04/03/2025
2025 MRCGP International Exam အကြောင်း
**************************************
Royal College of General Practitioners (UK) မှ စစ်ဆေးတဲ့ exam ဟာ MRCGP (UK) နှင့် MRCGP [INT] ဟူ၍ exam (၂) မျိုးရှိပါတယ်။
MRCGP (UK) နှင့် MRCGP [INT] ကွာခြားချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
MRCGP (UK) က UK NHS မှာ အလုပ်လုပ်နေတဲ့ ဆရာဝန်များအတွက် training program ဖြစ်ပါတယ်။ (၃) နှစ်တာ တက်ရပြီး training completion exit exam အနေနဲ့ MRCGP AKT (Applied Knowledge Test) ဆိုတဲ့ theory exam ရယ်၊ CSA (Clinical Skill Assessment) ဆိုတဲ့ bedside exam ရယ် (၂) မျိုးစစ်ပါတယ်။ (CSA အစား ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာ SCA - Simulated Consultation Assessment အဖြစ်ပြောင်းလဲထားပါတယ်။) အဲ့ဒါအပြင် WBPA (Workplace-based Assessment) ဆိုပြီး (၃) နှစ်တာ လုပ်ဆောင်ချက်ကို စစ်ဆေးတာပါဝင်ပါတယ်။
MRCGP [INT] ကတော့ UK နိုင်ငံက မဟုတ်တဲ့ အထွေထွေရောဂါကုဆရာဝန်များ အရည်အချင်းမြှင့်တင်ရေးအတွက် ဘွဲ့လွန်စာမေးပွဲ တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ စာမေးပွဲမှာ AKT နဲ့ OSCE ဆိုပြီး theory နဲ့ bedside (၂) ပိုင်းရှိပါတယ်။ အဲ့ဒီ စာမေးပွဲရဲ့ အဆင့်အတန်းဟာ MRCGP (UK) ရဲ့ AKT၊ SCA တို့နဲ့ အဆင့်အတန်းတူဖြစ်ပြီး စာမေးပွဲအရည်အသွေးကို RCGP (UK) မှ ကြီးကြပ်ပါတယ်။ သက်ဆိုင်ရာ ဒေသနိုင်ငံတွေက တာဝန်ယူစီစဉ်ကျင်းပပါတယ်။
လက်ရှိမှာ MRCGP [INT] exam ကျင်းပနေတဲ့ နိုင်ငံ (၇) နိုင်ငံရှိပါတယ်။ အီဂျစ်၊ ကူဝိတ်၊ ကိုဆိုဗို၊ မော်လတာ နိုင်ငံတွေကတော့ သူတိူ့နိုင်ငံရဲ့ GP/FM training program နဲ့ MRCGP[INT] exam ကို တွဲထားတဲ့အတွက် training ထဲဝင်တဲ့သူတွေသာ ဖြေလို့ရပါတယ်။ တောင်အာရှ၊ ဒူဘိုင်း၊ ဆိုက်ပရပ်စ် နိုင်ငံတွေကတော့ training နဲ့ တွဲမထားတဲ့ သီးသန့်စာမေးပွဲတွေ စစ်ဆေးပေးနေပါတယ်။ ခု post မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လက်လှမ်းမီတဲ့ South Asia Board အကြောင်းကိုပဲ အသေးစိတ်ဆက်ပြောပြသွားမှာ ဖြစ်ပါတယ်။
South Asia Board (https://mrcgpintsouthasia.org) ဟာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ (၅) နိုင်ငံ စုပေါင်းထားတဲ့ Board အဖွဲ့ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ website မှာ နှစ်စဉ် exam centre တွေနဲ့ registration fees တွေကို ကြေညာပေးပါတယ်။ 8th June, 2022 တွင် MRCGP [INT] AKT Exam ကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ စစ်ဆေးခဲ့ပါတယ်။ ယခုအချိန် Bedside OSCE Exam ကိုတော့ ပြည်ပ exam centre သို့ သွားရောက်ဖြေဆိုရန် လိုအပ်နေပြီး မြန်မာနိုင်ငံမှနေ၍ ကိုလံဘိုနှင့် ချန်နိုင်းမြို့များသို့ သွားရောက်ဖြေဆိုကြပါတယ်။ မြန်မာနိုင်ငံမှတဆင့် South Asia Board Exam မှာ ဖြေဆိုအောင်မြင်ထားတဲ့ ထွေကုဆရာဝန် (၁၀) ယောက်ကျော် ရှိလာပြီး လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်လျက်ရှိနေပါတယ်။
MRCGP [INT] နှင့် MRCGP (UK) စာမေးပွဲမေးခွန်းကွာခြားများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
MRCGP (UK) ကတော့ computer-based exam ဖြစ်ပါတယ်။ မေးခွန်းတွေမှာ UK NHS ရဲ့ ကျန်းမာရေးစနစ်တွေစစ်ဆေးတာပါ ပါပါတယ်။ curriculum ကိုတော့ RCGP (UK) website မှာ ဖော်ပြထားပါတယ်။ (https://www.rcgp.org.uk/training-exams/training/gp-curriculum-overview.aspx ) ဒေသတွင်း South Asia Board စစ်ဆေးတဲ့ MRCGP [INT] exam ဟာလည်းcomputer-based exam ဖြစ်ပြီး Best of Five MCQ အပုဒ် (၂၀၀) ကို (၃) နာရီ (၃၀)မိနစ်အတွင်း အပြီးဖြေဆိုရတာ ဖြစ်ပါတယ်။ မေးခွန်းတွေမှာ infectious disease အပိုင်း အများစု ပါဝင်ပြီး WHO guideline များကို ရည်ညွှန်းကိုးကားစစ်ဆေးပါတယ်။ တခြား ရောဂါပိုင်းဆိုင်ရာများကိုတော့ NICE guidelines နှင့် Oxford Handbook of General Practice စာအုပ်ပေါ် ရည်ညွှန်းကိုးကားပါတယ်။
Bedside အနေနဲ့ MRCGP (UK) exam ဟာ အရင်က CSA (အခု SCA) ကို စစ်ဆေးပါတယ်။ MRCGP [INT] ရဲ့ OSCE ကတော့ 14 station (10 minutes each) စစ်ဆေးပြီး station တစ်ခုမှာ ထွေကုဆေးခန်းရဲ့ လူနာတစ်ဦးကို စမ်းသပ်ကုသသကဲ့သို့ history, examination, management အကုန်ပြုလုပ်ရပါတယ်။ နမူနာ OSCE exam video ကို South Asia Board ရဲ့ website မှာ လေ့လာနိုင်ပါတယ်။ (https://mrcgpintsouthasia.org/videos/)
MRCGP [INT] ဖြေရန် လိုအပ်ချက်
~~~~~~~~~~~~~~~~~~~~~~~~
South Asia Board ရဲ့ eligibility criteria အပြည့်အစုံကို website မှာ ဖတ်ရှူနိုင်ပါတယ်။ ( https://mrcgpintsouthasia.org/rules-and-regulations/) လက်ရှိ မြန်မာနိုင်ငံမှ ထွေကုဆရာဝန်များအတွက် အကျုံးဝင်တဲ့ criteria များကို ဦးစားပေး ပြောပြသွားမှာ ဖြစ်ပါတယ်။
AKT exam ကို ဖြေဆိုရန် Clinical Experience အနည်းဆုံး (၁၈) လ ရှိထားရပါမယ်။ (House surgeon တစ်နှစ်ကို ထည့်မတွက်ပါ။) (၁၈) လ ကြာချိန်တွင် (၆) လ အနည်းဆုံး General Practice Experience ပါဝင်ရမှာ ဖြစ်ပါတယ်။
၄င်း experience များကို CV ဖြင့်ရေးသားပေးပို့ရမှာ ဖြစ်ပြီး မှန်ကန်ကြောင်း ထောက်ခံနိုင်မယ့် အထောက်အထားများနှင့်တကွ တွဲပြီး (ဥပမာ - ဆေးခန်းလိုင်စင်) ပေးပို့ရမှာ ဖြစ်ပါတယ်။ ဖြေခွင့် လက်ခံ မခံကို Board အဖွဲ့မှ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
OSCE exam ကို ဖြေဆိုရန် Clinical Experience အနည်းဆုံး (၅) နှစ် လိုအပ်ပြီး General Practice Experience အနည်းဆုံး (၃) နှစ် ရှိရမှာ ဖြစ်ပါတယ်။ ကျန်သည့် (၂) နှစ်သည်လည်း GP/ FM နှင့် ဆက်စပ်သော ဆေးပညာရပ်ဆိုင်ရာ အလုပ်များတွင် လုပ်ခဲ့သည့် အတွေ့အကြုံ ဖြစ်ရမှာ ဖြစ်ပါတယ်။ (ဥပမာ - ICU တွင် လုပ်ခဲ့သည်ဆိုလျှင် အကျုံးမဝင်ပါ။) အကျုံးဝင်သည့် ဘာသာရပ်များကို South Asia Board Exam Booklet မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ (မှတ်ချက် # Bedside Exam အတွေ့အကြုံ (၅) နှစ်သည် ဆေးစကုသည့်အချိန်မှ စတွက်မှာဖြစ်ပြီး AKT အောင်သည့်အချိန်မှ စတွက်ခြင်း မဟုတ်ပါ။)
MRCGP [INT] exam ဖြေခြင်း
~~~~~~~~~~~~~~~~~~~~
South Asia Board သတ်မှတ်ချက်အရ AKT exam အောင်ပြီးမှသာ OSCE exam ကို ဆက်လက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ နှစ်စဉ် Exam calendar ကို South Asia Board မှ ထုတ်ပြန်ကြေညာပြီး Exam Centre နှင့် Exam Registration fees များ ပါဝင်ပါတယ်။ (https://mrcgpintsouthasia.org/wp-content/uploads/2021/10/Exam-Calendar2-2022.pdf)
AKT exam ကို မအောင်မြင်ပါက အကန့်အသတ်မရှိ ပြန်လည်ဖြေဆိုနိုင်ပြီး OSCE exam ကတော့ မအောင်မြင်ခဲ့ပါက AKT exam အောင်မြင်ပြီး (၆) နှစ်အတွင်း (၃) ကြိမ်အထိ ပြန်လည်ဖြေဆိုနိုင်ပါတယ်။
📌 ယခုအခါ Exam ဖြေဆိုသူများပြားခြင်းကြောင့် Registration ဖွင့်သည်နှင့် လျင်မြန်စွာ လျှောက်ရန် လိုအပ်နေပါတယ်။ 📌
MRCGP [INT] exam အောင်မြင်ပြီး အခွင့်အလမ်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
General Practitioner/Family Physician များဟာ အများအားဖြင့် မိမိကိုယ်ပိုင်လုပ်ငန်း အနေနှင့် ဆေးခန်းလုပ်နေကြသူများ ဖြစ်လို့ exam အောင်မြင်ခြင်းဟာ မိမိဆေးခန်းက လူနာများကို ပိုမိုထိရောက်စွာ ကုသလာနိုင်ခြင်း ဖြစ်ပါတယ်။
ပြည်တွင်း အလုပ်အကိုင်အနေနဲ့ ဆေးရုံ/ ဆေးခန်းတွေမှာ အလုပ်လျှောက်တဲ့အခါ primary care clinics တွေမှာ လျှောက်ခဲ့မယ်ဆိုရင် မျှောမှန်းလစာမြင့်မြင့်တောင်းနိုင်ရန် ယုံကြည်ချက်ရစေနိုင်ပါတယ်။ ဆေးရုံဆိုင်ရာ ဘာသာရပ် မဟုတ်တဲ့အတွက် MRCGP [INT] အောင်ပြီး Medical Officer အလုပ်အတွက် လျှောက်ပါက မသင့်တော်ပါ။
ပြည်ပ အခွင့်အလမ်းများအနေနှင့် MRCGP [INT] ကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေ ရှိနေပါတယ်။ လက်ရှိမှာလဲ မြန်မာနိုင်ငံမှ တဆင့် စာမေးပွဲ ဖြေဆို အောင်မြင်ပြီး ဘရူနိုင်းနိုင်ငံမှာ GP အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ထွေကုဆရာဝန်များ ရှိပါတယ်။ UK နိုင်ငံကတော့ MRCGP [INT] အနေနဲ့ အလုပ်လျှောက်ဖို့ရာ အင်မတန် ခက်ခဲပြီး လက်တွေ့မကျပါ။ UK နိုင်ငံမှာ GP အနေနှင့် အလုပ်လုပ်လိုပါက PLAB ဖြေဆိုခြင်းက ပိုမို မြန်ဆန်မယ့် လမ်းကြောင်း ဖြစ်ပါတယ်။ ယခု အခါ MRCGP [INT] အောင်မြင်ပြီးသူများ အတွက် Australia နိုင်ငံ၏ GP position အတွက် AMC ဖြေဆိုစရာမလိုသည့် specialist pathway ကိုလည်း ဖော်ပြလာသည်ကို တွေ့ရပါတယ်။ (https://youtu.be/wrdiC5plZxI?si=gz3ue3CN2RPjwCoS)
အချုပ်အားဖြင့်ဆိုလျှင် MRCGP [INT] exam ဟာ ထွေကုဆရာဝန်များရဲ့ စွမ်းရည်မြင့်မားရေးအတွက် တည်ရှိနေတဲ့ ဘွဲ့လွန်အရည်အချင်းစစ်စာမေးပွဲ တစ်ခု ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ထက် လူနာကုသမှုထိရောက်ရေးအတွက် ဖြေဆိုကြတဲ့ စာမေးပွဲဖြစ်ပြီး နိုင်ငံခြား အလုပ်အကိုင်ထက် နိုင်ငံတွင်း နဲ့ ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်နိုင်တာမျိုး ဖြစ်ပါတယ်။
Dr Aung Pyi Soe
MBBS DipFM DCH(Sydney) MRCGP[INT]
Master of Family Medicine (Edinburgh)
Family Physician, CLL Health
Hexagon Medical Education Centre
👉 အသေးစိတ်သိရှိလိုပါက Dr Aung Pyi Soe ကို ဆက်သွယ်နိုင်ပါတယ်။