23/05/2026
ကိုယ့်ဘဝထဲမှာ အမြဲသတိကြီးကြီးထားနေရတဲ့နေရာတွေထက် စစ်မှန်စွာဖြစ်ခွင့်ရတဲ့ နေရာမျိုးလေးတွေရှိဖို့ လိုအပ်ပါတယ်။
ဥပမာ
စိတ်ပူပန်နေဖို့ မလိုဘူး။ စိုးထိတ်၊ ကြောက်ရွံ့နေဖို့ မလိုဘူး။ အန္တရာယ်လို့ မခံစားရဘူး။ တစ်ဘက်လူရဲ့ မသေချာ၊ မရေရာမှုတွေကြား မရှင်သန်ရဘူး။ ချစ်ခြင်းနဲ့ သိမ်မွေ့နူးညံ့ခြင်းကို အပြန်အလှန်အားဖြင့် ခံစားရတယ်။ တန်ဖိုးထားခြင်း ခံရတယ်။ လိုအပ်မှုတွေအပေါ် ညှိနှိုင်းနားလည်မှု ဖန်တီးနိုင်တယ်… စသဖြင့်ပေါ့။
[ဒါပေမယ့် “စစ်မှန်စွာဖြစ်ခွင့်ရတယ်” ဆိုတာကိုလည်း “ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ်” ဆိုတဲ့အဓိပ္ပာယ်နဲ့ နားလည်ဖို့ရာတော့ မဟုတ်တာကို သတိချပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဆင်မပြေတဲ့အပြုအမူတွေ၊ တခြားသူတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ လုပ်ရပ်တွေကို “ဒါက ငါ့ရဲ့စစ်မှန်မှုပဲ” ဆိုပြီး ခေါင်းစဉ်တပ်လိုက်ဖို့ရာ မဟုတ်ပါဘူးနော်။ တစ်ခါတလေ ကိုယ့် အတွင်းက မလုံခြုံမှုတွေ၊ အရင်က ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေကြောင့် အဆင်မပြေမှုတိုင်းဟာ ပတ်ဝန်းကျင်ရဲ့ ပြဿနာအဖြစ် ဆိုလိုဖို့ရာလည်း မဟုတ်တာကိုတော့ မျှတစွာ သတိချပ်စေလိုပါတယ်။]
ဒါပေမယ့် တစ်ဖက်မှာလည်း တချို့သောနေရာတွေ၊ တချို့သော ဆက်ဆံရေးတွေ၊ တချို့သော ပတ်ဝန်းကျင်တွေက လူတစ်ယောက်ကို အမြဲသတိထားနေစေတတ်တယ်။
🔲 စကားပြောရင် မှားသွားလို့ တစ်ဘက်လူငြိုငြင်မှုတွေကို စိုးရိမ်နေရတာ၊
🔲 ကိုယ့်ကိုယ်ကို အမြဲရှင်းပြနေရမှ တစ်ဘက်က ပြေလည်တာ၊
🔲 ကိုယ်နဲ့သက်ဆိုင်တဲ့ လွတ်လပ်မှုလေးတွေမှာတောင် မလုံခြုံသလို ခံစားနေရတာမျိုးတွေ ရှိနိုင်ပါတယ်။
စိတ်လုံခြုံမှု (Psychological Safety) ဟာ အသင်းအဖွဲ့တွေ၊ လူတွေ၊ ဆက်ဆံရေးတွေကြားထဲမှာ လိုအပ်တဲ့အရာလေးဖြစ်ပါတယ်။ လူတစ်ယောက်ဟာ စိတ်လုံခြုံမှုရှိတဲ့အခါ သူ့အတွင်းမှာ ရှိပြီးသား အရည်အသွေးတွေကို ပြည့်ဝစွာ အသုံးချနိုင်လာတယ်။
ဥပမာ… အမြဲကာကွယ်နေစရာမလိုဘဲ ရယ်မောနိုင်တာ၊ ကိုယ့်အမြင်ကို ကြောက်ရွံ့မှုကင်းစွာ ပွင့်ပွင့်လင်းလင်းဖော်ပြနိုင်တာ၊ ကိုယ့်ရဲ့ နူးညံ့တဲ့ခံစားချက်တွေကို အမြဲဖုံးကွယ်မထားရတော့တာမျိုးတွေ ပါဝင်နိုင်လာတယ်။
ဒါဟာ ဘာလည်းဆိုရင် လူတစ်ယောက်အတွက် သူ့ကိုယ်သူ အမြဲကာကွယ်နေဖို့ မလိုတော့တဲ့အခါမျိုးတွေနဲ့ အမြဲရှင်သန်ရုန်းကန်နေဖို့ မလိုတော့တဲ့အခါ ပိုမိုဖော်ပြလာနိုင်တဲ့အရည်အသွေးတွေ ဖြစ်ပါတယ်။
(ဒီ safety ဟာ အရေးကြီးတယ်ဆိုတာလေးကိုလည်း တလောက ကျွန်မရေးသားထားတဲ့ “ရွက်လွှင့်နေဆဲ” ဆိုတဲ့ စာလေးထဲမှာ Kaufman ရဲ့ သီအိုရီလေးနဲ့ တင်ပြဝေမျှထားပါတယ်။)
တစ်ဖက်မှာ “survival mode” ဆိုတာကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ သဘာဝတုံ့ပြန်မှုတစ်ခုပေါ့။ စဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ တစ်ဘက်လူရဲ့ အပြုအမူ၊ လုပ်ရပ်တွေကြောင့် (သို့) ပတ်ဝန်းကျင်ရဲ့ ကိုယ့်အပေါ် ဆက်ဆံပုံတွေကြောင့် အမြဲ survival mode ထဲမှာပဲ နေထိုင်နေရတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အမြဲသတိထားနေရတာတွေ၊ စိုးရိမ်နေရတာတွေ၊ ကာကွယ်ဖို့ လုံးပန်းကြိုးစားနေရတာတွေ၊ နောက် စိတ်ပင်ပန်းမှုတွေ ပိုများလာတယ်။
ဒါ့ကြောင့် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်၊ ကိုယ်ဝန်းရံထားတဲ့ လူတွေဟာလည်း ကိုယ့်ကို အမြဲသတိထားနေရတဲ့ အခြေအနေမှာ ရှိနေစေတဲ့ရပ်ဝန်းတွေမဟုတ်ပဲ လုံခြုံတဲ့နေရာလေးတွေ ဖြစ်ဖို့လိုတယ်။
ဒါ့ကြောင့် support system ဆိုရာမှာ ကိုယ့်ကို နားလည်နိုင်တဲ့သူ၊ ကောင်းကျိုးကို လိုလား ဝမ်းသာပေးနိုင်တဲ့သူ၊ စိတ်ခံစားချက်တွေကို အပြစ်မတင်တဲ့သူ၊ ယုံကြည်စာနာနိုင်သူတွေကို ရည်ညွှန်းကြတာ ဖြစ်ပါတယ်။ (ဒါဟာ အပြန်အလှန်အားဖြင့်ပေါ့။)
လုံခြုံရသောဝန်းကျင်တွေက ကိုယ့်ကို ပိုပြီး ဖွင့်ဟရဲစေတယ်။ ပိုပြီး ကိုယ်ဆိုတဲ့ ခံစားမှုလေး ဖြစ်ခွင့်ရစေတယ်။
ဒါပေမယ့် တချို့သောနေရာတွေမှာတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်းပဲ တစ်နေ့တစ်နေ့ ကိုယ့်ကို drained ဖြစ်နေစေတယ်။ ကိုယ့်မှာ နဂိုရှိပြီးသား နူးညံ့မှုလေးတွေ၊ ဖန်တီးနိုင်စွမ်းတွေ၊ ပျော်ရွှင်နိုင်စွမ်းတွေ၊ connection တွေကိုတောင် တဖြည်းဖြည်း ပျောက်ဆုံးသလို ဖြစ်လာစေတယ်။
🌱 ဒါ့ကြောင့် ကိုယ့်ဘဝထဲမှာ အမြဲသတိကြီးကြီးထားနေရတဲ့နေရာတွေထက် စစ်မှန်စွာဖြစ်ခွင့်ရတဲ့ နေရာမျိုးလေးတွေရှိဖို့ လိုအပ်ပါတယ်နော်…
မေတ္တာဖြင့်
Andrea
✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။