25/11/2020
❇️ကြွက်သားဆိုင်ရာသိမှတ်ဖွယ်ရာများ (၁)
Q: လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ကြွက်သားအမျိုးအစား ဘယ်လောက်ရှိပါသလဲ?
A: လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကြွက်သားအမျိုးအစား ၃ မျိုးရှိပါတယ်
• Cardiac muscle
• Smooth muscle
• Skeletal muscle
Cardiac muscle ဆိုတာ နှလုံးကြွက်သားပါ
Smooth muscle ဆိုတာ ခန္ဓာကိုယ်အတွင်းပိုင်းက ကလီစာတွေနဲ့ သွေးကြောနံရံမှဦရှိတဲ့ကြွက်သား အမျိုးအစားဖြစ်ပါတယ်
Cardiac muscle နဲ့ Smooth muscle တွေက ဦးနှောက်နဲ့ ခိုင်းစေလို့မရဘဲ သူ့အလိုအလျောက် အလုပ်လုပ်ကြပါတယ်။ ဥပမာ - နှလုံးခုန်နေတာ၊ သွေးကြောတွေအကျုံ့အဆန့်ဖြစ်နေတာနဲ့ အူတွေလှုပ်ရှားနေတာမျိုးပါ။
Skeletal muscle ဆိုတာကတော့ ခန္ဓာကိုယ်လှုပ်ရှားမှုများကိုဖြစ်စေတဲ့ကြွက်သားတွေဖြစ်ပြီး ခန္ဓာကိုယ်အပြင်ပိုင်းမှာ မြင်နေရတဲ့ ကြွက်သားအစိုင်အခဲတွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ ကြွက်သားတွေပါပါတယ်။ ဥပမာ - လျှာ(tongue) နဲ့ ရင်ဝမ်းခေါင်းခြား ကြွက်သားလို့ခေါ်တဲ့ (Diaphragm)ကြွက်သားတို့ဖြစ်ပါတယ်။
Skeletal muscle ကတော့ဦးနှောက်နဲ့ခိုင်းစေလို့ရတဲ့ ကြွက်သားအမျိုးအစားဖြစ်ပါတယ်။ ဥပမာ - လမ်းလျှောက်တာ၊ စာရေးတာ၊ အစားအသောက်စားတာ၊ အသက်ရှုတာမျိုးတွေဖြစ်ပါတယ်။
Q: ကြွက်သားထုထည်က ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါပါသလဲ?
A: ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ်အရ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အရေပြား၊ ဦးနှောက်၊ နှလုံးနဲ့ အသည်းတို့ဟာ Essential Amino Acid ဆိုတဲ့ သက်စောင့်အသားဓါတ်တွေကို အသုံးပြုရပါတယ်။
ပြည့်ဝတဲ့အာဟာရမရနိုင်တဲ့ အခြေအနေမျိုး (ဥပမာ - အလွန်အမင်းနာမကျန်းဖြစ်တာ၊ တနည်းနည်းနဲ့ အစားမစားနိုင်တဲ့အခြေအနေမျိုး) မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားထုက Essential Amino Acid ဆိုတဲ့ သက်စောင့်အသားဓါတ်တွေကိုထုတ်ပေးနိုင်းပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သကြားဓါတ်ကိုလည်းကြွက်သားထုက ထုတ်ပေးနိုင်တဲ့အတွက် ကြွက်သားထုက အလွန်အရေးပါတယ်လို့ပြောနိုင်ပါတယ်။
နောက်တစ်ခုက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအနေနဲ့ ကြည့်ရင်လဲ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေဟာ
- လှုပ်ရှားသွားလာမှုအတွက်အရေးပါတယ်
- ခန္ဓာကိုယ်အနေအထားကို တည်တည်ငြိမ်ငြိမ်နဲ့ ပုံစံတကျဖြစ်နေအောင် ထိန်းထားပေးနိုင်တယ်
- နှလုံးနဲ့ သွေးကြောတွေပုံမှန် အတိုင်းလည်ပတ်အောင်ထိန်းထားနိုင်ပါတယ်
- ပုံမှန်အသက်ရှူတဲ့ လုပ်ငန်းတွေကို ထိန်းညှိပေးတယ်
- အစာကြေညက်စေတဲ့နေရာမှာလဲ ကြွက်သားတွေက လုပ်ဆောင်ပေးတယ်
- ဆီးသွားတဲ့နေရာမှာလဲ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးပြွန်နဲ့ ဆီလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကပဲ ထိန်းညှိလုပ်ဆောင်ပေးတယ်
- ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ သားအိမ်ကို လိုသလောက်ဆန့်ပေးနိုင်ပြီး မီးဖွားချိန်မှာလဲ သားအိမ်ကို ကျုံ့ပေးနိုင်အောင် ကြွက်သားတွေကပဲ လုပ်ဆောင်ပေးတယ်
- ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကိုယ်တွင်းကလီစာတွေကိုလဲ ကြွက်သားတွေကကာကွယ်ပေးတယ်
- မျက်လုံးကပုံရိပ်တွေကိုကြည့်တဲ့အခါမှာလဲ အနီးအဝေးကိုလိုသလိုကြည့်လို့ရအောင် မျက်လုံးမှာရှိတဲ့ကြွက်သားတွေက ထိန်းညှိပေးတယ်
- ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာလဲ ကြွက်သားတွေရဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ရဲ့ ၈၅ ရာခိုင်နှုန်းကို ကြွက်သားတွေကထုတ်ပေးနေတာဖြစ်ပါတယ်။ ချမ်းလို့တုန်တယ်ဆိုတာ ခန္ဓာကိုယ်မှာအပူထွက်အောင်လုပ်ပေးတဲ့ သိသာတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။
Q: ကြွက်သားတည်ဆောက်ဖို့အတွက် ဘာတွေကအဓိကအရေးပါပါသသလဲ?
A:
(၁) Creatine
ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ molecule တစ်ခုပဲဖြစ်ပါတယ်။ Creatine ကကြွက်သားတွေအပြင် အခြား tissue တွေအတွက် energy ကိုထုတ်ပေးနိုင်ပါတယ်။ Creatine က လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ စွမ်းဆောင်ရည်ကို ပိုကောင်းစေတဲ့အပြင် ကြွက်သားတွေရဲ့ သန်မာမှုကိုလဲ အထောက်အကူပေးပါတယ်။ ဖြည့်စွက်စာတွေစားပေးခြင်းဖြင့် Creatine ဓါတ်ကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။
(၂) Protein Supplements
ကြွက်သားတည်ဆောက်ဖို့ Protein လိုအပ်တယ်ဆိုတာကတော့ သိသာပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တွေအရ ပြိုကွဲသွားတဲ့ ကြွက်သားတွေအတွက် ကျွန်တော်တို့ အသားဓါတ်တွေ ပုံမှန်စားသုံးပေးဖို့လိုအပ်ပါတယ်။ အသားတွေကို မစားနိုင်တဲ့သူတွေအနေနဲ့ Protein ဖြည့်စွက်စာတွေ စားသုံးပေးဖို့လိုအပ်ပါတယ်။
(၃) Beta-Alanine
သူကလဲ Amino acid တစ်မျိုးပဲ။ ကြွက်သားတွေနုံးတာကို ကာကွယ်ပေးပြီး လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာ စွမ်းဆောင်ရည်ကိုတက်စေတယ်။ ပြီးတော့ Beta-Alanine ကကြွက်သားထုထည်ကိုလဲတက်စေပါတယ်။
(၄) Branched-chain Amino Acid (BCAAs)
Leucine, Isoleucine, Valine ဆိုတဲ့ Amino acid ၃ မျိုးပေါင်းထားတာပါ။ အဲ့ဒီ့ Amino acid တွေကို အသား၊ ငါးနဲ့ ဥ တွေကနေ ရနိုင်ပါတယ်။ BCAAs တွေက ကြွက်သားတွေကြီးထွားဖို့ အရေးကြီးတဲ့ Amino acid အုပ်စုတွေဖြစ်ပါတယ်။
(၅) HMB (Hydroxy -Methylbutyrate)
HMB ဆိုတဲ့ molecule ကို leucine ဆိုတဲ့ Amino acid ကိုအသုံးပြုပြီး ခန္ဓာကိုယ်ကထုတ်ပါတယ်။ HMB က BCAAs ထဲက Leucine လိုပဲ ကြွက်သားတွေရှင်သန်ကြီးထွားဖို့အထောက်အကူပြုတယ်။ ဒါပေမယ့်သူမှာပိုတာက ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေပြိုကွဲတာကို အကောင်းဆုံးတာပေးနိုင်လို့ အသက်ရတာတဲ့ လူတွေမှာအထူးလိုအပ်ပါတယ်။ စာတမ်းတွေအများကြီးမှာပြဆိုထားတာတော့ HMB ဟာ နေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ Body Building လုပ်နေတဲ့သူတွေမှာ အကျိုးများတယ်လို့ပြောပါတယ်။
#ကြွက်သား
ဒေါက်တာရဲဝင်းထက်
Rehab Doctor - Rehabilitation Center