24/08/2026
☘️ “ကိုယ်က ဘယ်လိုလူလဲ”
တခါတလေမှာ ကျွန်မတို့ဟာ ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်နေတယ်လို့ထင်နေကြပေမယ့်…
တကယ်တမ်းမှာတော့
“ငါ ဒီလိုလုပ်ရင် လူတွေဘယ်လိုမြင်မလဲ”
“ဒီအသက်အရွယ်မှာ ဒါတွေရှိသင့်ပြီမဟုတ်လား”
“မိသားစုကတော့ ဒီလိုဖြစ်စေချင်တာ”
“ပတ်ဝန်းကျင်ကလူတွေရဲ့စံတွေအတိုင်းဖြစ်မှရမယ်”
ဆိုတဲ့အရာလေးတွေနဲ့ တခါတလေ ကိုယ့်ဆုံးဖြတ်ချက်တွေကို ရွေးချယ်နေမိတတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ရဲ့ Self-concept ဆိုတာ ကိုယ့်အကြောင်းကိုယ်ယုံကြည်ထားတဲ့အရာတွေနဲ့ပဲ တည်ဆောက်ထားတာမဟုတ်ဘဲ…
မိသားစုက ကိုယ့်ကိုဘယ်လိုမြင်ခဲ့လဲ၊
ပတ်ဝန်းကျင်က ဘာတွေကိုတန်ဖိုးထားခဲ့လဲ၊
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖြစ်ရမယ်လို့ သင်ယူလာခဲ့လဲဆိုတာတွေနဲ့လည်း တဖြည်းဖြည်းပုံဖော်လာခြင်းလည်းဖြစ်ပါတယ်။
ဒါကြောင့် တခါတလေ “ကိုယ်လိုချင်တာ” နဲ့ “ကိုယ်ဖြစ်လာဖို့သင်ယူထားတာ” ဟာ တူညီနေချင်မှတူပါလိမ့်မယ်။
ဥပမာ…
ကိုယ်က တကယ်တော့ အေးအေးဆေးဆေးနေချင်ပေမယ့် “အလုပ်များနေမှတန်ဖိုးရှိတယ်” လို့ယုံကြည်ထားမိတာမျိုး။
ကိုယ်က တကယ်တော့ မလုပ်ချင်တော့ပေမယ့် “ငါကတာဝန်ယူတတ်တဲ့သူ” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ချက်ကြောင့် ဆက်လုပ်နေမိတာမျိုး။
ကိုယ်က တကယ်တော့ ဘဝလမ်းကြောင်းပြောင်းချင်ပေမယ့် “ဒီလောက်အချိန်၊ ဒီလောက်အားထုတ်ပြီးမှ ပြန်စရမှာလား” ဆိုတဲ့အတွေးကြောင့် မပြောင်းရဲတာမျိုး။
ဒီလိုအချိန်မှာ တစ်ခါတလေ ပြဿနာက ကိုယ်ဘာလုပ်ရမလဲ မသိတာမဟုတ်ပါဘူး။
ကိုယ်တကယ်လိုချင်တာကို သိနေပေမယ့်…
အဲ့ဒီလိုရွေးချယ်လိုက်ရင် “ငါဟာ ငါရှိနေတဲ့ပုံစံနဲ့ မကိုက်တော့ဘူး” ဆိုတဲ့အတွင်းစိတ်မသက်မသာမှုကို ခံစားရတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကို ကျွန်မတို့နယ်ပယ်သဘောအရတော့ cognitive dissonance လို့ခေါ်ဆိုလေ့ရှိပါတယ်။
Identity Development အရ လူတစ်ယောက်ရဲ့ “ကိုယ်က ဘယ်လိုလူလဲ” ဆိုတဲ့ခံယူချက်ဟာ တစ်သက်လုံးတစ်ပုံတည်းနဲ့ မနေဘဲ အတွေ့အကြုံအသစ်တွေနဲ့အတူ ပြန်လည်ဖွဲ့စည်းသွားတယ်လို့ဆိုကြပါတယ်။ ဒါ့ကြောင့်ပဲ တစ်ခါတလေ ကိုယ့်ရဲ့ Identity က လက်ရှိဘဝနဲ့ ပြန်လည်ညှိယူဖို့လိုလာတာဖြစ်နိုင်ပါတယ်။
အရေးကြီးတာက “အရင်ကကိုယ်” ကို မမှားဘူးလို့လည်းမပြောသလို “အခုကိုယ်” ကိုလည်း အရင်ကကိုယ်နဲ့တူအောင် အတင်းပြန်ထားဖို့မလိုပါဘူး။
အရင်ကရွေးချယ်ခဲ့တဲ့အရာတွေဟာ အဲ့ဒီအချိန်မှာ ကိုယ့်အတွက်အရေးကြီးခဲ့လို့ ရွေးချယ်ခဲ့တာဖြစ်နိုင်ပါတယ်။
တချို့အရာတွေကို ပြန်လည်ရွေးချယ်ဖို့လိုသလို…
တချို့အရာတွေကိုတော့ “ဒါက အရင်ကငါ့ဘဝအတွက်သင့်တော်ခဲ့တယ်။ အခုတော့မလိုတော့ဘူး” လို့ နားလည်ပြီး ချထားခဲ့ဖို့လည်းလိုတတ်ပါတယ်။
ဒါကြောင့် တစ်ခါတလေ ကိုယ့်ဘဝမှာ ဆုံးဖြတ်ချက်ကြီးကြီးမားမားမချခင်…
“လူတွေက ငါ့ကိုဒီလိုဖြစ်စေချင်လို့လား?”
“ငါ့ကိုယ်ငါ ဒီလိုဖြစ်ရမယ်လို့ သင်ယူထားလို့လား?”
“ဒါမှမဟုတ် တကယ်ပဲ ငါ့ရဲ့တန်ဖိုးတွေနဲ့ ကိုက်ညီလို့လား?”
လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့လိုနိုင်ပါတယ်။
📌 ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်တတ်လာခြင်းဆိုတာ လူတိုင်းမကြိုက်တဲ့ရွေးချယ်မှုကို လုပ်ရဲလာခြင်းတစ်ခုတည်းမဟုတ်ပါဘူး။
ကိုယ်ဘာကြောင့် ဒီအရာကိုရွေးချယ်နေရတာလဲဆိုတာ ကိုယ်တိုင်သိလာခြင်းလည်းဖြစ်ပါတယ်။
မေတ္တာဖြင့်
Andrea
✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။
[ ကျွန်မ Andrea သည် 'Healing with Andrea' ၏ Founder ဖြစ်သကဲ့သို့ BPS ကျင့်ဝတ်စံနှုန်းများအတိုင်း Evidence-based စိတ်ကျန်းမာရေးနှင့် စိတ်ပညာဝန်ဆောင်မှု (Mental Health Counselling & Psychological Services) ပေးနေသူတစ်ဦး ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ Client များစွာကို ကူညီပေးခဲ့သည့် မှတ်တမ်း (Testimonials) များကိုလည်း ကျွန်မ၏ Page တွင် ကြည့်ရှုနိုင်ပါသည်။ လူမှုဆက်ဆံရေးနှင့် ဘဝ၏ ခက်ခဲသော အခြေအနေများအတွက် Professional Psychothereapeutic Counselling အကူအညီ လိုအပ်ပါက Messenger မှတစ်ဆင့် ဆက်သွယ်ရယူ နိုင်ပါသည် ]