27/09/2026
မိသားစုမှာ အလတ်ဖြစ်လို့ အားလုံးကို နားလည်ပေးရပေမယ့် ကိုယ့်ကို ဘယ်သူနားလည်ပေးမလဲ
"အကြီးမို့လို့ ဦးစားပေးရမယ်၊ အငယ်မို့လို့ လိုချင်တာအားလုံးရမယ်..."
ဒီလိုနဲ့ အလတ်ဖြစ်တဲ့ ကိုယ်ကတော့ အမြဲတမ်း ကြားထဲကနေ နားလည်ပေးသူ၊ အလိုက်သိပေးသူအဖြစ်ပဲ နေခဲ့ရပါလား။ အလတ်ဆိုရင် အလယ်မှာ လပ်ပြီးကျန်ခဲ့ရတယ် ဆိုတဲ့ အနောက်မှာ ကိုယ့်ခံစားချက်တွေကို အမြဲ မြိုသိပ်ထားရတာ ပင်ပန်းလာတတ်ပါတယ်။
မိသားစု မွေးချင်းတွေထဲမှာ အလတ်တွေ ကြုံတွေ့ရလေ့ရှိတာတွေကတော့
▫️ဘာကိစ္စမဆို ကိုယ်ပဲ အမြဲ အလျှော့ပေးလိုက်ရတာများတာ
▫️ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ခံစားချက်တွေကို မိသားစုက မမြင်ရသလို လျှစ်လျူရှုခံရတာ
▫️မိသားစုမှာ ကိုယ်က သီးခြားဖြစ်နေပြီး အရေးမပါဘူးလို့ ခံစားရတာ
▫️စိတ်ထဲ မကျေနပ်ပေမဲ့ ငြင်းပယ်ဖို့ ခက်ခဲပြီး အရာရာကို ခေါင်းငြိမ့်လက်ခံနေတာတွေပါ။
ဒါတွေကို "Middle Child Syndrome" လို့ ခေါ်လေ့ရှိကြပြီး မိသားစုရဲ့ ဂရုစိုက်မှုက အကြီးဆုံးနဲ့ အငယ်ဆုံးဆီ ဦးတည်သွားလေ့ရှိတာကြောင့် အလတ်တွေဟာ ကြားဝင်ညှိနှိုင်းပေးသူ၊ အလိုက်သိသူအဖြစ် မသိစိတ်က ပုံသွင်းခံလိုက်ရတာဖြစ်ပါတယ်။
ဒီလို အခြေအနေတွေဟာ အရွယ်ရောက်လာပြီး လုပ်ငန်းခွင်ဝင်တဲ့အခါ၊ Relationship တွေတည်ဆောက်ရတဲ့အခါမျိုးမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
လုပ်ငန်းခွင်ထဲမှာ တစ်ခုခု အဆင်မပြေရင်တောင် ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းဖို့ထက် ငြိမ်ခံနေမိတာ၊ သို့မဟုတ် ပြဿနာမဖြစ်အောင် ကိုယ်ပဲ အမြဲ လိုက်လျောပေးမိတာမျိုး ဖြစ်တတ်ပါတယ်။
ဘေးလူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာကြောင့် ကိုယ့်အတိုင်းအတာထက်ပိုပြီး ကူညီမိတာ၊ ငြင်းဖို့ အားနာနေတာမျိုးကြောင့် People Pleaser ဖြစ်လာပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုတွေကို ဘယ်သူမှ သတိမထားမိဘူးလို့ ခံစားရတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးလာတတ်ပါတယ်။
ကိုယ့်ကို ဘယ်သူမှ ကူညီမှာ မဟုတ်ဘူး ဆိုတဲ့ အတွေးကြောင့် အခက်အခဲကြုံရင်တောင် တခြားသူကို အကူအညီမတောင်းဘဲ တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းတတ်ပါတယ်။
ဒီလိုလေးတွေ ခံစားနေရပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်လည်စောင့်ရှောက်ဖို့၊ နားလည်ပေးဖို့က အရေးကြီးပါတယ်။
▫️"မရဘူး/အဆင်မပြေဘူး" လို့ ငြင်းဆိုဖို့ လေ့ကျင့်ပါ။ အမြဲတမ်း အလိုက်သိပေးနေရတာက တာဝန် မဟုတ်ပါဘူး။
▫️ကိုယ့်ရဲ့ လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ငါလည်း ဒီလို ခံစားရတယ်ဆိုတာမျိုးကို တိတိကျကျ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ပါတယ်။
အမြဲတမ်း အားလုံးကို နားလည်ပေးနေရလို့ မောပန်းနေပြီဆိုရင် ခံစားချက်တွေကို ဝေဖန်အကဲဖြတ်ခြင်းမရှိဘဲ လုံခြုံစွာ နားထောင်ပေးမယ့် Professional counselor နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
mental heal ရဲ့ Page Chat Box မှာ "Counselling" လို့ ပို့ပြီး ရင်ဖွင့်ဆွေးနွေးနိုင်ပါတယ်နော်။