2026/10/25
လူတွေက ကြွားတာကို မုန်းတာလား၊ ကိုယ်မရှိတာကို သူများရှိနေတာ မုန်းတာလား? 🤔
“မရှိတဲ့အိုး ဘောင်ဘင်ခတ်” တို့၊ “အကြွေစေ့မို့ အသံထွက်တာ” တို့ဆိုပြီး ကြွားတဲ့သူတွေကို ခိုင်းနှိုင်းပြောတတ်ကြတာ သိကြမှာပါ။
ဒီစကားပုံတွေကလည်း မှန်သင့်သလောက် မှန်ချင်မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ကျမတော့ သိပ်လက်မခံချင်ဘူး။
ဘာလို့လဲဆိုတော့ ကျမတွေ့နေရသလောက်တော့ လူတိုင်းက ငကြွားတွေကြီးပဲလို့ မြင်မိလို့ပါ။ 😂
သူဌေးလည်း သူဌေးအလျောက်၊ ဆင်းရဲသားလည်း ဆင်းရဲသားအလျောက် ကိုယ့်မှာရှိကြောင်းလေးကို တစ်နည်းနည်းနဲ့ ကြွားတတ်ကြတာပဲ။
တစ်ဦးနဲ့တစ်ဦး ကြွားပုံ၊ ကြွားနည်းပဲ မတူကြတာပါ။ တစ်ခုခုနဲ့တော့ လူတိုင်း ကြွားနေကြတာပဲ။ 😁
ငွေရှိသူက ငွေရှိကြောင်း ကြွားမယ်။
ပညာတတ်သူက ပညာတတ်ကြောင်း၊ အားကစားလုပ်သူက သန်မာကြောင်း၊ ဈေးရောင်းသူက ဈေးရောင်းကောင်းကြောင်း၊ Body လှတဲ့သူက Body လှကြောင်း၊ ရုပ်ရည်လှတဲ့သူက ရုပ်ရည်လှကြောင်း တစ်နည်းနည်းနဲ့ ကြွားမယ်။
ကောင်မလေး၊ ကောင်လေး ချောချောလေးတွေ ရထားသူကလည်း ကိုယ်ရထားတဲ့သူ ဘယ်လောက်ချောကြောင်း ကြွားမယ်။
အိမ်ထောင်ဖက်ကောင်း ရထားသူက အိမ်ထောင်ရေးသာယာကြောင်း၊ မိဘကောင်း၊ သားသမီးကောင်း ရထားသူကလည်း ကိုယ့်မိသားစုအကြောင်း ကြွားမယ်။
ဘဝမှာ အေးအေးချမ်းချမ်း နေနိုင်သူကလည်း ကိုယ့်ဘဝ ဘယ်လောက်အေးချမ်းကြောင်း ကြွားမယ်။
စသဖြင့်ပေါ့…
နောက်ဆုံး ပရဟိတလုပ်နေသူတွေ၊ ဘုရားတရားလုပ်တဲ့သူတွေတောင် ဘယ်နှနာရီ တရားထိုင်နိုင်ပြီ၊ ဘယ်လောက်ကူညီပေးထားတယ်၊ ဘယ်လောက်လှူဒါန်းထားပြီဆိုတာတွေ ပြောကြတာပဲ။
ဒါလည်း တစ်မျိုးတစ်ဖုံ ကြွားကြတာကြီးပဲပေါ့။ 😁
မပြည့်တဲ့အိုးမို့ ဘောင်ဘင်ခတ်တာတဲ့လား…?
ဒါဆို မြန်မာပြည်က သူဌေးတွေကို ခဏထားဦး။ တစ်သက်လုံး စားမကုန်၊ သုံးမကုန်နိုင်လောက်အောင် ချမ်းသာကြတဲ့ ကမ္ဘာ့ဘီလျံနာတွေ၊ မီလျံနာတွေတောင် သူတို့ပိုင်ဆိုင်တာတွေ၊ ဝယ်နိုင်တာတွေကို ဝတ်ပြ၊ စားပြပြီး ကြွားကြတာပဲ မဟုတ်လား။
သူဌေးတွေ ကြွားနည်းကျတော့ “ငါတော့ ဘယ်လောက်ပိုင်ဆိုင်တယ်၊ ဘယ်လောက်တန်တဲ့အိတ် ဝယ်ထားတယ်၊ ဘယ်လောက်တန်တဲ့ ရတနာတွေ၊ အသုံးအဆောင်တွေ ဝယ်ထားတယ်” ဆိုပြီး နေရာတကာမှာ ပစ္စည်းတစ်ခုချင်းစီရဲ့ ဈေးနှုန်းကို လိုက်ပြောပြနေစရာ မလိုဘူး။
သူတို့ ဝတ်ပြ၊ စားပြနေတာနဲ့တင် ဘယ်လောက်သုံးနိုင်၊ သုံးစွဲနိုင်တယ်ဆိုတာ လူတွေက မြင်နိုင်တယ်။ သူတို့ရဲ့ အဆင့်အတန်း၊ Level ကို သိနိုင်အောင်လည်း ဝတ်ပြ၊ စားပြနေကြတာပဲ။
ဒါကလည်း ကြွားနည်းတစ်မျိုးပဲလေ။
သူဌေးတွေ Hermès အိတ်တွေ ဝယ်ကိုင်နိုင်လို့ ကြွားချိန်မှာ တစ်နေ့လုပ်တစ်နေ့စားရတဲ့သူတွေအတွက်တော့ ငါးသောင်း၊ တစ်သိန်းတန် အိတ်လေးတစ်လုံးက ဂုဏ်ယူပြီး ကြွားစရာ ဖြစ်နေနိုင်တယ်။
သူဌေးအတွက် သိန်းရာချီ၊ ထောင်ချီတန်တဲ့ အိတ်က သာမန်ဖြစ်နေနိုင်ပေမဲ့ ကိုယ့်အတွက်တော့ တစ်သိန်း၊ နှစ်သိန်းတန် အိတ်လေးတစ်လုံး ဝယ်နိုင်တာကလည်း ကိုယ့်အောင်မြင်မှုလေးတစ်ခု ဖြစ်နေနိုင်တာပဲလေ။
ကြွားတယ်ဆိုတာ ကိုယ်အရင်က မရဖူး၊ မလုပ်ဖူးတဲ့အရာတွေကို ရလာတဲ့အခါ ပျော်ရွှင်ဂုဏ်ယူလို့ မျှဝေချင်ကြတာ မဟုတ်လား။
ကိုယ့်အတွက် လွယ်ကူပြီး ပုံမှန်ဖြစ်နေတဲ့အရာတွေဆိုရင်တော့ ကြွားစရာလို့ မထင်တော့ဘူးပေါ့။ မရဖူး၊ မလုပ်ဖူးတဲ့အရာတွေကို ရလာတဲ့အချိန်၊ လုပ်နိုင်လာတဲ့အချိန် အစပိုင်းမှာတော့ ကြွားမိကြမှာပဲလေ။
ဥပမာ ကျမတို့လို သာမန်လူတွေအတွက် နှစ်သိန်း၊ သုံးသိန်းတန် ပိုက်ဆံအိတ်ဆို သာမန်လိုပဲ မြင်ပြီး ကြွားစရာလို့ မထင်တော့ဘူး။
ဒါပေမဲ့ ဒေါ်လာထောင်ချီ၊ သောင်းချီတန်တဲ့ အိတ်တွေ ကိုင်နိုင်လာရင်တော့ ကြွားမှာပဲ။ 😂
(ကျမလည်း အခု မရှိသေးလို့ ယူတို့ကို မကြွားရသေးတာ။ Hermès အိတ် ကိုင်နိုင်တဲ့နေ့ကျရင်လည်း အိုင်လည်း ရှယ်ကြွားမှာ၊ စိတ်ချ! 😝😝😝)
ဆိုတော့…
လောကမှာ “မကြွားတတ်ဘူး၊ မကြွားဘူး” ဆိုတာမျိုးက မရှိလို့ မကြွားတာပဲ ရှိတယ်။ 😬
ရှိပြီး မကြွားဘူးဆိုတာမျိုးတော့ ကျမ မမြင်ဖူးသေးဘူး။ 😂
တချို့သူဌေးတွေက ငွေရှိပေမဲ့ ငွေအကြောင်း မကြွားကြတာပဲ ရှိမယ်။ သူတို့နည်း၊ သူတို့ဟန်နဲ့ တခြားတစ်ခုခုကိုတော့ ကြွားတတ်ကြတာပဲ။ 🫢
ငွေရှိတာနဲ့ မကြွားဘူးဆိုရင်တောင် ပညာရှိကြောင်း၊ သားသမီးတော်ကြောင်း၊ အိမ်ထောင်ဖက်ကောင်းရကြောင်း၊ ဘဝအေးချမ်းကြောင်း တစ်ခုခုတော့ ကြွားချင်ကြဦးမှာပဲလို့ ကျမကတော့ ထင်တာပဲ။ 😁
လူတိုင်းလည်း ကြွားလို့ရပါတယ်။ ကိုယ့်ရဲ့ Achievement တွေ မဟုတ်လား။
လွယ်လွယ်နဲ့ ရထားတာတွေမဟုတ်ဘဲ ကိုယ်တကယ် ကြိုးစားအားထုတ်ပြီးမှ ရလာတဲ့အရာတွေဆို ပိုတောင် ကြွားလို့ကောင်းပါသေးတယ်။
ကျမကတော့ လူတွေ သူတို့ရဲ့ Achievement တွေကို ပြောပြလာရင်၊ တင်လာရင် ဝမ်းသာတယ်၊ အားကျတယ်။ တစ်ခါတလေ ကိုယ့်အတွက် Motivation လည်း ရပါတယ်။
ကျမကို ငကြွားမကြီးလို့ ပြောရင်တော့ ကျမက…
“အေး၊ ကြွားတယ်ဟေ့! ရှိလို့ ကြွားတာ။ ဒါတောင် ကြွားဖို့ပျင်းသွားလို့ ၁၀ ခါမှာ ၁ ခါပဲ ကြွားမိတော့တာ။ ဒါနဲ့ တို့က ကိုယ့်ရှိတာပဲ ကိုယ်ကြွားတာ။ မရှိတာကို ရှိသလို ဟန်ဆောင်ပြီး ကြွားနေတာမှ မဟုတ်တာ!”
လို့ပဲ ပြောလိုက်မယ်။ 😁
မရှက်ပါဘူး။ ဘာမှလာမပြောနဲ့။ 🤣
လူတိုင်းလည်း ငကြွားတွေကြီးပဲလေ။ ဘာဖြစ်တုံးးး…
ကိုယ့်ဘဝတစ်သက်တာမှာ လုံးဝမကြွားဖူးတဲ့သူဆိုတာ ကျမတော့ မမြင်ဖူးသေးဘူး။
“မကြွားတတ်ပါဘူး” ဆိုတဲ့သူတောင် မကြွားတတ်တာကို ဂုဏ်ယူပြီး ကြွားသေးတာပဲ မဟုတ်လား။ 🥴
ဒီလောကမှာ တကယ်မကြွားတတ်တဲ့သူ ရှိရင် ခေါ်ပြပေးကြပါဦး။ မြင်ဖူးချင်လို့နော်… 😂
အချုပ်အားဖြင့် ပြောရရင် ကြွားရင်တောင် အရေးအကြီးဆုံးက ကိုယ့်ရှိတာကိုယ် ကြွားဖို့ပဲ။
သူများအထင်ကြီးအောင် ကိုယ်မရှိတာကို ရှိသလိုလုပ်ပြီး၊ မပိုင်ဆိုင်တာကို ပိုင်ဆိုင်သလို ဟန်ပြပြီး မကြွားဖို့ပဲ လိုတာပါ။
ကိုယ်တကယ် ကြိုးစားပြီး ရလာတာ၊ ကိုယ်တကယ် ပိုင်ဆိုင်ထားတာ၊ ကိုယ်ဂုဏ်ယူရတဲ့အရာတွေကို ပျော်ပျော်ရွှင်ရွှင် ကြွားလိုက်ပါ။
ကိုယ့်အောင်မြင်မှု၊ ကိုယ့်ရဲ့ အမှတ်တရကို ကိုယ်ဂုဏ်ယူတာ ဘာမှားလို့လဲ။ 😁❤️
လူတွေဆိုတာ ကိုယ်မရှိတာ၊ ကိုယ်မရနိုင်တာကို သူများဆီမှာ ရှိနေတာမြင်ရင် မမြင်ချင်၊ မကြားချင်ဖြစ်တတ်ကြတာ သဘာဝပဲ။
အဲဒီတော့ ကိုယ်က ကိုယ့်ရဲ့ Achievement တစ်ခုခုကို တင်မိ၊ ပြမိ၊ ပြောမိရင် ဒီကောင် ငကြွားဖြစ်ရော။
ဒါပေမဲ့ စိတ်မပူကြနဲ့… တစ်လောကလုံး ငကြွားတွေကြီးပဲ။ ကြွားပုံ၊ ကြွားနည်းနဲ့ ကြွားတဲ့အကြောင်းအရာ မတူတာပဲ ရှိတာ။
နင်လည်း ငကြွား၊ ငါလည်း ငကြွားပဲ။ 😂
အဲဒီတော့… Stop judging each other, you’re all show-offs anyway! 😁🫢