02/07/2026
ကိုယ့်ကလေးကို ခွဲစိတ်ရမှာ စိတ်ပူနေတဲ့ မေမေ၊ ဖေဖေတို့အတွက်...
တိလေးများကို မိသားစုသဖွယ် ချစ်ခင်မြတ်နိုးပြီး မွေးမြူထားကြတဲ့ တိချစ်သူတော်တော်များများက ကိုယ့်ရင်သွေးလို ကလေးကို ခွဲစိတ်ရတော့မယ်ဆိုရင် ကြောက်ကြ၊ စိတ်ပူကြတာ သဘာဝပါ။ ကျနော်ကိုယ်တိုင်လည်း မွေးမြူထားတဲ့သူတစ်ယောက်ဖြစ်လို့ ဒီလိုစိုးရိမ်ကြတာကို အပြည့်အဝ နားလည်ပါတယ်ခင်ဗျာ။
ဒါပေမဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ခွဲစိတ်ရင်တော့ အရမ်းကြီး စိုးရိမ်ဖို့မလိုပါဘူး။
သားကြောဖြတ်ပေးခြင်း (Spay/Neuter) ရဲ့ ကောင်းကျိုးများ
သားကြောဖြတ်ပေးခြင်းဟာ သားအိမ်ရောင်ခြင်း (Pyometra)၊ နို့အုံကင်ဆာနဲ့ တခြားသော အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အရေးပေါ်ဖြစ်မှ ခွဲစိတ်ရတာထက် အသက်ငယ်ငယ်၊ ကျန်းမာတုန်းမှာ သားကြောဖြတ်ပေးတာက ခွဲကြောင်းလည်း ပိုသေးပြီး ပြန်လည်ကျန်းမာလာဖို့လည်း ပိုမြန်ဆန်ပါတယ်။
ဒါ့အပြင် လမ်းဘေးက မျက်နှာမွဲ အမလေးတွေမှာလည်း ကလေးမွေးပြီးရင် ရင်ဆိုင်ရတဲ့ ဒုက္ခတွေက များလှပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အမလေးတွေကို သားအိမ်ထုတ်ပေးခြင်း၊ အထီးလေးတွေကို သင်းကွပ်ပေးခြင်းတွေကို အဓိက ပြုလုပ်ပေးနေရခြင်း ဖြစ်ပါတယ်။
ဒီလို ပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ -
အမလေးတွေ Heat လာချိန်မှာ သဘာဝအရ ဖိုသံ၊ မသံများပေးပြီး ဆူညံခြင်းကို လျော့ကျစေရန်။
အထီးလေးတွေ အချင်းချင်း နိုင်ထက်စီးနင်းကိုက်ခတ်ကြလို့ ဖြစ်လာမယ့် ထိခိုက်ဒဏ်ရာများနှင့် ကျန်းမာရေးပြဿနာများကို ကာကွယ်ရန်။
ရပ်ကွက်အတွင်း ဆူညံမှုများ လျော့နည်းစေပြီး မလိုလားအပ်တဲ့ မွေးဖွားနှုန်းတွေကိုပါ ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပါတယ်။
သားကြောဖြတ်ပြီးစ ကလေးတွေအတွက် အိမ်မှာဂရုစိုက်ရမယ့် အချက် ၅ ချက်
ကိုယ့်ရဲ့ကလေးတွေကို သားကြောဖြတ် (Spay) ပေးပြီးပြီဆိုရင် ခွဲကြောင်းလေး သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်အနာကျက်ဖို့က အိမ်မှာ ဂရုစိုက်ပေးမှုအပေါ် အများကြီး မူတည်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း မှာ အောက်ပါအချက်လေးတွေကို သေချာလေး သတိထားပေးစေချင်ပါတယ်ခင်ဗျာ။
၁။ ခုန်တာ၊ ပြေးတာ လျှော့ပါ
ခွဲကြောင်းပြဲမသွားအောင်နဲ့ ချုပ်ရိုးတွေ မထိခိုက်အောင် တတ်နိုင်သမျှ ငြိမ်ငြိမ်လေး နေခိုင်းပါ။ လှောင်အိမ်ထဲ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းထဲမှာ ခဏခွဲထားပေးတာ ပိုကောင်းပါတယ်။
၂။ လျှာနဲ့ လုံးဝ မလျက်ပါစေနဲ့
ဒါက အရေးကြီးဆုံးပါ။ တိရစ္ဆာန်တွေက အနာကို လျက်တတ်တဲ့ အကျင့်ရှိပါတယ်။ လျှာနဲ့လျက်ရင် ပိုးဝင်တာ၊ ချုပ်ရိုးပြတ်တာတွေ ဖြစ်နိုင်လို့ Elizabethan Collar (အဝိုင်း) ကို မချွတ်တမ်း တပ်ပေးထားဖို့ လိုပါတယ်။
၃။ ချုပ်ရိုးကို နေ့တိုင်း စစ်ဆေးပါ
အနာက ခြောက်သွေ့နေရပါမယ်။ အနာပတ်ပတ်လည် နီရဲလာတာ၊ အရည်ထွက်တာ၊ ဒါမှမဟုတ် ပုံမှန်ထက် ဖုယောင်လာတာမျိုး ရှိရင် ဆရာဝန်ဆီ ချက်ချင်း ပြန်ပြပါ။
၄။ ရေ လုံးဝ မချိုးရ
အနာအမာရွတ်ဖတ် မတက်မချင်း ရေနဲ့မထိပါစေနဲ့။ ညစ်ပတ်နေရင် Gauze လေးနဲ့ ခပ်ဖွဖွ သုတ်ပေးပါ။
၅။ ဆေး မှန်မှန်တိုက်ပါ
ဆေးခန်းက ပေးလိုက်တဲ့ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ရက်ပြည့်အောင် တိုက်ပေးဖို့ လိုပါတယ်။ နေကောင်းသွားပြီဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။
ကလေးတွေ အားလုံး အနာကျက်မြန်ပြီး ကျန်းမာပျော်ရွှင်ကြပါစေ။
(အကယ်၍ ချုပ်ရိုးပျောက်ချုပ်ထားတာ မဟုတ်ခဲ့ရင် ချုပ်ရိုးဖြတ်ဖို့ ရက်ချိန်းမှာ ဆေးခန်းကို ပြန်ပြဖို့လည်း မမေ့ကြနဲ့ဦးနော်)။
မှတ်ချက် --လိုအပ်ချက်များရှိလျှင် (သို့)အယူအဆလွဲမှားနေလျှင်အကြံပေးပါဦး ခင်ဗျ။
မေမေ၊ ဖေဖေတို့ရော ကိုယ့်ကလေးတွေကို သားကြောဖြတ်ပေးပြီးပြီလားခင်ဗျာ? သားကြောဖြတ်တုန်းက ဘယ်လိုစိတ်ပူခဲ့ရလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော်!