25/02/2025
𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ
________________________________________
CLL Health အိုအီးစီအထူးကုဆေးခန်း
🏥 ၉၁/၉၃ ၊ ၁၄၅/၁၄၇၊ အနော်ရထာလမ်းနှင့် လမ်း ၂၀ ထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့
☎️ +95 (0)9 799 699 112, +95 (0)9 799 699 113
𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ
🦠 အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းပြီး အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
🍀 ရောဂါပိုးကူးစက်ခံရသူ အများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန် ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုသည် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုတို့ရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။
________________________________________
🎯 ဖြစ်ပေါ်ရသောအကြောင်းရင်းများ
HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို အခြားသူတစ်ယောက်မှ စားသုံးမိခြင်းကြောင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်ရောက်ကာ ကူးစက်ခြင်း (f***l oral transmission) ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။
________________________________________
📌 ကူးစက်နိုင်သော နည်းလမ်းများမှာ
⬩ ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း
(အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)
⬩ မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြုခြင်း
⬩ ညစ်ညမ်းသော စွန့်ပစ်ရေများမှ ဖမ်းယူထားသည့် ပင်လယ်စာများကို ကောင်းစွာ ချက်ပြုတ်ဆေးကြောခြင်း မပြုဘဲ အစိမ်းစားခြင်း
⬩ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)
⬩ ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကို လက်ဖြင့်ထိမိခြင်း
(ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)
________________________________________
🚨 အသည်းရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ
⬩ ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
⬩ ရောဂါပိုးရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူများ
⬩ လူဦးရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
⬩ အိမ်ယာမဲ့နေထိုင်သူများ
⬩ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
⬩ အညစ်အကြေးစွန့်ပစ်သည့်စနစ် လုံလောက်အောင် သန့်ရှင်းမှု မရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
⬩ လိင်တူဆက်ဆံသူများ
⬩ အသည်းရောင် အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
⬩ မူးယစ်ဆေးဝါး အသုံးပြုသူများ
⬩ ကျန်းမာရေးဝန်ထမ်းများ
________________________________________
⚠️ ရောဂါလက္ခဏာများ
အဖြစ်များသောရောဂါလက္ခဏာများမှာ
● ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
● ပျို့အန်ခြင်း
● ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
● အစာစားချင်စိတ်မရှိခြင်း
● အရေပြားနှင့် မျက်လုံးဝါခြင်း
● ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊
● ဝမ်းအရောင်ဖျော့ခြင်း တို့ဖြစ်ကြသည်။
🚫 ထိုရောဂါလက္ခဏာများသည် သာမန််မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သော်လည်း လူအနည်းစုတွင် အသည်းလုပ်ငန်း စွမ်းဆောင်ရည် ရုတ်တရက် ထိခိုက်ပျက်စီးနိုင်သည်။ 🚫
________________________________________
💡 ရောဂါရှာဖွေခြင်း
အထက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် သွေးစစ်ဆေးခြင်း (HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်စစ်ဆေးခြင်း (RT-PCR)၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးခြင်း) ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်သည်။
________________________________________
🏥 ကုသခြင်း
အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့် ကုသမှုမရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။
● လုံလောက်အောင် အနားယူခြင်း
● အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
● ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ခြင်း
● အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
⚠️ ရောဂါပိုးဝင်ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းလက္ခဏာများ (ဥပမာ - မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးအန်ခြင်းစသည်များ) ဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။ ⚠️
________________________________________
🛡️ ကာကွယ်ခြင်း
အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန်
● ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းအောင်နေထိုင်ခြင်း
● သန့်ရှင်းသော အစားအစာနှင့် ရေများကိုသာ စားသောက်ခြင်း
● ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း
● ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည်။
________________________________________
💉 ကာကွယ်ဆေးထိုးခြင်း
အသည်းရောင်အသားဝါ အေ ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သည့်အပြင် ကာကွယ်ဆေးမထိုးထားသောသူများတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိပါက (၂)ပတ်အတွင်းတွင် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်းပူးတွဲထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။
________________________________________
𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/
#အသည်းရောင်အသားဝါအေ #အသည်းရောင်