13/08/2026
ကာလဝမ်းရောဂါဆိုတာ ဘာလဲ?
ကာလဝမ်းရောဂါဟာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ရေ၊ အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။
အဓိကလက္ခဏာများ
* ရုတ်တရက် ရေလိုဝမ်းအများကြီးသွားခြင်း
* အန်ခြင်း
* ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်း
* ပြင်းထန်ရင် ရေဓာတ်ခမ်းခြောက်ခြင်း
* ဆီးနည်းခြင်း၊ ပါးစပ်ခြောက်ခြင်း၊ မူးဝေခြင်း၊ အလွန်အားနည်းခြင်း
* ကုသမှုမရလျှင် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်မှုကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။
ကာလဝမ်းဖြစ်ရင် ဘာလုပ်မလဲ?
အရေးကြီးဆုံးက ရေဓာတ်နဲ့ ဆားဓာတ်ကို ချက်ချင်းပြန်ဖြည့်ပေးဖို့ ဖြစ်ပါတယ်။
1. ORS ဓာတ်ဆားရည်ကို ချက်ချင်းစသောက်ပါ။
2. အန်နေသော်လည်း ORS ကို တစ်ခါတည်းအများကြီးမသောက်ဘဲ နည်းနည်းစီ မကြာခဏ သောက်ပါ။
3. ရေသန့်၊ ဆန်ပြုတ်ရည်၊ စွပ်ပြုတ် စတဲ့ အရည်များကိုလည်း သောက်ပါ။
4. အစာကို လုံးဝမဖြတ်ဘဲ စားနိုင်သလောက် ဆက်စားပါ။
5. ကလေးများကို မိခင်နို့ ဆက်တိုက်ပါ။
6. ပြင်းထန်သော ဝမ်းလျှောခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်ခြင်းရှိပါက ဆေးရုံသို့ အမြန်သွားပါ။ Cholera အတွက် antibiotic ကို အချို့သောပြင်းထန်တဲ့အခြေအနေတွေမှာ ဆရာဝန်က သတ်မှတ်ပေးနိုင်ပါတယ်။
မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
ရေ — အစားအစာ — လက် သန့်ရှင်းရေး ကို အထူးဂရုစိုက်ပါ။
* သန့်ရှင်းပြီး လုံခြုံတဲ့ ရေကိုသာ သောက်ပါ။
* မသေချာတဲ့ရေကို ကျိုချက်ပြီးမှ သောက်ပါ။
* အစားအစာကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားပါ။
* မကျက်သေးတဲ့ အစားအစာများကို ရှောင်ပါ။
* အိမ်သာသွားပြီးတိုင်း၊ အစားအစာမပြင်ဆင်မီနှင့် မစားမီ ဆပ်ပြာနဲ့ လက်ဆေးပါ။
* အိမ်သာနှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားပါ။
* ဝမ်းနှင့် အန်ဖတ်များကို လုံခြုံစွာ စွန့်ပစ်ပြီး လက်ကို သေချာဆေးပါ။
လူထုအတွက် မှတ်ထားရမယ့် အချက်
“ရေလိုဝမ်းအများကြီးသွားရင် မစောင့်ပါနဲ့ — ORS ချက်ချင်းသောက်ပြီး ဆေးကုသမှုခံယူပါ။”
သန့်ရှင်းသောရေ + ကျက်အောင်ချက်ထားသောအစားအစာ + လက်ဆေးခြင်း = ကာလဝမ်းရောဂါကာကွယ်ခြင်း