Healing with Andrea

Directions Website Contact the practice

Healing with Andrea Empowering you for the awareness of your mental well-being We are a movement dedicated to the betterment of community well-being.

Welcome to ‘Healing with Andrea’ – a light and support for mental health advocacy in Myanmar. 🌱

We strive to be a supportive presence, offering accessible mental health resources and counseling service. We believe in the power of collaboration to amplify our impact. That’s why ‘Healing with Andrea’ is open to partnerships and collaborations with like-minded individuals, organizations, and initiatives. Together, we can break down barriers, spread awareness, and uplift lives. If you share our vision for a mentally healthy community and wish to contribute to the greater good, join us. Let’s unite our efforts and make a lasting difference.

တချို့လူတွေက Therapy ဆိုတာ တစ်ပတ်တစ်ခါတွေ့ပြီး အဲ့ဒီအချိန်မှာပဲ ကိုယ့်အကြောင်းတွေပြော၊ ခံစားချက်တွေဖော်ပြပြီး session ပြ...
05/09/2026

တချို့လူတွေက Therapy ဆိုတာ တစ်ပတ်တစ်ခါတွေ့ပြီး အဲ့ဒီအချိန်မှာပဲ ကိုယ့်အကြောင်းတွေပြော၊ ခံစားချက်တွေဖော်ပြပြီး session ပြီးသွားရင် အဲ့ဒီအပတ်ရဲ့ therapy ကလည်း ပြီးသွားပြီလို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ Therapy ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတချို့ဟာ session အတွင်းမှာမဟုတ်ဘဲ…

Session တစ်ခုနဲ့တစ်ခုကြားက နေ့ရက်တွေထဲမှာ ဖြစ်နေတတ်ပါတယ်။

ဥပမာ -

Therapy session တစ်ခုက မိနစ် ၅၀ လောက်ပဲကြာတယ်ဆိုပါစို့။

တစ်ပတ်မှာ နာရီပေါင်း ၁၆၈ နာရီရှိပါတယ်။

ဆိုလိုတာက ကိုယ့်ရဲ့ therapist နဲ့အတူရှိတဲ့ အချိန်က တစ်ပတ်လုံးရဲ့ အစိတ်အပိုင်းအနည်းငယ်ပဲရှိပြီး ကျန်တဲ့အချိန်အများစုကိုတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာပဲ ဖြတ်သန်းနေရတာပါ။

ဒါကြောင့် Therapy ထဲမှာနားလည်လာတဲ့အရာတွေ၊ သတိထားမိလာတဲ့ pattern တွေ၊ လေ့ကျင့်ခဲ့တဲ့ skill တွေဟာ session ထဲမှာပဲ ကျန်နေမယ်ဆိုရင် ကိုယ့်ဘဝထဲကို အပြည့်အဝရောက်လာဖို့ ခက်ခဲနိုင်ပါတယ်။

ဒီနေရာမှာပဲ Between-Session Tasks တွေက အရေးကြီးလာတာပါ။

တချို့ Therapy တွေမှာ ဒါကို “Homework” လို့ခေါ်ကြပါတယ်။

ဒါပေမယ့် ကျွန်မကတော့ Homework လို့ပဲ နားလည်မထားစေချင်ပါဘူး။ ဒါဟာ Therapist ကပေးတဲ့ “အိမ်စာ” တစ်ခုကိုပြီးအောင်လုပ်ရမယ့်အရာထက်…

Session ထဲမှာနားလည်ခဲ့တဲ့အရာကို ကိုယ့်ရဲ့တကယ့်ဘဝထဲမှာ ပြန်ပြီးအသုံးချကြည့်ဖို့ အခွင့်အရေးတစ်ခု လို့ ပိုမြင်စေချင်ပါတယ်။

ဥပမာ ကိုယ်က session ထဲမှာ

“ငါ့အတွေးတစ်ခုချင်းစီတိုင်းဟာ အမှန်တရားမဟုတ်နိုင်ဘူး” ဆိုတာကို နားလည်လာတယ်ဆိုပါစို့။

အဲ့ဒီအကြောင်းကို session ထဲမှာ နားလည်လိုက်တာက အရေးကြီးပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မှာ တစ်ယောက်ယောက်က message ပြန်မပို့တဲ့အခါ…
“သူငါ့ကိုမကြိုက်တော့ဘူး”
“ငါတစ်ခုခုမှားလုပ်လိုက်ပြီ”
“သူငါ့ကိုရှောင်နေတာ” ဆိုတဲ့အတွေးတွေ ပြန်ပေါ်လာရင်…

အဲ့ဒီအချိန်မှာ ကိုယ်သင်ယူခဲ့တာလေးကို ပြန်သတိရပြီး
“ဒါက fact လား ဒါမှမဟုတ် ငါ့စိတ်ထဲက interpretation လား” လို့ ပြန်ကြည့်နိုင်လာတာက Therapy ရဲ့အလုပ်ဟာ ကိုယ့်နေ့စဉ်ဘဝထဲ ရောက်လာပြီဆိုတဲ့ သဘောပဲ။

ဒါကြောင့် Between-Session Task ဆိုတာ စာရွက်တစ်ရွက်ပေါ်မှာ အဖြေတွေဖြည့်ရတာမျိုးတင် မဟုတ်ပါဘူး။

◼️တချို့အချိန်တွေမှာ ကိုယ့်အတွေးတွေကိုမှတ်သားကြည့်တာ ဖြစ်နိုင်တယ်။

◼️တချို့အချိန်မှာ ကိုယ့်ရဲ့ mood၊ anxiety၊ sleep pattern လေးတွေကို သတိထားကြည့်တာ ဖြစ်နိုင်တယ်။

◼️တချို့အချိန်မှာ အရင်ကရှောင်ခဲ့တဲ့အရာလေးတစ်ခုကို နည်းနည်းချင်းစမ်းကြည့်တာဖြစ်နိုင်တယ်။

တချို့ Therapy တွေမှာတော့ journaling လုပ်တာ၊ mindfulness လေ့ကျင့်တာ၊ thought record ရေးတာ၊ behavioral experiment လုပ်တာမျိုးတွေ ပါလာနိုင်ပါတယ်။

အဓိကကတော့…
“Session မှာသိလာတာ” ကနေ “ဘဝထဲမှာအသုံးချလာနိုင်တာ” ဆီကို ပြောင်းပေးနိုင်ဖို့ပါပဲ။

🔲 သုတေသနတွေမှာလည်း Therapy အတွင်းက between-session homework ကို ပိုပြီးပါဝင်လုပ်ဆောင်နိုင်တဲ့သူတွေနဲ့ treatment outcome ပိုကောင်းလာမှုကြား ဆက်နွယ်မှု တွေ့ရှိထားပါတယ်။

🔲 CBT ဆိုင်ရာ meta-analysis တစ်ခုမှာလည်း homework ရဲ့ quantity နဲ့ quality နှစ်မျိုးလုံးဟာ treatment outcome နဲ့ ဆက်နွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။

ဒါပေမယ့် ဒီနေရာမှာ အရေးကြီးတဲ့အချက်လေးတစ်ခုရှိပါတယ်။

📌 Task ကိုပြီးအောင်လုပ်နိုင်တာတစ်ခုတည်းက Therapy ရဲ့အောင်မြင်မှုကို မတိုင်းတာနိုင်ပါဘူး။

တချို့လူတွေက task မလုပ်ဖြစ်တဲ့အခါ
“ငါ Therapy ကိုတောင် သေချာမလုပ်နိုင်ဘူး”
“ငါက စည်းကမ်းမရှိဘူး”
“ငါ့မှာ ပြောင်းလဲချင်စိတ်မရှိဘူးထင်တယ်”

ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်အပြစ်တင်တတ်ကြပါတယ်။

တကယ်တော့ မလုပ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကပဲ Therapy ထဲမှာ ပြန်လည်နားလည်ရမယ့် အချက်တစ်ခုဖြစ်နေနိုင်ပါတယ်။

◼️Task ကိုလုပ်ဖို့အချိန်မရှိတာလား။
◼️လုပ်ရမှာကို မေ့သွားတာလား။
◼️လုပ်ဖို့စဉ်းစားတိုင်း စိတ်မသက်မသာဖြစ်လာတာလား။
◼️လုပ်လိုက်ရင် ကိုယ့်အတွင်းက တစ်ခုခုကို ရင်ဆိုင်ရမှာကြောက်နေတာလား။ ဒါမှမဟုတ်
◼️ Task ကို ကိုယ့်အတွက်အလွန်ကြီးမားလွန်းတယ်လို့ ခံစားနေရတာလား။

ဒီအရာတွေဟာ “Homework မပြီးဘူး” ဆိုတဲ့ အဖြေတစ်ခုထက် ပိုပြီးအဓိပ္ပါယ်ရှိနိုင်ပါတယ်။

ဒါကြောင့် ကျွန်မတို့ Therapist တွေဘက်က
Homework ဆိုင်ရာတွေ followup လုပ်တဲ့အခါ အဲ့ဒါဟာ အမှတ်ပေးဖို့မဟုတ်ပါဘူး။

“ဘယ်လောက်ပြီးအောင်လုပ်နိုင်လဲ” ဆိုပြီး ကိုယ့်ကိုအကဲဖြတ်ဖို့လည်း မဟုတ်ပါဘူး။

အဲ့ဒီအစား…

“ဒီအပတ်မှာ ကိုယ့်ဘဝထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာ တို့တွေ အတူတူ explore လုပ်ကြည့်ကြမယ်” ဆိုတဲ့ သဘောမျိုးပိုဖြစ်ပါတယ်။

2023 ခုနှစ် systematic review တစ်ခုမှာလည်း Between-Session Homework ကို client ရဲ့ treatment goals နဲ့ ကိုက်ညီအောင် therapist နဲ့ client နှစ်ဖက်ပူးပေါင်းစီစဉ်ခြင်း၊ လုပ်ဆောင်ရမယ့်အကြောင်းပြချက်ကို နားလည်စွာရှင်းပြခြင်း၊ နောက် session မှာ ပြန်လည်သုံးသပ်ခြင်းတွေက session engagement ကို ပိုကောင်းစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

ဒါကြောင့် Therapy Task ဆိုတာ Therapist ကပြောတာကို client က တဖက်သတ်လိုက်လုပ်ရတဲ့ပုံစံမျိုး မဖြစ်သင့်ပါဘူး။

ကိုယ်တိုင်လည်း ပြောနိုင်ပါတယ်။

“ဒီဟာလုပ်ဖို့ ခက်နေတယ်”
“ဒီ Task ကိုလုပ်ရတာ အရမ်းစိတ်ဖိစီးတယ်”
“ကျွန်မအတွက် ဒီနည်းလမ်းက အဆင်မပြေဘူးထင်တယ်”
“ဒီတစ်ပတ်မှာ ဒီလောက်ပဲ လုပ်နိုင်မယ်ထင်တယ်” ဆိုတာတွေကို ပြန်ပြောလို့ရပါတယ်။ ဒါကိုလည်း ကျွန်မရဲ့ session တွေထဲမှာ မကြာမကြာရှိနေတတ်တယ်။

အဲ့ဒီလိုပြောနိုင်ခြင်းက Therapy ကို ပျက်ကွက်တာမဟုတ်ပါဘူး။
တကယ်တော့ Therapy ကို ကိုယ့်ရဲ့အခြေအနေနဲ့အညီ ပိုပြီးပူးပေါင်းတည်ဆောက်လာနိုင်တာ ဖြစ်ပါတယ်။

တချို့အချိန်မှာ Task တစ်ခုက အလွန်သေးငယ်နေနိုင်ပါတယ်။

ဥပမာ…

▪️တစ်နေ့ကို ကိုယ့်ခံစားချက်တစ်ခုကိုပဲ မှတ်သားကြည့်တာ။
▪️တစ်ကြိမ်တည်းပဲ အတွေးတစ်ခုကို ပြန်စစ်ကြည့်တာ။
▪️အမြဲရှောင်နေတဲ့ conversation တစ်ခုမှာ စကားတစ်ကြောင်းလောက် ပိုပြီးရိုးသားစွာပြောကြည့်တာ။

ဒီလိုအရာလေးတွေဟာ အပြင်ကကြည့်ရင် အလွန်သေးငယ်နေတတ်ပါတယ်။

ဒါပေမယ့် Psychology မှာ ပြောင်းလဲမှုဆိုတာ တစ်ခါတည်းအကြီးအကျယ်ဖြစ်သွားတာထက်… အတွေ့အကြုံအသစ်တွေကို ထပ်ခါထပ်ခါရရှိလာရင်း old pattern တွေကို ပြန်လည်လေ့ကျင့်ပြင်ဆင်သွားခြင်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် Therapy ဆိုတာ Session ချိန် မိနစ် ၅၀ လေးတင်မဟုတ်ပါဘူး။ Therapy ဟာ ကိုယ့်ဘဝထဲကနေ ခဏထွက်လာပြီး Session ထဲမှာသာ သွားလုပ်ရတဲ့အရာမဟုတ်ပါဘူး။

‼️ ကိုယ့်ဘဝထဲကို ပြန်ဝင်လာပြီး အဲ့ဒီဘဝထဲမှာပဲ တဖြည်းဖြည်းပြောင်းလဲသွားနိုင်ဖို့အတွက် လေ့ကျင့်ပေးနေတဲ့အရာတစ်ခုပါ။

ဒီလိုမျိုး သေးငယ်တဲ့အပြောင်းအလဲလေးတွေ စုစုလာရင်းနဲ့ပဲ တဖြည်းဖြည်း ကိုယ့်ဘဝထဲမှာ တကယ်ထိရောက်အကျိုးရှိတဲ့ Therapy ဖြစ်လာစေပါတယ်။

Andrea
MSc Psychology (UK)

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်းခွင့်မပြုပါ။

References:
Mausbach, B. T., et al. (2010). The Relationship Between Homework Compliance and Therapy Outcomes: An Updated Meta-Analysis. Cognitive Therapy and Research, 34, 429–438.

Kazantzis, N., et al. (2016). Quantity and Quality of Homework Compliance: A Meta-Analysis of Relations With Outcome in Cognitive Behavior Therapy. Behavior Therapy, 47(5), 755–772.

Ryum, T., Bennion, M., & Kazantzis, N. (2023). Integrating Between-Session Homework in Psychotherapy: A Systematic Review of Immediate In-Session and Intermediate Outcomes. Psychotherapy, 60(3), 306–319.

လူတွေဟာ 🔲 ကိုယ်ရပ်တည်ရှင်သန်နေတဲ့ ပတ်ဝန်းကျင်၊ ရပ်ဝန်းတွေအတွင်းမှာ လုံခြုံတယ် လို့ ခံစားရတဲ့အခါ၊🔲 “ဒီနေရာမှာ ငါလည်း သက်ဆ...
05/09/2026

လူတွေဟာ

🔲 ကိုယ်ရပ်တည်ရှင်သန်နေတဲ့ ပတ်ဝန်းကျင်၊ ရပ်ဝန်းတွေအတွင်းမှာ လုံခြုံတယ် လို့ ခံစားရတဲ့အခါ၊

🔲 “ဒီနေရာမှာ ငါလည်း သက်ဆိုင်တယ်” ဆိုတဲ့ belonging ကို ခံစားရတဲ့အခါ၊

🔲 တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်၊ စာနာပေးနိုင်၊ ဖေးမပေးနိုင်တဲ့ လူတွေအနားမှာ ရှိတဲ့အခါ…

သူတို့ရဲ့စိတ်ဟာ ဒေါသတွေ၊ ဝမ်းနည်းမှုတွေ၊ ကြောက်ရွံ့မှုတွေကြားမှာ အမြဲတမ်း ရှင်သန်နေဖို့ မလိုတော့ဘဲ ပိုပြီး တည်ငြိမ်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ state (optimal state) ဆီကို ပြန်ရောက်လာနိုင်တယ်။

အထူးသဖြင့် ကိုယ့်အနားမှာရှိတဲ့ လူတွေဆီက co-regulation ကို ရရှိတဲ့အခါ စိတ်ခံစားချက်တွေကို ကိုင်တွယ်တဲ့နေရာမှာဖြစ်စေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာဖြစ်စေ ကိုယ့်ရဲ့ nervous system က ပိုပြီး တည်ငြိမ်လာပြီး အခက်အခဲတွေကိုလည်း ပိုတည်ငြိမ်စွာ ရင်ဆိုင်နိုင်လာတတ်တယ်။

◻️မေတ္တာတရားနဲ့ ဆက်သွယ်မှုတွေ၊
◻️စဉ်းစားဆင်ခြင်မှုပါတဲ့ engagement တွေ၊
◻️ကိုယ်ချင်းစာနာမှုတွေ၊
◻️လိုအပ်တဲ့အချိန်မှာ ဖေးမကူညီပေးနိုင်တဲ့ supportive presence တွေ….

စတာတွေ ဟာ လူတစ်ယောက်အတွက် “ငါတစ်ယောက်တည်း မဟုတ်ဘူး” ဆိုတဲ့ အတွေ့အကြုံကို ပေးနိုင်တယ်။ အဲဒီလို လုံခြုံတဲ့ relational experiences တွေကနေတစ်ဆင့် လူတစ်ယောက်ဟာ ပိုပြီး လေ့လာနိုင်လာတယ်၊ တိုးတက်နိုင်လာတယ်၊ ပြောင်းလဲနိုင်လာတယ်။

တဖက်မှာလည်း ကိုယ့်အနီးပတ်ဝန်းကျင်ရဲ့ compassion တွေကို လက်ခံရင်း ကိုယ့်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ၊ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို ပြန်သတိထားကြည့်နိုင်တဲ့ interoceptive awareness တွေလည်း တဖြည်းဖြည်း ပို တည်ဆောက်လာနိုင်ပါတယ်။

ဒါကြောင့် ဒီလို safe and supportive relational experience တွေကို Therapy ကတဆင့် ရရှိစေနိုင်ခြင်းဟာလည်း Therapy process ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျွန်မတော့ မြင်မိတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို နားလည်ကြည့်တဲ့အခါ သူ့အတွင်းမှာပဲ ဖြစ်ပေါ်နေတဲ့အရာတွေကို ကြည့်ရုံနဲ့ မလုံလောက်တတ်ပဲ… relational experiences တွေကိုလည်း သတိထားရတယ်။

(📌 ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ သူ့ရဲ့ relationship တွေ၊ ပတ်ဝန်းကျင်တွေနဲ့ အဆက်အသွယ်မရှိဘဲ သီးခြားရှင်သန်နေတဲ့သူ မဟုတ်လို့ပါပဲ။)

◼️အလုပ်မှာကြုံရဆုံရတဲ့ ခက်ခဲတဲ့ ဆက်ဆံရေးတွေကြောင့် stress ဖြစ်နိုင်တယ်။
ďżź
◼️အိမ်မှာ မိသားစုဝင်တွေနဲ့ ဆက်ဆံရေးအဆင်မပြေတာတွေကြောင့် စိတ်ပင်ပန်းနိုင်တယ်။

◼️ကိုယ့်ဘေးက partner နဲ့ relationship အတွင်းမှာပဲ နာကျင်မှုတွေ၊ မလုံခြုံမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။

ဒါတွေဟာ တခါတလေ “ကိုယ့်စိတ်ထဲမှာ အခက်အခဲရှိလို့” သက်သက်မဟုတ်ဘဲ ကိုယ်နေထိုင်ဆက်ဆံနေရတဲ့ relational environment နဲ့လည်း ဆက်စပ်နေတတ်တယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်မအနေနဲ့ IPNB (Interpersonal Neurobiology) lens ကနေလည်း ဒီရှုထောင့်ကို သတိတရ ကြည့်ဖြစ်တယ်။ လူတွေအတွက် ဆက်နွယ်မှု (connection)၊ နဲ့ လုံခြုံမှု (safety)ဟာ Core biological needs တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်ပေါ်လာတဲ့ co-regulation ကနေတဆင့် သက်ဆိုင်မှု (belongingness) နဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိနိုင်မှု (regulation) တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒီကနေတဆင့် ကိုယ့်အတွင်းမှာ ဖြစ်ပေါ်နေတဲ့အရာတွေနဲ့ ကိုယ့်အပြင်က အခြေအနေကြားမှာပိုပြီး ချိတ်ဆက်နားလည်နိုင်တဲ့ (integration) ကိုလည်း အထောက်အကူပြုနိုင်တယ်။

ဒါကြောင့် လူတစ်ယောက်ယောက်ရဲ့ စိတ်ကို ချဉ်းကပ်နားလည်ကြ်ည့ဖို့ ကြိုးစားတဲ့အခါ ကျွန်မ အမြင်အရတော့

◻️“သူ့အတွင်းမှာ ဘာဖြစ်နေလဲ” ဆိုတာနဲ့အတူ
◻️ “သူဘယ်လိုပတ်ဝန်းကျင်ထဲမှာ ရှင်သန်နေရလဲ၊ ဘယ်လို relationship တွေကြားမှာ ရှိနေလဲ” ဆိုတာကိုပါ ကြည့်ဖို့ လိုတယ်လို့ မြင်မိတယ်။

တခါတလေမှာ

လုံခြုံစွာ ရှိနေနိုင်တဲ့ ရပ်ဝန်းတစ်ခု၊
နားလည်ပေးနိုင်တဲ့ လူတစ်ယောက်၊
ဖေးမပေးနိုင်တဲ့ supportive presence တစ်ခုကလည်း လူတစ်ယောက်ရဲ့စိတ်ကို ပြန်လည်တည်ငြိမ်လာဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။

ကျွန်မတို့ဟာ တစ်ယောက်တည်း ဖြစ်တည်လာကြတာ မဟုတ်တတ်ကြပါဘူး။ ကျွန်မတို့ ရှင်သန်ခဲ့တဲ့ relationship တွေ၊ ရရှိခဲ့တဲ့ connection တွေ၊ ခံစားခဲ့ရတဲ့ safety တွေကလည်း ကိုယ့်စိတ်ကို ပုံဖော်ပေးနေတတ်ပါတယ်။

-Andrea, MSc Psychology (LJMU)

📍စိတ်ကျန်းမာရေးဆိုတာ ဟာသတစ်ခု မဟုတ်ပါဘူး”တခါတရံမှာ ကျွန်မတို့တွေဟာ ကိုယ့်ရဲ့ နာကျင်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဟန်ဆောင်ရ...
04/09/2026

📍စိတ်ကျန်းမာရေးဆိုတာ ဟာသတစ်ခု မဟုတ်ပါဘူး”

တခါတရံမှာ ကျွန်မတို့တွေဟာ ကိုယ့်ရဲ့ နာကျင်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဟန်ဆောင်ရယ်မောတတ်ကြပါတယ်။

ဒါပေမယ့် တချို့သောအချိန်တွေမှာတော့ တခြားသူတွေရဲ့ နာကျင်ခံစားရမှုတွေကို နားလည်မှုလွဲမှားပြီး လှောင်ပြောင်စရာ ဟာသတစ်ခုလို သဘောထားတတ်ကြတာကိုလည်း မြင်တွေ့ရတတ်ပါတယ်။

တကယ်တော့ စိတ်ကျန်းမာရေးဆိုတာ ဟာသတစ်ခု မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးပြဿနာတွေကို ဟာသတစ်ခုလို သဘောထားပြီး လှောင်ပြောင်တာတွေက တကယ့်ကို ကြီးမားပြီး ရေရှည်ခံစားရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

စကားလုံးတွေရဲ့ သက်ရောက်မှုဟာ သိပ်ကို ကြီးမားတတ်ပါတယ်။

🔲 စိတ်ခံစားချက် အတက်အကျမြန်တဲ့သူတွေကို "Bipolar ဖြစ်နေလား" လို့ အလွယ်တကူ ပြောဆိုတတ်ကြတာမျိုးတွေ၊

🔲 သပ်သပ်ရပ်ရပ် နေတတ်လွန်းသူတွေကို "OCD ဖြစ်နေတယ်" လို့ နောက်ပြောင်တတ်ကြတာမျိုးတွေပေါ့။

ဒီလို ပေါ့ပေါ့တန်တန် ပြောဆိုလိုက်တဲ့ စကားလေးတွေက အန္တရာယ်ရှိတဲ့ ခွဲခြားဆက်ဆံမှု (Stereotypes) တွေကို ပိုမိုအားကောင်းလာစေပါတယ်။

ကျွန်မတို့တွေဟာ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေကို စာနာမှုနဲ့အတူ ဘယ်တော့မှ ဟာသလုပ် မရယ်မောတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါတွေဟာ ဘယ်လောက်တောင် နာကျင်ခံစားရလဲ၊ ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာကို နားလည်ထားကြလို့ပဲ ဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာလည်း အလားတူ လေးစားမှုနဲ့ စာနာနားလည်မှုမျိုး ရရှိဖို့ အပြည့်အဝ ထိုက်တန်ပါတယ်။

အထူးသဖြင့် အခုလို ခက်ခဲကျပ်တည်းမှုတွေ၊ မလုံခြုံမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရတဲ့ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် လူတိုင်းလိုလိုဟာ မမြင်ရတဲ့ စိတ်ဒဏ်ရာတွေကိုယ်စီ သယ်ပိုးထားကြရပါတယ်။ စိတ်ကျဝေဒနာ (Depression)၊ စိုးရိမ်သောက (Anxiety)၊ စိတ်ဒဏ်ရာအလွန်ဖိစီးမှုဝေဒနာ (PTSD) စတာတွေဟာ နာမည်တပ်ထားတဲ့ စကားလုံးတွေသက်သက် မဟုတ်ပါဘူး။ ဒီအရာတွေဟာ လူတစ်ယောက်ရဲ့ တွေးခေါ်ပုံ၊ ခံစားပုံနဲ့ ရှင်သန်နေထိုင်မှုတွေအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ တကယ့်အခြေအနေမှန်တွေပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေ့လာချက်အရ လူလေးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ စိတ်ကျန်းမာရေးပြဿနာတစ်ခုခုကို ခံစားရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဒီကိစ္စဟာ တခြားသူတွေရဲ့ ပြဿနာသက်သက်မဟုတ်ဘဲ ကျွန်မတို့ရဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ညီအစ်ကိုမောင်နှမ ဒါမှမဟုတ် ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်။

ဒါပေမယ့်လည်း လူမှုပတ်ဝန်းကျင်ရဲ့ ခွဲခြားနှိမ်ချမှုတွေ (Stigma) ကြောင့် လူအတော်များများဟာ အကူအညီတောင်းခံမယ့်အစား တိတ်တိတ်လေးပဲ ကြိတ်ပြီး ခံစားနေကြရဆဲပါ။

စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ဟာသလုပ်ခြင်းက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမကဘဲ သူတို့ကို ပိုပြီး အထီးကျန်သွားစေနိုင်ပါတယ်။ ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုအတွက် သူတို့ကို ရှက်ရွံ့သွားစေပြီး အဲ့ဒီအရှက်တရားကနေတဆင့် နှုတ်ဆိတ်သွားစေနိုင်ပါတယ်။

ဒါဆို ကျွန်မတို့ ဘာတွေလုပ်ပေးနိုင်မလဲ?
ကောင်းတဲ့အချက်ကတော့ ကျွန်မတို့တွေဟာ ဒီလိုအခြေအနေတွေကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ် ဆိုတာပါပဲ။

▪️ စကားမပြောခင်မှာ တစ်ကြိမ်လောက် အရင်စဉ်းစားပေးပါ။

▪️ ကိုယ်တိုင်နဲ့ အခြားသူတွေကို စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးပါ။

▪️ အပြစ်တင်ဝေဖန်တာမျိုးမလုပ်ဘဲ လိုအပ်တဲ့ အကူအညီတွေကိုသာ ကမ်းလှမ်းပေးပါ။

▪️ ပြဿနာတွေကို ဟာသလုပ်ပြီး ပေါ့ပေါ့ဆဆနေမယ့်အစား ဂရုတစိုက် နားထောင်ပေးတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရှိနေပေးပါ။

စိတ်ကျန်းမာရေးပြဿနာတွေဟာ လူရွေးပြီး ဖြစ်တတ်တာမဟုတ်ပါဘူး။ ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဝင်နေသူတွေ၊ မိဘတွေနဲ့ ကလေးတွေ အစရှိသူတွေအားလုံးမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် သိနားလည်ရုံနဲ့မလုံလောက်ဘဲ လက်တွေ့မှာပါ ဖေးမကူညီပေးသူတွေ (active allies) ဖြစ်ဖို့ လိုအပ်ပါတယ်။

📌အွန်လိုင်းလူမှုကွန်ရက်တွေကို အသုံးပြုတဲ့အခါမှာလည်း တစ်ပါးသူကို ဟာသလုပ်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေရရှိစေဖို့အတွက်သာ အားပေးဝန်းရံကူညီပေးဖို့ လိုအပ်ပါတယ်။

ကျွန်မတို့တွေ အသံထွက်ပြီး ကာကွယ်ပြောဆိုပေးတိုင်း လူတစ်ယောက်ဟာ သူ့ကို နားလည်ပေးမယ့်သူရှိတယ်လို့ ခံစားရပါလိမ့်မယ်။

ကျွန်မတို့တွေ သေချာနားထောင်ပေးတိုင်း လူတစ်ယောက်အတွက် ခွန်အားတွေ ရရှိစေပါလိမ့်မယ်။

ကျွန်မတို့တွေ စိတ်ကျန်းမာရေးကို အလေးအနက်ထားလေလေ… တိတ်တဆိတ် နာကျင်ခံစားနေရသူတွေ ကင်းစင်တဲ့ကမ္ဘာကြီးဆီကို ပိုနီးစပ်လာလေလေပါပဲ။

ဒါကြောင့် စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို ပေါ့ပေါ့တန်တန် မသုံးမိဖို့၊ တစ်ဖက်လူရဲ့ နာကျင်မှုကို ဟာသအဖြစ် မပြောင်းလဲမိဖို့ အရေးကြီးပါတယ်။

စိတ်ကျန်းမာရေးဟာ ဟာသတစ်ခုမဟုတ်ပါဘူး။

ဒါကြောင့်

မရယ်ခင် နည်းနည်းစဉ်းစားကြရအောင်။
မပြောခင် နည်းနည်းစာနာကြရအောင်။ 🌿

-Andrea, MSc Psychology (LJMU)



References
American Psychological Association. (2020). Stigma, prejudice and discrimination against people with mental illness.
World Health Organization. (2022). World mental health report: Transforming mental health for all. World Health Organization.

တခြားသူတိုက်တွန်းမှုကြောင့် Therapy ထဲ ရောက်လာတဲ့အခြေအနေတွေမှာ “Therapy မအောင်မြင်နိုင်ဘူး” လို့တော့ ကျွန်မတို့ ယတိပြတ် ...
02/09/2026

တခြားသူတိုက်တွန်းမှုကြောင့် Therapy ထဲ ရောက်လာတဲ့အခြေအနေတွေမှာ “Therapy မအောင်မြင်နိုင်ဘူး” လို့တော့ ကျွန်မတို့ ယတိပြတ် မပြောနိုင်ပါဘူး။ Intrinsic Motivation ဟာ အရေးကြီးတယ်ဆိုပေမယ့် ကျွန်မအတွေ့အကြုံအရတော့ တခြားသူတွေရဲ့ တိုက်တွန်းမှုကြောင့် Therapy ထဲ ရောက်လာကြတဲ့ Client တွေမှာလည်း ကိုယ့်ဘဝမှာ ပြောင်းလဲမှုတစ်ခု လိုအပ်နေတယ်ဆိုတာကို တဖြည်းဖြည်း နားလည်လာပြီး Therapy ထဲမှာ အတူပါဝင်အလုပ်လုပ်ရင်း ပြောင်းလဲမှုကို ဖန်တီးသွားကြတာတွေလည်း ရှိတတ်လေ့ရှိပါတယ်။

ဒါပေမယ့် “ငါ့အတွက် ဒီအရာက ဘာကြောင့် အရေးကြီးတာလဲ” ဆိုတဲ့ ကိုယ်ပိုင်အကြောင်းပြချက်ကို client ကိုယ်တိုင် “မတွေ့ရှိသေးရင်တော့”Therapeutic Engagement က ထဲထဲဝင်ဝင်ဖြစ်လာဖို့ ခက်ခဲနိုင်တယ်လို့ ကျွန်မအနေနဲ့ မြင်မိပါတယ်။

ဒါ့အပြင် Therapist ရဲ့ role က Client အတွက် ပြောင်းလဲဖို့ သင့်၊ မသင့် အကြောင်းပြချက်ကို ကိုယ်စား ရှာပေးခြင်းမဟုတ်ပါဘူး။
Client ကိုယ်တိုင်ဟာ သူ့ဘဝ၊ သူ့တန်ဖိုးထားမှုတွေနဲ့ သူ့လိုအပ်ချက်တွေအပေါ် အခြေခံပြီး “ဒီအပြောင်းအလဲက ငါ့အတွက် ဘာကြောင့် အရေးကြီးတာလဲ” ဆိုတာ ကိုယ်တိုငါ ရှာဖွေတွေ့ရှိလာနိုင်အောင် Therapeutic space ကို ဖန်တီးကူညီအလုပ်လုပ်ပေးခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် space ဖန်တီးပေးရုံနဲ့လည်း မလုံလောက်နိုင်ပြန်ပါဘူး။ ဖန်တီးပေးနေသည့တိုင် Client ကိုယ်တိုင် စိတ်ပါဝင်စားမှု၊ ပူးပေါင်းပါဝင်လိုစိတ်နဲ့ ပြောင်းလဲဖို့အတွက် ကိုယ်ပိုင်အကြောင်းပြချက်ကို ရှာဖွေလိုစိတ် မရှိသေးရင် therapist က အဲဒီအရာကို သူ့အစား လုပ်ပေးလို့မရနိုင်ပါဘူး။

Therapist က လမ်းကို အတူရှာဖွေကြည့်ပေးနိုင်တယ်။ မေးခွန်းတွေကနေ စဉ်းစားကြည့်နိုင်အောင် ကူညီပေးနိုင်တယ်။ Ambivalence တွေကို နားလည်အောင် ကူညီပေးနိုင်တယ်။ ဒါပေမယ့် “ဒီအရာကို ငါကိုယ်တိုင် ပြောင်းချင်တယ်” ဆိုတဲ့ ခံစားချက်နဲ့ ဆုံးဖြတ်မှုကိုတော့ client ကိုယ်တိုင် အတူအလုပ်လုပ်ရင်း တဖြည်းဖြည်း ရှာဖွေတည်ဆောက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် တခါတလေ therapy မှာ အရေးကြီးဆုံးမေးခွန်းက
“ဘယ်လိုလုပ်ကြမလဲ?” မဟုတ်သေးဘဲ
“ငါ့အတွက် ဘာကြောင့် ပြောင်းဖို့လိုတာလဲ?” ဆိုတာ ဖြစ်နေနိုင်ပါတယ်။

-Andrea, MSc Psychology (LJMU)

⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

"Therapeutic work is fundamentally relational." လို့ ကျွန်မကတော့ မြင်မိပါတယ်။ကျွန်မတို့ Therapist တွေဟာ client တွေရဲ့ အတ...
01/09/2026

"Therapeutic work is fundamentally relational." လို့ ကျွန်မကတော့ မြင်မိပါတယ်။

ကျွန်မတို့ Therapist တွေဟာ client တွေရဲ့ အတွေ့အကြုံတွေကို နားလည်ဖို့၊ ခံစားချက်တွေကို explore လုပ်ဖို့နဲ့ Change အတွက် therapeutic relationship တစ်ခုကို တည်ဆောက်ဖို့ Client နဲ့အတူ ကြိုးစားကြတယ်။

ဒါပေမယ့် ဒီ relational work ထဲမှာ therapist ကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင် ဝင်ရောက်နေသူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ emotional experiences တွေရော၊ personal history တွေ၊ နောက် ယုံကြည်မှုဆိုင်ရာတွေ၊ ဖြစ်ပေါ်နေတတ်တဲ့ ခံစားချက်တွေနဲ့ relational patterns တွေက therapy process အပေါ် သက်ရောက်မှု ရှိသွားနိုင်တာကို သတိထားသင့်ပါတယ်။

အထူးသဖြင့် client ရဲ့ အချို့သော စိတ်ခံစားချက်တွေဟာ therapist ကိုယ်တိုင်အတွက် uncomfortable ဖြစ်စေနိုင်တာတွေရှိိနိုင်တယ်။

ဥပမာဆိုရရင်

🔲 Client က အရမ်းဝမ်းနည်းနေတယ် ဆိုပါစို့။ ဒီလိုအခြေအနေမှာ Therapist ကိုယ်တိုင်က ဒီ sadness ကို မခံနိုင်ရင် “မစိုးရိမ်ပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ” ဆိုပြီး လျင်လျင်မြန်မြန်ဆိုသလို reassurance ပေးချင်လာနိုင်တတ်တယ်။

🔲 Client က အရမ်းဒေါသထွက်နေတယ် ဆိုပါစို့။ Therapist ကိုယ်တိုင်က ဒီဒေါသကို သက်တောင့်သက်သာမဖြစ်နေရင် “အဲ့လောက်ဒေါသထွက်စရာ မလိုပါဘူး” ဆိုပြီး စိတ်ခံစားချက်တွေကို လျှော့ချချင်လာနိုင်တယ်။

ဒီတော့ Client ဖြစ်သူရဲ့ မသေချာမှုတွေ၊ တစ်ခုခု တစ်ယောက်ယောက်အပေါ် dependency တွေ၊ ငြင်းပယ်ခံရမှုတွေ၊ ဝေဖန်ခံရမှုတွေ ဒါမှမဟုတ် အကူအညီကင်းမဲ့သလို ခံစားချက်တွေက therapist ရဲ့ ကိုယ်ပိုင် emotional history တချို့နဲ့ ထိတွေ့လာတဲ့အခါမှာ ကိုယ့် response ကို သတိမထားမိဘဲ ပုံဖော်သွားနိုင်တာကို ကျွန်မတို့တွေ ကောင်းကောင်းသတိပြုသင့်တယ်။

ဒီနေရာမှာ countertransference awareness က အရေးကြီးလာတော့တယ်။ Countertransference ကို “မဖြစ်အောင် ရှောင်ရမယ့်အရာ” တစ်ခုအဖြစ်သာ မမြင်ဘဲ client နဲ့ therapeutic relationship ထဲမှာ ကိုယ့်အတွင်း ဘာတွေဖြစ်ပေါ်နေသလဲဆိုတာကို စူးစမ်းဖို့ signal တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။

◻️ “ဒီ client ကို ဘာကြောင့် ဒီလောက်ထိ ကူညီပေးချင်နေရတာလဲ?”
◻️ “ဘာကြောင့် ဒီ client ရဲ့ ဒေါသဟာ ငါ့အတွက် ခက်ခဲနေရတာလဲ?”
◻️ “သူ့ရဲ့ withdrawal က ငါ့အတွင်းမှာ ဘာခံစားချက်ကိ ဖြစ်စေတာလဲ?”
◻️ “အခု ငါလုပ်ဆောင်ချင်နေတဲ့ intervention က client ရဲ့လိုအပ်ချက်ကြောင့်လား ဒါမှမဟုတ် ငါ့ကိုယ်ပိုင် discomfort ကို လျော့ချချင်လို့လား?”

ဒီလို self-reflective questions တွေက ကိုယ်ကြုံနေရတဲ့ client ရဲ့ အတွေ့အကြုံနဲ့ ကိုယ့်ရဲ့ personal reaction ကို ခွဲခြားမြင်နိုင်ဖို့ ကူညီပေးနိုင်တယ်။

ကျွန်မတို့သတိရှိိနိုင်တာက ကျွန်မတို့ကိုယ်တိုင်လည်း လူသားဖြစ်နေတဲ့အ၃တွက် စိတ်ပူနိုင်တယ်။ မသေချာမှုကို မသက်မသာ ဖြစ်စေနိုင်တယ။ ဒါကို Therapist က ကိုယ်တိုင် သတိပြုနိုင်ပြီး process လုပ်နိုင်ဖို့ပါ။

ဘာကြောင့်လဲဆိုတော့ therapeutic relationship ထဲမှာ client ရဲ့ ခံစားချက်တွေကို လုံခြုံစွာ အလုပ်လုပ်နိုင်ဖို့ဆိုရင် therapist ကလည်း အဲ့ဒီ emotions တွေကြောင့် ချက်ချင်း overwhelm မဖြစ်သွားဘဲ (သို့) အလျင်စလို ပြုပြင်ပစ်ဖို့မလိုဘဲ အတူရှိပေးနိုင်တဲ့ emotional capacity တစ်ခု လိုအပ်လို့ပါ။ ဒီလိုပြောလို့ therapist က အမြဲတမ်း perfect ဖြစ်နေရမယ်ဆိုတဲ့သဘောဆီ ဆိုလိုတာ မဟုတ်ပါဘူးနော်။

ဒီအ၇◌ာတွေအတွက်က Self-awareness တွေ၊ ongoing reflection တွေ၊ နောက် ပုံမှန်ယူနေတဲ့ supervision တွေနဲ့ ကိုယ့်ရဲ့ countertransference patterns တွေကို ဆက်လက်စူးစမ်းနိုင်ခြင်းက therapeutic practice ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ကျွန်မကတော့ မြင်မိတယ်။

Therapist ရဲ့ အလုပ်ဟာ client ရဲ့ emotion ကို အတင်း ပြောင်းလဲပေးဖို့မဟုတ်ဘဲ “ဒီခံစားချက်နဲ့အတူ ဒီနေရာမှာ ခဏလောက် အတူရှိနေလို့ရတယ်” ဆိုတဲ့ relational experience တစ်ခုကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီလို space တစ်ခုကို client အတွက် ဖန်တီးပေးနိုင်ဖို့ therapist ကိုယ်တိုင်လည်း ကိုယ့်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ feelings တွေကို သတိထားနိုင်၊ နားလည်နိုင်၊ စူးစမ်းနိုင်၊ အလုပ်လုပ်နိုင်ဖို့ လိုအပ်တယ်။ မဟုတ်ရင် ဒါတွေဟာ Theraputic work မှာ သက်ရြောက်မှု ရှိသွားနိုင်တယ်။ ရှိသွားတတ်တယ်။

Therapist ဆိုတာ Technique တွေကိုပဲ အသုံးပြုပြီး Client အပေါ် ဆက်ဆံနေရတာ မဟုတ်ပါဘူး။ ဒါဟာ လူသားတစ်ယောက်နဲ့ လူသားတစ်ယောက်ကြား ဆက်ဆံတွေ့ဆုံနေကြတာပါ။ ဒါသည်လည်း relational work ပါပဲ။

ဒါကြောင့် Therapist သည်လည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ History၊ နောက် Emotional Experiences တေါ နဲ့ Relational Patterns တွေဟာ ကိုယ်ပေးနေတဲ့ Therapeutic Relationship ထဲကို တစ်နည်းနည်းနဲ့ ပါလာနိုင်တတ်တယ်။ ဒါတွေကို ကိုယ်တိုင်ဟာ therapist ဖြစ်လာပြီဆိုရင် သတိထားမိဖို့၊ နားလည်ဖို့နဲ့ တာဝန်ယူပြီး အလုပ်လုပ်နိုင်ဖို့ က Therapist တစ်ယောက်အနေနဲ့ ပိုအရေးကြီးတယ်လို့ ကျွန်မကတော့ ယုံကြည်မိတယ်။ 🌱

-Andrea, MSc Psychology (LJMU)

(Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။)

တခါတလေ ခက်ခဲတဲ့အခြေအနေတွေကြောင့် စိတ်ဖိစီးမှု (stress)၊ overwhelm ဖြစ်မှု၊ စိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ထိန်းညှိတည်ငြိမ်နိ...
29/08/2026

တခါတလေ ခက်ခဲတဲ့အခြေအနေတွေကြောင့် စိတ်ဖိစီးမှု (stress)၊ overwhelm ဖြစ်မှု၊ စိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ထိန်းညှိတည်ငြိမ်နိုင်စွမ်း မရှိခြင်း (dysregulation) တွေ ဖြစ်လာနိုင်တယ်။

ဒါတွေကို Trauma ဆိုပြီး တစ်ထပ်တည်း မသတ်မှတ်မိဖို့တော့ သတိချပ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ Dysregulation ဆိုတာကလည်း stress၊ overwhelm ဖြစ်မှု၊ sleep deprivation၊ anxiety စတဲ့ အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် Dysregulation ဖြစ်တာတစ်ခုတည်းနဲ့ Trauma လို့ သတ်မှတ်လို့ မသင့်ဘူးလို့ မြင်မိတယ်။

နောက်တစ်ခုက ခက်ခဲတဲ့အတွေ့အကြုံတစ်ခုကို ရင်ဆိုင်တဲ့အခါ Safety နဲ့ Strong Social Support မရှိခြင်းကတော့ အခြေအနေကို ပိုပြီး ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ခက်ခဲတဲ့အချိန်တစ်ခုကို ဖြတ်သန်းနေရတဲ့အခါ

◻️ ကိုယ့်မှာ လုံခြုံမှု (Safety) ရှိရဲ့လား
◻️ အားပေးကူညီပေးမယ့် အထောက်အပံ့ (Support) တွေ ရှိရဲ့လား
◻️ ကိုယ့်ခံစားချက်တွေကို ပြောပြနိုင်ပြီး ချိတ်ဆက်နေနိုင်မယ့် Connection ရှိရဲ့လား
◻️ ပြန်လည်အနားယူပြီး တည်ငြိမ်လာဖို့ အချိန်နဲ့နေရာ ရှိရဲ့လား... စတာတွေက အရေးကြီးပါတယ်။

အခြားတစ်ဖက်မှာတော့…
ခက်ခဲတဲ့အတွေ့အကြုံကို လုံခြုံမှုနဲ့ အထောက်အပံ့ရှိတဲ့အခြေအနေမှာ ဖြတ်သန်းနိုင်တဲ့အခါ အခက်အခဲတွေကြားကနေ ပြန်လည်တည်ငြိမ်ပြီး ရှေ့ဆက်နိုင်တဲ့စွမ်းရည် Resilience တည်ဆောက်နိုင်ဖို့ အခွင့်အလမ်း ပိုများလာနိုင်တယ်။

ဒါကြောင့် Resilience ဆိုတာ “ဘာဖြစ်ဖြစ် ခံနိုင်ရမယ်” ဆိုတာ မဟုတ်ဘူး။ တစ်ယောက်တည်း အားတင်းပြီး အရာအားလုံးကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေရတာလည်း Resilience မဟုတ်ပါဘူး။ ခက်ခဲမှုတွေကို လုံခြုံမှုမရှိဘဲ၊ အထောက်အပံ့မရှိဘဲ၊ အချိန်ကြာကြာ တစ်ယောက်တည်း ရင်ဆိုင်နေရတာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တယ်။

အလားတူပဲ အလုပ်နဲ့ဆက်စပ်တဲ့ Stress ကို အချိန်ကြာကြာ ခံနေရပြီး ပြန်လည်နားယူဖို့၊ ပြန်လည်အားဖြည့်ဖို့ အချိန်နဲ့အခွင့်အရေး မလုံလောက်တဲ့အခါ Burnout ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။

ဒီအပေါ် အကြမ်းဖျင်းအားဖြင့် ပြန်ပြောရရင်

🔲 Dysregulation ≠ Trauma ဆိုတာ ကျွန်မတို့ သတိချပ်နိုင်တယ်။

🔲 Hard times + low Safety/Support → Traumatic stress ရဲ့ “risk” ပိုတိုးလာနိုင်တယ်။ ဘာလို့လည်းဆိုတော့ လုံခြုံမှုတွေ၊ သူ ခံစားလိုက်ရတဲ့ အကူအညီကင်းမဲ့မှုတွေ၊ နောက် ခံစားချက်တွေ လွှမ်းမိုးအဆင်မပြေမှုတွေ၊ coping capacity တွေကြောင့်ပဲ ဒီအတွေ့အကြုံကို ဘယ်လို ခံစားခဲ့ရလဲဆိုတာတွေမှာသက်ရောက်မှုရှိသွားစေနိုင်လို့ပါ။

🔲 Hard times + Safety + Support → Resilience ကို support လုပ်ပေးနိုင်တဲ့ “protective factors” တွေ ဖြစ်လာနိုင်သေးတယိ။

🔲 Chronic workplace stress + inadequate recovery → Burnout ရဲ့ risk ပိုတိုးလာနိုင်တယ်။

🌿 ဒါ့ကြောင့် လုံခြုံမှုတွေ၊ support တွေ၊ ပနြ်လည်အနားယူနိုင်ခြင်းတွေက လူတစ်ယောက်ကို ခက်ခဲတဲ့အရာတွေကြားကနေ ပြန်လည်တည်ငြိမ်လာနိုင်အောင် ကူညီပေးနိုင်တဲ့ အရေးကြီးတဲ့အရာတွေ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

-Andrea, MSc Psychology (LJMU)

⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

Therapy session တစ်ခုကို အပြင်ကနေကြည့်ရင် Client က စကားပြောနေပြီး Therapist ဖြစ်သူကတော့ နားထောင်နေတယ်လောက်ပဲ ထင်ရနိုင်ပါ...
28/08/2026

Therapy session တစ်ခုကို အပြင်ကနေကြည့်ရင် Client က စကားပြောနေပြီး Therapist ဖြစ်သူကတော့ နားထောင်နေတယ်လောက်ပဲ ထင်ရနိုင်ပါတယ်။

ဒါပေမယ့် therapist တစ်ယောက်အနေနဲ့ session တစ်ခုအတွင်းမှာ အသုံးပြုနေရတဲ့ effort တွေက အများကြီးရှိတတ်ပါတယ်။ ဒီအထဲမှာ ဘာတွေပါဝင်နေတတ်လဲဆိုတာကို ကျွန်မအနေနဲ့ အနည်းငယ် ရေးသားချင်ပါတယ်။

🔲 စိတ်ခံစားချက်ဆိုင်ရာ သတိထားမှု

Client ရဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ဒေါသ၊ ကြောက်ရွံ့မှု၊ ဆုံးရှုံးမှုတွေကို နားထောင်ရင်း အဲဒီခံစားချက်တွေကို dismissed မလုပ်ဘဲ emotional space တစ်ခု ကောင်းကောင်းပေးထားရတယ်။ တချိန်တည်းမှာလည်း client ရဲ့ခံစားချက်နဲ့အတူ ရှိပေးနေရင်း ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ့်အတွေး၊ ခံစားမှု၊ စကားလုံး၊ အပြုအမူ၊ နောက် non-verbal awareness စတာတွေကို သတိထားရတယ်။ ကိုယ်တိုင် grounded ဖြစ်နေအောင် ထိန်းသိမ်းရတယ်။ ဒီနေရာမှာ တစ်ဘက်ကိုပေးနေတဲ့ empathy မလစ်ဟင်းအောင်ရော၊ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သတိထားရတဲ့ emotional boundaries ရှိအောင်ရော မျှတစွာ ထားရတတ်ပါတယ်။

🔲 စဉ်းစားလုပ်ဆောင်မှုဆိုင်ရာ သတိထားမှု

Client ပြောတဲ့စကားတွေကို နားထောင်ရုံတင်မဟုတ်ဘဲ အဓိပ္ပါယ်တွေ၊ pattern တွေ၊ ပြောဆိုပုံတွေ၊ context တွေကို တစ်ချိန်တည်းမှာ process လုပ်နေရပါတယ်။

“သူဘာပြောနေတာလဲ” ဆိုတာနဲ့အတူ
“ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာ ဘာရှိနိုင်လဲ”
“အခုအချိန်မှာ ဘာကို အာရုံစိုက်သင့်လဲ” ဆိုတာတွေကိုလည်း real-time စဉ်းစားနေရတတ်တယ်။

ဒါကြောင့် listening က ရိုးရိုးနားထောင်ခြင်းထက် cognitive effort ပါဝင်နေတတ်တယ်။ ဒါပေမယ့် သတိချပ်စရာတစ်ခုရှိတာက ဒီအရာတွေကို ချည်းပဲ attention ပေးမိရင်လည်း တစ်ဘက်မှာ ငါ ဘာပြန်ပြောရမလဲဆိုတဲ့ reply လုပ်ဖို့ရာပဲ အားစိုက်သွားနိုင်တာဖြစ်ပြီး ဒီနေရာမှာ empathy လစ်ဟာသွားနိုင်တယ်။

ဒီ့အပြင် အဖြေရှာဖို့ကြိုးစားနေခဲ့ရင် တစ်ဘက်နဲ့အတူရှိပေးနေတဲ့ presence လျော့သွားနိုင်တာဖြစ်လို့ ဒါတွေကို ကောင်းကောင်း aware ဖြစ်ရတယ်။ ဒါကြောင့် ဘာကိုစဉ်းစားနေမိလဲဆိုတာကိုသာမက ဘယ်လိုနားထောင်နေမိလဲ ဆိုတာကိုပါ therapist က သတိထားရပါတယ်။ ဒီ့အပြင် Client ရဲ့ history တွေ၊ current context တွေနဲ့ presenting concern တွေကို နားလည်ဖို့ ကြိုးစားရင်း ကိုယ့်ရဲ့ formulation ကို အလျင်စလို အတည်ပြုမိတာမျိုး မဖြစ်အောင်လည်း သတိချပ်နေရတတ်ပါတယ်။ (Technique တွေလိုက်နေရင်း presence မဖြစ်တဲ့ အခြေအနေမျိုးမဖြစ်အောင်လည်း သတိမူရတတ်တယ်။)

🔲 ဆက်ဆံရေးဆိုင်ရာ သတိထားမှု

Client တစ်ယောက်နဲ့တစ်ယောက်ရဲ့ personality တွေ၊ communication style တွေ၊ သူတို့လိုအပ်နေတဲ့ needs တွေ၊ comfort level တွေဟာ မတူညီတတ်ကြပါဘူး။ ဒါကြောင့် therapist က လူတိုင်းကို တစ်ပုံစံတည်း ဆက်ဆံလို့မရတတ်ဘဲ တစ်ဖက်လူနဲ့ therapeutic relationship ကောင်းကောင်း တည်ဆောက်နိုင်ဖို့ကို ကိုယ့်ရဲ့ communication နဲ့ presence ကို အခြေအနေအလိုက် ချိန်ညှိနေရပါတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း genuineness ကို မထိခိုက်ရလေအောင် သတိမူရတဲ့အပိုင်းတွေ ရှိတတ်တယ်။

🔲 Regulate လုပ်ဆောင်မှုဆိုင်ရာ သတိထားရမှု

Client က အရမ်းစိတ်လှုပ်ရှားနေတဲ့အချိန်မှာ therapist ကိုယ်တိုင်ပါ အဲဒီစိတ်လှုပ်ရှားမှုနောက်ကို လိုက်သွားရင် therapeutic space တစ်ခုကို တည်ငြိမ်အောင် ထိန်းထားဖို့ ခက်လာနိုင်တယ်။

တခါတလေဆို client က တအား anxious ဖြစ်လာတဲ့အခါ ဒီအရာကို Therapist က ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ကိုယ်တိုင်ပါ ဒီ distress ဖြစ်တဲ့ သက်ရောက်မှုကို ခံစားရနိုင်တယ်။ ဒါကြောင့် client ရဲ့ distress ကို နားလည်နေရင်း ကိုယ့်ရဲ့ breathing တွေ၊ attention တွေ၊ emotional response တွေကိုလည်း သတိထားရတတ်တယ်။

တစ်နည်းအားဖြင့် Client ရဲ့ regulation ကို support ပေးနိုင်ဖို့ therapist ကိုယ်တိုင်လည်း regulation ရှိနေဖို့ လိုအပ်ပါတယ်။ ( ဒါပေမယ့် ဒီအပေါ်မှာ ကျယ်ပြန့်တယ်လို့ပဲ ကျွန်မကတော့ ဆိုလိုက်ချင်ပါတယ်။ တခါတလေမှာ လူသားဆန်တဲ့ ခံစားချက်တွေရှိတတ်တာနဲ့ regulate မလုပ်နိုင်တဲ့ raw emotions အပိုင်းနဲ့ကလည်း ကွဲပြားနေတတ်သေးတယ်။)

🔲 ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက် သတိထားရမှု

Therapy မှာ “ငါပြောချင်တာကို ပြောလိုက်မယ်” ဆိုတာမျိုးနဲ့ လုပ်လို့မရဘူး။ Client ရဲ့ autonomy ကို လေးစားရမယ်။ Confidentiality ကို ထိန်းသိမ်းရတယ်။ Professional boundaries ကို စောင့်ထိန်းရတယ်။ ကိုယ့်ရဲ့ personal opinion နဲ့ professional responsibility ကိုလည်း ခွဲခြားနိုင်ရမယ်။ ဒါကြောင့် စကားတစ်ခွန်း၊ တုံ့ပြန်မှုတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုတိုင်းမှာ ethical နဲ့ professional considerations တွေ ပါဝင်နေတတ်ပါတယ်။

လက်တွေ့အခြေအနေအလိုက် စဉ်းစားသတိမူရမှု
Therapy က client တစ်ယောက်ချင်းစီအတွက် “ဒီနည်းကို သုံးလိုက်ရင် အားလုံးအဆင်ပြေသွားမယ်” ဆိုတဲ့ formula တစ်ခုတည်း ရှိတာမျိုး မဟုတ်ပါဘူး။ ဒါကိုလည်း ကျွန်မ page မှာ ခဏခဏ ရေးတတ်ပါတယ်။ Ready-Made solution ဆိုတဲ့ စကားနဲ့ပေါ့။ တခါတလေ client ပြောလာတဲ့အရာထဲကနေ perspective အသစ်တစ်ခုကို ရှာဖွေရတယ်။ တခါတလေ questioning ကို အခြေအနေအလိုက်လျော်ညီစွာ သုံးရတယ်။ တခါတလေတော့ အလျင်စလို လုပ်ဆောင်မှုတွေအစား client ဖြစ်သူ သူကိုယ်တိုင် insight ရလာနိုင်ဖို့ နေရာပေးရပါတယ်။

ဒါကြောင့် therapist တစ်ယောက်ရဲ့ work မှာ လိုက်လျောညီထွေဖြစ်မှု၊ clinical reasoning တွေ လိုအပ်ပါတယ်။ ဒီအရာတွေကို တစ်ခုချင်းစီ သီးခြားလုပ်နေတာမျိုး မဟုတ်တတ်ပါဘူး။ Session တစ်ခုတည်းအတွင်းမှာပဲ နားထောင်ရင်း စဉ်းစားနေရတယ်။ နားလည်ရင်း ကိုယ့်ကိုယ်ကိုယ် regulate လုပ်နေရတယ်။ Client နဲ့ connection တည်ဆောက်ရင်း boundaries ကိုလည်း ထိန်းထားရတယ်။ ပြီးတော့ ပြောသင့်၊ မပြောသင့်တာတွေကိုလည်း ဆုံးဖြတ်နေရပါတယ်။

ဒါကြောင့် therapist တွေဟာ အချိန်ပဲ ပေးနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ attention တွေ၊ emotional capacity တွေ၊ cognitive capacity တွေ၊ relational capacity တွေကိုပါ အသုံးပြုနေရတာပါ။

အဲဒါကြောင့် session ပြီးသွားတဲ့အခါ တခါတလေ ကျွန်မတို့ဆိို ကိုယ့်ကိုယ်ကိုယ် အချိန်ပြန်ပေးရတယ်။ Self-Care ကို ဂရုတစိုက်ပြန်လုပ်ရတယ်။ ဘာလို့လည်းဆိုတော့ လူပေါင်းများစွာရဲ့ ခံစားချက်တွေနဲ့ expression တွေ၊ distress တွေကို လိုက်ဖတ်၊ လိုက်ကြည့်၊ လိုက်စဉ်းစား၊ ဂရုစိုက်မှုပေးနေတဲ့ လူတစ်ယောက်အတွက် ဒါတွေမှာ တန်ပြန် သက်ရောက်မှု impact တွေရှိလာတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုမစိုက်ရင် အဲဒီ workload ရဲ့ သက်ရောက်မှုတွေက ကိုယ့်ရဲ့ emotional wellbeing နဲ့ ကိုယ်ပိုင် ဆက်ဆံရေးတွေထဲကိုပါ သက်ရောက်လာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီအအလုပ်အတွက် Training တွေ လိုတယ်။ Experience လိုတယ်။ Competence လိုတယ်။ Self-awareness တွေ လိုတယ်။ Self-care လိုတယ်။ ကိုယ်တိုင် regulate ဖြစ်ဖို့ လိုတယ်။ ပုံမှန်ရှိတဲ့ Ethical supervision တွေလိုတယ်။ Ongoing professional development လိုတယ်။ ပြီးတော့ ကိုယ့်ရဲ့ capacity ကို သိပြီး ဘယ်လောက်အထိ ပေးနိုင်မလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။

Therapist တစ်ယောက်အနေနဲ့ တစုံတယောက်အတွက် presence ပေးခဲ့တာ၊ နားထောင်ခဲ့တာ၊ စဉ်းစားခဲ့တာ၊ emotional space ကို ကိုင်တွယ်ပေးခဲ့တာ၊ ကိုယ့်ရဲ့ responses တွေကို regulate လုပ်ခဲ့တာ၊ professional responsibility တွေအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချခဲ့တာ… ဒါတွေအားလုံးဟာ ပေးရတဲ့ energy တွေပါပဲ။

ဒါကြောင့် အနားယူဖို့တွေ၊ boundaries ထားဖို့တွေ နဲ့ recharge လုပ်ဖို့အချိန်တွေဟာ အပိုအချိန်တွေ မဟုတ်ပါဘူး။ ကိုယ်က တခြားသူတွေအတွက် emotional space ကို ကိုင်တွယ်ပေးနေတဲ့သူဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုတွေ ပြန်လိုအပ်တတ်ပါတယ်။

- Andrea, MSc Psychology (LJMU)

Therapy sessions တွေအတွင်း သတိထားမိတဲ့တစ်ခုကတော့ Self-knowledge ရှိခြင်းနဲ့ Present-moment Self-awareness ရှိခြင်းဟာ အမြ...
27/08/2026

Therapy sessions တွေအတွင်း သတိထားမိတဲ့တစ်ခုကတော့ Self-knowledge ရှိခြင်းနဲ့ Present-moment Self-awareness ရှိခြင်းဟာ အမြဲတမ်း တစ်ခုတည်းတော့ မဟုတ်တတ်ဘူး ဆိုတာပါပဲ။

Self-knowledge ဆိုတာ ကိုယ့်အကြောင်းကို ကိုယ်တိုင် သိရှိနားလည်ထားခြင်းနဲ့ ပိုသက်ဆိုင်နေပါတယ်။
ဥပမာ
“ငါ့ရဲ့ ငယ်ဘဝအတွေ့အကြုံတွေက ဘယ်လိုဖြစ်ခဲ့လဲ၊ အဲဒီအတွေ့အကြုံတွေက ငါ့အပေါ် ဘယ်လိုသက်ရောက်လာလဲ၊ ငါ့မှာ ဘယ်လို pattern တွေ ရှိနေလဲ၊ ငါက rejection ကို ဘာကြောင့် sensitive ဖြစ်တတ်လဲ၊ ငါ့ရဲ့ people-pleasing pattern က ဘယ်လိုအတွေ့အကြုံတွေနဲ့ ဆက်စပ်နေနိုင်လဲ” စတာတွေကို သိရှိနားလည်ထားခြင်းမျိုးပါ။

တစ်နည်းအားဖြင့် “ငါ ဘာတွေကို သိထားလဲ?” ဆိုတဲ့အပိုင်းပေါ့။ ကိုယ့်ရဲ့ pattern တွေ၊ ခံစားချက်တွေ၊ ယုံကြည်ချက်တွေ၊ အတိတ်အတွေ့အကြုံတွေနဲ့ သူတို့ကြားက ဆက်စပ်မှုတွေကို နားလည်လာခြင်းဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဂရုစိုက်နိုင်ဖို့ အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခုပဲလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် သိထားခြင်းနဲ့ ဖြစ်နေတဲ့အချိန်မှာသတိထားမိခြင်းနဲ့က မတူညီတတ်ဘူး။ ဒီနေရာမှာ ကျွန်မပြောချင်တဲ့ Self-awareness ဆိုတာကတော့ present-moment / real-time self-awareness ဖြစ်ပါတယ်။ ကိုယ့်အတွင်းမှာ အခု ဒီအချိန်မှာ ဘာဖြစ်နေတယ်ဆိုတာကို သတိပြုမိနိုင်ခြင်း ပါ။

“အခု ငါ ရင်ထဲမှာ မသက်မသာဖြစ်လာတယ်။”
“သူ့စကားကြောင့် ငါ defensive ဖြစ်လာတယ်။”
“အခု ငါ့ခန္ဓာကိုယ်မှာ တင်းကျပ်လာတာကို သတိထားမိတယ်။”
“ငါ အခု "ရပါတယ်” လို့ ပြောချင်နေတာက တကယ်အဆင်ပြေလို့လား၊ ဒါမှမဟုတ် conflict ကို ရှောင်ချင်လို့လား။” ဆိုပြီး လက်ရှိအချိန်မှာ ကိုယ့်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ experience ကို သတိထားမိလာနိုင်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် “ငါ့မှာ ဒီ pattern ရှိတယ်” လို့ သိတာနဲ့ “ဒီ pattern က အခု ငါ့ထဲမှာ ဖြစ်နေပြီ” လို့ real-time သတိထားမိတာဟာ မတူညီတတ်နေဘူး။

တချို့အချိန်တွေမှာ ကိုယ်က ကိုယ့်အကြောင်းကို အများကြီးသိထားနိုင်ပါတယ်။ ကိုယ်ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာလည်း သိတယ်။ ကိုယ့် pattern တွေကိုလည်း သိတယ်။ ကိုယ့် triggers တွေကိုလည်း သိတယ်။ ဒါပေမယ့် အဲဒီအရာတွေ တကယ်ဖြစ်ပေါ်နေတဲ့အချိန်မှာတော့ ကိုယ်တိုင် သတိမထားမိသေးနိုင်ပါဘူး။ အဲဒီလိုဆိုရင် အသိရှိနေပြီဖြစ်ပေမယ့် အဲဒီအသိဟာ လက်ရှိအတွေ့အကြုံထဲကို အပြည့်အဝ ရောက်ရှိလာပြီလို့တော့ ပြောလို့မရနိုင်သေးဘူး။

ပြီးတော့ ဒီနှစ်ခုနဲ့တင်လည်း မပြီးသေးပါဘူး။ ကိုယ်သိထားတာတွေ၊ ကိုယ်သတိထားမိလာတာတွေဟာ လက်တွေ့ဘဝထဲမှာ တဖြည်းဖြည်း ပေါင်းစည်းအသုံးချလာနိုင်ဖို့ လိုပါသေးတယ်။ ဒီနေရာမှာ Integration ဆိုတဲ့အယူအဆက အရေးကြီးလာပါတယ်။

ဥပမာ
ကိုယ်က conflict ဖြစ်လာရင် people-pleasing လုပ်တတ်တယ်ဆိုတာ သိထားတယ်။ အဲဒီအကြောင်းကိုလည်း သတိထားမိလာတယ်။ တကယ် conflict ဖြစ်လာတဲ့အချိန်မှာလည်း သတိထားမိတယ်။ ဒါပေမယ့် နောက်ဆုံးမှာ အရင်လိုပဲ ကိုယ့်လိုအပ်ချက်တွေကို ဖိထားပြီး “ရပါတယ်” လို့ ပြန်ပြောနေသေးတယ်ဆိုရင် Knowledge ရှိတယ်။ Awareness လည်း ရှိလာတယ်။ ဒါပေမယ့် အဲဒီ insight က လက်တွေ့ဘဝထဲမှာ ပေါင်းစည်းအသုံးချလာဖို့တော့ လိုသေးတယ်။

Integration ဖြစ်လာတဲ့အခါမှာတော့ ကိုယ်သိထားတာနဲ့ ကိုယ်သတိထားမိလာတာတွေဟာ လက်တွေ့ဘဝထဲမှာ ရွေးချယ်မှုအသစ်တွေ၊ တုံ့ပြန်ပုံအသစ်တွေနဲ့ တဖြည်းဖြည်း ပေါင်းစည်းလာနိုင်ပါတယ်။

ဒါ့ကြောင့် သိလာဖို့ လိုတယ်။ ပြီးတော့ ဖြစ်နေတဲ့အချိန်မှာ သတိထားမိဖို့ လိုတယ်။ သတိထားမိလာတာတွေကို အကြိမ်ကြိမ် လက်တွေ့ကျင့်သုံးရင်း တုံ့ပြန်ပုံအသစ်တွေ ဖြစ်လာဖို့လည်း အချိန်လိုတတ်ပါတယ်။

ဒါကြောင့် therapeutic work မှာ ကိုယ့်ကိုယ်ကိုယ် သိလာခြင်းက အရေးကြီးသလို...အဲဒီအသိကို လက်ရှိအချိန်မှာ သတိထားမိနိုင်ခြင်းနဲ့ သိရှိသတိပြုမိလာတာတွေကို ကိုယ့်ရဲ့ရွေးချယ်မှု၊ တုံ့ပြန်ပုံနဲ့ အပြုအမူတွေထဲမှာ တဖြည်းဖြည်း ပေါင်းစည်းအသုံးချလာနိုင်ခြင်းကလည်း အရေးကြီးပါတယ်။

Know yourself.
Notice yourself.
Then, live differently.

ကိုယ့်အကြောင်းကို သိလာရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်သိလာတဲ့အရာတွေက ကိုယ့်ဘဝထဲမှာ ဘယ်လိုနေထိုင်ပုံ၊ ဘယ်လိုဆက်ဆံပုံ၊ ဘယ်လိုရွေးချယ်ပုံတွေအဖြစ် ပြန်ပေါ်လာသလဲ ဆိုတာကလည်း အရေးကြီးပါသေးတယ်။

-Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

Address

Yangon
11181

Alerts

Be the first to know and let us send you an email when Healing with Andrea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healing with Andrea:

Shortcuts

Share