15/07/2026
# # သို့မဟုတ် ပထမ နေရာရောက် ဒုတိယလူ တစ်ယောက် # # #
မြန်မာနိုင်ငံတွင် နှလုံးရောဂါခံစားနေရသူများကြားတွင် ထရိုင်မက်တာဇစ်ဒင်း (Trimetazidine) ဆေးသည် "နှလုံး အားဆေး" အဖြစ် ရေပန်းစားလျက်ရှိသည်။ နှလုံးရောဂါ အနည်းအကျဉ်းဖြစ်သည်မှစ၍ ရောဂါအမျိုးအစားမခွဲခြားဘဲ ဤဆေးကို သုံးစွဲနေကြသည်မှာ စိုးရိမ်ဖွယ်ရာ လမ်းလွဲမှု တစ်ခုဖြစ်သည်။ ဤဆေးကို နှလုံးရောဂါအားလုံးအတွက် ပထမရွေးချယ်စရာ (primary treatment) အဖြစ် ညွှန်ကြားနေကြပြီး လူနာများကလည်း "ဤဆေးမရှိလျှင် မဖြစ်" ဟူသော စွဲလမ်းမှုမျိုး ဖြစ်ပေါ်နေကြသည်ကို တွေ့ရသည် မှာ စိတ်မချမ်းသာစရာပင်။
---
ထရိုင်မက်တာဇစ်ဒင်း၏ တကယ့်နေရာမှန်
ထရိုင်မက်တာဇစ်ဒင်းသည် နှလုံးကြွက်သားဆဲလ်များ၏ စွမ်းအင်ထုတ်လုပ်မှုကို fatty acid oxidation မှ glucose oxidation သို့ ပြောင်းလဲပေးခြင်းဖြင့် အောက်ဆီဂျင်သုံးစွဲမှုကို ပိုမိုထိရောက်စေသည်။
ဆေးအလုပ်လုပ်ပုံ သီအိုရီအရ ဤသိုဆို သည်။
ဤဆေးသည်-ဆေးပညာ guidelines များအရ
· Stable angina နှလုံးသွေးကြောကျဉ်းခြင်း အတွက် ဒုတိယရွေးချယ်စရာ (second-line) သာဖြစ်သည်။
· ပထမရွေးချယ်စရာ ဆေးများ (beta-blockers, calcium channel blockers) ပေးအပြီး ထပ်ဆောင်းကုသရန် add-on therapy အဖြစ်သာ အကြံပြုထားသည်။
·Acute coronary syndrome, heart failure, arrhythmia စသည့် နှလုံးရောဂါတို့တွင် အဓိကသုံးသင့်သည် ဟု မည်သည့် ဆေးပညာ guidelines များကမှ မညွှန်ကြားထားပါ။
· European Medicines Agency (EMA) က ၂၀၁၂ ခုနှစ်တွင် extrapyramidal movement disorders ဘေးထွက်ဆိုးကျိုးများ ကြောင့် သုံးစွဲမှုကို second line add-on အဖြစ်ကန့်သတ်ခဲ့သည်။
အမေရိကန်တွင် အခြားဆေးများ နေရာရပြီး ဤဆေး ဈေးကွက်ထိုး ဖောက်နိုင်ခြင်းမရှိပေ။
---
Primary Treatment အဓိက ကုသမှု အဖြစ် အသုံးပြုခြင်း၏ အန္တရာယ်များ
၁။ သက်သေအထောက်အထား အားနည်းခြင်း
နိုင်ငံတကာ ဆေးပညာလမ်းညွှန်ချက် guidelines များ တွင် ထရိုင်မက်တာဇစ်ဒင်းသည် stable angina ၏ first-line treatment မဟုတ်ပါ။ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ရန်နှင့် အသက်ရှင်သန်မှုကို မြှင့်တင်ရန် သက်သေပြထားသော beta-blockers, ACE inhibitors, statins ကဲ့သို့သော ဆေးများကို ကျော်လွန်၍ ဤဆေးကို ဦးစားပေးခြင်းသည် လူနာအား မလိုအပ်ဘဲ အန္တရာယ်ပို့ဆောင်ရာ ရောက်ပါသည်။
၂။ ဆေးစွဲလမ်းမှု စိတ်ရောဂါ
"ဒီဆေးမရှိရင် မဖြစ်ဘူး" ဟူသော စိတ်စွဲလမ်းမှုသည် ဆေးပညာအရ မလိုလားအပ်သော ဆေးမှီခိုမှု (drug dependence) ဖြစ်သည်။ အထူးသဖြင့် သိသာထင်ရှားသော ကုသမှုအကျိုးကျေးဇူးမရှိဘဲ စိတ်ပိုင်းဆိုင်ရာ မှီခိုနေရခြင်းမျိုး ဖြစ်သည်။
၃။ ဘေးထွက်ဆိုးကျိုး လျစ်လျူရှုခြင်း
Parkinsonism, gait disturbance စသည့် ဘေးထွက်ဆိုးကျိုးများကို လျစ်လျူရှုမိနိုင်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ပိုမိုသတိထားရန် လိုအပ်ပါသည်။
Evidence based medicine ကိုနားလည်သော ဆရာဝန်များအနေဖြင့် ဤဆေး ကိုဦးစားပေး အနေဖြင့် မသုံး ကြဘဲ နှလုံး ရောဂါ အခြေအနေအလိုက် ဘက်စုံကုသမှု (comprehensive management) ကို ဦးစားပေးကြသည်။
ယခုအခါ အမှားကြာလာပြီး အမှန်တကယ်နားလည်ကုသနေသော ဆရာဝန်များကို ပင် ဤဆေး မသုံးရကောင်းမလား ဟု အားမလိုအားမရ ဝေဖန်သူများ တွေ့လာရသည်။
လူနာများအနေဖြင့်-
· မည်သည့်ဆေးကိုမျှ "အားဆေး" အဖြစ် သဘောမထားသင့်ဘဲ နားလည်တတ်ကျွမ်းသော ဆရာဝန်များ၏ ညွှန်ကြားမှုကို လိုက်နာသင့်သည်။
---
နိဂုံး
ထရိုင်မက်တာဇစ်ဒင်းသည် နှလုံးရောဂါကုသမှု၏ "အလုံးစုံဖြေရှင်းချက်" (magic bullet) မဟုတ်ပါ။ ၎င်းသည် သင့်တင့်သော လူနာများတွင် secondary add-on ထပ်ဆောင်းကုသမှုသာဖြစ်ပြီး primary treatment အဓိက ကုသမှု အဖြစ် အသုံးပြုခြင်းသည် အန္တရာယ်ရှိပြီး နိုင်ငံတကာ လမ်းညွှန်ချက်များနှင့်လည်း ဆန့်ကျင်ပါသည်။ "ဒီဆေးမရှိရင် မဖြစ်ဘူး" ဆိုသည့် အတွေးသည် ဆေးကုသခြင်းမဟုတ်ဘဲ အယူသီးမှုသာ ဖြစ်ပါသည်။
နှလုံးကျန်းမာရေးအတွက် တကယ့်အဖြေမှန်မှာ ဆေးတစ်မျိုးတည်းပေါ်တွင် မှီခိုခြင်းမဟုတ်ဘဲ နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် ဘက်စုံကျန်းမာရေးစောင့်ရှောက်ကုသမှုခံယူခြင်း နှင့် ကျန်းမာသော နေထိုင်မှုပုံစံသာလျှင် ဖြစ်သည်။ Trimetazidine အား သူ့နေရာမှန် secondary add-on သို့ပြန်ရောက်ရန် လူနာများ မှန်ကန်သော ကုသမှုလမ်း ကို တွေ့ရှိရန် ဤဆောင်းပါးအား ရေးသားလိုက်ပါသည်။
Dr. AungKyawWin
July 15,2026
မဇ္ဈိမ ဆေးကုခန်း-Majjhima Clinic
အမှတ် ၅၀၄/ယုဇန ၁လမ်း၊ ၂၅ ရပ်ကွက်၊ တောင်ဒဂုံ