14/12/2025
ဒီဇင်ဘာလ (၁၄) ရက်၊ ၂၀၂၅
မိမိကြားနေ၊ဖတ်နေတဲ့ ဆေးပညာဆိုင်ရာအချက်အလက်ကိုဘယ်လိုသုံးသပ်မလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်အလုပ်များနေလို့ မရေးနိုင်တာ ၄ လနီးပါးရှိသွားတယ်။ ဒါပေမဲ့ဒီကြားထဲ တက်လာတဲ့ ဆေးပညာအသိပညာပေးတွေတော့ ဖတ်ဖြစ်၊ နားထောင်ဖြစ်ပြီး ဒီစာလေးရေးဘို့ ဖြစ်လာပါတယ်။ ကျွန်တော် စရေးတာ ၂၀၁၆ ကဆိုတော့ ၁၀နှစ်နီးပါးရှိလာပြီ။ အမြဲမှန်မှန်မရေးနိုင်ပေမဲ့ ကြိုးစားပြီး စာဖတ်သူတွေအတွက်အကျိုးရှိမယ်လို့ထင်တာလေးတွေရေးခဲ့ပါတယ်။ ဘာဖြစ်ရင်ဘာသောက်လို့ မရေးခဲ့ပါဘူး။ ရေးလို့လည်းမရပါဘူး။ ရောဂါချင်းတူတာတောင် ကုသမှုက တယောက်နဲ့တယောက်မတူပါဘူး။ ဒါပေမဲ့ ဝေဒနာရှင်တွေ ဆရာဝန်တွေနဲ့တွေ့တဲ့အခါ မိမိရောဂါကို ပြောပြတတ်အောင်၊ ဆရာဝန်ကို ကူညီတတ်အောင်၊ စစ်ဆေးထားတဲ့ အဖြေတွေကို လူနာတယောက်အနေနဲ့ သိသင့်တဲ့အတိုင်းအတာတွေကို အလေးပေးရေးခဲ့ပါတယ်။
ကျွန်တော်စရေးတဲ့အချိန်မှာ ဆေးပညာပေးတွေရေးတာတွေအတော့်ကိုနည်းပါသေးတယ်။ အခုဆိုရင် ဆရာဝန်ကြီးငယ်အစုံဘဲ ရောဂါအကြောင်း၊ ကုတဲ့ ဆေးအကြောင်း စာလိုရေးတာတမျိုး၊ လူကိုယ်တိုင်ပြောပြတာတဖုံ နေ့တိုင်းလိုတွေ့နေရပါပြီ။ အရင်ထက်ပိုပြီး ဆေးပညာအချက်အလက်တွေ ပိုပြီးသိခွင့်ရလာတာဝမ်းသာစရာပါဘဲ။ ဒါကိုကြိုဆိုရမှာပါ။ ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာလေးတွေကို ဆွေးနွေးပြပါမယ်။ တချို့အကြောင်းအရာတွေက လူနာတွေကပြောလို့စဉ်းစားမိတာတွေပါပါတယ်။ မည်သူကိုမှ ရည်ရွယ်ပြီး ရေးတာမဟုတ်ပါ။ ဝေဒနာရှင်တွေအကျိုးအတွက် စဉ်းစားမိတာပါ။
၁)ရေးကြပြောကြတဲ့အချက်အလက်အများစုဟာ နိုင်ငံတကာအဆင့်အတန်းမီ အချက်အလက်တွေဆိုတော့ ငြင်းခုံစရာမရှိပါ။ ဒါပေမဲ့ ရေးတဲ့ပြောတဲ့ဆရာဝန်က အဲဒီအတိုင်းကျင့်သုံးနေပါသလား။ ဒီဆေးကို အကြာကြီးသောက်ရင်မကောင်းဘူးလို့ပြောတဲ့ဆရာဝန်က ဆေးကိုမရပ်ဘဲအကြာကြီးပေးနေတယ်။ နောက်ဆရာဝန်ပြနဲ့တော့ အကြာကြီးမသောက်သင့်ဘူးလို့ ပြောတဲ့အခါ လူနာက ဝေခွဲမရဖြစ်သွားတယ်။ ဘယ်သူ့ကို ယုံရမလဲပေါ့။
၂)ရေးကြပြောကြတာတွေက ယေဘူယျ အခြေအနေကိုဘဲ ပြောနိုင်တာပါ။ ကျွန်တော်အပေါ်ကပြောသလို ရောဂါချင်းတူတာတောင် ကုသမှုရွေးချယ်မှုတယောက်နဲ့တယာက်မတူပါ။ နောက်ပိုင်းဆို genetics ကိုကြည့်ပြီး individualized medicine approach ကို သွားဘို့ပြောနေကြပါပြီ။ ပြောချင်တာက ကိုယ်ပြတဲ့ဆရာဝန်ဟာ အချိန်ပေးပြီး ကိုယ်ကို ရှင်းပြနေပြီလား။
၃)ရေးကြပြောကြတဲ့ ဆေးဆိုင်ရာအချက်အလက်တွေဟာ လူနာအကျိုးအတွက် ရေးကြ၊ ပြောကြတာဖြစ်နေပြီလား။
ကျွန်တော်ရေးဘူးပါတယ်။ ဆေးတခု ရောဂါအတွက်သုံးဘို့ဆိုရင် clinical trial ၃ ဆင့်ဖြတ်ကျော်ရပါတယ်။ ပထမအဆင့်ကြွက်တွေမှာစမ်းပါတယ်။ အန္တရာယ်မရှိ အကျိုးရှိနိုင်တယ်လို့ အဖြေထွက်ရင် ရောဂါမရှိတဲ့လူကောင်းတွေမှာစမ်းပြီး ဆေးရဲ့ ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာမှု (pharmaco dynamics and kinetics) ကိုလေ့လာပါတယ်။ ဒီအဆင့်အောင်မြင်မှ နောက်ဆုံးလူနာတွေမှာစမ်းပြီး အကျိုးရှိတယ် ၊ side effects အန္တရာယ်မရှိဘူးဆိုမှ ထုတ်ခွင့်ပြုပါတယ်။ ဒီတော့မိမိကိုပေးတဲ့ဆေးဟာ ကောင်းပါတယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေအထောက်အထား (evidence) ရှိပါသလား။
ဆရာဝန်အနေနဲ့လည်း ethics အရ ဒါကိုသိဘို့လိုပါတယ်။ ဆေးကုမ္ပဏီက လာကြော်ငြာလို့ သုံးတာမျိုးမဖြစ်သင့်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ဆေးပညာစာတမ်းဖတ်ပွဲတွေမှာ ဆေးတခုအကြောင်းပြောတော့မယ်ဆိုရင် ဒီဆေးထုတ်တဲ့ဆေးကုမ္ပဏီနဲ့ အကျိုးစီးပွါးဆက်စပ်မှု (conflict of interest) ရှိမရှိ ရှင်းလင်းချက် (disclaimer) ပေးရပါတယ်။ ဒီဆေးကိုသုံးဘို့ပြောတာမျိုးမဖြစ်ရပါဘူး။ ဒီလို conflict of interest ကို ရှောင်ဘို့ ဒီနိုင်ငံမှာဆို ဆေးကုမ္ပဏီတွေက ဆရာဝန်တွေကို လက်ဆောင်ပေးတာမျိုးမရှိပါဘူး။ conference တွေ sponsor လုပ်တာလည်း မရှိပါဘူး။ ကိုယ်တက်ချင်ရင် ကိုယ်ဘာသာပေးပြီးတက်ရတာပါ။
၄)evidence based medicine နဲ့ပတ်သက်ပြီးလည်းဆွေးနွေးချင်ပါတယ်။ evidence တိုင်း ယုံလို့ရပါသလား။
လူနာတစ်ယောက်က သူ့ကိုကုနေတဲ့ဆရာဝန်က ပြတဲ့ study တခုကျွန်တော့်လာပြဘူးပါတယ်။ အဲဒီဆရာဝန်က သူပေးနေတဲ့ဆေးဟာ ၈၀% ပျောက်တယ်ဆိုတာကို အဲဒီstudy တခုကို ကိုးကားတယ်ပေါ့။ study မှာ လူ၁၀ ယောက်ကို ကုပြီး ၈ ယောက်ပျောက်လို့ ၈၀% ပျောက်တယ်ပေါ့။ ဒါ studyက ရတဲ့ evidence ကို သုံးလို့ရပါသလား။
နောက်တမျိုးက သက်သေအထောက်အထားခိုင်မာလို့ နှစ်အတော်ကြာရှိနေတဲ့ဆေးကို မကောင်းဘူး၊ side effect တွေဖြစ်တယ်ဆိုပြီး ထွက်လာတဲ့ study evidence ကို ယုံပြီး အဲဒီဆေးကို ရပ်လိုက်မလား။
ဒီအချက်က အရေးကြီးလို့ဆွေးနွေးချင်ပါတယ်။ တနေ့တနေ့ study တွေ publish လုပ်နေတာအများကြီးပါ။ quality study ဟုတ်မဟုတ်သိဘို့လိုပါတယ်။ ကျွန်တော် Singapore National University Hospital (NUH) မှာလုပ်နေတုန်းရော၊ London King’s College Hospital Institue of Liver Studies မှာ လုပ်နေတုန်းရော research တွေမှာ အများကြီး လုပ်ဘူးပါတယ်။ ပြီးတော့ NUH trainee အချိန်မှာ training curriculum အရ ဆေးတခု၊ ကုသမှုတခုဟာ ဘယ်လောက်ကောင်းတဲ့ evidence ရှိသလဲဆိုတာ အပတ်တီုင်း critical appraisal လုပ်ပြီးဆွေးနွေးရပါတယ်။ ဒီ appraisal လုပ်တဲ့နေရာမှာ နာမည်ကြီး ကမ္ဘာက လက်ခံတဲ့ University က format သုံးပြီးဆွေးနွေးကြပါတယ်။ အဲတော့ ဒီဆေးကောင်းတယ်၊ မကောင်းဘူးဆိုတာ အဲဒီလို မှတ်ကျောက်တင်ကြည့်လိုက်ရင် လွယ်လွယ်လေးပါ။ အငြင်းပွါးစရာမရှိပါ။ အဲဒီလိုမသိရင် ဝေဝါးပြီး မလုပ်သင့်တာ လုပ်မိနိုင်ပါတယ်။ အခုကမ္ဘာကြီးမှာ မမှန်ကန်တဲ့အချက်အလက် (misinformation) တွေဖြန့်နေတာ တော်တော်ကိုများနေပါတယ်။ သတိထားပြီး ဥာဏ်နဲ့ဆင်ခြင်နိုင်မှတော်ရုံကြမဲ့အနေအထားပါ။
ဒီတော့ study တခုကြည့်တဲ့အခါ ပြောထားတဲ့ evidence ကို သုံးသင့်မသင့် ဘယ်လိုသိနိုင်မလဲ။ တနည်း quality study ဟုတ်မဟုတ် ဘယ်လိုသိမလဲ။ လွယ်လွယ်ကူကူဆုံးဖြတ်လို့ရတာလေးတွေ ပြောပြပေးမယ်။ အသေးစိတ် data အချက်အလက်အနေနဲ့က statistics တွက်ချက်မှုတွေပါတော့ လွယ်လွယ်ပြောပြလို့မရပါဘူး။
က) impact factor များတဲ့ journal တွေကို ဆိုင်ရာ specialty တွေက (prestige) ဂုဏ်သိက္ခာရှိတဲ့ journal လို့ သတ်မှတ်ထားကြတယ်။ အဲဒီ journal မှာ ပါတာလား။
ခ) Research လုပ်တဲ့ ရေးတဲ့သူက အဲဒီ field မှာ အထင်ကရလား။ researcher တွေဟာ ဒီလို prestige ရှိတဲ့ journal တွေမှာ publish လုပ်နိုင်တာကို ဂုဏ်ယူကြတယ်။ ဒါကိုတော့ သာမန်လူတယောက်အနေနဲ့တော့ သိဘို့ခက်ပေမဲ့ ဒီ specialty လုပ်နေကြတဲ့ specialist တွေတော့ သိကြပါတယ်။
ဂ) ဆေးပညာက အမြဲတမ်းဆန်းသစ်နေပါတယ်။ အဲဒီတော့ ကိုယ်ကြည့်တဲ့ study က ဘယ်လောက် update ဖြစ်သလဲ။ COVID အချိန်မှာ research study တွေမထွက်နိုင်ဖြစ်သွားပေမဲ့ ပုံမှန်အားဖြစ်ဆို ၅ နှစ်လောက်ကြာသွားရင် update မဖြစ်တော့တာများပါတယ်။
ဃ) study design ဘယ်လိုလုပ်တာလည်းသိဘို့လိုပါတယ်။ အကောင်းဆုံး၊ statistic အရ strong အဖြစ်ဆုံးကတော့ meta analysis or systemic review ပါ။ ဒုတိယကတော့ randomized controlled / randomized double blind placebo controlled studyပါ။ အဲဒါ၂ ခု ထက်အဆင့်နိမ့်တဲ့ study ကိုပြပြီး ဆေးတခု ကောင်းတယ် ၊ မကောင်းဘူး လာငြင်းနေလို့ကတော့ အဲဒီstudy ကို ဆက်ဖတ်စရာမလိုပါဘူး။
င) randomized controlled study မှာတောင် biased မရှိအောင် လူနာရော ဆရာဝန်ရော မသိအောင် လုပ်တဲ့နည်း (double blind method) ကိုလည်းကြည့်ရပါတယ်။ ပြီးတော့ လူနာ ဘယ်လို ရွေးသလဲဆိုတဲ့ method ကိုလည်း ကြည့်ရပါသေးတယ်။ ပြီးတော့ လူနာအရေအတွက် (sample size) လုံလောက်မှုရှိမရှိတွက်ချက်ထားတာလည်းကြည့်ရပါတယ်။ ၁၀ ယောက်ဘဲပါတဲ့ study ဟာ ဘယ်လိုမှ သုံးမရပါဘူး။
စ) အဲဒါတွေ အားလုံးအဆင်ပြေမှ တွက်ချက်တဲ့ အချက်အလက်၊ တွက်တဲ့နည်းတွေ မှန်မမှန် ဆက်ကြည့်ရပါတယ်။ statistically significant ဖြစ်တဲ့ အဖြေရတဲ့အခါ ကိုယ့်လူနာအတွက် သုံးလိုရမရ စီစစ်ရပါတယ်။ research ဆိုတာ represent လုပ်မဲ့ လူအနည်းစုပေါ်လုပ်ပြီး ရလာဒ်ကို လူနာတွေအားလုံးအတွက် ပြောရတဲ့အတွက် အများစုအတွက်တော့ အဆင်ပြေပေမဲ့ အားလုံးအဆင်ပြေချင်မှပြေတာပါ။ ဒါကြောင့် appraisal မှာ မိမိလူနာအတွက် သုံးရမရ အမြဲတမ်း မှတ်ချက်ပေးရပါတယ်။
Research study အကြောင်းကိုတော့ သာမန်လူတယောက်အနေနဲ့တော့ နားလည်ရခက်ချင်ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဆရာဝန်တိုင်းကျွမ်းကျင်သင့်တယ်လို့ထင်ပါတယ်။ အဲဒါမှ ကိုယ့်လူနာအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပေးနိုင်မှာပါ။ ရှေ့နှစ်မှာ အဲဒီလိုမျိုး appraisal လေးမျိုးတွေရေးရင်ကောင်းမလား စဉ်းစားမိပါတယ်။
နှစ်ဆန်းမှာ အားလုံးကျန်းမာရွှင်လန်းကြပါစေ။
ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ
Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ်ပါသည်။ မည်သူ့ကိုမှ မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။