတွင်လည်း ဤရောဂါ၏ ဝန်ထုပ်ဝန်ပိုးသည် ဆက်လက်ကြီးထွားလာဦးမည်ဟု သုတေသနအသစ်များက ဖော်ပြနေသည်။ The Lancet Oncology မဂ္ဂဇင်းတွင် ဖော်ပြချက်အရ ၂၀၅၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်လျှင် ၃.၅ သန်းအထိ ကျော်လွန်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဤအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပြီး ရောဂါအကြောင်း သိရှိနားလည်မှု၊ စောစီးစွာ ရှာဖွေဖော်ထုတ်မှုနှင့် ကုသခွင့်ကို ညီတူညီမျှ ရရှိနိုင်မှုတို့၏ အရေးပါပုံကို မီးမောင်းထိုးပြနေသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး ၂.၃ သန်းခန့်တွင် ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး ၇၆၄,၀၀၀ ခန့် သေဆုံးခဲ့သည်။ ဆိုလိုသည်မှာ ကမ္ဘာပေါ်တွင် အမျိုးသမီးများ၌ ဖြစ်ပွားသော ကင်ဆာ ၄ ခုတွင် ၁ ခုသည် ရင်သားကင်ဆာ ဖြစ်နေခြင်းဖြစ်သည်။ ဆေးပညာ တိုးတက်မှုများကြောင့် အသက်ရှင်သန်နိုင်ခြေ မြင့်မားလာသော်လည်း ထိုတိုးတက်မှု၏ အကျိုးကျေးဇူးများကို နေရာတိုင်းတွင် ညီတူညီမျှ မခံစားရသေးပေ။

ကြီးထွားလာသော ကမ္ဘာလုံးဆိုင်ရာ ကွာဟချက်
လွန်ခဲ့သည့် ဆယ်စုနှစ် ၃ ခုအတွင်း ချမ်းသာသော နိုင်ငံများတွင် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းနည်းပညာများ တိုးတက်လာမှုကြောင့် ရင်သားကင်ဆာဖြင့် သေဆုံးမှုနှုန်းမှာ ၃၀% ခန့် ကျဆင်းသွားခဲ့သည်။ သို့သော် ဆင်းရဲသော နိုင်ငံများတွင်မူ ထိုကာလအတွင်း သေဆုံးမှုနှုန်းသည် နှစ်ဆနီးပါး မြင့်တက်လာခဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း ၁၄၇% ခန့်အထိ အဆမတန် တိုးလာခဲ့သည်။

ကျွမ်းကျင်သူများ၏ အဆိုအရ ၎င်းသည် ခေတ်မီကျန်းမာရေးစနစ်ရှိသော နိုင်ငံများနှင့် မရှိသောနိုင်ငံများအကြား ကွာဟချက် ကြီးမားလာခြင်းကို ပြသနေခြင်း ဖြစ်သည်။ ရင်သားကင်ဆာ ဝေဒနာရှင်တစ်ဦး အသက်ရှင်သန်နိုင်ခြေသည် သူမနေထိုင်ရာ ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်များအပေါ်တွင် များစွာ မူတည်နေပါသည်။

ကုသခွင့်ရရှိရန် အဘယ်ကြောင့် အရေးကြီးသနည်း
ရောဂါအကြောင်း သိရှိနားလည်ရန် လှုံ့ဆော်မှုများနှင့် စစ်ဆေးမှုများသည် အရေးကြီးသော်လည်း စစ်ဆေးရုံဖြင့် မလုံလောက်ပေ။ ရောဂါရှိကြောင်း သိရသော အမျိုးသမီးတိုင်းသည် ပြည့်စုံသော ကုသမှုကိုလည်း ရရှိရန် လိုအပ်သည်။

ထိရောက်သော ရင်သားကင်ဆာကုသမှုတွင် အောက်ပါတို့ ပါဝင်လေ့ရှိသည် -

အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုသခြင်း

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

ကင်ဆာဆေးသွင်း ကုသခြင်း (Chemotherapy)

ဟော်မုန်း သို့မဟုတ် ပစ်မှတ်ထားကုသခြင်း (Targeted therapies)

ဝင်ငွေနည်းသော ဒေသများတွင် ထိုကဲ့သို့သော ကုသမှုများအတွက် အခြေခံအဆောက်အအုံများ လုံလောက်စွာ မရှိသေးပေ။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်အထိ အာဖရိကနိုင်ငံများ၏ ထက်ဝက်ခန့်တွင်သာ ဓာတ်ရောင်ခြည်ဖြင့် ကုသနိုင်သော စက်ပစ္စည်းများ ရှိနေသေးသည်။ ထို့အပြင် ခေတ်မီကင်ဆာဆေးဝါးများ၏ ဈေးနှုန်းမှာလည်း အလွန်မြင့်မားသဖြင့် သာမန်လူများ လက်လှမ်းမမီနိုင် ဖြစ်နေရသည်။

လူနေမှုပုံစံနှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ
ရင်သားကင်ဆာ အားလုံးသည် လူနေမှုပုံစံနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း အချို့သော အလေ့အကျင့်များက ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သည် -

အသားနီ စားသုံးမှုကို ကန့်သတ်ခြင်း

ဆေးလိပ်နှင့် ဆေးရွက်ကြီး ရှောင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း

ကိုယ်အလေးချိန်ကို ကျန်းမာသော အနေအထားတွင် ထိန်းသိမ်းခြင်း

အရက်သောက်ခြင်းကို ကန့်သတ်ခြင်း

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်း

သို့သော် ရောဂါဖြစ်ရခြင်း အကြောင်းရင်းများတွင် မျိုးရိုးဗီဇ၊ အသက်အရွယ်နှင့် ဇီဝကမ္မဆိုင်ရာ အချက်များလည်း ပါဝင်နေသဖြင့် လူနေမှုပုံစံ ပြောင်းလဲရုံဖြင့် ရောဂါဖြစ်နိုင်ခြေကို လုံးဝ ပယ်ဖျက်၍မရနိုင်ကြောင်း ဆရာဝန်များက သတိပေးထားသည်။

ရောဂါရှာဖွေစစ်ဆေးခြင်း၏ အရေးပါပုံ
အသက်ရှင်သန်နိုင်ခြေကို မြှင့်တင်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်း ဖြစ်သည်။ ရောဂါကို စောစီးစွာ သိရှိပါက ကုသမှုသည် ပိုမိုအောင်မြင်လေ့ရှိသည်။

လက်ရှိ အကြံပြုချက်များအရ -

အသက် ၄၀ မှစတင်၍ ရင်သားဓာတ်မှန် (Mammogram) ရိုက်သင့်သည်။

အသက် ၇၄ နှစ်အထိ ၂ နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်သည်။

မျိုးရိုးရှိသူများ သို့မဟုတ် ကိုယ်အလေးချိန် လွန်ကဲသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ သီးသန့်စစ်ဆေးမှု အစီအစဉ်များ ပြုလုပ်သင့်သည်။

မိမိ၏ ရင်သားတွင် ထူးခြားသော အကျိတ်များ၊ အရေပြား ပြောင်းလဲမှုများ၊ နို့သီးခေါင်း ပြောင်းလဲမှုများ သို့မဟုတ် ပုံသဏ္ဌာန် ပြောင်းလဲမှုများ သတိထားမိပါက ချက်ချင်း ဆေးစစ်မှု ခံယူသင့်သည်။

နိဂုံး
ရင်သားကင်ဆာ အကြောင်း သိရှိနားလည်မှု၊ စောစီးစွာ ရှာဖွေခြင်းနှင့် မှန်ကန်သော ကုသမှု ရရှိခြင်းတို့သည် အသက်ကို ကယ်တင်နိုင်သည့် သော့ချက်များ ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် တိုးတက်မှုများ ရှိနေသော်လည်း အမျိုးသမီးတိုင်း နေရာမရွေး၊ ဒေသမရွေး လိုအပ်သော ကုသမှုကို ရရှိနိုင်ရန် ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်သည်။

08/03/2026

သေချာစွာ လေ့လာအကဲခတ်ခြင်း
​ပထမနှစ် ဆေးကျောင်းသားတစ်စုသည် ၎င်းတို့၏ ပထမဦးဆုံးသော ခန္ဓာဗေဒ (Anatomy) အတန်းကို တက်ရောက်နေကြသည်။ ၎င်းတို့သည် စာသင်ကြားရန် ပြင်ဆင်ထားသော ရုပ်အလောင်းတစ်ခု ရှိရာ စားပွဲအနီးတွင် စုရုံးနေကြသည်။
​ဆရာကြီးက သင်ခန်းစာကို စတင်ရာတွင် တော်သော ဆရာဝန်တစ်ဦး၌ ရှိသင့်သည့် အရေးကြီးသော အရည်အချင်း နှစ်ရပ်အကြောင်းကို ပြောပြသည်။
​“ပထမတစ်ချက်ကတော့” ဟု သူက ဆိုသည်။ “ဆရာဝန်တစ်ယောက်ဟာ လူ့ခန္ဓာကိုယ်ရဲ့ ဘယ်လို အစိတ်အပိုင်းမျိုးကိုမဆို ရွံရှာစက်ဆုပ်တာမျိုး မရှိရဘူး။”
​ထိုသို့ လက်တွေ့ပြသရန်အတွက် ဆရာကြီးသည် သူ၏ လက်ညှိုးကို ရုပ်အလောင်း၏ စအိုထဲသို့ ထိုးထည့်လိုက်ပြီးနောက် ထိုလက်ညှိုးကိုပင် သူ၏ ပါးစပ်ထဲသို့ ပြန်ထည့်ကာ မြည်းကြည့်လေသည်။
​ထို့နောက် ကျောင်းသားများကိုလည်း သူလုပ်သကဲ့သို့ လိုက်လုပ်ရန် ခိုင်းလေတော့သည်။
​ကျောင်းသားများသည် အံ့အားသင့်တုန်လှုပ်သွားပြီး မိနစ်အနည်းငယ်မျှ ဝေခွဲမရ ဖြစ်နေကြသည်။ သို့သော် နောက်ဆုံးတွင် တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာကာ ဆရာကြီးလုပ်သကဲ့သို့ပင် ရုပ်အလောင်း၏ စအိုထဲသို့ လက်ထည့်၍ ပြန်လည်မြည်းကြည့်ကြသည်။
​အားလုံး ပြီးဆုံးသွားသည့်အခါတွင် ကျောင်းသားများသည် မျက်နှာပျက်ပျက်ဖြင့် မအီမသာ ဖြစ်နေကြလေသည်။
​ထိုအခါ ဆရာကြီးက ကျောင်းသားများကို ကြည့်ကာ ပြုံးလိုက်ပြီး -
​“ဆရာဝန်တစ်ယောက်ရဲ့ ဒုတိယမြောက် အရေးကြီးဆုံး အရည်အချင်းကတော့ ‘သေချာစွာ လေ့လာအကဲခတ်တတ်ခြင်း (Observation)’ ပဲ ဖြစ်တယ်” ဟု ပြောလိုက်သည်။
​သူက ဆက်လက်၍ -
“ငါ အလောင်းထဲကို ထိုးထည့်လိုက်တာက လက်ခလယ်၊ ဒါပေမဲ့ ငါပြန်မြည်းလိုက်တာက လက်ညှိုး ကွ။”
ဘာသာပြန် ဟာသလေးမျှသာ ဖြစ်ပါသည်။

🌍 ကျန်းမာရေးလောက၏ သူရဲကောင်း - အတူးလ် ဂါဝမ်ဒီ (Atul Gawande) ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းဆေးပညာလောကသည် ရှုပ်ထွေးပြီး ဝန်ထုပ်ဝန...
06/03/2026

🌍 ကျန်းမာရေးလောက၏ သူရဲကောင်း - အတူးလ် ဂါဝမ်ဒီ (Atul Gawande) ၏ ဖြစ်ရပ်မှန် ဇာတ်လမ်း

ဆေးပညာလောကသည် ရှုပ်ထွေးပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စရာဟု ခံစားနေရသော ဤကမ္ဘာကြီးတွင် ဆရာဝန်တစ်ဦးက ကျွန်ုပ်တို့အား အင်အားကြီးမားသော အမှန်တရားတစ်ခုကို သတိပေးခဲ့သည်မှာ— "ယခင်ကထက် ပိုမိုကောင်းမွန်အောင် အမြဲတမ်း ကြိုးစားနိုင်သည်" ဟူသောအချက်ပင် ဖြစ်ပါသည်။

အတူးလ် ဂါဝမ်ဒီသည် ခွဲစိတ်ဆရာဝန်တစ်ဦးမျှသာ မဟုတ်ပါ။ သူသည် တွေးခေါ်ရှင်တစ်ဦး၊ ပုံပြောကောင်းသူတစ်ဦးနှင့် လူနာဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များနှင့် လူသားတို့၏ ဂုဏ်သိက္ခာအပေါ် ကမ္ဘာကြီး၏ အမြင်ကို ပြောင်းလဲပေးခဲ့သည့် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦး ဖြစ်သည်။

ရွှေ့ပြောင်းအခြေချ ဆရာဝန်မိဘနှစ်ပါးမှ မွေးဖွားလာသော ဂါဝမ်ဒီသည် ဆေးပညာဆိုသည်မှာ ရောဂါကို ကုသရုံသာမက လူကို ပြုစုစောင့်ရှောက်သည့် စနစ်များကိုပါ တိုးတက်အောင် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ယုံကြည်လျက် ကြီးပြင်းလာခဲ့သည်။ Brigham and Women’s ဆေးရုံတွင် ခွဲစိတ်ဆရာဝန်အဖြစ်လည်းကောင်း၊ ဟားဗတ်ဆေးတက္ကသိုလ်တွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရင်း ရိုးရှင်းသော်လည်း အင်အားကြီးသော မေးခွန်းတစ်ခုကို သူ စတင်မေးမြန်းခဲ့သည်။

> "ဘာကြောင့် ဆေးပညာလောကမှာ ကာကွယ်လို့ရတဲ့ အမှားတွေ ဆက်ဖြစ်နေရတာလဲ။ ဒါကို ဘယ်လို တားဆီးနိုင်မလဲ။"

သူ၏ အဖြေမှာ အံ့သြစရာကောင်းလောက်အောင်ပင် ရိုးရှင်းလှပါသည်။

သူ၏ ထင်ရှားလှသော The Checklist Manifesto အမည်ရှိ စာအုပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သူသည် "ခွဲစိတ်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုစာရင်း" (Surgical Safety Checklist) ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် ခွဲစိတ်မှု မစတင်မီနှင့် ပြုလုပ်နေစဉ်အတွင်း ခွဲစိတ်အဖွဲ့များ လိုက်နာရမည့် တိုတောင်းသော လုပ်ဆောင်ချက် အဆင့်ဆင့်စာရင်း ဖြစ်သည်။

ရလဒ်က ဘာဖြစ်မလဲ။

✔ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို ၃၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့သည်။
✔ ထောင်ပေါင်းများစွာသော အသက်များကို ကယ်တင်နိုင်ခဲ့သည်။
✔ ပိုမိုဘေးကင်းသော ကျန်းမာရေးစနစ်များဆီသို့ ကမ္ဘာတစ်ဝန်း ပြောင်းလဲသွားခဲ့သည်။

သို့သော် ဂါဝမ်ဒီ၏ သက်ရောက်မှုမှာ ခွဲစိတ်မှုနယ်ပယ်တစ်ခုတည်းတွင် မဟုတ်ပါ။

Being Mortal ကဲ့သို့သော စာအုပ်များမှတစ်ဆင့် သူသည် အိုမင်းရင့်ရော်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် ဘဝနောက်ဆုံးအချိန်ရှိ ဂုဏ်သိက္ခာ၏ အဓိပ္ပာယ်ကို ပြန်လည်စဉ်းစားရန် လူ့အဖွဲ့အစည်းကို စိန်ခေါ်ခဲ့သည်။ သူ၏ The New Yorker မဂ္ဂဇင်းပါ ရေးသားချက်များသည် ဆရာဝန်များ၊ မူဝါဒချမှတ်သူများနှင့် သမ္မတများကိုပင် လွှမ်းမိုးမှုရှိခဲ့သည်။

သူ၏ သဝဏ်လွှာမှာ ရိုးရှင်းသော်လည်း ထိရောက်လှသည်။

> "ယခင်ကထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ ပါရမီရှင်ဖြစ်ဖို့ မလိုပါဘူး။ လုံ့လစိုက်ထုတ်မှု ရှိဖို့ပဲ လိုပါတယ်။ ကျင့်ဝတ်ဆိုင်ရာ ရှင်းလင်းပြတ်သားမှု ရှိဖို့ လိုပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိဖို့ လိုပါတယ်။ အားလုံးထက် အရေးကြီးတာကတော့ ကြိုးစားချင်စိတ် ရှိဖို့ပါပဲ။"

ခွဲစိတ်ခန်းများမှသည် USAID ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစီမံကိန်းများအထိ ဂါဝမ်ဒီက သက်သေပြခဲ့သည်မှာ— သေးငယ်သော တိုးတက်မှုလေးများကို အစဉ်တစိုက် အသုံးချခြင်းဖြင့် ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်ဟူသောအချက်ပင် ဖြစ်သည်။

---

💡 ခေါင်းဆောင်မှုသင်ခန်းစာ

သူရဲကောင်းကောင်းများဆိုသည်မှာ အသံအကျယ်ဆုံးသူများ သို့မဟုတ် အရဲရင့်ဆုံး တီထွင်သူများ အမြဲတမ်း မဟုတ်ကြပါ။ တစ်ခါတစ်ရံတွင် သူတို့သည်—
"လူတိုင်းအတွက် ဒီစနစ်ကြီး ပိုကောင်းလာအောင် ဘယ်လိုလုပ်ကြမလဲ" ဟု တိုးတိုးဆိတ်ဆိတ် မေးတတ်သူများသာ ဖြစ်သည်။

ယနေ့တွင် အတူးလ် ဂါဝမ်ဒီ၏ ဇာတ်လမ်းက ကျွန်ုပ်တို့အား ကျန်းမာရေးနယ်ပယ်မှာဖြစ်စေ၊ စီးပွားရေးမှာဖြစ်စေ၊ နေ့စဉ်ဘဝမှာဖြစ်စေ အားပေးမှုတစ်ခု ဖြစ်ပါစေ။ ဆက်လက်တိုးတက်အောင် ကြိုးစားပါ၊ ဆက်လက်မေးခွန်းထုတ်ပါ၊ လူသားမျိုးနွယ်ကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်မည့် စနစ်များကို ဆက်လက် တည်ဆောက်ပါ။

အကြောင်းမှာ တိုးတက်မှုဆိုသည်မှာ "ယခင်ကထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည်" ဟူသော ယုံကြည်ချက်မှ စတင်သောကြောင့် ဖြစ်ပါသည်။ ✨

🩺 ဆရာဝန်နှင့် လူနာကြား ဆက်ဆံရေးပုံစံများ - သင့်ကျန်းမာရေးအတွက် ဘာကြောင့် အရေးကြီးသလဲ?ဆရာဝန်နှင့် လူနာကြားရှိ ဆက်ဆံရေးသည်...
18/02/2026

🩺 ဆရာဝန်နှင့် လူနာကြား ဆက်ဆံရေးပုံစံများ - သင့်ကျန်းမာရေးအတွက် ဘာကြောင့် အရေးကြီးသလဲ?
ဆရာဝန်နှင့် လူနာကြားရှိ ဆက်ဆံရေးသည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်လာပါသည်။ အောက်ပါပုံစံများကို နားလည်ထားခြင်းဖြင့် သင့်ကျန်းမာရေး စောင့်ရှောက်မှုတွင် သင်ဘာတွေ မျှော်လင့်နိုင်သလဲ၊ သင်ဘာတွေ ရပိုင်ခွင့်ရှိသလဲဆိုသည်ကို သိရှိနိုင်မည် ဖြစ်ပါသည်။

၁။ အုပ်ထိန်းသူပုံစံ (Paternalistic Model)
ဤသည်မှာ ရှေးရိုးစွဲပုံစံဖြစ်ပြီး ဆရာဝန်ကသာ လူနာအတွက် အကောင်းဆုံးကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ အာရှကျန်းမာရေးစနစ် အများစုတွင် ဤပုံစံသည် အသုံးများပြီး လူနာများက ဆရာဝန်၏ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝ ယုံကြည်အားကိုးကြလေ့ရှိသည်။

၂။ သတင်းအချက်အလက်ပေးသည့်ပုံစံ (Informative Model)
ဤပုံစံတွင် ဆရာဝန်က ရောဂါအဖြေ၊ ကုသမှုနည်းလမ်းများ၊ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ရှင်းပြပေးပါသည်။ ထိုအချက်အလက်များအပေါ် မူတည်ပြီး လူနာကိုယ်တိုင်ကသာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရပါသည်။

၃။ နားလည်ညှိနှိုင်းပေးသည့်ပုံစံ (Interpretive Model)
တစ်ခါတစ်ရံတွင် လူနာများသည် မိမိတို့၏ လူနေမှုဘဝနှင့် မည်သည့်ကုသမှုပုံစံက အကိုက်ညီဆုံးဖြစ်မည်ကို ဝေခွဲမရ ဖြစ်တတ်ကြသည်။ ထိုအခါ ဆရာဝန်က လူနာ၏ တန်ဖိုးထားမှုများ၊ ဦးစားပေးလိုသောအချက်များနှင့် စိတ်တိုင်းကျမှုများကို ရှင်းလင်းသွားအောင် ကူညီပေးပြီး လူနာနှင့်အသင့်တော်ဆုံးကို ရွေးချယ်နိုင်အောင် ပံ့ပိုးပေးပါသည်။

၄။ အတူတကွ တိုင်ပင်ဆွေးနွေးသည့်ပုံစံ (Deliberative Model)
ဤပုံစံသည် အကောင်းဆုံးဖြစ်ပြီး ဆရာဝန်က လမ်းပြသူ သို့မဟုတ် သင်ကြားပေးသူအဖြစ် ဆောင်ရွက်ပါသည်။ ရွေးချယ်စရာများကို ဆွေးနွေးပေးပြီး လူနာ၏ တန်ဖိုးထားမှုကို လေးစားလျက် မည်သည့်အရာက အကောင်းဆုံးဖြစ်နိုင်ကြောင်း အကြံပြုပါသည်။ ၎င်းသည် ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှုအပေါ် အခြေခံသည့် လက်တွဲဖော် ဆက်ဆံရေးမျိုး ဖြစ်သည်။

🌱 ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှုတွင် “ဆုံးဖြတ်ချက်များကို အတူတကွချမှတ်ခြင်း” (Shared Decision-making) ကို အဓိကထားလာပါသည်။ အထူးသဖြင့် သွေးတိုး၊ ဆီးချိုနှင့် ကာလရှည်ကုသရမည့် ရောဂါများတွင် ပို၍အရေးကြီးပါသည်။ အကြောင်းမှာ အကောင်းဆုံးသော ကုသမှုဆိုသည်မှာ ဆေးပညာအရ မှန်ကန်နေရုံသာမက သင့်လူနေမှုဘဝပုံစံနှင့်လည်း ကိုက်ညီနေရမည် ဖြစ်သောကြောင့်ပင်။

ကိုးကား Emanuel EJ, Emanuel LL. Four models of the physician–patient relationship. N Engl J Med. 1992;267(16):2221-2226.

ဘယ်အချိန်မှာ အကြောလျှော့တာ ပိုကောင်းသလဲ။ 🤔လူအတော်များများက "လေ့ကျင့်ခန်းမလုပ်ခင် အကြောမလျှော့နဲ့" လို့ ပြောလေ့ရှိကြပါတယ်...
18/02/2026

ဘယ်အချိန်မှာ အကြောလျှော့တာ ပိုကောင်းသလဲ။ 🤔
လူအတော်များများက "လေ့ကျင့်ခန်းမလုပ်ခင် အကြောမလျှော့နဲ့" လို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒါက တကယ်ပဲ မှန်ပါသလား။

အရိုးအကြောအဆစ် ခွဲစိတ်ဆရာဝန် ဒေါက်တာ Gregory Gilot ရဲ့ အဆိုအရ အဖြေက ထင်သလောက် မရိုးရှင်းပါဘူး။
အမှန်တရားကတော့...

👉 သင်ဟာ လေ့ကျင့်ခန်း မလုပ်ခင်မှာရော၊ လုပ်ပြီးတဲ့အခါမှာပါ အကြောလျှော့သင့်ပါတယ်။ ဒါပေမဲ့ နည်းလမ်းတော့ ကွဲပြားပါတယ်။

🔥 လေ့ကျင့်ခန်းမလုပ်မီ- လှုပ်ရှားမှုပါသော အကြောလျှော့ခြင်း (Dynamic Stretching)
အရင်က လေ့လာမှုအချို့မှာ လေ့ကျင့်ခန်းမလုပ်ခင် ငြိမ်၍အကြောလျှော့ခြင်း (Static stretching - အနေအထားတစ်ခုတည်းမှာ အကြာကြီး ထိန်းထားခြင်း) ဟာ ခေတ္တခဏ စွမ်းဆောင်ရည် ကျဆင်းစေနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီကနေပြီးတော့မှ အယူမှားတွေ စတင်ခဲ့တာပါ။

ဒါပေမဲ့ -

စွမ်းဆောင်ရည် ကျဆင်းမှုဟာ ခေတ္တခဏသာ ဖြစ်ပါတယ်။

ရေရှည် ကြံ့ခိုင်မှု ဒါမှမဟုတ် ခံနိုင်ရည်ကို ထိခိုက်မှု မရှိပါဘူး။

နောက်ဆုံးပေါ် သုတေသနတွေအရ ငြိမ်၍အကြောလျှော့ခြင်းဟာ ထင်သလောက် အန္တရာယ်မရှိကြောင်း တွေ့ရှိရပါတယ်။

သို့သော်လည်း လေ့ကျင့်ခန်းမလုပ်မီ ပိုမိုကောင်းမွန်တဲ့ ချဉ်းကပ်ပုံကတော့-
✅ လှုပ်ရှားမှုပါသော အကြောလျှော့ခြင်း (Dynamic stretching)

အနေအထားတစ်ခုမှာ အကြာကြီး ငြိမ်မနေဘဲ ကြွက်သားတွေကို အပြည့်အဝ လှုပ်ရှားပေးပါ။

ဥပမာ - ခြေထောက် လွှဲခြင်း၊ လက်မောင်း ဝိုက်ခြင်း၊ လမ်းလျှောက်ရင်း ဒူးထောက်လေ့ကျင့်ခန်း လုပ်ခြင်း (walking lunges)။

ဒါ့အပြင် အောက်ပါအတိုင်းလည်း စမ်းကြည့်နိုင်ပါတယ် -
✅ Foam rolling (ဒလိမ့်တုံး အသုံးပြုခြင်း) - ကြွက်သားတောင့်တင်းမှုကို လျော့နည်းစေပြီး လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပါတယ်။
⚠️ အဓိကစည်းမျဉ်း - အကြောလျှော့တဲ့အခါ ဘယ်တော့မှ နာကျင်မှု မရှိစေရပါဘူး။

🧘 လေ့ကျင့်ခန်းလုပ်ပြီးနောက်- ငြိမ်၍အကြောလျှော့ခြင်း (Static Stretching)
လေ့ကျင့်ခန်းလုပ်ပြီးချိန်ဟာ အကြောလျှော့ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။
သင့်ကြွက်သားတွေ နွေးနေတဲ့အချိန်ဖြစ်လို့ အောက်ပါအတိုင်း လုပ်ဆောင်ဖို့ အသင့်တော်ဆုံးပါပဲ -
✅ ငြိမ်၍အကြောလျှော့ခြင်း (Static stretching)

အနေအထားတစ်ခုစီကို စက္ကန့် ၃၀ မှ ၆၀ အထိ တောင့်ထားပါ။

အသက်ပြင်းပြင်းရှူပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။

အကျိုးကျေးဇူးများ -

ခန္ဓာကိုယ် ပျော့ပျောင်းမှုကို တိုးတက်စေခြင်း

အဆစ်အမြစ်များကို ပြေလျော့စေခြင်း

ဒဏ်ရာရရှိမှု အန္တရာယ်ကို လျှော့ချပေးခြင်း

အဆစ်အမြစ် ကျန်းမာရေးကို ထောက်ပံ့ပေးခြင်း

သန်မာပြီး ပျော့ပျောင်းတဲ့ အဆစ်အမြစ်ဟာ ကျန်းမာတဲ့ အဆစ်အမြစ်ပဲ ဖြစ်ပါတယ်။

❓ အကြောမလျှော့ဘဲ ကျော်လိုက်ရင် ဘာဖြစ်မလဲ။
အကြောမလျှော့ဘဲ နေလိုက်တာက ဒီနေ့အတွက် ၅ မိနစ်လောက် အချိန်သက်သာစေနိုင်ပေမဲ့...
တောင့်တင်းပြီး တိုဝင်နေတဲ့ ကြွက်သားတွေကြောင့် -

ဒဏ်ရာရနိုင်ခြေ မြင့်မားခြင်း

စွမ်းဆောင်ရည် ကန့်သတ်ခံရခြင်း

အဆစ်အမြစ် နာကျင်မှုကို ပိုဆိုးရွားစေခြင်း တို့ ဖြစ်နိုင်ပါတယ်။

အကြောလျှော့ခြင်းဟာ အဆစ်ရောင်ရောဂါ (Osteoarthritis) ဝေဒနာ ခံစားနေရသူတွေအတွက် လက္ခဏာတွေ သက်သာစေဖို့နဲ့ ရေရှည် လှုပ်ရှားသွားလာနိုင်စွမ်းကို ထိန်းသိမ်းဖို့ အထူးအထောက်အကူပြုပါတယ်။

🚫 ဘယ်အချိန်မှာ အကြောမလျှော့သင့်သလဲ
အောက်ပါအခြေအနေတွေမှာ အကြောလျှော့ခြင်းကို ရှောင်ကြဉ်ပါ -

ဒဏ်ရာ အသစ်ရထားချိန် (အကြောပြဲခြင်း၊ အကြောထုံးခြင်း၊ အရွှတ်ထိခိုက်ခြင်း)

ခွဲစိတ်မှု လုပ်ထားခါစဖြစ်လျှင် (ဆရာဝန်က ခွင့်ပြုသည့်အချိန်အထိ)

ဒဏ်ရာရထားတဲ့ တစ်ရှူးတွေကို အကြောလျှော့ခြင်းက အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။

💡 အနှစ်ချုပ်
အကြောလျှော့ခြင်းဟာ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်တွေမှာ သင့်ရဲ့ အကောင်းဆုံး သူငယ်ချင်းပါပဲ။
✔️ မလုပ်ခင်မှာ လှုပ်ရှားမှုပါသော အကြောလျှော့ခြင်း (Dynamic) လုပ်ပါ
✔️ လုပ်ပြီးချိန်မှာ ငြိမ်၍အကြောလျှော့ခြင်း (Static) လုပ်ပါ
✔️ သင့်ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်အတွင်းမှာပဲ နေပါ
✔️ ခန္ဓာကိုယ် ပြန်လည်နာလန်ထူမှုကို လျစ်လျူမရှုပါနဲ့

သင့်ခန္ဓာကိုယ် သို့မဟုတ် ကျန်းမာရေးအခြေအနေနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုး ကိုက်ညီမလဲဆိုတာ မသေချာရင် ကျန်းမာရေး စောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင်ပါ။

သင့်ကြွက်သားတွေက သင့်ကို ကျေးဇူးတင်ပါလိမ့်မယ်။ 💪

Address

Thaketa
Yangon
11231

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00
Wednesday 17:00 - 21:00
Thursday 17:00 - 21:00
Friday 17:00 - 21:00
Saturday 17:00 - 21:00

Alerts

Be the first to know and let us send you an email when ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share