20/04/2026
နွေရာသီနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး
———————————————————————-
အခုလို ပူပြင်းလှတဲ့ နွေရာသီမှာ သက်ကြီးရွယ်အိုများကို အထူးပဲ ဂရုစိုက်ရမှာပါ။ အထူးသဖြင့် ရောဂါအခံရှိကြတဲ့သူများဆို ပိုပြီးတော့ အရေးကြီးလှပါတယ်။
လူကြီးတွေဟာ အသက်ရလာတာနဲ့အမျှ အစားရွေးလာသလို၊ အစားလည်း နည်းလာကြပါတယ်။ ဒါ့အပြင် ရေသောက်လည်း နည်းကြပါတယ်။
ဒါကြောင့်မို့ သက်ကြီးရွယ်အိုတွေကို ပြုစု စောင့်ရှောက်နေကြရသူတွေအဖို့ မိမိတို့ရဲ့ ဘိုး၊ ဘွား၊ မိဘများကို ဒီကာလမှာ အရင်ကထက် ပိုပြီး စိတ်ရှည်သည်းခံကြရမှာပါ။
ခန္ဓာကိုယ် အပူချိန် မြင့်တက်ပြီး ရေဓာတ်ခန်းခြောက်လွယ်တာမို့ ရေဓာတ်ပြည့်ဝနေစေဖို့ အထူး ဂရုစိုက်ကြဖို့ လိုပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် (၈)ခွက် သို့မဟုတ် ၂လီတာ တိုက်ပေးပါ။
ကျွန်တော်တို့လို လူလတ်ပိုင်းတွေတောင် ခုလို နွေရာသီမှာ အစားနည်းတာ၊ ပင်ပန်းလွယ်တတ်တာမို့ သက်ကြီးရွယ်အို ဘိုး၊ ဘွား၊ မိဘတွေ အစားစားချင်စိတ်နည်းလာတာ မဆန်းပါဘူး။ ရောဂါအခံတွေပေါ်မူတည်ပြီး ဆေးတွေတိုက်နေရတာမို့ အစာ အာဟာရကိုလည်း ဝင်အောင် ကျွေးဖို့လိုပါတယ်။
Supplements တွေ၊ အားဆေးတွေ ဘယ်လောက်ပဲတိုက်တိုက် မလုံလောက်ပါဘူး။ supplements တွေဆိုတာ အစာ အာဟာရနဲ့ အစားထိုးဖို့ မဟုတ်တာမို့ အစာအာဟာရကိုလည်း တတ်နိုင်သမျှ ကြိုးစားပြီး ကျွေးကြရမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း ဒီရက်တွေမှာ အမေ့ကို ထမင်းကျွေးရတာ သိပ်ကိုမောပါတယ်။ ထမင်း မစားချင်ဘူးဆိုပြီး အမြဲဂျီကျတတ်တဲ့ အမေ့ကို နည်းမျိုးစုံနဲ့ ချော့မော့ ကျွေးရတာပါ။
အသက်ကြီးလာတာနဲ့အမျှ cognitive function တွေ ကျဆင်းလာတာရယ်၊ လှူပ်ရှားမှုတွေ အားလုံးနှေးသွားတာရယ်တွေကြောင့် အရင်ကထက် အဆပေါင်းများစွာ သည်းခံ စိတ်ရှည်ရပါတယ်။
ထမင်းကျွေးချိန်ဆို အိမ်ရှိလူကုန် စိတ်ညစ်ကြပါတယ်။ ကျွန်တော် ကိုယ်တိုင်ခေါ်ပြီး ဘေးမှာအတူထိုင်စား၊ ခွံ့ကျွေးတန်ကျွေးမှ အမေစားဝင်တာမို့ အချိန်တွေ အများကြီးပေးရတာပါ။
တစ်ခါတစ်လေ စိတ်မရှည်ဖြစ်ရတဲ့အခါမျိုးမှာ ဒီလိုမျိုးလေး တွေးမိပါတယ် . . .
“ကျွန်တော်တို့ ငယ်စဉ်က ဆော့ကစားနေလို့ ထမင်းကျွေးရခက်ခဲခဲ့တဲ့ အချိန်တွေ၊ နေမကောင်းလို့ ဂျီကျပြီး အစားမစားခဲ့တဲ့ အချိန်တွေမှာ အမေ ဘယ်လောက်များ ပင်ပန်းခဲ့မလဲ။”
ဒီလိုတွေးပြီးတော့ပဲ စိတ်ရှည်သည်းခံရပါတယ်။
ကျွန်တော့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများထဲမှာလည်း သက်ကြီးရွယ်အို ဘိုး၊ ဘွား၊ မိဘတွေနဲ့ အတူ နေကြတာများ ရှိခဲ့ရင် အရင်ကထက် ခုလိုရာသီမှာ ပိုပြီးတော့ စိတ်ရှည်သည်းခံပြီး အစားဝင်အောင်၊ ရေသောက်အောင် ဂရိုစိုက်ပေးကြပါဦး။
#သက်ကြီးရွယ်အို
#ပြုစုစောင့်ရှောက်သူ
#သူနာပြုအကူ
#နွေရာသီ
#ဘုန်းသက္က