27/09/2026
ဒီပုံတော်ကြီးကကွယ် ထူးထူးဆန်းဆန်းကို အသက်ဝင်တာ 🤍 သက်ရှိထင်ရှားနဲ့ ကနွဲ့ကလျဆံနွယ်လေးနဲ့ စံမြန်းနေသလိုပါပဲဆို
ဝါတွင်းကာလ အမတော်ကြီး အတွက် 🤍🦋တထိုင်အဓိဌာန် အဆင့်လိုက် -
ကြိုက်သည့်နေ့ရက်တွင် စတင်နိုင်ပါသည်။ နေ့တိုင်းလုပ်နိုင်သလို အားတဲ့နေ့ ဘယ်နေ့မဆို ဆောင်ရွက်နိုင်ပါသည်။ ဆရာမကတော့ ဒီနေ့ စလုပ်ပါမယ်။
၁။ နေရာပြင်ဆင်ပါ
သန့်ရှင်းပြီး ငြိမ်သက်တဲ့နေရာမှာ ဘုရားစင်ရှေ့ ထိုင်ပါ။ရေချမ်း ပန်း ဆီမီး စသည်တို့ရှိရင် ရိုရိုသေသေ ကပ်လှူနိုင်ပါတယ်။မရှိလည်း အဓိဌာန်လုပ်လို့ရပါတယ်။ အင်တာနက်/ဖုန်းကို ခဏအသံပိတ်ထားပြီး တစ်ထိုင်အတွင်း မထဘဲနိုင်သမျှ စိတ်ကို တည်ငြိမ်အောင်ထားပါ။
၂။ ဘုရားရှိခိုးပြီး ရတနာသုံးပါးကို အာရုံပြုပါ။ ငါးပါးသီလ ခံယူပါ
ကိုယ်တိုင် သိသလောက် ရိုးရိုးရှင်းရှင်း သီလခံယူနိုင်ပါတယ်။
၃။ အဓိဌာန်ရည်ရွယ်ချက်ကို စိတ်ထဲမှာ သတ်မှတ်ပါ။ ဒီအဆင့်မှာ မိမိလုပ်မယ့် ကုသိုလ်ကို ဘာအတွက် ရည်ရွယ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။ လိုချင်တာက စီးပွားရေးလား ပညာရေးလား တစ်ခုသတ်မှတ်ပါ။ မမှားပါစေနဲ့။
ရည်ရွယ်ပြီးရင်
ဥပမာ - ယနေ့ပြုလုပ်သော ဤတထိုင်အဓိဌာန်ကုသိုလ်ကို မြတ်စွာဘုရားရှင်အား အာရုံပြု၍ ရတနာသုံးပါးကို အခြေခံကာ ကောင်းမြတ်သောကုသိုလ်တရားများ တိုးပွားစေရန် / စီးပွားတက်စေရန်/ ကျန်းမာစေရန် ရည်မှန်းပါ၏။ ဟု တစ်ကြိမ်ရွတ်ဆိုပါ။
၄။ မေတ္တာပို့ပါ
ပထမဦးစွာ မိမိကိုယ်တိုင် "ကျမ / ကျနော် ( နေ့နံ)သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။ ဘေးရန်အပေါင်းမှ ကင်းဝေးပါစေ။ ကောင်းသောတရားများ တိုးပွားပါစေ။"
ပြီးရင် မိဘ ဆရာသမား ဆွေမျိုးများနှင့် သတ္တဝါအပေါင်းတို့အား ရည်စူး၍ အထက် ဖော်ပြပါ စာသားအတိုင်း မေတ္တာပို့ပါ။ တကယ်လို့ ကိုယ် အထူး ဆုတောင်းပေးချင်သူရှိလဲ သူ့နေ့နံ အမည် ထပ်ထည့်ပါ။
၅။ ရည်စူးလိုသူများကို အာရုံပြုပါ
"ရွှေစာရံဒါယကာမကြီး အမတော်စောမွန်လှနှင့်တကွ ရှမ်းအကိုတော် အမတော်များ ကလေးသိုက်နန်းရှင်များ ရှမ်းနဂါးအနွယ်ဝင်များနှင့် ဆက်စပ်သူအပေါင်းတို့အား ရိုသေစွာ အာရုံပြုပါ၏။"
၆။ အဓိဌာန်စတင်ဆောင်ရွက်ပါ။
အချိန်ကို မိမိအဆင်ပြေသလို သတ်မှတ်နိုင်ပါတယ်။ ဥပမာ ၁၅ မိနစ် ၃၀ မိနစ် ၄၅ မိနစ် စသဖြင့်ရပါတယ်။
ထိုင်နေစဉ် အသက်ရှူဝင်/ထွက်ကို သိမှတ်ပါ။စိတ်ပျံ့သွားရင် အသက်ရှူခြင်းဆီ ပြန်ယူပါ။
" အောင်အရဟံသိဒ္ဓိိဘဂဝါအောင် " တစ်ကြောင်းထဲကို အသက်ရှူမှန်မှန်ဖြင့် ဗုဒ္ဓနုဿတိပွားများပါ။ နှုတ်က အသံကျယ်စွာရွတ်ရန်မလိုပါ။ ဝင်လေထွက်လေ ပုံမှန်ဖြင့် စိတ်က ရွတ်ပွားပါ။
ရွတ်ပွားနေစဉ် ကိုယ်တွင်းမှ အလွန်ပူလောင်လာပါက ခဏနားပါ။ အတိုက်အခိုက် အပင်းပယောဂနှင့် ဝဋ်ကြွေးဆိုးများ၏ အရှိန် ပြင်းထန်စွာရှိနေပါက ကိုယ်တွင်းမှ ပူလာမည်။ နာကျင်လာမည်။ လက်မလျော့ဘဲ ဗုဒ္ဓနုဿတိဆက်လက်စီးဖြန်းပါ။ မရှိပါက အေးမြစွာ ဆောင်ရွက်နိုင်လိမ့်မည်။
၇။ အမျှအတန်းပေးပါ။
တထိုင်ပြီးဆုံးတဲ့အခါ
"ဤအဓိဌာန်ပြုခြင်း ရှိခိုးခြင်း မေတ္တာပို့ခြင်း ကုသိုလ်ပြုခြင်းတို့မှ ရရှိသော ကုသိုလ်အဖို့ဘာဂကို
ရွှေစာရံဒါယကာမကြီး အမတော်စောမွန်လှနှင့်တကွ ရှမ်းအကိုတော် အမတော်များ ကလေးသိုက်နန်းရှင်များ ရှမ်းနဂါးအနွယ်ဝင်များနှင့် သက်ဆိုင်ရာ အမျှအတန်းခံယူနိုင်သူအပေါင်းတို့အား အမျှပေးဝေပါ၏။
ဤကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ကြပါစေ။
အားလုံး ကောင်းကျိုးချမ်းသာ ဖြစ်ကြပါစေ။
ဓမ္မနှင့်အညီ ကောင်းမြတ်ရာဘုံဘဝမှာ ဆက်လက်၍ သာသနာတော်ကို ပံ့ပိုးနိုင်ပါစေ ကြားသမျှ ကြားနိုင်သမျှ သိသမျှ သိနိုင်သမျှ မြင်သမျှ မြင်နိုင်သမျှ အားလုံး အမျှ အမျှ အမျှ "
ဟု သုံးကြိမ် အမျှဝေ မေတ္တာပေးပို့ပါ။
၈။ နောက်ဆုံး ဆုတောင်း/အဓိဌာန်ချုပ်
"ယနေ့ပြုခဲ့သော ကုသိုလ်ကောင်းမှုအပေါင်းသည် ရတနာသုံးပါးကို အကြောင်းပြု၍ ကောင်းကျိုးဖြစ်စေပါစေ။
မိမိနှင့်တကွ သတ္တဝါအပေါင်းတို့သည် မကောင်းမှုမှ ရှောင်ကြဉ်နိုင်၍ ကောင်းမှုကို ပြုနိုင်ကြပါစေ။
ကုသိုလ်တရား၊ ပညာတရား၊ မေတ္တာတရားများ တိုးပွားကြပါစေ။
ဘေးရန်အပေါင်း ကင်းဝေးပြီး ငြိမ်းချမ်းသာယာကြပါစေ။
ဤအဓိဌာန်ကို မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ ကောင်းမြတ်သောအကျိုးသို့ ရောက်စေပါရန် ရည်မှန်းအဓိဌာန်ပြုပါ၏။"
ပြီးရင် တစ်ကြိမ်ရှိခိုး ပြီး အဓိဌာန်ကို အဆုံးသတ်နိုင်ပါတယ်။