26/04/2022
ရာသီဥတု အပူဒဏ် အန္တရာယ်
****************
#အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း(Heat exhaustion)
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ ပူပြင်းသောရာသီဥတုတွင် ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးပြီး အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ဖြစ်ခြင်း ဖြစ်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ဖြစ်ပါက ခန္ဓာကိုယ်တွင်း အပူချိန် (၃၇) ဒီဂရီ စင်တီဂရိတ်မှ (၄၀) ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၉၈.၆) ဒီဂရီဖာရင်ဟိုက်မှ (၁၀၄) ဒီဂရီဖာရင်ဟိုက် အထိမြင့်တက်ပြီး အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
✅ ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
✅ ခေါင်းမူးနောက်ခြင်း
✅ ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
✅ မူးမိုက်ခြင်း
✅ ခေါင်းကိုက်ခြင်း
✅ နုံးချိခြင်း
✅ ရေဆာခြင်း
✅ ချွေးအလွန်အကျွံထွက်ခြင်း
✅ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ဖြစ်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ဖြစ်ပြီး ကုသမှု မခံယူပါက အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) အထိ ဖြစ်နိုင်ပါသည်။
အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရသည့်လူနာအား -
✅ အရိပ်ရ၍ အေးမြသောနေရာ (သို့မဟုတ်) လေပန်ကာရှိသောနေရာ (သို့မဟုတ်) လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။
✅ လူနာ၏ ခြေရင်းဘက်အား မြှင့်၍ ပက်လက်အနေအထားဖြင့်ထားပါ။
✅လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။
✅ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး (သို့မဟုတ်) ရေခဲရေစိမ်ထားသောအဝတ်များဖြင့် အရေပြားအတွင်း စိမ့်ဝင်သည်အထိ ရေပတ်တိုက်ပေးပါ။
✅ လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့မဟုတ်) ယပ်ခပ်ပေးပါ။
✅ လူနာကောင်းစွာသတိရနေပါက ဓာတ်ဆားရည်တိုက်ပေးပါ။
✅ ရောဂါလက္ခဏာများ မသက်သာပါက (သို့မဟုတ်) ခန္ဓာကိုယ်အပူချိန် လျော့ကျခြင်းမရှိပါက နီးစပ်ရာ ဆေးရုံသို့ လွှဲပြောင်းပါ။
#အပူဒဏ်ကြောင့်သတိလစ်ခြင်း(Heat Stroke)
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) သည် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများတွင် အပြင်းထန်ဆုံးဖြစ်ပြီး သေချာစွာ ဆေးကုသမှုမခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) ဖြစ်ပါက ခန္ဓာကိုယ် အပူချိန် 40’ C (104 ‘ F) အထက်မြင့်တက်ပြီး အရေးပြားပူ၍ ခြောက်သွေ့ခြင်းနှင့် ဦးနှောက်နှင့် အာရုံကြောစနစ် ထိခိုက်သည့်လက္ခဏာများ (ဥပမာ- တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း) တို့ ပူးတွဲဖြစ်ပေါ်လာပါသည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ၏ လက္ခဏာများ -
✅ အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးခမ်းခြောက်ခြင်း
✅ စိတ်ရှုပ်ထွေးခြင်း
✅ သတိလစ်ခြင်း
✅ တက်ခြင်း
✅ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ ဖြစ်ပါသည်။
အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) ဖြစ်ပွားပါက ခန္ဓာကိုယ်အပူချိန်အား အမြန်လျှော့ချရန် အရေးကြီးပါသည်။
✅ အပူဒဏ်အန္တရာယ် ခံစားရသော လူနာအား အရိပ်ရ၍ အေးမြသောနေရာ (သို့မဟုတ်) လေပန်ကာရှိသောနေရာ (သို့မဟုတ်) လေအေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။
✅ လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။ လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။
✅ ရေအေးအေး (သို့) ရေခဲရေ စိမ်ထားသောအဝတ် (သို့) ရေခဲတုံးဖြင့် လူနာ၏ခန္ဓာကိုယ်အား ပွတ်တိုက်ပေးခြင်းဖြင့် အပူချိန်အမြန်လျော့ကျစေရန် ဆောင်ရွက်နိုင်ပါသည်။
✅ လူနာ၏လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး (သို့မဟုတ်) ရေခဲရေစိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။
✅ လူနာအား နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးလွှဲပြောင်းရန် စီစဉ်ပါ။
Ref: http://mohs.gov.mm (2018-P)
#တောင်ဇလပ်အထွေထွေရောဂါကုဆေးခန်း (တိုက်၁၈၊ အပိုင်း၂၊ ယုဇနဥယျာဉ်မြို့တော်)