TK Counselling Service

Call Directions Contact the practice

TK Counselling Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TK Counselling Service, Mental Health Service, No. 19 (1st floor), 20th Street (Lower Block), Latha Township, Yangon.

တစ်ခါတလေ ကိုယ်မတွေးချင်တဲ့ အတွေးတစ်ခုကို“မတွေးတော့ဘူး” လို့ တားလေလေ ပိုပြီး ပြန်ပေါ်လာတာမျိုး ကြုံဖူးပါသလား?Psychology အ...
27/09/2026

တစ်ခါတလေ ကိုယ်မတွေးချင်တဲ့ အတွေးတစ်ခုကို
“မတွေးတော့ဘူး” လို့ တားလေလေ ပိုပြီး ပြန်ပေါ်လာတာမျိုး ကြုံဖူးပါသလား?

Psychology အရတော့ ဒါဟာ Obsession ဖြစ်နေတာနဲ့ဆက်စပ်နေပါတယ်။

Obsession ဆိုတာ ကိုယ်မလိုချင်ပေမယ့် မတွေးချင်ပေမယ့် စိတ်ထဲကို အလိုအလျောက် ထပ်ခါထပ်ခါ ဝင်လာတတ်တဲ့ အတွေး၊ ပုံရိပ် သို့မဟုတ် စိတ်ကူးများကို ဆိုလိုပါတယ်။

အဲဒီအတွေးတွေကို ရပ်တန့်ဖို့ ကြိုးစားလေလေ ပိုပြီး အာရုံစိုက်မိလာနိုင်ပြီး စိုးရိမ်မှု၊ မသက်မသာဖြစ်မှု၊ စိတ်ဖိစီးမှု တွေ ဖြစ်လာနိုင်ပါတယ်။

တချို့ လူတွေမှာ ဒီအတွေးတွေဟာ ကိုယ့်ရဲ့ ရည်ရွယ်ချက်၊ တန်ဖိုးထားမှုတွေနဲ့ မကိုက်ညီတာကို သိနေပေမယ့် အတွေးကို ရပ်တန့်ဖို့၊ ဖယ်ရှားဖို့ ကြိုးစားလေလေ ပိုပြီး အာရုံစိုက်မိလာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ဆီမှာ ဒီလို Obsession လို အတွေးတွေ ရှိလာပြီဆိုရင်...

🔸 မလိုလားဘဲ အတွေးဝင်လာခြင်း
“ဒါကို မတွေးချင်ဘူး” လို့ သိနေပေမယ့် အတွေးက အလိုအလျောက် ပြန်ပေါ်လာနိုင်ပါတယ်။

🔸 စိတ်မသက်မသာ ဖြစ်လာခြင်း
အတွေးတွေကြောင့်စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ မသေချာမရေရာဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

🔸 အတွေးရဲ့ အဓိပ္ပာယ်ကို ထပ်ခါထပ်ခါ ရှာဖွေခြင်း
“ဘာကြောင့် ဒီလိုတွေးမိတာလဲ?”
“ဒီအတွေးက တကယ်အဓိပ္ပာယ်ရှိလား?”
“တစ်ခုခုဖြစ်တော့မလား?”
ဆိုပြီး ထပ်ခါထပ်ခါ စဉ်းစားလာနိုင်ပါတယ်။

🔸 မဖြစ်သေးတဲ့အရာကို အလွန်အမင်း စိုးရိမ်ခြင်း
ဖြစ်နိုင်ခြေ နည်းတဲ့အရာတစ်ခုကိုတောင် “ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?” ဆိုပြီး အလွန်အမင်း စိုးရိမ်လာနိုင်ပါတယ်။

🔸 အတွေးကို ထိန်းချုပ်ဖို့ ကြိုးစားလာခြင်း
အတွေးမပေါ်လာအောင် တားဆီးတာ၊ ဖယ်ရှားတာ၊ သေချာမှုရဖို့ အဖြေရှာတာတွေကို ထပ်ခါထပ်ခါ ပြုလုပ်လာနိုင်ပါတယ်။

🌿 သတိထားဖို့လိုတာက

လူတိုင်းမှာ မလိုလားတဲ့အတွေးတွေ၊ ထူးဆန်းတဲ့အတွေးတွေ တစ်ခါတလေ ဝင်လာနိုင်ပါတယ်။

အရေးကြီးတာက—
မလိုလားတဲ့အတွေးတစ်ခု ဝင်လာတာတိုင်း Obsession လို့ မသတ်မှတ်နိုင်ပါဘူး။

အဲဒီအတွေးတွေက
✔️ ထပ်ခါထပ်ခါ ဖြစ်လာသလား
✔️ စိတ်အနှောင့်အယှက် ဖြစ်စေသလား
✔️ အချိန်အများကြီး ကုန်ဆုံးစေသလား
✔️ နေ့စဉ်ဘဝကို ထိခိုက်လာသလား

ဆိုတာတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

နောက်တစ်ခု သတိရဖို့က—
စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာတာနဲ့
အဲဒီအတွေးဟာ ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့တန်ဖိုးထားမှု ဒါမှမဟုတ် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်‌‌သွေးကို အမြဲတမ်း ကိုယ်စားမပြုပါဘူး။

ဒါကြောင့်
“ငါဘာလို့ ဒီလိုတွေးမိတာလဲ?”
“ငါက မကောင်းတဲ့လူလား?”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး။

အဲဒီအတွေးတွေကြောင့် နေ့စဉ်ဘဝထိခိုက်လာပြီး ကိုယ်တိုင်ထိန်းချုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် Diagnosis လုပ်မယ့်အစား Mental Health Support ရယူဖို့ စဉ်းစားနိုင်ပါတယ်။

📩 ဒီလိုအတွေးတွေကြောင့် တစ်ယောက်တည်း ရင်ဆိုင်ဖို့ ခက်ခဲနေပါက TK Counselling Service မှာ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်တွေနဲ့ Mental Health Counselling Support ရယူနိုင်ပါတယ်ရှင့်။

🛑 Share only. No copying or reposting.🚫

✍️ by Dr.Khin Aye Soe
(Counselling & Psychology Consultant)

တစ်ခါတလေ “အတွေးတွေ ရပ်လို့မရဘူး…” ဒီအတွေးတစ်ခုကိုပဲထပ်ခါထပ်ခါ တွေးမိနေတယ်လို့ ခံစားရင်း “ငါ့မှာ OCD များဖြစ်နေပြီလား?” ဆ...
24/09/2026

တစ်ခါတလေ “အတွေးတွေ ရပ်လို့မရဘူး…” ဒီအတွေးတစ်ခုကိုပဲထပ်ခါထပ်ခါ တွေးမိနေတယ်လို့ ခံစားရင်း “ငါ့မှာ OCD များဖြစ်နေပြီလား?” ဆိုပြီး စိုးရိမ်စိတ်ဝင်မိတတ်ပါတယ်။

ဒါပေမယ့် အတွေးများနေတိုင်း OCD ဖြစ်နေတယ်လို့ သတ်မှတ်လို့ မရပါဘူး။

Overthinking နဲ့ OCD နှစ်မျိုးစလုံးမှာ အတွေးတွေကို ရပ်တန့်ဖို့ ခက်ခဲသလို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် အတွေးတွေ ဘယ်လိုပေါ်လာသလဲ၊ အဲဒီအတွေးတွေကြောင့် ဘယ်လိုတုံ့ပြန်မိသလဲဆိုတာမှာတော့ ကွာခြားချက်ရှိပါတယ်။

💭 Overthinking (အတွေးလွန်ခြင်း)
Overthinking ဆိုတာ အကြောင်းအရာတစ်ခုကို လိုအပ်တာထက် ပိုပြီး ထပ်ခါထပ်ခါ တွေးနေခြင်း ဖြစ်ပါတယ်။

အများအားဖြင့် စိုးရိမ်ပူပန်မှု၊ မသေချာမှု၊ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးမိခြင်း၊ အနာဂတ်ကို ကြိုတင်စိုးရိမ်ခြင်းတို့နဲ့ ဆက်စပ်နေတတ်ပါတယ်။

ဥပမာ—
“မနက်ဖြန် Presentation ရှိတယ်။
ငါပြင်ဆင်ထားတာ လုံလောက်ရဲ့လား။
မေးခွန်းတွေမေးရင် ဖြေနိုင်ပါ့မလား…”

ဆိုပြီး ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ဆက်တိုက်တွေးနေမိတာမျိုးပါ။

🔄 OCD (Obsessive-Compulsive Disorder)
OCD ဆိုတာ မလိုလားအပ်ဘဲ ထပ်ခါထပ်ခါ ဝင်လာတဲ့ အတွေး၊ ပုံရိပ် သို့မဟုတ် တိုက်တွန်းမှုများ (Obsessions) နဲ့ အဲဒီအတွေးတွေကြောင့် ဖြစ်လာတဲ့ စိုးရိမ်စိတ်ကို လျော့ကျစေဖို့ ထပ်ခါထပ်ခါ လုပ်ဆောင်ရတဲ့ အပြုအမူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ (Compulsions) ပါဝင်တတ်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။

ဥပမာ—
“တံခါး သေချာသော့ခတ်ခဲ့ရဲ့လား?” ဆိုတဲ့ မသေချာတဲ့အတွေးကြောင့် ပြန်သွားစစ်တယ်။ တစ်ကြိမ်စစ်ပြီးလည်း စိတ်မချသေးဘဲ ၅ ကြိမ်၊ ၁၀ ကြိမ် ပြန်စစ်နေရတာမျိုးပါ။

🌿 အလွယ်ပြောရရင်—
Overthinking → အကြောင်းအရာတစ်ခုကို လိုအပ်တာထက် ပိုပြီး ဆက်တွေးနေမိခြင်း ဖြစ်ပါတယ်။

OCD → မလိုလားအပ်တဲ့ အတွေး/တိုက်တွန်းမှုတွေ ထပ်ခါထပ်ခါ ဝင်လာပြီး၊ အဲဒီစိုးရိမ်စိတ်ကို လျော့စေဖို့ ထပ်ခါထပ်ခါ လုပ်ဆောင်‌နေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် “အတွေးများတိုင်း OCD ဖြစ်နေပြီ” လို့ မဆိုနိုင်ပါဘူး။ OCD ရှိ/မရှိကိုလည်း အတွေးတစ်ခုတည်းနဲ့ ကိုယ်တိုင် Diagnosis မလုပ်သင့်ပါဘူး။

အတွေးတွေ၊ အပြုအမူတွေကြောင့် အချိန်အများကြီးကုန်လာတာ၊ နေ့စဉ်ဘဝထိခိုက်လာတာ၊ ကိုယ်တိုင်ရပ်တန့်ဖို့ ခက်ခဲလာတာ ရှိရင် ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ သင့်တော်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Diagnosis မလုပ်ဘဲ ကိုယ်တွေ့နေရတဲ့ အခက်အခဲကို နားလည်ဖို့ အကူအညီတောင်းနိုင်ဖို့ Professional Help ယူဖို့ လိုပါတယ်။ 🌱

📩 မိတ်ဆွေတို့အနေနဲ့ ထပ်ခါထပ်ခါ ဝင်လာတဲ့ အတွေးတွေ၊ ပြန်ပြန်လုပ်မိနေတဲ့ အပြုအမူတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ ခံစားနေရပါက TK Counselling Service မှာ Mental Health Counselling Support ရယူပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

အသေးစိတ်ကို Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ 🌿

🧑‍🎓Dr.Khin Aye Soe
(Counselling & Psychology Consultant)




မိဘတွေအနေနဲ့ တစ်ခါတလေ ကိုယ့်ကလေးတွေကို ဒီလိုလေး အလွယ်တကူ ပြောတတ်ကြပါတယ်။ “သူငယ်ချင်းတွေနဲ့ အဆင်မပြေတာ ဘယ်လောက်အရေးကြီးလိ...
23/09/2026

မိဘတွေအနေနဲ့ တစ်ခါတလေ ကိုယ့်ကလေးတွေကို ဒီလိုလေး အလွယ်တကူ ပြောတတ်ကြပါတယ်။

“သူငယ်ချင်းတွေနဲ့ အဆင်မပြေတာ ဘယ်လောက်အရေးကြီးလို့လဲ” “မကြိုက်ရင် မလုပ်နဲ့ပေါ့” “အတန်းထဲမှာ ကိုယ့်အမြင်ကို ပြောလိုက်ပေါ့” လို့ အလွယ်တကူ ပြောတတ်ကြပါတယ်။

ဒါပေမယ့် ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်အတွက်တော့ သူငယ်ချင်းတွေရဲ့ လက်ခံမှု၊ အဖွဲ့ထဲမှာ ကိုယ့်နေရာရှိတယ်လို့ ခံစားရမှုနဲ့ သူများတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်မိသလဲဆိုတာတွေက စိတ်ပိုင်းဆိုင်ရာအရ အရေးကြီးတဲ့ အတွေ့အကြုံတွေ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ—
“သူတို့က ငါ့ကို ဘယ်လိုထင်မလဲ?” “ငါ့ကို မခေါ်တော့ရင် ဘယ်လိုလုပ်မလဲ?” “ငါပြောတာမှားသွားရင် ရှက်စရာဖြစ်မလား?” “သူများတွေလို ငါလည်း အဆင်ပြေရဲ့လား?”
ဆိုတဲ့အတွေးတွေဟာ ကလေးရဲ့စိတ်ထဲမှာ ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဲ့အခြေအနေတွေဖြစ်လာပြီဆိုရင်

📌 မလုပ်ချင်တာကို မငြင်းရဲဘဲ လိုက်လုပ်ပေးနေတတ်ခြင်း
သူငယ်ချင်းတွေက မကြိုက်တော့မှာ၊ အဖွဲ့ထဲက ဖယ်ထားမှာကို စိုးရိမ်လို့ ကိုယ်မအားတဲ့အချိန်မှာတောင် အမြဲ “အဆင်ပြေပါတယ်” လို့ ပြောနေတတ်ပါတယ်။

📌 အတန်းထဲမှာ သိထားတာတောင် မပြောရဲဖြစ်လာခြင်း
အဖြေမှားရင် ရယ်ခံရမှာ၊ သူငယ်ချင်းတွေက ဝေဖန်မှာကို စိုးရိမ်တာကြောင့် တဖြည်းဖြည်းနဲ့ လက်မထောင်တော့တာ၊ မေးခွန်းမမေးတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

📌 Presentation နဲ့ လူအများရှေ့မှာ ပြောရတဲ့အခါ အလွန်စိုးရိမ်လာခြင်း
ရင်တုန်တာ၊ ချွေးထွက်တာ၊ လက်တုန်တာ၊ ခေါင်းထဲမှာ ဘာမှမတွေးနိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပြီး အဲဒါကို တစ်ခါတလေ “မပြင်ဆင်ထားလို့” လို့ပဲ မြင်မိနိုင်ပါတယ်။

📌 သူငယ်ချင်းတွေကြားထဲမှာ ရှိနေပေမယ့် အထီးကျန်သလို ခံစားနေရခြင်း
အပြင်မှာတော့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းနေသလို မြင်ရပေမယ့် အတွင်းမှာတော့—
“ဘယ်သူမှ ငါ့ကို တကယ်နားမလည်ဘူး” “ငါက သူတို့နဲ့ မအပ်စပ်ဘူး” ဆိုတဲ့ ခံစားချက်တွေ ရှိနေနိုင်ပါတယ်။

📌 Social Media ကနေ သူများတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိခြင်း
သူများတွေရဲ့ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတဲ့ပုံတွေကို ကြည့်ရင်း—
“သူတို့အားလုံး အဆင်ပြေနေကြတာပဲ… ငါတစ်ယောက်ပဲ အဆင်မပြေနေဘူး”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးလျော့မြင်လာနိုင်ပါတယ်။

💭 ဒီလို စိုးရိမ်မှုတွေနဲ့ ဖိအားတွေကို အချိန်ကြာကြာ ခံစားနေရတဲ့အခါ ကလေးမှာ—
😔 ကျောင်းသွားဖို့၊ အတန်းတက်ဖို့ စိတ်မပါတော့တာ
😔 လူတွေနဲ့ တွေ့ဆုံရတာကို ရှောင်လာတာ
😔 အတန်းထဲမှာ ကိုယ့်အမြင်ကို မပြောရဲတော့တာ
😔 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့လာတာ
😔 “ငါက မကောင်းဘူး၊ ငါ့မှာ တန်ဖိုးမရှိဘူး” ဆိုတဲ့အတွေးတွေ ပိုများလာတာမျိုး ဖြစ်လာနိုင်ပါတယ်။

🌿 အပေါင်းအသင်းတွေနဲ့ အဆင်ပြေချင်တာ မမှားပါဘူး။
ဒါပေမယ့် သူများတွေရဲ့ လက်ခံမှုရဖို့အတွက် ကိုယ့်ရဲ့ စိတ်အေးချမ်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို စွန့်လွှတ်စရာ မလိုပါဘူး။

💚 မိဘတွေအနေနဲ့ ဘာတွေကူညီပေးနိုင်မလဲ?
✨ ကလေးရဲ့ ခံစားချက်ကို အရင်နားထောင်ပေးပါ။
“ဒါလေးနဲ့ ဘာလို့စိတ်ညစ်နေတာလဲ” လို့ မပြောဘဲ
“အဲ့ဒီအခြေအနေမှာ ဘယ်လိုခံစားရလဲ” လို့ မေးကြည့်ပေးနိုင်ပါတယ်။

✨ “No” လို့ ပြောခွင့်ရှိတယ်ဆိုတာ နားလည်စေပါ။
သူများကို ကူညီပေးတာကောင်းပေမယ့် ကိုယ်မလုပ်နိုင်တဲ့အရာကို ငြင်းဆိုတာဟာ အတ္တကြီးတာ၊ သူငယ်ချင်းကောင်းမဆန်တာ မဟုတ်ဘူးဆိုတာ နားလည်စေဖို့ ပြောပေးပါ။

✨ သူများတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့။
“သူများသားသမီးတွေကတော့…” ဆိုတဲ့ နှိုင်းယှဉ်မှုတွေက ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုလျော့စေနိုင်ပါတယ်။

✨ ပြောပြနိုင်တဲ့ လုံခြုံတဲ့နေရာတစ်ခု ဖြစ်ပေးပါ။
ကလေးက သူ့ရဲ့ စိုးရိမ်မှုတွေ၊ သူငယ်ချင်းပြဿနာတွေ၊ ရှက်ရွံ့မှုတွေကို ပြောပြလာတဲ့အခါ အဖြေချက်ချင်းပေးဖို့ထက် အရင်နားထောင်ပေးခြင်း က ပိုအရေးကြီးနိုင်ပါတယ်။

🌿 တစ်ခါတလေ ကလေးရဲ့ အပြုအမူကို ပြင်ဖို့မတိုင်ခင် အဲဒီအပြုအမူရဲ့ နောက်ကွယ်မှာရှိတဲ့ ခံစားချက်ကို နားလည်ပေးဖို့ လိုပါတယ်။
“ကျောင်းမသွားချင်ဘူး” လို့ ပြောတဲ့အခါ
“ပျင်းလို့” လို့ပဲ မယူဆဘဲ
“ကျောင်းမှာ ဘာတွေက မင်းကို စိတ်ဖိစီးစေတာလဲ” လို့ စဉ်းစားပေးကြည့်ပါ။
“သူငယ်ချင်းတွေနဲ့ မပေါင်းချင်ဘူး” လို့ ပြောတဲ့အခါ
“သူတို့နဲ့ အဆင်မပြေမှာကို စိုးရိမ်နေတာများလား” ဆိုတာကိုလည်း နားလည်ပေးကြည့်ပါ။

🌿 ကလေးကို အမြဲအဖြေထုတ်ပေးနိုင်ဖို့ မလိုပါဘူး။
တစ်ခါတလေ အပြစ်မတင်ဘဲ နားထောင်ပေးခြင်းနဲ့ ကိုယ့်ခံစားချက်တွေကို လုံခြုံစွာ ပြောပြနိုင်တဲ့နေရာတစ်ခု ပေးထားခြင်းကပဲ ကလေးအတွက် အရေးကြီးတဲ့ အထောက်အပံ့တစ်ခု ဖြစ်နိုင်ပါတယ်။

📣 ဒီလို လူမှုဆက်ဆံရေးဆိုင်ရာ စိုးရိမ်မှုတွေ၊ အပေါင်းအသင်းဖိအားတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာမှုတွေက ကလေးရဲ့ နေ့စဉ်ဘဝနဲ့ ပညာရေးအပေါ် ထိခိုက်လာနေပြီဆိုရင် Professional Support ရယူပြီး ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို နားလည်ကူညီပေးနိုင်ပါတယ်။

TK Counselling Service မှာ ကျောင်းသား/သူတွေရဲ့ Self-Esteem & Social Confidence နဲ့ ပတ်သက်တဲ့ Professional Counselling Support ကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးနိုင်ပါတယ်။

📩 အသေးစိတ်သိရှိလိုပါက TK Counselling Service Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 🌿

🛑 Share only. No copying or reposting.🚫

✍️Written by Dr. Myat Su Hlaing
Educational Psychologist & Consultant



🧠 ADHD ရှိတဲ့ ကျောင်းသား/သူတွေမှာ Memory အခက်အခဲက ဘယ်လိုပုံစံနဲ့ ပေါ်လာတတ်လဲ?“စာသင်ပြီးပြီ… ဒါပေမယ့် ဘာမှ မမှတ်မိဘူး”“မန...
22/09/2026

🧠 ADHD ရှိတဲ့ ကျောင်းသား/သူတွေမှာ Memory အခက်အခဲက ဘယ်လိုပုံစံနဲ့ ပေါ်လာတတ်လဲ?

“စာသင်ပြီးပြီ… ဒါပေမယ့် ဘာမှ မမှတ်မိဘူး”
“မနေ့က ပြောထားတာကို ဒီနေ့ မေ့နေပြန်ပြီ”
“Homework လုပ်ဖို့ သိတယ်… ဒါပေမယ့် မလုပ်ဖြစ်ဘူး”

ဒီလိုအခြေအနေတွေကို မိဘတွေ၊ ဆရာ/ဆရာမတွေ ကြုံရတတ်ပါတယ်။

ဒါပေမယ့် ADHD ရှိတဲ့ ကျောင်းသား/သူတစ်ယောက်မှာ ဒီလိုဖြစ်တာဟာ စာမမှတ်နိုင်လို့၊ ပျင်းလို့၊ မကြိုးစားလို့ ဆိုပြီး တစ်ဖက်သတ်သတ်မှတ်လို့ မရပါဘူး။

ADHD မှာ Attention နဲ့ Working Memory ပတ်သက်တဲ့ အခက်အခဲတွေကြောင့် Memory ပြဿနာလို မြင်ရတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

ဥပမာ—
🔰 ဆရာ/ဆရာမပြောတဲ့ Instruction ကို အဆုံးထိ မမှတ်နိုင်ခြင်း

“စာအုပ်ဖွင့်၊ မေးခွန်း ၁ ကနေ ၅ အထိ ဖြေပြီး မနက်ဖြန်ယူလာ” လို့ ပြောတဲ့အခါ အချက်တချို့ကို သူတို့‌လေးတွေ မေ့သွားနိုင်ပါတယ်။

🔰 Homework ရှိတာကို သိပေမယ့် လုပ်ဖို့ မေ့သွားခြင်း

လုပ်ရမယ်ဆိုတာ သိနေသော်လည်း အချိန်ရောက်တဲ့အခါ စိတ်ထဲကနေ ပျောက်သွားတတ်ပါတယ်။

🔰 ပစ္စည်းတွေ မကြာခဏ ပျောက်ခြင်း

စာအုပ်၊ ခဲတံ၊ ကျောင်းသုံးပစ္စည်းတွေကို ဘယ်နေရာမှာထားခဲ့မှန်း မမှတ်မိတာမျိုး ဖြစ်နိုင်ပါတယ်။

🔰 စာသင်နေတုန်း အာရုံလွဲပြီး နောက်ပိုင်းမှာ မမှတ်မိခြင်း

စာကို မသိတာမဟုတ်ဘဲ သင်ကြားနေတဲ့အချိန်မှာ Attention လွဲသွားတဲ့အတွက် အချက်အလက်ကို ကောင်းကောင်းလက်ခံမထားနိုင်တာ ဖြစ်နိုင်ပါတယ်။

🔰 သင်ထားတာကို တစ်ချိန်မှာ သိပေမယ့် နောက်တစ်ချိန်မှာ ပြန်ထုတ်ဖို့ ခက်ခြင်း

အထူးသဖြင့် အချက်အလက်အများကြီးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ရတဲ့အခါ ပိုပြီးခက်ခဲနိုင်ပါတယ်။

🌿 ဒါကြောင့်

“ဒီကလေးက မမှတ်နိုင်ဘူး” “စာမကြိုးစားဘူး” လို့ အလွယ်တကူ မသတ်မှတ်ဘဲ—

Attention → Working Memory → Learning → Recall

ဒီအဆင့်တွေထဲမှာ ဘယ်နေရာက အခက်အခဲရှိနေလဲဆိုတာ နားလည်ပေးဖို့ အရေးကြီးပါတယ်။

🧠 Memory ပြဿနာလို မြင်ရတိုင်း ADHD လို့ သတ်မှတ်လို့တော့ မရပါဘူး။

အိပ်စက်မှု၊ Stress၊ Anxiety၊ Learning difficulties နဲ့ အခြားအခြေအနေတွေကလည်း ကျောင်းသား/သူတွေရဲ့ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ စာသင်ယူမှုနဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ ဆက်တိုက်ဖြစ်နေတယ်ဆိုရင် သင့်တော်တဲ့ Assessment ပြုလုပ်ပြီး အကြောင်းရင်းကို နားလည်ဖို့ အရေးကြီးပါတယ်။

💚 သား/ သမီးက ဘယ်တော့မှ “မှတ်မိတယ်လို့မရှိဘူး” လို့ အပြစ်တင်မယ့်အစား “ဘာကြောင့် မှတ်ရခက်နေတာလဲ?” လို့ နားလည်ပေးခြင်းက ပိုအရေးကြီးပါတယ်။

အထက်ပါအခက်အခဲတွေ ဆက်လက်ဖြစ်နေပြီး စာသင်ကြားမှုနဲ့ နေ့စဉ်ဘဝအပေါ် သိသိသာသာ ထိခိုက်လာတယ်ဆိုရင် TK Counselling Service မှာ ADHD, Memory နဲ့ပတ်သက်တဲ့ အခက်အခဲအတွက် Professional Assessment ရယူပြီး အကြောင်းရင်းကို သေချာစစ်ဆေးနိုင်ပါတယ်။

ရှိခဲ့ပါက စိုးရိမ်နေစရာမလိုဘဲTK Counselling Service မှာ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များက ADHD, Memory နဲ့ Learning ပိုင်းဆိုင်ရာ အခက်အခဲရှိနေတဲ့ ကျောင်းသားများအတွက် သင့်လျော်တဲ့ Academic Counselling နည်းလမ်းများ၊ Learning Strategies များနဲ့ Coping Strategies များကို အသုံးပြုကာ ပြန်လည်ကောင်းမွန်လာ‌စေဖို့ စနစ်တကျ လုပ်ပေးနေပါတယ်ရှင့်။

🛑 Share only. No copying or reposting.🚫

Written by Dr.Khin Aye Soe
Counselling & Psychology Consultant



🌿 စိတ်ပင်ပန်းလာတဲ့အခါ ကိုယ်နေ့တိုင်း လုပ်နေကျအရာလေးတွေတောင် ခက်ခဲလာနိုင်ပါတယ်။အတွေးတွေများလာပြီး အသေးအမွှားကိစ္စလေးတွေတေ...
21/09/2026

🌿 စိတ်ပင်ပန်းလာတဲ့အခါ ကိုယ်နေ့တိုင်း လုပ်နေကျအရာလေးတွေတောင် ခက်ခဲလာနိုင်ပါတယ်။

အတွေးတွေများလာပြီး အသေးအမွှားကိစ္စလေးတွေတောင် ပြဿနာကြီးတစ်ခုလို ခံစားလာရတတ်ပါတယ်။

ဥပမာ...

✔️အလုပ်တစ်ခုလုပ်နေရင်း နောက်တစ်ခုကို စိတ်ပူနေမိတယ်။
✔️လက်ရှိမှာ ရှိနေရင်း အနာဂတ်ကို ကြိုတွေးနေမိတယ်။
✔️ပြီးခဲ့တာတွေကိုလည်း ပြန်တွေးနေမိတယ်။

အဲ့လိုအချိန်မှာ “အရာအားလုံးကို ငါတစ်ယောက်တည်း ဖြေရှင်းရမယ်” လို့ တွေးလိုက်မိရင် စိတ်က ပိုပြီး လေးလံပင်ပန်းလာတတ်ပါတယ်။

ဒါကြောင့် အရာအားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ မကြိုးစားဘဲ ခဏရပ်ပြီး တစ်ခုချင်းစီ ပြန်ခွဲကြည့်ပါ။

✔️ ကိုယ်ထိန်းချုပ်နိုင်တာကို အာရုံစိုက်ပါ။
သူများရဲ့အတွေး၊ လုပ်ရပ်နဲ့ ရလဒ်တွေကို အမြဲတမ်း ထိန်းချုပ်လို့မရပါဘူး။ ဒီအတွက် ကိုယ်ထိန်းချုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ။

✔️ အတွေးတိုင်းကို အမှန်တရားလို့ မယူဆလိုက်ပါနဲ့။
“ငါ မလုပ်နိုင်ဘူး” " ငါ အဆင်မပြေဘူး "ဆိုတဲ့အတွေးဟာ အတွေးတစ်ခုသာမျှသာ ဖြစ်ပါတယ်။ ဒါက အမှန်တရား မဟုတ်ပါဘူး။

✔️ တစ်ကြိမ်မှာ တစ်ခုချင်းစီ လုပ်သွားပါ။
အရာအားလုံးကို ဒီနေ့တစ်နေ့တည်းနဲ့ ဖြေရှင်းဖို့ မလိုပါဘူး။ “အခု ငါ ဘာတစ်ခုကို လုပ်နိုင်လဲ?” ဆိုတာကနေ စတင်ပြီး လုပ်ကြည့်လိုက်ပါ။ ပြီးသွားပါလိမ့်မယ်။

✔️ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့လည်း ခွင့်ပြုပါ။
အမြဲတမ်း အဆင်ပြေနေရမယ်၊ အမြဲတမ်း သန်မာနေရမယ်လို့ မဆိုလိုပါဘူး။ စိတ်ပင်ပန်းနေတဲ့အချိန်မှာ ခဏအနားယူတာဟာ အားနည်းတာမဟုတ်ဘဲ ကိုယ့်စိတ်ကို ပြန်လည်ထိန်းညှိဖို့ လိုအပ်တဲ့အချိန်ကို ပေးခြင်းဖြစ်ပါတယ်။

✔️ လိုအပ်တဲ့အခါ အကူအညီတောင်းဖို့ မကြောက်ပါနဲ့။
အရာအားလုံးကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းနိုင်မှသာ သန်မာတဲ့သူတစ်ယောက် ဖြစ်တာမဟုတ်ပါဘူး။

တစ်ခါတလေ ကိုယ့်အတွက် ခက်ခဲနေတဲ့အရာကို ယုံကြည်ရတဲ့သူတစ်ယောက်နဲ့ ပြောပြခြင်း၊အကူအညီတောင်းခြင်းကလည်း ကိုယ့်စိတ်ဝန်ကို လျော့စေပြီး အခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာစေနိုင်ပါတယ်။ 🌿

အကူအညီယူခြင်းဟာ အားနည်းခြင်း မဟုတ်ပါဘူး၊ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ စောင့်ရှောက်ခြင်းပါ။

မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝအခက်အခဲ‌တွေကို ကောင်းမွန်စွာကိုင်တွယ်‌ဖြေရှင်းနိုင်ဖို့ Counselling Support လိုအပ်တယ်ဆိုရင် TK Counselling Service မှာ Professional Counselling ဆွေးနွေးမှု ရယူနိုင်ပါတယ်ရှင့်။ 💚

Written by Dr.Khin Aye Soe
Counselling & Psychology Consultant


Relationship တစ်ခုမှာ အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါ “ငါတို့နှစ်ယောက်ပဲ ကိုယ်တိုင်ဖြေရှင်းကြရမှာပေါ့” လို့ တွေးမိတတ်ပါတယ်။တစ...
20/09/2026

Relationship တစ်ခုမှာ အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါ “ငါတို့နှစ်ယောက်ပဲ ကိုယ်တိုင်ဖြေရှင်းကြရမှာပေါ့” လို့ တွေးမိတတ်ပါတယ်။

တစ်ခါတလေ ပြဿနာကို မပြောဘဲထားလိုက်ကြတယ်။

တစ်ခါတလေ ပြောကြပေမယ့် ပြောတိုင်း အငြင်းပွားမှုဖြစ်လာတယ်။

ဒီလိုနဲ့ ပြဿနာကို ဖြေရှင်းဖို့ထက်
တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာအရ ပိုဝေးလာနိုင်ပါတယ်။

Relationship Counselling ဆိုတာ Relationship လုံးဝ ပျက်တော့မယ့်အချိန်မှ ယူရတာ မဟုတ်ပါဘူး။ 🌿

အောက်ပါအခြေအနေတွေ ကြုံနေရရင် Relationship Counselling ယူဖို့ စဉ်းစားကြည့်နိုင်ပါတယ်။

🟡 စကားပြောတိုင်း အငြင်းပွားနေတဲ့အခါ
ပြဿနာသေးသေးလေးတစ်ခုကနေ အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေပါ ပြန်ပေါ်လာပြီး အမြဲတမ်း အငြင်းပွားနေတယ်ဆိုရင် နှစ်ယောက်ကြားက Communication Pattern ကို ပြန်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။

🟡 တစ်ယောက်နဲ့တစ်ယောက် နားမလည်တော့သလို ခံစားလာတဲ့အခါ
“ငါပြောတာကို သူနားမလည်ဘူး”
“သူပြောတာကိုလည်း ငါနားမလည်တော့ဘူး”
ဆိုတဲ့ခံစားချက်တွေ မကြာခဏ ဖြစ်လာရင် နှစ်ယောက်ကြားက ပြောဆိုဆက်ဆံပုံကို ပြန်လည်နားလည်ဖို့ လိုအပ်နိုင်ပါတယ်။

🟡 မကျေနပ်ချက်တွေ စုပုံလာတဲ့အခါ
ဖြစ်လာတဲ့ပြဿနာတွေကို တစ်ခုချင်းစီ မဖြေရှင်းဘဲထားတာကြာလာရင် မကျေနပ်ချက်တွေ စုပုံလာနိုင်ပါတယ်။ နောက်ပိုင်းမှာ ပြဿနာအသစ်တစ်ခု ဖြစ်တိုင်း အရင်က မဖြေရှင်းရသေးတဲ့အရာတွေပါ ပြန်ပေါ်လာနိုင်ပါတယ်။

🟡 တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့ ခက်လာတဲ့အခါ
လိမ်ညာမှု၊ ကတိပျက်မှု၊ ဖောက်ပြန်မှု စတဲ့အဖြစ်အပျက်တွေကြောင့် ယုံကြည်မှု ထိခိုက်လာတဲ့အခါ ယုံကြည်မှုကို ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာ အတူတူ လေ့လာဖို့ လိုအပ်နိုင်ပါတယ်။

🟡 အတူရှိနေပေမယ့် စိတ်ချင်းဝေးလာတဲ့အခါ
အတူတူရှိနေကြပေမယ့် စကားမပြောချင်တော့တာ၊ ကိုယ့်ခံစားချက်တွေကို မမျှဝေချင်တော့တာ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာအရ ဝေးကွာလာသလို ခံစားရတာတွေ ဖြစ်လာတဲ့အခါ လိုအပ်နိုင်ပါတယ်။

🟡 ဆက်သွားမလား၊ ရပ်လိုက်မလား မသေချာတော့တဲ့အခါ
Relationship ကို ချက်ချင်းဆုံးဖြတ်လိုက်တာထက်
“ငါတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်နေသလဲ?”
“ဘာတွေကို ပြောင်းလဲဖို့ လိုအပ်သလဲ?”

ဆိုတာကို ပိုနားလည်ဖို့ Relationship Counselling က အထောက်အကူပြုနိုင်ပါတယ်။

🌿 Relationship Counselling မှာ ဘာတွေကို ဆွေးနွေးနိုင်လဲ?

Relationship Counselling ဆိုတာ
ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုပြီး ဆုံးဖြတ်ပေးဖို့ မဟုတ်ပါဘူး။

နှစ်ယောက်ကြားမှာ ဖြစ်နေတဲ့—
🔗 Communication Pattern
🔗 Emotional Response
🔗 Relationship Pattern
🔗 Unresolved Conflicts
🔗 Trust Issues
🔗 Boundaries
စတာတွေကို ပိုနားလည်လာအောင် ကူညီပေးပြီး
တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက်၊ လိုအပ်ချက်နဲ့ အမြင်တွေကို ပိုနားလည်နိုင်ဖို့ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။

🌿 Relationship တစ်ခုမှာ ပြဿနာရှိတာက မထူးဆန်းပါဘူး။

အရေးကြီးတာက
“ပြဿနာမရှိအောင် ဘယ်လိုနေမလဲ” ဆိုတာထက်
“ပြဿနာဖြစ်လာတဲ့အခါ ဘယ်လိုပြောမလဲ၊ ဘယ်လိုနားထောင်မလဲ၊ ဘယ်လိုဖြေရှင်းမလဲ” ဆိုတာပါ။

🌿 Relationship Counselling ဆိုတာ Relationship ပျက်တော့မယ့်အချိန်မှ ယူရတာ မဟုတ်ပါဘူး။

တစ်ခါတလေမှာတော့—
“ငါတို့နှစ်ယောက် ဒီ Relationship ကို ပိုကောင်းအောင် ဘယ်လိုတည်ဆောက်နိုင်မလဲ?”

ဆိုတာကို အတူတူရှာဖွေဖို့ အကူအညီယူခြင်း ဖြစ်ပါတယ်။ 🌿

ကိုယ့် Relationship ထဲမှာ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ ပြဿနာတွေကို နှစ်ယောက်တည်းနဲ့ ဖြေရှင်းဖို့ ခက်ခဲနေတယ်ဆိုရင် TK Counselling Service မှာ Relationship Counselling ယူနိုင်ပါတယ်ရှင့်။

Communication, Emotional Response နဲ့ Relationship Pattern တွေကို ပိုနားလည်ပြီး ပိုကောင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ ဆွေးနွေးပေးနေပါတယ်။ 🌿

📩 Relationship Counselling / Package အတွက် TK Counselling Service Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

🛑 Share only. No copying or reposting.🚫

Written by Dr.Khin Aye Soe
Counselling & Psychology Consultant



ကလေးတစ်ယောက် Bullying ပြုလုပ်တဲ့အခါတိုင်းသူကိုယ်တိုင်က အခြားသူကို အနိုင်ကျင့်ချင်လို့ပဲ ဖြစ်တယ်လို့ မယူဆသင့်ပါဘူး။တချို့...
20/09/2026

ကလေးတစ်ယောက် Bullying ပြုလုပ်တဲ့အခါတိုင်း
သူကိုယ်တိုင်က အခြားသူကို အနိုင်ကျင့်ချင်လို့ပဲ ဖြစ်တယ်လို့ မယူဆသင့်ပါဘူး။

တချို့ကလေးတွေမှာ Peer Pressure ကြောင့်

✔️“မလိုက်လုပ်ရင် သူတို့အုပ်စုထဲ မပါရတော့ဘူး”
✔️“မလုပ်ရင် ငါ့ကိုပဲ အနိုင်ကျင့်လာမလား”
✔️“သူတို့အားလုံးလုပ်နေတာပဲ… ငါတစ်ယောက်တည်း မလုပ်ရင် မကောင်းဘူးလား”

ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ—
🟡 သူငယ်ချင်းအုပ်စုထဲမှာ လက်ခံခံရချင်ခြင်း
🟡 အုပ်စုကနေ ဖယ်ကျဉ်ခံရမှာ ကြောက်ခြင်း
🟡 အခြားသူတွေ လုပ်နေတာကို လိုက်လုပ်မိခြင်း
🟡 Bullying ကို မတားရဲဘဲ ဘေးကနေ လိုက်ပါနေခြင်း
တွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်
တစ်ခါတလေ Bullying ပြုလုပ်သူတစ်ယောက်တည်း မဟုတ်ဘဲ “မတားရဲတဲ့သူ” “လိုက်ရဲတဲ့သူ” “ဘေးကနေ အားပေးတဲ့သူ” တွေပါ ပါဝင်လာတဲ့အခါ Bullying အပြုအမူက ပိုမိုအားကောင်းလာနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေကို
“သူများကို အနိုင်မကျင့်နဲ့” လို့ပဲ ပြောထားတာထက်—
🌱 Peer Pressure ကို ဘယ်လိုသိရှိမလဲ
🌱 မလုပ်ချင်တဲ့အရာကို “No” လို့ ဘယ်လိုပြောမလဲ
🌱 သူငယ်ချင်းတွေက မမှန်တာလုပ်တဲ့အခါ ဘယ်လိုရပ်တည်မလဲ
🌱 Bullying ဖြစ်နေတာကို ဘယ်လို အကူအညီတောင်းမလဲ
ဆိုတာတွေကိုပါ သင်ကြားပေးဖို့ လိုအပ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ “မလုပ်နိုင်ဘူးလို့ ပြောရဲတဲ့သတ္တိ” ကလည်း Bullying ကာကွယ်ရေးမှာ အရေးကြီးတဲ့ Life Skill တစ်ခုပါ။ 🌿

ဒါကြောင့် မိဘများ၊ ဆရာ/ဆရာမများအနေနဲ့
ကလေးတွေကို ကြောက်အောင်ဆုံးမ တာထက်
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်မှု၊ ကိုယ့်ရဲ့နယ်နိမိတ်ကို ထိန်းသိမ်းနိုင်မှုနဲ့ အကူအညီတောင်းနိုင်မှုတွေကိုပါလေ့ကျင့်သင်ကြားပေးသင့်ပါတယ်ရှင့်။

Bullying လုပ်မိနေတဲ့ ကျောင်းသား/သူတွေဖြစ်စေ၊ Bullying ခံခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ကြုံနေရတဲ့ ကျောင်းသား/သူတွေဖြစ်စေ တစ်ယောက်တည်း ရင်ဆိုင်နေဖို့ မလိုပါဘူး။

Bullying နောက်ကွယ်မှာလည်း နားလည်ပေးဖို့လိုတဲ့ စိတ်ခံစားချက်နဲ့ အခက်အခဲတွေ ရှိနေနိုင်သလို၊ Bullying ခံရသူတွေအနေနဲ့လည်း အဲ့ဒီအတွေ့အကြုံကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံတွေ့နိုင်ပါတယ်။

ဒါကြောင့် လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းခြင်းဟာ အားနည်းခြင်းမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်တွေကို နားလည်ပြီး ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အကူအညီရယူခြင်းပါ။ 🌿

TK Counselling Service မှာ ကျောင်းသား/ကျောင်းသူ‌တွေရဲ့စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ကျွမ်းကျင်ပညာရှင်များ နှင့် Mental Health Counselling ယူခြင်းဖြင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

🛑 Share only. No copying or reposting.🚫

Written by Dr.Khin Aye Soe
Counselling & Psychology Consultant

🧠 Memory Problems ရှိနိုင်တဲ့ အဓိက လက္ခဏာ (၅)ခု စာဖတ်နေတာကြာပြီ… ဒါပေမယ့် စာအုပ်ပိတ်လိုက်တဲ့အခါ ဘာတွေဖတ်ထားမှန်း မမှတ်မိ...
19/09/2026

🧠 Memory Problems ရှိနိုင်တဲ့ အဓိက လက္ခဏာ (၅)ခု

စာဖတ်နေတာကြာပြီ… ဒါပေမယ့် စာအုပ်ပိတ်လိုက်တဲ့အခါ ဘာတွေဖတ်ထားမှန်း မမှတ်မိတော့ဘူး။

မနေ့က ကျက်ထားတဲ့စာကို ဒီနေ့ပြန်ကြည့်တော့ အသစ်တစ်ခါ ပြန်လေ့လာနေရသလို ခံစားရတယ်။

စာမေးပွဲခန်းထဲရောက်တဲ့အခါ “ဒီအကြောင်းအရာကို သိတယ်… ကျက်ထားတယ်… ဒါပေမယ့် အဖြေက ခေါင်းထဲက ထွက်မလာဘူး” ဖြစ်နေတယ်။

ဆရာ/ဆရာမ ပြောထားတဲ့ လုပ်စရာတွေကိုလည်း ခဏအကြာမှာ မေ့သွားတတ်တယ်။ Assignment Deadline တွေ၊ စာအုပ်တွေ၊ ကိုယ့်ပစ္စည်းတွေ ဘယ်မှာထားခဲ့မှန်း မမှတ်မိတာလည်း မကြာခဏ ဖြစ်တတ်တယ်။

အဲ့ဒီလိုဖြစ်လာတဲ့အခါ—
“ငါ Memory မကောင်းဘူးလား?”
“ငါ့မှာ Memory Problem ရှိနေပြီလား?”
လို့ ကိုယ့်ကိုယ်ကို စိုးရိမ်မိနိုင်ပါတယ်။

ယေဘုယျအားဖြင့် သတိထားလို့ရမယ့် 🧠 Memory Problems ရှိနိုင်တဲ့ အဓိကလက္ခဏာ ၅ ခု

အောက်ပါအခြေအနေတွေ မကြာခဏဖြစ်နေပြီး စာသင်ကြားမှုနဲ့ နေ့စဉ်ဘဝကို ထိခိုက်လာတယ်ဆိုရင် သတိထားကြည့်ဖို့ လိုပါတယ်။

① ဖတ်ပြီးသားကို မကြာခင် ပြန်မမှတ်မိခြင်း
စာဖတ်ပြီး ခဏအကြာမှာ အဓိကအချက်တွေကို ပြန်ပြောဖို့ ခက်ခဲခြင်း။

② သိထားတဲ့အရာကို ပြန်ထုတ်ဖို့ ခက်ခြင်း
စာကျက်ထားပေမယ့် မေးခွန်းတွေ့တဲ့အချိန်မှာ အဖြေကို ပြန်ခေါ်ထုတ်ဖို့ ခက်ခဲခြင်း။

③ ပြောထားတဲ့အချက်အလက် / ညွှန်ကြားချက်တွေကို မေ့ခြင်း
ဆရာ/ဆရာမ ပြောထားတဲ့ လုပ်စရာတွေကို ခဏအကြာမှာ မမှတ်မိတော့ခြင်း။

④ လုပ်စရာတွေ၊ Deadline တွေ မကြာခဏ မေ့ခြင်း
Homework၊ Assignment၊ စာမေးပွဲရက်တွေလို အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခြင်း။

⑤ သင်ထားတာတွေကို ရောထွေးခြင်း သို့မဟုတ် ထပ်ခါထပ်ခါ ပြန်လေ့လာနေရခြင်း
Concept၊ Formula၊ အချက်အလက်တွေကို ရောထွေးမှတ်မိခြင်း သို့မဟုတ် အရင်က သင်ယူထားဖူးပေမယ့် အသစ်တစ်ခုလို ပြန်လေ့လာနေရခြင်း။

ဒါပေမယ့် မေ့တတ်တာတိုင်းဟာ Memory Problem ဖြစ်နေတာ မဟုတ်ပါဘူး။

🧠 တစ်ခါတလေ စာကို မမှတ်မိတာထက် စာကို အာရုံစိုက်ပြီး မလေ့လာနိုင်ခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

ဥပမာ—
✔️ စာဖတ်နေတုန်း အတွေးတွေ လွင့်နေခြင်း
✔️ စာအများကြီးကို တစ်ခါတည်း မှတ်ဖို့ ကြိုးစားခြင်း
✔️ အိပ်ရေးမဝခြင်း
✔️ စာမေးပွဲနဲ့ပတ်သက်ပြီး Stress / Anxiety များခြင်း
✔️ စိတ်ပင်ပန်းနွမ်းနယ်နေခြင်း
✔️ စာလေ့လာတဲ့နည်းလမ်းက ကိုယ့်အတွက် မသင့်တော်ခြင်း
စတာတွေက Attention, Learning နဲ့ Memory ကို ထိခိုက်စေနိုင်ပါတယ်။

🌱 ဒါကြောင့် “ငါ စာတွေမမှတ်မိဘူး = ငါ Memory မကောင်းတော့ဘူး” လို့ ချက်ချင်း မဆုံးဖြတ်လိုက်ပါနဲ့။

အရင်ဆုံး ကိုယ့်ကိုယ်ကို မေးကြည့်ပါ—

📚“ငါ စာဖတ်တဲ့အချိန်မှာ တကယ်အာရုံစိုက်နိုင်ရဲ့လား?”
😴 “အိပ်ရေးဝရဲ့လား?”
😨“အခုတလော Stress များနေလား?”
📚“ငါ့ရဲ့ Learning Method က အဆင်ပြေရဲ့လား?”

💚 ကိုယ့်ကိုယ်ကို “Memory မကောင်းတဲ့ကျောင်းသား/သူ” လို့ Label တပ်ဖို့ထက် “ဘာကြောင့် ဒီလိုဖြစ်နေတာလဲ?” ဆိုတာကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။

အထက်ပါအခက်အခဲတွေ ဆက်လက်ဖြစ်နေပြီး စာသင်ကြားမှုနဲ့ နေ့စဉ်ဘဝအပေါ် သိသိသာသာ ထိခိုက်လာတယ်ဆိုရင် TK Counselling Service မှာ Memory နဲ့ပတ်သက်တဲ့ အခက်အခဲအတွက် Professional Assessment ရယူပြီး အကြောင်းရင်းကို သေချာစစ်ဆေးနိုင်ပါတယ်။

Memory နဲ့ Learning ပိုင်းဆိုင်ရာ အခက်အခဲရှိနေတဲ့ ကျောင်းသားများအတွက် သင့်လျော်တဲ့ Counselling နည်းလမ်းများ၊ Learning Strategies များနဲ့ Coping Strategies များကို အသုံးပြုကာ ပြန်လည်ကောင်းမွန်လာ‌စေဖို့ စနစ်တကျ လုပ်ပေးနေပါတယ်ရှင့်။

🌿 မမှတ်မိတာတိုင်းက မင်းမတော်လို့ မဟုတ်ပါဘူး။
အခက်အခဲကို အပြစ်တင်ဖို့ထက် ဘာကြောင့်ဖြစ်နေတာလဲဆိုတာ နားလည်ပြီး ကိုယ့်အတွက် သင့်တော်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။

🛑 Share only. No copying or reposting.🚫

Written by Dr.Khin Aye Soe
Counselling & Psychology Consultant

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုတွေကို လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ပိ...
18/09/2026

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုတွေကို လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံတွေ့ရနိုင်ပါတယ်။

ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ရှိလာတဲ့အခါတောင် လူတော်တော်များများက အကူအညီရှာဖို့ထက် ကိုယ်တိုင်ပဲ ခံနိုင်ရည်ရှိရမယ် လို့ တွေးတတ်ကြပါတယ်။

“ဒါဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။”

🟡 “ကိုယ်တိုင်ဖြေရှင်းရမယ်” ဆိုတဲ့ အမြင်
“လူတိုင်းမှာ ပြဿနာရှိတာပဲ”
“ငါကိုယ်တိုင် ဖြေရှင်းနိုင်ရမယ်”
“ဒီလောက်လေးနဲ့ အကူအညီတောင်းစရာမလိုဘူး”
ဆိုတဲ့ အတွေးတွေကြောင့် ကိုယ့်ရဲ့အခက်အခဲကို အချိန်ကြာကြာ တစ်ယောက်တည်း မြိုသိပ်ထားတတ်ပါတယ်။

🟡 Mental Health Stigma
စိတ်ပိုင်းဆိုင်ရာအကူအညီ ရယူတာကို
“အားနည်းတာ”
“စိတ်မမှန်တာ”
“သူများသိရင် မကောင်းဘူး”
လို့ မြင်တဲ့ လူမှုအသိုင်းအဝိုင်းအမြင်တွေကလည်း အကူအညီရှာဖို့ တားဆီးနိုင်ပါတယ်။

တကယ်တော့ စိတ်ပိုင်းဆိုင်ရာအခက်အခဲရှိခြင်းနဲ့ လူတစ်ယောက်ရဲ့တန်ဖိုး၊ အားနည်းမှုကို တိုင်းတာလို့မရပါဘူး။

🟡 စိတ်ပိုင်းဆိုင်ရာ လက္ခဏာကို ကိုယ်တိုင်မသိနိုင်ခြင်း
Mental Health အခက်အခဲတွေဟာ စိတ်ခံစားချက်တစ်ခုတည်းမှာပဲ ပေါ်လာတာ မဟုတ်ပါဘူး။ တစ်ခါတလေ အတွေးတွေ၊ အပြုအမူတွေ၊ ခန္ဓာကိုယ်တုံ့ပြန်မှုတွေနဲ့ နေ့စဉ်ဘဝလုပ်ဆောင်မှုတွေမှာပါ ပြောင်းလဲမှုအနေနဲ့ ပေါ်လာနိုင်ပါတယ်။
တချို့မှာ—
✔️ အမြဲပင်ပန်းနွမ်းနယ်နေခြင်း
✔️စိတ်တိုလွယ်လာခြင်း
✔️အိပ်စက်မှုပြောင်းလဲခြင်း
✔️အာရုံစူးစိုက်ရခက်ခြင်း
✔️အရင်က စိတ်ဝင်စားတဲ့အရာတွေကို စိတ်မဝင်စားတော့ခြင်း
✔️ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ကြွက်သားတင်းခြင်း စတဲ့ ခန္ဓာကိုယ်လက္ခဏာများ အဖြစ် ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် တချို့လူတွေက “ငါစိတ်ပိုင်းဆိုင်ရာအခက်အခဲရှိနေတာ” ဆိုတာထက် “အလုပ်ပင်ပန်းလို့ပါ” “အိပ်ရေးမဝလို့ပါ” လို့ပဲ နားလည်ထားတတ်ပါတယ်။

🟡 “အရမ်းဆိုးမှ အကူအညီလိုတယ်” ဆိုတဲ့ အယူအဆ
Mental Health Support ဆိုတာ ပြဿနာအလွန်ပြင်းထန်လာမှသာ လိုအပ်တာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေက နေ့စဉ်ဘဝ၊ အလုပ်/စာသင်မှု၊ အိပ်စက်မှုနဲ့ ဆက်ဆံရေးတွေကို ထိခိုက်လာတဲ့အခါ ပိုပြီးအာရုံစိုက်ဖို့ လိုလာနိုင်ပါတယ်။

🟡 အကူအညီရှာဖို့ ခက်ခဲတဲ့ အခြေအနေများ
တချို့သူတွေအတွက်တော့ စိတ်ပိုင်းဆိုင်ရာအကူအညီ မရှာဖြစ်တာဟာ မရှာချင်လို့မဟုတ်ပါဘူး။ Professional ရရှိနိုင်မှု၊ ကုန်ကျစရိတ်၊ နေရာအကွာအဝေး၊ အချိန်နဲ့ Privacy စိုးရိမ်မှုတွေကလည်း အတားအဆီး ဖြစ်နိုင်ပါတယ်။

🌱 ဒါကြောင့် Mental Health Awareness ဆိုတာ…
“ပြဿနာရှိရင် အကူအညီယူပါ” လို့ ပြောရုံနဲ့ မပြီးပါဘူး။

လူတွေက သူတို့ခံစားနေရတဲ့အရာတွေကို နားလည်နိုင်ဖို့၊ Mental Health နဲ့ပတ်သက်တဲ့ အယူအဆမှားတွေကို ပြန်လည်သုံးသပ်နိုင်ဖို့၊ အကူအညီရှာခြင်းကို အရှက်ရစရာတစ်ခုလို မမြင်တော့ဖို့ လည်း အရေးကြီးပါတယ်။

ကိုယ်က စိတ်ပိုင်းဆိုင်ရာအခက်အခဲတစ်ခု ကြုံနေရတာက“ကိုယ်အားနည်းလို့” ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။

တစ်ခါတလေ ကိုယ့်စိတ်က ပင်ပန်းနေတဲ့အခါ အဲဒီစိတ်အခြေအနေကို နားလည်ပေးဖို့ လိုအပ်တာပါ။

🌿 စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးတာဟာ… ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ဖို့အတွက် ဂရုစိုက်ပေးခြင်းပါပဲ။

လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေရှင့်။ 💚

🧑‍🎓Dr.Khin Aye Soe
(Counselling & Psychology Consultant)


🌿 Depression ဆိုတာ… တစ်နေ့လုံး ဝမ်းနည်းပြီး ငိုနေတာမျိုး မဟုတ်ပါဘူး။တချို့လူတွေက Depression ဖြစ်နေတဲ့အချိန်မှာတောင် 🌿အလု...
17/09/2026

🌿 Depression ဆိုတာ… တစ်နေ့လုံး ဝမ်းနည်းပြီး ငိုနေတာမျိုး မဟုတ်ပါဘူး။

တချို့လူတွေက Depression ဖြစ်နေတဲ့အချိန်မှာတောင်
🌿အလုပ်သွားနိုင်တယ်။
🌿စာသင်နိုင်တယ်။
🌿လူတွေနဲ့ စကားပြောနိုင်တယ်။
🌿ရယ်လည်း ရယ်နိုင်တယ်။

ဒါပေမယ့်…
အတွင်းထဲမှာတော့ တဖြည်းဖြည်း ပင်ပန်းနေနိုင်ပါတယ်။

✔️“ဘာမှမဖြစ်ပါဘူး” လို့ ပြောနေပေမယ့်
ကိုယ့်အခန်းထဲပြန်ရောက်တဲ့အခါ ဘာမှမလုပ်ချင်တော့တာမျိုး…

✔️အရင်က အရမ်းသဘောကျခဲ့တဲ့အရာတွေကို
“အခုတော့ စိတ်မဝင်စားတော့ဘူး” ဖြစ်လာတာမျိုး…
✔️လူတွေနဲ့ တွေ့ရင် အဆင်ပြေသလိုနေပြီးတစ်ယောက်တည်းဖြစ်တဲ့အချိန်မှာ
အထီးကျန်ပြီး လေးလံနေသလို ခံစားရတာမျိုး…

✔️အိပ်ချင်ပေမယ့် အိပ်မရတာ၊
အိပ်လည်းအိပ်ပြီး အားမပြည့်သလို ခံစားရတာ၊
အာရုံစိုက်ဖို့ ခက်လာတာ၊

✔️ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ များလာတာ…

ဒါတွေက “စိတ်အဆင်မ‌ပြေဖြစ်နေတာလောက်ပါပဲ” ဆိုပြီး လျစ်လျူရှုထားသင့်တဲ့အရာတွေ မဟုတ်ပါဘူး။

❌ “ငါတစ်ချိန်လုံးငိုနေတာမဟုတ်ဘူး၊ အဲ့အတွက် Depression မဖြစ်နိုင်ဘူး။”

❌ “ငါအလုပ်လုပ်နိုင်သေးတယ်၊ ဒါဆို ငါအဆင်ပြေ‌နေပါ‌သေးတယ်။”

❌ “သူများတွေထက် ငါ့ပြဿနာက အဲ့လောက်မဆိုးသေးပါဘူး။”

ဆိုပြီး ကိုယ့်ခံစားချက်ကို ကိုယ်တိုင်ပဲ ပယ်ချနေမိတတ်ပါတယ်။

တစ်ခါတလေ လူတစ်ယောက်က အပြင်မှာ အဆင်ပြေနေပုံရပေမယ့် အတွင်းမှာတော့ အကူအညီလိုနေတတ်ပါတယ်။

နားလည်သင့်တာက
🌱 Mental health ကို ဂရုစိုက်တာဟာ
“ပြဿနာကြီးလာမှ” လုပ်ရမယ့်အရာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ခံစားချက်တွေ ကြာရှည်လာပြီး
နေ့စဉ်ဘဝ၊ အလုပ်၊ စာသင်မှု၊ ဆက်ဆံရေးတွေကို ထိခိုက်လာတယ်ဆိုရင်

Professional Support ရယူဖို့ စဉ်းစားသင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Diagnosis လုပ်ဖို့ထက်
“ဘာကြောင့် ဒီလိုခံစားနေရတာလဲ” ဆိုတာကို နားလည်ဖို့ အကူအညီတောင်းခြင်းဟာ အားနည်းခြင်း မဟုတ်ပါဘူး။

ကိုယ်စိတ်ကျန်းမာရေးကို ဂရုစိုက်တာပါ။ 🌿

📩 စိတ်ပိုင်းဆိုင်ရာအခက်အခဲများအတွက် အကူအညီလိုအပ်ပါက TK Counselling Service မှာ Professional တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

🧑‍🎓Dr.Khin Aye Soe
(Counseling & Psychology Consultant)



Address

No. 19 (1st Floor), 20th Street (Lower Block), Latha Township
Yangon

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Telephone

+959450334140

Website

Alerts

Be the first to know and let us send you an email when TK Counselling Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TK Counselling Service:

Shortcuts

Share