06/30/2026
ဒီကာလတွေထဲ အထူးသဖြင့် ဒီရက်တွေထဲမှာ ကျမဆီကို အမေးအများဆုံးက နိုင်ငံခြား ဘယ်တော့သွားရမလဲ၊ အလုပ် ကျောင်းစသည်နဲ့ပေါ့လေ... ကိုယ်လုပ်စရာရှိတာကို လုပ်နေရင်းနဲ့ တဖက်ကလည်း မမြင်ရသေးတဲ့အနာဂတ်ဆီကို မျှော်ကြည့်ရင်း အခုလို Tarot Reader တွေ ရှေ့ဖြစ်ဟောသူတွေ ဗေဒင်ဆရာတွေဆီကနေတဆင့် မမြင်ရတဲ့ ခွန်အားတွေ ယူကြတာမျိုး ယူနေကြရတာမျိုး...
ကျမလည်း ဖြစ်ခဲ့ဖူးတယ်... လမ်းပျောက်သလိုဖြစ်တဲ့ခံစားချက်တွေနဲ့ လုပ်သာလုပ်နေတယ် ရောက်ပါ့မလား အောင်ပါ့မလား ဖြစ်ပါ့မလားပေါ့လေ... အဲ့ဒီမှာ ကျမကို ဒီပညာရပ်သင်ပေးတဲ့ ဆရာမနဲ့တွေ့တာပဲ... အဲ့ဒီတုန်းက ဆရာမဆီမှာ သွားမေးတာပေါ့ ကိုယ်က client… မေးသမျှအခွန်းတိုင်းက ဒီနိုင်ငံရပ်ခြားပဲ… ဒါနဲ့ပတ်သက်တာပဲ မေးတာ... ဒါပဲသိချင်တာ ကျန်တာဘာမှ မသိချင်ဘူး... ဆရာမက ပြောတယ် သင်္ခါရဆိုတာ ပြုပြင်စီရင်ကောင်းတဲ့အရာမဟုတ်ဘူးတဲ့ လက်ခံပြီး ရှေ့ဆက်ရမှာမျိုး... ဖြစ်မယ် ပြီးရင်ပျက်မယ် နောက်တခါထပ်ဖြစ်မယ် ဒါတွေဟာ လည်နေတာပဲ... ကျမတို့လည်း ဒီလည်နေတဲ့သံသရာစက်ကွင်းထဲမှာ လည်လို့မှန်းမသိ လည်နေကြရတာပဲလေ နော်… ဆိုတော့ ကျမဖြစ်ချင်တဲ့ကိစ္စက မအောင်မြင်ခဲ့ဘူးပေါ့လေ... ဆရာမကလည်း ကြိုပြောခဲ့ပါတယ် ကိုယ် Control မလုပ်နိုင်တဲ့ ကိစ္စတခုကြောင့် ပျက်တတ်တယ်ပေါ့... ဒါပေမယ့် သိတယ်မလား Confidence က so high နေတာဆိုတော့ အဲ့လိုပြောလိုက်တာလည်း မကြားပါဘူး နားထဲမယ်...
သိပ်မကြာပါဘူး ဖြစ်ကရော... အို လူဆိုတာ ရူးသလိုလိုကြောင်သလိုလိုတောင်ဖြစ်တယ်... သူများတွေလည်း သွားနေကြတာပဲ ငါ့ကျမှ ဘာလို့မရရသလဲပေါ့... Why me ပေါ့လေ ဒရာမာလေး တဖြတ်... နောက်တော့မှ ဖြည်းဖြည်းခြင်း နှလုံးသွင်းဆင်ခြင်ကြည့်ပြီးတော့မှ ကိုယ့်အခြေအနေကို အရှိအတိုင်း လက်ခံဖို့ စိတ်ကိုပြင်ဆင်တတ်လာတော့တာ... ဪ အခု နိုင်ငံခြားမရောက်သေးပေမယ့်လည်း ကိုယ့် career နဲ့ ခိုင်မာတဲ့ဝင်ငွေလမ်းကြောင်းတခုမှာ အဆင်ပြေပြေနေနိုင်သေးတယ်ဟ... အပိုထပ်ဆောင်းအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဒီ Tarot ကိုလေ့လာခွင့်ရပြီး ကိုယ့်လိုပဲ ပူနေတတ်တဲ့ လူအများကို ခွန်အားပေးနိုင်လာတယ်... သေးသေးလေးပေမယ့် အခုလိုစတင်ခွင့်တွေ ရနေသေးတယ်လေပေါ့...
ကိုယ်မျှော်လင့်ထားတဲ့လမ်းကြောင်းက ပျက်ပြားသွားပေမယ့် တဖက်မှာ ကိုယ့်အတွက် ဖောက်ပေးထားတဲ့လမ်းကြောင်းပေါ်ကို ဒယိမ်းဒယိုင်နဲ့ပဲ ရောက်လာရင်းက အခုဆို နည်းနည်း တည်ငြိမ်လာပြီပေါ့လေ... ဒါကြောင့်မို့ ကျမပို့လိုက်တဲ့အဟောတွေမှာ ကိုယ်လက်မခံချင်တဲ့ ရလဒ်မျိုးပါနေတာ သို့မဟုတ် ကိုယ့်စိတ်တိုင်းကျအဖြေမျိုးမဟုတ်တာတွေအတွက် စိတ်ညစ်ညူးမယ့်အစား ဒီလိုတော့ ဖြစ်လာနိုင်တာပါလား ဒီလိုမဖြစ်အောင် ဘယ်လို ပြင်ဆင်ထားလို့ရလဲဆိုတဲ့ နည်းလမ်းတွေဆီချဉ်းကပ်ပြီး acceptance mindset လေးနဲ့ လက်ခံစေချင်တာ... နော်
အချိန်ကိုစောင့်ရင်းနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားတော့ တကယ့်အချိန်ကျလာတဲ့အခါ အကောင်းလောကဓံပဲဖြစ်ဖြစ် အဆိုးလောကဓံပဲဖြစ်ဖြစ်အပေါ်မှာ သိပ်မတုန်လှုပ်တော့ တာမျိုးပေါ့... နင်လားဟဲ့ လောကဓံ ငါက ပြင်ဆင်ထားပြီးသားဆိုတဲ့အချိုးနဲ့ ရင်ဆိုင်စေချင်တာ
ပုံထဲကစာသားလို ကိုယ်ဆုံးရှုံးခဲ့သမျှသော အရာတွေဟာ ကိုယ်လိုအပ်နေတဲ့အရာတွေအားလုံးအတွက် နေရာဖယ်ပေးနေကြရတာဆိုတဲ့အတိုင်းပဲ လက်ခံမှတ်ယူရင်း အားလုံးပဲ ဖိုက်တင်း✨